ဓားရှည်၏စွမ်းအား။
Vol. 7 Ch. 85
တော်ဝင်အကြီးအကဲခေါင်းဆောင်၏ အံ့ဩသင့်နေသောအသံ ထွက်ပေါ်လာခဲ့သောကြောင့် ကျန်အကြီးအကဲလေးဦးနှင့် စစ်သူကြီးချန်းလီတို့လည်း ခေါင်းလှည့်ကြည့်လာကြသည်။
ဓားဧကရာဇ်ယန်တောက်သည် ဧကရာဇ်အား အမှန်တကယ် သစ္စာဖောက်သွားခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်သွားခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ စစ်သူကြီးချန်းလီနှင့် ကျန်အကြီးအကဲလေးဦးမှာ ဒေါသနှင့်အတူ ထိတ်လန့်မှုကိုပါ ခံစားလိုက်ရသည်။
ဓားကရာဇ်ယန်တောက်ဟူသော အမည်နာမသည် ယောင်ရီအင်ပါယာတစ်ခွင်လုံး ရင်းနှီးသိကျွမ်းသည်အထိ မကျော်ကြားသည်လည်းဖြစ်နိုင်ပါ၏။ သို့သော်ငြား အင်ပါယာ၏အဆင့်အတန်းမြင့်သူများကြားတွင် ကျော်ကြားခဲ့ပြီး ယောင်ရွှေမြို့တွင် ဓားဧကရာဇ်ယန်တောက်အား စောင့်ကြပ်နေခဲ့သည့် စစ်သူကြီးချန်းလီသည်ပင် စိုးရိမ်ပူပန်ရသူဖြစ်သည်။
ဤသည်မှာ အမှန်စင်စစ်သော ဓားဧကရာဇ်ဖြစ်၏!
ကြီးမြတ်လှသည့်စစ်သူကြီးချန်းလီသည်ပင် ဓားရေးယှဉ်ပြိုင်ပါလျှင် ဓားဧကရာဇ်ယန်တောက်အား အနိုင်ရယူနိုင်မည်ဟု သေချာမှုမရှိပါချေ။ ဓားဧကရာဇ်ယန်တောက်သည် မည်မျှအင်အားကြီးမားသည်ကို မှန်းဆစိတ်ကူးကြည့်နိုင်ပါ၏။
“မင်း… မင်းဘယ်လိုေတာင် အတင့်ရဲတာလဲ?”
တော်ဝင်အကြီးအကဲများ၏ခေါင်းဆောင်သည် ဓားဧကရာဇ်ယန်တောက်ကို ကြိမ်းဝါးလေသည်။ ဧကရာဇ်ကြီးမှ ဤသတင်းကိုကြားသိပါလျှင် မည်မျှဒေါသတကြီးတုံ့ပြန်လိမ့်မည်ကို မမှန်းဆနိုင်ပါချေ။
ဧကရာဇ်ကြီးသည် သစ္စာဖောက်ခြင်းကို အမုန်းတီးဆုံးဖြစ်၏။ ဓားဧကရာဇ်ယန်တောက်၏ သစ္စာဖောက်ခြင်းသည် တော်ဝင်မင်းသားအား သတ်ဖြတ်ခြင်းထက် ဧကရာဇ်ကြီးအား ပို၍ဒေါသထွက်စေပေလိမ့်မည်။
တော်ဝင်အကြီးအကဲများ၏ခေါင်းဆောင်မှ ကြိမ်းဝါးနေသော်ငြား ဓားဧကရာဇ်ယန်တောက်သည် မည်သည့်စကားမျှ မဆိုခဲ့ချေ။ ဓားဧကရာဇ်ယန်တောက်၏ မျက်နှာအမူအရာမှာ အရေးမထားဟန်ဖြင့် အပြုအမူလုပ်ရပ်များကိုသာ အသုံးပြု၍ သူ၏စိတ်ပိုင်းဖြတ်မှုကိုပြသပေသည်။
ဓားဧကရာဇ်ယန်တောက်သည် လက်ကိုဆန့်ထုတ်၍ လေဟာပြင်၌ဆုပ်ကိုင်ဟန်ပြုလိုက်ရာ ရွှေရောင်ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။ ဓားရှည်ထွက်ပေါ်လာခဲ့ချိန်တွင် လေဟာပြင်ကြီးတစ်ခုလုံးမှာ အဆက်မပြတ်တုန်ခါနေသည်။ ရွှေရောင်ဓားရှည်ကိုဗဟိုပြုလျက် အက်ကွဲကြောင်းများစွာဖြစ်တည်လာခဲ့လျက် စွမ်းအင်လှိုင်းများမှာလည်း အရပ်လေးမျက်နှာသို့ လှိုင်းဂယက်များအသွင် ပျံ့နှံ့နေခဲ့သည်။
ထက်ရှမှုစွမ်းအင်များ ထုတ်လွှတ်ခြင်းမရှိသေးသည်ကိုပင် ဤဓားရှည်သည် လေဟာပြင်ကို အက်ကွဲစေနိုင်၏။ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“ကောင်းကင်ကျိုးဖျက် ဆေဘာရွှေဓားရှည်!”
တော်ဝင်အကြီးအကဲခေါင်းဆောင်သည် ထိုရွှေရောင်ဓားရှည်ကိုမြင်သောအခါ တစ်ကိုယ်လုံးတုန်လှုပ်လာခဲ့ကာ မထိန်းချုပ်နိုင်စွာဖြင့် အံ့အားသင့်စွာရေရွတ်၏။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်နေခဲ့သည်။
ကောင်းကင်ကျိုးဖျက်ဆေဘာရွှေဓားရှည်သည် ဓားဧကရာဇ်ယန်တောက်၏ နတ်ဘုရားလက်နက်ဖြစ်သည်။ ပြိုင်ဘက်ကင်းထက်ရှသောဓားသွားဖြင့် ယောင်ရီအင်ပါယာ၏ ဓားရေးကျင့်ကြံသည့်စစ်သည်များတွင် နံပါတ်တစ်အဆင့်အဖြစ် သတ်မှတ်ခံထားရ၏။
စစ်သူကြီးချန်းလီ၏လက်ထဲမှ မဟူရာကျောက်စိမ်းဓားသည်ပင် ထိုရွှေဓားရှည်ကို မယှဉ်နိုင်ပေ။
သို့သော် ထိုကောင်းကင်ကျိုးဖျက်ဆေဘာရွှေဓားရှည် ကျော်ကြားရသည့်အကြောင်းရင်းမှာ အင်ပါယာ၏နံပါတ်တစ်ဓားသိုင်းသမားဖြစ်သောကြောင့် မဟုတ်ပါဘဲ ဓားဧကရာဇ်ယန်တောက်၏ဓားဖြစ်သောကြောင့် ကျော်ကြားခြင်းဖြစ်သည်။
အခြားသောဓားသိုင်းပညာရှင်တို့မှ ဤကောင်းကင်ကျိုးဖျက်ဆေဘာရွှေဓားရှည်ကို ရရှိပိုင်ဆိုင်ခဲ့ပါလျှင် အင်ပါယာ၏အကောင်းဆုံးသောဓားသိုင်းပညာရှင် အဆင့်သတ်မှတ်ချက်တို့ဖြင့် ကျော်ကြားပေလိမ့်မည်။ သို့သော် ဓားဧကရာဇ်ယန်တောက်မှ ထိုဓားကိုရရှိပိုင်ဆိုင်ခဲ့သည်တွင် ဓားမှာ ဓားဧကရာဇ်ယန်တောက်၏ဓားဖြစ်ခြင်းကြောင့် ကျော်ကြားခဲ့ရသည်။
၎င်းမှာ အခြေခံကျသောကွာခြားချက်ဖြစ်ပါ၏။
ဓားဧကရာဇ်ယန်တောက်သည် လက်ကိုဆန့်ထုတ်၍ ကောင်းကင်ကျိုးဖျက်ဆေဘာရွှေဓားရှည်ကို ဆုပ်ကိုင်လိုက်ရာ အရှိန်အဝါမှာ ရုတ်ချည်း အလုံးစုံပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ အေးစက်လှစွာသော ကြောက်မက်ဖွယ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
အရိုးထိစိမ့်စေသောအေးစက်မှုကြောင့် တော်ဝင်အကြီးအကဲများမှာ အလိုအလျောက် ကြက်သီးမွေးညင်းများ ထသွားကြရသည်။
ဓားဧကရာဇ်ယန်တောက်သည် ကောင်းကင်ကျိုးဖျက်ဆေဘာရွှေဓားရှည်ကို ကိုင်ဆောင်လိုက်ပြီးနောက်တွင် နှေးဖင့်မှုအနည်းငယ်ပင် မရှိစေဘဲ ရိုးရှင်းသည့်ဓားချက်တစ်ခုကို ခုတ်ပိုင်းလိုက်လေသည်။
ထိုဓားချက်သည် သာမန်မျှသာဖြစ်၍ အလင်းဖျော့တစ်ခု ဖြတ်ခနဲလင်းလက်သွားသည်ကဲ့သို့ ထက်ရှသည့်ဓားသွားစွမ်းအင်တို့ စိုးစဉ်းမျှပင် ဖြာထွက်ခြင်းမရှိခဲ့ပေ။
စံအိမ်၏ဘေးတွင်ရပ်နေသည့်ဝမ်ဖုန်းသည် ဓားဧကရာဇ်ယန်တောက်၏ ထိုဓားချက်ကိုမြင်သောအခါ မျက်နှာထပ်တွင် စိတ်ကျေနပ်မှုများ ထင်ဟပ်သွား၏။ မိမိမှာ ရတနာတစ်ပါးကို အမှန်တကယ် ရှာတွေ့ခဲ့ခြင်းပေတည်း။
ဓားဧကရာဇ်ယန်တောက်သည် ဓားချက်ကိုခုတ်ပိုင်းလိုက်သော်ငြား သူ၏ခန္ဓာကိုယ်ထက်တွင် ဓားရောင်ခြည်နှင့်ဓားစွမ်းအင်များ စိမ့်ထွက်ကျန်ရစ်ခြင်း မရှိပါချေ။ ဓားကိုသာ အပြင်းအထန် ထိန်းချုပ်ထားခဲ့ခြင်းဖြင့် ဤမျှသောအဆင့်သို့ ရောက်ရှိနိုင်ခဲ့ပေသည်။
ဓားသိုင်းပညာရှင်တစ်ဦးဖြစ်သည့် ရှောင်းရှီရိလင်သည်ပင် ဓားဧကရာဇ်ယန်တောက်ကို အနိုင်မယူနိုင်လောက်ချေ။
တော်ဝင်အကြီးအကဲများသည် ဓားဧကရာဇ်ယန်တောက်၏ဓားချက်ကို ခံစားမိသည်တွင် မျက်နှာအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွား၏။ ထိုဓားချက်သည် အလွန်တရာ သာမန်ဆန်လှသော်ငြား ထိုသို့သာမန်ဆန်သည်နှင့်အမျှ တော်ဝင်အကြီးအကဲကို ကြောက်ရွံ့ထိတ်လန့်စေပေသည်။
တော်ဝင်အကြီးအကဲသည် ဓားဧကရာဇ်ယန်တောက်၏ဓားချက်ကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ဖူးခြင်းမရှိပါ။ သို့သော်ငြား ယောင်ရီအင်ပါယာကြီးတစ်ခုလုံး၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူများထဲတွင် ဓားဧကရာဇ်ယန်တောက်တစ်ဦးတည်းသာ ဧကရာဇ်ကြီး၏ချီးမြှင့်မြှောက်စားမှုကို ခံယူခဲ့ရသူဖြစ်သည်။ ဧကရာဇ်ကြီးသည် ဓားဧကရာဇ်ယန်တောက်ကို များစွာချီးမြှင့်မြှောက်စားခဲ့ခြင်းဖြစ်ပါ၏။ ထိုအချက်ဖြင့်ပင် ဓားဧကရာဇ်ယန်တောက်သည် မည်မျှကြောက်မက်ဖွယ်အင်အားကြီးမားသည်ကို မှန်းဆသိနိုင်ပါ၏။
ဓားဧကရာဇ်ယန်တောက်မှာ အစုအဝေးများကို အလွန်အမင်းရှောင်ကြဉ်၍ ရှောင်ဖယ်နှုတ်ထွက်ခြင်းမပြုခဲ့ပါလျှင် စစ်သူကြီးချန်းလီသည် အင်ပါယာ၏ကြီးမြတ်လှေသာစစ်သူကြီးနေရာတွင် ရှိနေနိုင်မည်မဟုတ်ချေ။
ဘုန်း!
တုန်လှုပ်နေပါသော်ငြား တော်ဝင်အကြီးအကဲသည် တုံ့ဆိုင်းခြင်းမရှိပါဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအင်များကို စုစည်းထုတ်လွှတ်ရာ လေဟာပြင်ကိုတုန်ခါစေသည့် ခမ်းနားလှစွာသောချီစွမ်းအင်များ ပေါ်ထွက်လာခဲ့သည်။
တော်ဝင်အကြီးအကဲသည် လက်ကိုဆန့်ထုတ်၍ လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်ရာ သူ၏လက်သီးမှာ ချီစွမ်းအင်ဖြင့်တောက်ပလာခဲ့၏။ နေလုံးငယ်တစ်ခုအလား လွန်စွာတောက်ပနေခဲ့ပေသည်။
ဓားဧကရာဇ်ယန်တောက်၏ သာမညောင်ညသောဓားချက် တော်ဝင်အကြီးအကဲ၏ခန္ဓာကိုယ်ထက်သို့ ကျရောက်လုနီးတွင် တော်ဝင်အကြီးအကဲသည် လက်သီးတစ်ချက်ကို ပစ်လွှတ်ခဲ့သည်။
လေဟာပြင်တွင် ဧရာမလက်သီးသဏ္ဍာန်ကြီး ထွက်ပေါ်လာခဲ့၏။ ထိုဧရာမလက်သီးသဏ္ဍာန်ထွက်ပေါ်လာခြင်းနှင့်အတူ လေဟာပြင်တွင်လည်း တွင်းနက်ကြီးဖြစ်ပေါ်သွားရပြီး ချီစွမ်းအင်များသည် မုန်တိုင်းထန်သည့်အလား အရပ်လေးမျက်နှာသို့ ဖြာထွက်ပျံ့နှံ့သွားခဲ့သည်။
ဘုန်း!
ပေါက်ကွဲသံကြီးထွက်ပေါ်လာ၏။
တော်ဝင်အကြီးအကဲ၏မျက်လုံးများသည် ရုတ်ချည်းကျဉ်းကြုတ်သွားလျက် တစ်ကိုယ်လုံးမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေတော့သည်။ သူ၏မျက်လုံးအိမ်ထဲတွင် ထင်ဟပ်နေသည့် ဓားရောင်ခြည်သည်တော့ ပို၍ပို၍ကြီးမားလာနေခဲ့၏။
ထို့နောက်တွင် သာမညောင်ညသောဓားရောင်ခြည်သည် တော်ဝင်အကြီးအကဲ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး အဝေးရှိမြေပြင်ထိတိုင် ထိမှန်သွားခဲ့၏။ မြေပြင်ထက်တွင် မီတာတစ်ဆယ်ကျော်ရှည်လျားသည့် ပြတ်ရှရာကြီးဖြစ်ပေါ်စေလျက် သစ်ပင်များမှာလည်း အပိုင်းပိုင်းပြတ်သွားခဲ့ကြရသည်။
“ဟ! ဓားဧကရာဇ်ယန်တောက်က တကယ်ကြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်လိုက်တာလား?”
“ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူက အားကုန်သုံးပြီးထိုးနှက်ခဲ့ပေမယ့် ဓားဧကရာဇ်ယန်တောက်ရဲ့ ဖြိုခွင်းတာကိုခံလိုက်ရတယ်?”
“ဒါက ဓားဧကရာဇ်ယန်တောက်ရဲ့ အစွမ်းအစတဲ့လား?”
“တကယ်ကြောက်ဖို့ကောင်းလောက်အောင်ပါပဲ။ ဓားဧကရာဇ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်လွန်းပါတယ်”
“ဒီတစ်ကြိမ် ရှန်ရှန့်ကျုံဂိုဏ်းကို ဧကရာဇ်ကြီးတိုက်ခိုက်တာက သရေပွဲဖြစ်မှာကို စိုးရိမ်မိပါရဲ့”
မီတာရာချီအဝေးရှိကျင့်ကြံသူများသည် မျက်လုံးထွက်ကျလုမတတ် ကြည့်နေခဲ့ကြလျက် ပါးစပ်အဟောင်းသားဖြင့် အလွန်တရာအံ့ဩထိတ်လန့်သွားခဲ့ကြသည်။
ဂိုဏ်းကြီးများ၏ကျင့်ကြံသူများအနေဖြင့် သူတို့သည် ဓားဧကရာဇ်ယန်တောက်ဟူသောအမည်ကို ကြားဖူးနားဝရှိကြပါ၏။ ဓားဧကရာဇ်ယန်တောက်သည် ဧကရာဇ်ကြီးမှ ရာထူးဂုဏ်အင်ချီးမြှင့်ခြင်းကို ခံယူခဲ့ရသည့် ပထမဆုံးသော ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သောကြောင့် အလိုအလျောက်ပင် စွမ်းအားမြင့်ကျင့်ကြံသူများစွာတို့၏ စိတ်အာရုံကိုဆွဲဆောင်ခဲ့ပေသည်။
သို့သော်ငြား ဓားဧကရာဇ်ယန်တောက်၏စွမ်းအားကိုမူ မည်သူမျှ မျက်မြင်တွေ့ဖူးခြင်းမရှိပေ။ ဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များပင် မမြင်တွေ့ဖူးခဲ့ပါချေ။
ဓားဧကရာဇ်ယန်တောက်ဟူသောဂုဏ်ပုဒ်သည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူများစွာတို့ကို အားကျမနာလိုစိတ်များ ဖြစ်တည်စေခဲ့သည်။ သို့သော် ၎င်းဂုဏ်ပုဒ် ဧကရာဇ်ကြီးမှချီးမြှင့်ထားခဲ့ခြင်းဖြစ်သောကြောင့် အကာအကွယ်ထီးတစ်ချောင်း ရှိနေသည်ကဲ့သို့ဖြစ်လေရာ ဓားဧကရာဇ်ယန်တောက်ကို မည်သူမျှ စိန်မခေါ်ဝံ့ကြချေ။
ဓားဧကရာဇ်ယန်တောက်ကို မည်သူကများ စိန်ခေါ်ဝံ့ပါမည်နည်း။ ဓားဧကရာဇ်ယန်တောက်အား စိန်ခေါ်ဝံ့သူရှိပါလျှင် ထိုသူမှာ မိမိနှင့်မတော်သည့်ဖိနပ်ကို ဝတ်ဆင်ရန်ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ ကျင့်ကြံသူအားလုံးတို့သည် ဓားဧကရာဇ်ဟူသောဂုဏ်ပုဒ်မှာ စိုးစဉ်းသော်မျှ ချဲ့ကားခြင်းမဟုတ်သည်ကို နားလည်သွားခဲ့ကြလေသည်။ ထို့ပြင် ယန်တောက်မှ ပြသခဲ့သည့်စွမ်းအားသည် ထိုဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လွန်းလှပါ၏။
“မင်း မင်း….”
တော်ဝင်အကြီးအကဲသည် လက်ကိုဆန့်တန်း၍ ဓားဧကရာဇ်ယန်တောက်ကို တုန်ယင်စွာဖြင့်လက်ညှိုးထိုးနေခဲ့သည်။ တော်ဝင်အကြီးအကဲမှာ တစ်စုံတစ်ရာပြောဆိုလိုသော်ငြား မပြောနိုင်ဘဲဖြစ်နေရ၏။ သူ၏မျက်လုံးအိမ်များမှာ ပြူးကျယ်နေခဲ့လျက် သူ၏ခန္ဓာနှင့်ဦးခေါင်း ကွဲကွာသွားသည်ကို မြင်တွေ့လိုက်ရသည့်အလားပင်။
တော်ဝင်အကြီးအကဲသည် ဓားဧကရာဇ်ယန်တောက်၏ ခေါင်းဖြတ်သတ်ခြင်းကို ခံလိုက်ရ၍ သေဆုံးသွားခဲ့လေပြီ။ တော်ဝင်အကြီးအကဲ၏ဦးခေါင်းသည် မီတာများစွာအမြင့်ထက်မှ မြေပြင်သို့ဒေါင်လိုက်အနေအထားဖြင့် ပြုတ်ကျသွားခဲ့၏။ ထို့နောက် ခန္ဓာကိုယ်သည်လည်း ဦးခေါင်းနှင့်အတူ ပြုတ်ကျလာခဲ့သည်။
ဘုန်း!
အသံကျယ်ကြီးနှင့်အတူ တော်ဝင်အကြီးအကဲ၏အလောင်းသည် မြေပြင်တွင် တွင်းနက်ကြီးဖြစ်တည်သွားစေခဲ့လျက် အစိတ်စိတ်ကွဲကြေသွားခဲ့ကာ နေရာအနှံ့တွင် သွေးများပြန့်ကျဲကုန်လေသည်။
“အကြီးအကဲ!”
တော်ဝင်အကြီးအကဲခေါင်းဆောင် သေဆုံးသွားသောအခါ စစ်သူကြီးချန်းလီနှင့် ကျန်အကြီးအကဲလေးဦး၏မျက်လုံးများမှာ ကွဲအက်တော့မည့်အလား နီရဲလာခဲ့ကာ ပြင်းထန်လှသည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ လွှမ်းခြုံလာခဲ့သည်။
အင်ပါယာကြီးတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ မသေဆုံးခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီ မသိတော့ချေ။ ဧကရာဇ်ကြီးအတွက်လည်း ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အကြီးအကဲ၏သေဆုံးမှုသည် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ပါ၏။
သူတို့ပြန်သွားသည့်အခါ ဧကရာဇ်ကြီးမှာ မည်မျှထိ ဒေါသမာန်ဟုန်ထကြွလိမ့်မည်ကို စစ်သူကြီးချန်းလီနှင့် ကျန်အကြီးအကဲလေးဦးတို့ မမှန်းဆရဲပါချေ။
“ယန်တောက် မင်းက သေချင်နေတာပဲ!”
စစ်သူကြီးချန်းလီသည် ဓားဧကရာဇ်ယန်တောက်အား ရုတ်ချည်းအကြည့်ရောက်လာခဲ့လျက် ကြိမ်းဝါး၏။
စစ်သူကြီးချန်းလီ၏ သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ပြည့်နှက်နေသောစကားသံသည် ရှန်ရှန့်ကျုံဂိုဏ်းတောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“သေ… သေပြီလား?”
“ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ကို ယန်တောက်က အလွယ်လေးသတ်ပစ်လိုက်တယ်?”
“ကြက်လေးငှက်လေး သတ်သလို အရမ်းမြန်လွန်းတာမဟုတ်ဘူးလား?”
မီတာရာချီအဝေးရှိကျင့်ကြံသူအားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။ သူတို့သည် ဓားဧကရာဇ်ယန်တောက်အား တစ်လှည့်၊ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အကြီးအကဲ မြှုပ်နှံခံလိုက်ရသည့် မြေပြင်ရှိတွင်းနက်ကြီးအား တစ်လှည့် ကြည့်နေကြရင်းဖြင့် ပို၍ပို၍ အံ့ဩထိတ်လန့်ကုန်ကြလေသည်။
ဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များသည်တော့ သူတို့၏စိတ်တွင်းမှအတွေးများ ပြန်လည်နိုးထလာခဲ့ကြသည်။ ဤအခြေအနေအရ စစ်သူကြီးချန်းလီနှင့် ကျန်အကြီးအကဲများသည် ရှန်ရှန့်ကျုံဂိုဏ်းကို အနိုင်တိုက်သည်မှလွဲ အခြားရွေးချယ်စရာမရှိပေ။
သို့သော် သူတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်ရပေဦးမည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် ကြီးမားသည့်တစ်စုံတစ်ရာ ဖြစ်ပျက်လိမ့်ဦးမည်ဖြစ်သောကြောင့်ပင်။
ဤသည်မှာ ကမ္ဘာလောကကို တုန်လှုပ်နိုင်စွမ်းသည့် ပွဲကြီးပွဲကောင်းဖြစ်ပါ၏။
ဓားဧကရာဇ်ယန်တောက်သည် ဧကရာဇ်ကိုသစ္စာဖာက်၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ဧကရာဇ်၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အကြီးအကဲကို ကိုယ်တိုင်သတ်ခဲ့သည်။
မီတာရာချီအဝေးရှိထိုဂိုဏ်းချုပ်များမှာ ထိုကြီးမြတ်စွာသောတည်ရှိမှုဖြစ်သူ၏ ဒေါသမာန်ဟုန်ကို စိတ်ကူးမှန်းဆခဲ့ပြီးဖြစ်သည်။ ထိုသူ၏လက်တစ်ဖက်အဝှေ့တွင် ရှင်းယောင်တောင်တန်းသို့ စစ်သည်သန်းချီဆင်းသက်လာပြီး ရှန်ရှန့်ကျုံဂိုဏ်းအား အမြစ်ဖြတ်ချေမှုန်းသုတ်သင်ပစ်မည်ကို စိုးရိမ်ရပါ၏။
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အကြီးအကဲ၏သေဆုံးမှုသည် ဧကရာဇ်၏ သည်းခံနိုင်သည့်စည်းကို ကျော်လွန်သွားခဲ့လေပြီ။
သို့ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းအတွက်လည်း အမှန်စင်စစ်သော ကပ်ဆိုက်မှုကြီး ကျရောက်လာပေတော့မည်။ ထိုကပ်ဆိုက်သည့်ကာလကို ကျော်ဖြတ်နိုင်မှသာလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ ပြာပုံကြားမှ ပြန်လည်ထမြောက်ရှင်သန်၍ ယောင်ရီအင်ပါယာ၏အထက်တွင် အမှန်တကယ် တည်ရှိနိုင်မည်ဖြစ်ပြီး စိတ်ရှိတိုင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။
တစ်ဖက်တွင် ဓားဧကရာဇ်ယန်တောက်သည် တော်ဝင်အကြီးအကဲကို သတ်လိုက်ပြီးနောက် ဓားကိုရုတ်သိမ်းပြီးရပ်နေခဲ့သည်။ ချန်းလီ၏ဒေါသကို မြင်တွေ့နေရသော်ငြား ယန်တောက်သည် အရေးမထားဟန်ဖြင့်သာ ရပ်ကြည့်နေခဲ့၏။
“မီးတောက်နဲ့ဆီးနှင်း ရှန်ရှန့်ကျုံဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းမယ်! ဘယ်အရာမှ မကျန်ရစ်စေခဲ့ရဘူး!”
ဓားဧကရာဇ်ယန်တောက်၏အပြုအမူကို မြင်သောအခါ စစ်သူကြီးချန်းလီသည် လုံးဝဒေါသထွက်သွားလျက် ကျယ်လောင်စွာဟစ်ကြွေး၏။ ထိုဟစ်ကြွေးသံသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။
စစ်သူကြီးချန်းလီသည် ချုံဖုန်း၏ဆွဲထားခံရသောကြောင့် နေရာမှမခွာနိုင်ပေ။ ချုံဖုန်း၏စွမ်းအားသည် ချန်းလီစိတ်ကူးထားသည်ထက် သာလွန်နေခဲ့သည်ဖြစ်ရာ သူ၏လှုပ်ရှားမှုတိုင်းကို သတိတကြီးရှိရပေမည်။
ချန်းလီမှာ အင်ပါယာ၏စစ်တပ်ကြီးနှစ်ခုသည် ရှန့်ရှန့်ကျုံဂိုဏ်းအား ဝန်းရံ၍ ဂိုဏ်းသားအားလုံးကို တစ်ယောက်မကျန်သတ်ပစ်ရန် မျှော်လင့်ရန်သာ တတ်နိုင်တော့သည်။
ဓားဧကရာဇ်ယန်တောက်မှာ မည်မျှပင် စွမ်းအားကြီးမားလှသည်ဖြစ်စေ အင်ပါယာ၏ ထိပ်တန်းစစ်တပ်ကြီးနှစ်ခုကိုတော့ ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
ချန်းလီသည် ကနဦးတွင် ကျန်အကြီးအကဲလေးဦးကို လူခွဲ၍ စစ်တပ်ကြီးနှစ်ခုကိုဦးဆောင်စေလျက် ရှန်ရှန့်ကျုံဂိုဏ်းသားများနှင့် ဓားဧကရာဇ်ယန်တောက်ကို ဝန်းရံတိုက်ခိုက်ပြီး သတ်ဖြတ်စေရန် တွေးထားခဲ့ခြင်းဖြစ်သည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် တော်ဝင်အကြီးအကဲလေးဦးသည်လည်း ကိုယ်စီဒဏ်ရာကြီး၊ ဒဏ်ရာငယ်များဖြင့် အန္တာရာယ်ကျရောက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ကျင့်ကြံသူများသည်တော့ ငြိမ်းအေးသက်သာစွာဖြင့် တော်ဝင်အကြီးအကဲလေးဦးကို ကစားနေပေသည်။
ထိုမြင်ကွင်းသည် ချန်းလီကို ဒေါသစိတ်ပြင်းထန်လာစေခဲ့ပြီး တစ်ပြိုင်နက်တည်းပင် သူ၏စိတ်နှလုံးအား အေးခဲမှုတစ်ဝက် ဖြစ်သွားစေခဲ့သည်။
ဤတစ်ကြိမ်တွင် မြှုပ်နှံခံရမည့်သူမှာ မိမိကိုယ်တိုင်ဖြစ်နေမည်ကို ချန်းလီ စိုးထိတ်မိသွားရ၏။
ထိုသို့တွေးတောရင်းဖြင့် ချန်းလီသည် တိုက်ပွဲ၏အရပ်မျက်နှာအဘက်ဘက်သို့ စက်ဆုပ်စွာကြည့်လိုက်သည်။ အခြားသောအင်ပါယာကြီးနှစ်ခု၏ စွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင် ချန်းလီအား ဆိုးဆိုးရွားရွား အနိုင်ပိုင်းနိုင်ခဲ့ခြင်း မရှိဖူးပေ။ သို့ရာတွင် ဤသာမန်ဂိုဏ်းလေးတစ်ဂိုဏ်းသည် သူ၏ဘဝသက်တမ်းတွင် ကျရှုံးမှု၏အရသာကို ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းကြည့်စေခဲ့သည်။