← Chapters

စုပေါင်းအင်အား။

Vol. 7 Ch. 86

စုပေါင်းအင်အား။

Vol. 7 Ch. 86

သူ၏နှလုံးသားက ထက်ဝက်ခန့်အေးစက်နေပြီ ဖြစ်သော်လည်း စစ်သူကြီးချန်းလီသည် အရှုံးမပေးသေး။

ဒါက ဟာသပဲ။သူက စစ်တပ်တစ်ခုလုံးကို အမိန့်ပေးနိုင်တဲ့ အင်ပါယာရဲ့ ထူးမြတ်တဲ့စစ်သူကြီး! သူ့ အဘိဓာန်မှာ အရှုံးပေးတယ်ဆိုတာ မရှိဘူးကွ!

ဆန့်ကျင်ဘက်အားဖြင့် ချန်းလီ၏တိုက်ပွဲဝင် စွမ်းရည်များက ပိုလို့တောင် ပေါက်ကွဲထွက်လာသေးသည်။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းကို မဖျက်စီးနိုင်ဘူးဆိုရင်တောင်မှ အင်ပါယာရဲ့ အကြီးအကဲတွေအတွက် လက်စားချေဖို့ သူတို့ဂိုဏ်းရဲ့ စွမ်းအားရှင်တွေကို သတ်နိုင်သမျှ သတ်သွားမယ်ကွ!

ဘုန်း!

အဆုံးမဲ့ ဒေါသ၊အာဃာတ တရားများဟာ ချန်းလီ၏စိတ်ကို ရူးသွပ်သွားစေခြင်းမရှိသည့်အပြင် သူ၏ ခွန်အားများကိုပါ တိုးတက်လာစေခဲ့သည်။ မီးတောင်ပေါက်ကွဲသကဲ့သို့ စွမ်းအင်များဟာ ချန်းလီ၏ခန္ဓာမှ ထွက်ပေါ်လာလေသည်။

သူ၏လက်ထဲရှိ မဟူရာကျောက်စိမ်းဓားမှ နက်မှောင်သော အလင်းတန်းများ ဖြာထွက်လာသည်။ မဟူရာကျောက်စိမ်းဓါးမှ အဆုံးစွန်သော ဓါးအလင်းတစ်ချက် ထွက်ပေါ်လာပြီး၊ ထက်ရှသောဓါးသွားဟာ လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။

သူသည် မဟူရာကျောက်စိမ်းဓါးကို ခပ်မြင့်မြင့်ကိုင်ထားပြီးမှ မီးကုန်ရမ်းကုန် ခုတ်ပိုင်းချလိုက်သည်။ ဓါးအလင်းဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ လေဟာနယ်ဟာ ဧရာမအပေါက်ကြီးများအဖြစ် ဆုတ်ပြဲသွားလေ၏။

ချန်းလီ၏ အမျက်ဒေါသ ဓါးချက်နှင့် ရင်ဆိုင်နေရသော်လည်း ချုံဖုန်း၏အမူအရာမှာ အနည်းငယ်မျှတောင် ပျက်ယွင်းသွားခြင်းမရှိပေ။ သူသည် တည်ငြိမ်မြဲ တည်ငြိမ်ဆဲသာ။

အနှီဓါးတွင် အသွားမပါသော်လည်း လေးလံပြီးရှေးဆန်သော အရှိန်အဝါများသည် အနှီဓါးမှ လွင့်ပျံ့လျက်ရှိသည်။

လေးလံသောဓါးကြီးများတွင် အသွားမပါသော်လည်း၊ ထိုဓါးကြီးများကလည်း လူသတ်နိုင်ပါ၏။

(ဘာသာပြန်မှတ်ချက်: လေးလံသောဓါးဆိုတာ ဧရာမဓါးကြီးမျိုးကိုပြောတာပါ။အသွားမထက်တဲ့ ဓါးအကြီးကြီးမျိုးပေါ့)

ချုံဖုန်းသည်လည်း ဓါးရှည်တစ်ချောင်းကို ဆွဲထုတ်ဝှေ့ရမ်းလိုက်ရာ ဧရာမဓါးအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်!

ဤသည်က ဓါးနှင့်ဓါးအကြား တိုက်ပွဲပင်ဖြစ်၏။

ဘုန်း!

ဓါးနှစ်လက် ထိတွေ့ခုတ်ပိုင်းမိချိန်တွင် လှိုင်းသဏ္ဌာန် စွမ်းအင်များက အဘက်ဘက်သို့ ပြင်းထန်သော အဟုန်ဖြင့် ပျံ့နှံ့သွားကြသည်။ ယင်းလှိုင်းများက လေဟာနယ်ကိုတောင် ဆုတ်ဖြဲအက်ကွဲစေကာ သွားလမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးသွားလေသည်!

ကြောက်လန့်ဖွယ် ဖိအားကြီးကြောင့် လူတိုင်းဟာ ထိတ်လန့်တကြား လှည့်ကြည့်မိလိုက်ကြသည်။

စစ်မြေပြင်တွင် အင်တိုက်အားတိုက် တိုက်ခိုက်နေကြသည်။ ချီမိန်ချွှေရွှယ်နှင့် ရှန်ရှန့်ကျုံအကြီးအကဲ လေးယောက်ကို ရင်ဆိုင်နေရသည်ဖြစ်ရာ၊ အင်ပါယာ၏အကြီးအကဲလေးယောက်မှာလည်း စိတ်ပျံလွင့်မသွားရဲကြ။

သူတို့သည် ချီမိန်ချွှေရွှယ်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ရပါမှ ထိုသူတို့ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိလာရသည်။

ကြောက်မက်ဖွယ်ဓါးစွမ်းအင်များက သူတို့၏ဝိညာဥ်ကို အချိန်မရွေး ဆုတ်ဖြဲပစ်တော့မယောင်။ သူတို့ တုန်လှုပ်နေကြပါပြီ။

ဤအချိန်မှာသာ သူတို့စိတ်ပျံလွင့်သွားပါက သေလမ်းကိုသာ မြန်းရပေအံ့။

စစ်တပ်ကြီးနှစ်တပ်သည် ချုံဖုန်းနှင့် ချန်းလီတို့၏တိုက်ပွဲကြောင့် တဒင်္ဂသာ စိတ်ပျံ့သွားကြသည်။ ယင်းနောက် သူတို့သည် အေးစက်သော အရှိန်အဝါများကို သယ်ဆောင်လျက် ဝမ်ဖုန်းနှင့်တခြားသူများဆီသို့ သတ်ဖြတ်လိုသော ဆန္ဒများနှင့်အတူ ချီတက်သွားကြသည်။

တပ်သားတစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်များသည် ကြမ်းတမ်းသော တိုက်ပွဲဝင်စွမ်းအင်များကို ထုတ်လွှတ်နေကြကာ သတ်ဖြတ်ငွေ့များက စစ်မြေပြင်တစ်လျှောက် ကြီးစိုးလျက်ရှိသည်။

အကြင်စစ်သည်များဟာ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲဖူးခဲ့ကြသူများပင်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် ထိတ်လန့်ဖွယ် တိုက်ပွဲဝင်စွမ်းရည်များ ရှိကြသည်။ သာမန်အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့် ပုဂ္ဂိုလ်များမှာ ထိုသူတို့၏ပြိုင်ဘက် မဖြစ်နိုင်။ ရှင်းရှင်းဆိုရပါက တိုက်ကွက်တစ်ကွက်တောင် ခံနိုင်ရည်ရှိကြမည် မထင်။

အခြေအနေက မသင့်တော်နေတာကြောင့်သာ မဟုတ်လျှင် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းသားများကို ထိုစစ်သည်တော်များနှင့် တိုက်ခိုက်ခိုင်းမိမှာ ဧကန်ပင်။သို့မှသာ တကယ့်တိုက်ပွဲဆိုသည်ကို ရှန်ရှန့်ကျုံဂိုဏ်းသားများ နားလည်သွားမှာဖြစ်သည်။

ထိုစစ်သည်များသည် ထိပ်တန်းပါရမီရှင်များ မဟုတ်ကြသော်ငြား၊ သူတို့၏လှုပ်ရှားမှုတစ်ခုစီတိုင်းက သတ်ဖြတ်လိုသော ဆန္ဒများကို သယ်ဆောင်ထားသည်။ သူတို့သည် လူသတ်ရန် မွေးလာကြသူများပင်။

ထိုသို့သော လူများနှင့်ယှဥ်ပြိုင်တိုက်ခိုက်ရခြင်းက အင်မတန်ကို ခက်ခဲလှသည်။

ဝမ်းနည်းစရာပဲ။လင်းဖေးဝူတို့တတွေက ဒီအဆင့်ရှိတဲ့ စွမ်းအားရှင်တွေကို အခုချိန်မှာ ယှဥ်မတိုက်နိုင်သေးဘူး။

သူတို့သည်ကား အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ရှိ ထောင်ချီသော စစ်သည်များဖြစ်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းရှိ ရှိရှိသမျှဂိုဏ်းသားများ စုတိုက်လျှင်သော်မှ သူတို့၏ပြိုင်ဘက် ဖြစ်အံ့မည်မဟုတ်။

ဝမ်ဖုန်းသည် သူ့ဂိုဏ်းသားများကို အတွေ့အကြုံများရစေလိုသော်လည်း သေတော့မသေခိုင်းစေချင်ပါ။

ထိပ်တန်းစစ်တပ်ကြီးနှစ်တပ်က ဝမ်ဖုန်းနှင့်အဖွဲ့ကို စတင်တိုက်ခိုက်လာသည်။သူတို့သည် စိတ်ဝမ်းကွဲခြင်းမရှိဘဲ တစ်စုတစ်စည်းတည်း တိုက်ခိုက်လာကြသည်။

စစ်တပ်နှစ်တပ်ရှိစစ်သည်များသည် ရှင်းလင်းစွာသိထားကြသည်။ ပူးပေါင်းတိုက်ခိုက်ခြင်းကသာ သာလွန်သော အင်အားကို ဖြစ်တည်စေမည်ဖြစ်သည်။

သူတို့သာ တစ်ကွဲတစ်ပြားစီ တိုက်ခိုက်ပါက ဆန်းကြယ်အင်ပါယာအဆင့် ပုဂ္ဂိုလ်များ၏ လွယ်လင့်တကူ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ဤသည်က ထိပ်တန်းစစ်တပ်ပင်!

ဦးဆောင်မည့် အကြီးအကဲ မရှိလျှင်သော်မှ သူတို့သည် အခြေအနေကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အကျိုးများမည့် ဗျူဟာကိုချမှတ်နိုင်ကြသည်။

ထိပ်တန်းစစ်တပ်နှစ်တပ်။ မီးလျှံစစ်တပ်က ဝမ်ဖုန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး၊ နှင်းမြူစစ်တပ်ကတော့ ယန်တောက်ကို ဦးတည်တိုက်ခိုက်သည်။

ယန်တောက်လို ဓါးဧကရာဇ်တစ်ယောက်ဖြင့် ရင်ဆိုင်တိုက်ရသော်လည်း နှင်းမြူစစ်တပ်သည် ကြောက်ရွံခြင်း တစ်စိုးတစ်စိမရှိဘဲ ၊အင်တိုက်အားတိုက် တိုက်ခိုက်နေသည်။

ဤသည်က ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်ရှိ မဟာရန်သူကြီးတစ်ယောက်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်လင့်ကစား၊ နှင်းမြူစစ်တပ်သည် ယန်တောက်ကို ခြေနင်းကျောက်သဖွယ်သာ သဘောထားလျက် ခွန်အားပြည့်ဖြင့် တိုက်ခိုက်နေသည်။

နှင်းမြူစစ်တပ်နှင့် တိုက်ခိုက်နေသော ဓါးဧကရာဇ်ယန်တောက်သည် ကွင်းပြင်အလယ်၌ တည်ငြိမ်စွာ မတ်တပ်ရပ်နေသည်။ သူသည် သူ့လက်ထဲရှိ ရွှေကောင်းကင် ဆေဘာဓားကျိုးကို ပိုမိုမြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

နှင်းမြူစစ်တပ်သည် ဓါးဧကရာဇ်ယန်တောက်၏ ရှေ့သို့ ရောက်လာသည်။ ကောင်းကင်နှင့်မြေပြင်ကြားတွင် အေးစက်သော ရေခဲသလင်းကျောက်များ ဖြစ်တည်လာသယောင်။ ထိတ်လန့်ဖွယ်လေအေးက အရပ်လေးမျက်နှာသို့ ပျံနှံ့တိုက်ခတ်သွားသည်။

အရာအားလုံးကို အေးခဲသွားစေတော့မည်သကဲ့သို့....

နှင်းမြူစစ်တပ်ကို ဗဟိုပြုလျက် အအေးလှိုင်းဖြတ်သကဲ့သို့ အေးစက်သောလေများက ထက်ဝန်းကျင်တစ်ခွင် တိုက်ခတ်လျက်ရှိသည်။

အင်ပါယာ၏ ထိပ်တန်းစစ်တပ်ကြီး ငါးခု။ စစ်တပ်များ၏ ကျင့်စဥ်များမှာ မတူကွဲပြားသည်။ သို့သော်လည်း စစ်တပ်တစ်ခုချင်းစီအတွင်းရှိ စစ်သည်တော်များ၏ကျင့်စဥ်များကတော့ တူညီကြသည်။

သူတို့လေ့ကျင့်ခဲ့သော ဆန်းကြယ်ကျင့်စဥ်မှာ အဆင့်မြင့်မဟုတ်တန်သော်လည်း သူတို့သည် အနှီကျင့်စဥ်များကို အဆုံးစွန်တိုင် လေ့ကျင့်ခဲ့ကြသည်။ စစ်တပ်တစ်ခုလုံးသည် တူညီသော ကျင့်စဥ်ကိုသာ လေ့ကျင့်၍ အတူအိပ်အတူစားကြသည်။ သူတို့စစ်မြေပြင်အတွင်း ဝင်သည့်အခါမှာလည်း အချင်းချင်းသည် အပြန်အလှန်နားလည်ကြပြီး တိုက်ပွဲဝင်ခွန်အားမှာ ဆထက်ထမ်းပိုး တိုးတက်သွားသည်။

ဤသည်က အင်ပါယာထိပ်တန်းစစ်တပ်များ၏ ထိတ်လန့်ဖွယ် အချက်ပင်။

ဓါးဧကရာဇ်ယန်တောက်၏ ခန္ဓာကိုယ်သည်တောင် အေးစက်သော လေထုအကြားတွင် အလိုအလျောက် တုန်ခါမိသွားသည်။ သူ့မျက်ဝန်းများသည် စူးရှသွား၏။

''သတ်!''

နှင်းမြူစစ်တပ်က တစ်ညီတစ်ညာတည်း ဟစ်ကြွေးလိုက်သည်။ ကျယ်လောင်သော တိုက်ပွဲခေါ်သံဟာ ထက်ဘဝဂ်တိုင် မြည်ဟိန်းသွားလေသည်။ သူတို့သည် တူညီသော လှုပ်ရှားဟန်များဖြင့် တရှိန်ထိုး ချီတက်လာကြသည်။

ရာချီသော အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့် စစ်သားများ၏ တစ်ညီတစ်ညာတည်း လှုပ်ရှားသံများသည် မိုးကောင်းကင်ထိ ဟိန်းထွက်နေသည်။ သို့သော် ထူးခြားသည့်အချက်မှာ သူတို့၏ လှုပ်ရှားမှုများသည် တစ်ဦးနှင့်တစ်ဦး ဆွဲငင်လျက် သဟာဇာတဖြစ်နေကြ၏။

တဖြည်းဖြည်းနှင့် လှုပ်ရှားမှု နှစ်ခုက တစ်ခုတည်းအဖြစ် ပြောင်းလဲပေါင်းစည်းသွားပြီး ယင်းနောက်မှ...ကြောက်လန့်ဖွယ်ကောင်းအောင်.. သုံးယောက်မှသည် လေးယောက်၊ငါးယောက်......

နှင်းမြူစစ်တပ်တစ်ခုလုံး၏ လှုပ်ရှားမှုများသည် တစ်ခုတည်းအဖြစ် အပြည့်အဝ ပေါင်းစည်းသွားတော့သည်။ ကြောက်လန့်ဖွယ် ဓါးအလင်းတစ်ခုသည် လေထုအတွင်း ဖြစ်တည်လာသည်။

ဓါးအလင်းသည် မျက်စိကျိန်းလောက်အောင် စူးရှနေပြီး၊ ဓါးပေါ်တွင် အရိုးထိအောင်အေးစက်ဟန်ရှိသော ရေခဲချွန်များရှိနေသည်။ ရေခဲသလင်းဓါးကြီးသည် ယန်တောက်ထံ အရှိန်အဟုန်ဖြင့် ဖြတ်ပိုင်းပြေးဝင်သွားသည်။

လေဟာနယ်သည် ဆုတ်ပြဲသွားသည်။ ဧရာမဓါးအလင်းတန်းသည် အရာအားလုံးကို ဖျက်စီးတော့မယောင်။

ကြောက်မက်ဖွယ်ဓါးအလင်းနှင့် ရင်ဆိုင်ရသည့်အခါ ဓါးဧကရာဇ်ယန်တောက်ပင် မျက်မှောင်ကြုတ်မိသွားသည်။ သူသည် ဆေဘာဓါးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ခေါင်းအထက်သို့ရောက်အောင် ပင့်မြှောက်လိုက်သည်။ သူ့ကိုယ်အတွင်းရှိ စွမ်းအားများသည် တရစပ်ထွက်ပေါ်လာကာ ရွှေကောင်းကင်း ဆေဘာဓါးကျိုးနှင့် ပေါင်းစည်းသွားသည်။

ရွှေရောင် ဓါးအလင်းတန်း မွေးဖွားလာ၏။ဤသည်က ဓါးဧကရာဇ်ယန်တောက်အနေဖြင့် ပထမဆုံးအကြိမ် အင်ကုန်အားကုန် အသုံးပြုလိုက်ခြင်းပင်။ သူ စောနက အင်ပါယာအကြီးအကဲနှင့် ရင်ဆိုင်ခဲ့ရတုန်းကတောင် အားအကုန် မသုံးခဲ့ချေ။

သို့သော် နှင်းမြူစစ်တပ်နှင့် ရင်ဆိုင်ရသည့်အခါမှာတော့ ယန်တောက်သည် ဘယ်အရာကိုမှ ထိမ်ချန်မထားဝံ့တော့။ အင်ပါယာ၏အထူးစစ်တပ် မည်မျှ အင်အားကြီးမားကြောင်း သူ သိထားသည်။ယင်းက တစ်ဦးတစ်ယောက်တည်း၏ အင်အားနှင့် ရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါ။

ဘုန်း!

အနည်းငယ်တောင် မတုန့်ဆိုင်းဝံ့ဘဲ ယန်တောက်သည် ဓါးကိုကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်သည်။ ရွှေရောင်ဓါးအလင်းတန်းကြီးသည် လေထုအတွင်း ဝဲပျံသွားကာ ရှည်လျားဆန်းပြားသော ရေခဲသလင်းဓါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အရှိန်သည်ကား မြန်လှချေ၏။

ကောင်းကင်နှင့်ပထဝီမြေပြင်အကြားတွင် ထိုထိုသော အရာနှစ်ခုသာ ကျန်ရစ်တော့သယောင်။ တစ်ခုသည်ကား ရွှေရောင်ဓါးအလင်း၊ကျန်သည်ကား အဖြူရောင်ဓါးအလင်း။

ဘုန်း!

ဓါးအလင်းနှစ်ခု ပွတ်တိုက်သွားသည့်အခါ ကမ္ဘာတုန်လောက်သည့် အရှိန်အဝါကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်လောင်သော မြည်ဟိန်းသံကြီးက ထက်ဝန်းကျင်တိုင်အောင် ပဲ့တင်ထပ်နေသည်။ မီတာရာချီသောအကွာအဝေးတွင်းက စွမ်းအားရှင်များအားလုံး နားကန်းလုမတက် ခံစားလိုက်ရချေသည်။

အဖျက်စွမ်းအားလှိုင်းကြီး ပေါက်ကွဲထွက်လာသည်။ ရှန်ရှန်ကျုံဂိုဏ်းကို မမြင်နိုင်သော စွမ်းအားတစ်ရပ်က ကာကွယ်ပေးထားခြင်းကြောင့်သာ မဟုတ်လျှင်၊ ဂိုဏ်းအဆောက်အဦးပင်လျှင် ပြိုကျသွားမှာဖြစ်သည်။

ယန်တောက်နှင့် နှင်းမြူစစ်တပ်ကို ဗဟိုပြုလျက် ကီလိုမီတာရာချီသော အကွာအဝေးအတွင်းရှိ လေထုသည် တစ်စစီဆုတ်ပြဲသွားသည်။မိုးကောင်းကင်ကြီးသည်ပင် ပြိုကျသွားသယောင်။ လူအများသည် တုန်လှုပ်ခြောက်ခြားနေတော့သည်။

ဘုန်း!

တဒင်္ဂအကြာတွင် ရေခဲသလင်းကျောက်ဓါးကြီးသည် ယန်တောက်၏ ရွှေရောင်ဓါးအလင်းကို တစ်စစီကွဲကြေသွားစေကာ ဗလာနတ္တိအခြေအနေသို့ ပျောက်ကွယ်သွားစေသည်။

ယင်းနောက် ရေခဲသလင်းဓါးရှည်ကြီးသည် ယန်တောက်ထံ ဆက်လက် ရွေ့လျားသွားသည်။ မယှဥ်သာအောင် ထက်ရှသောဓါးအလင်းက ယန်တောက်၏အရေပြားကို ပြတ်ရှရာများဖြစ်လာစေသည်။ ယန်တောက်၏ မျက်နှာသည်တော့ တည်ငြိမ်နေဆဲပင်။ သူသည် ရလာဒ်ကို ခန့်မှန်းမိပြီးသည့်အတိုင်းပင်။သူသည် ရွှေကောင်းကင် ဆေဘာဓါးကျိုးကို ရင်ဘက်ပေါ် ကန်လန့်ဖြတ်ထားလိုက်ပြီး၊ သူ့ခန္ဓာအတွင်းရှိ စွမ်းအားများကို အနှီဓါးအတွင်း သွတ်သွင်းလိုက်သည်။ ရွှေကောင်းကင်ဆေဘာဓါးကျိုးသည် စူးရှစွာ တောက်ပလာသည်။

ရေခဲသလင်းဓါးကြီး ခုတ်ပိုင်းလာသည့်အခါ ယန်တောက်သည် ရွှေကောင်းကင်ဆေဘာဓါးဖြင့် ခုခံလိုက်သည်။

ကလန်!

သတ္တုချင်းရိုက်သံ ထွက်ပေါ်လာသည်။

ပြင်းထန်သော ခွန်အားက ရွှေကောင်းကင်ဆေဘာဓါးမှတစ်ဆင့် ၎င်းကို ကိုင်ဆောင်ထားသော ယန်တောက်၏ခန္ဓာအတွင်းသို့ ဖြတ်သန်းရောက်ရှိသွားသည်။ ယန်တောက်သည် မီတာရာပေါင်းများစွာ လွင့်ထွက်သွားသည်။ သူ့နှုတ်ခမ်းထောင့်မှ နီရဲရဲသွေးများ ယိုစီးကျလာသည်။

သူ့မျက်ဝန်းများဟာ ပို၍ အေးစက်လာပြီး၊သူသည် နှင်းမြူတပ်ဖွဲ့ကို စူးစိုက်ကြည့်နေသည်။ သူသည် ရန်သူ့ကို တန်ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေခြင်းပင်။

''ဟားဟားဟား၊ ယန်တောက် မင်းက အရမ်းသန်မာတော့ရော ဘာအရေးလဲ? တော်ဝင်စစ်တပ်ရဲ့အရှေ့မှာ တစ်ဦးတစ်ယောက်ရဲ့စွမ်းအားက ပိုးမွှားသာသာပါပဲ။လုံးဝ အသုံးမဝင်ဘူးကွ!''

ရှေ့တန်းမှာ တိုက်ခိုက်နေသော စစ်သူကြီးချန်လဲ့သည် ဤမြင်ကွင်းကိုမြင်တော့ အားပါးတရ ရယ်မောလိုက်သည်။သူ့ရယ်သံဟာ နှစ်ထောင်းအားရ ရွှင်မြူးနေသည်။

အရှင်မင်းကြီးကို သစ္စာဖောက်ဝံ့တဲ့ ဓါးဧကရာဇ်ယန်တောက်! မင်း သေရတော့မယ်!

ဒါမှသာ သူလည်း အရှင်မင်းကြီးဆီ ပြန်ရောက်သည့်အခါ အရှင့်၏အမျက်များကို တစ်စိတ်တစ်ဒေသအားဖြင့် ပြေပျောက်စေပေလိမ့်မည်။

သို့သော်လည်း ချန်းလီမှာ ကြာကြာ မရယ်နိုင်ခဲ့ပါ။ သူသည် သူ့အရှေ့က ဓါးကွက်ကို လျင်မြန်စွာ ခုခံလိုက်ရသည်။

ယန်တောက်နှင့် နှင်းမြူစစ်တပ် ထိပ်တိုက်တွေ့ခဲ့ရသလို၊ မီးလျှံစစ်တပ်သည်လည်း ဝမ်ဖုန်းတို့အရှေ့ကို ရောက်ရှိသွားပြီဖြစ်သည်။ ပူပြင်းသော အရှိန်အဝါတစ်ခုသည် အရပ်လေးမျက်နှာသို့ ပျံလွင့်သွားသည်။ ဝမ်ဖုန်းတို့အဖွဲ့ရှိနေသည့် နေရာတစ်ဝိုက်က အပူချိန်သည် တဒင်္ဂချင်း မြင့်တက်သွားသည်။ မီးပြင်းဖိုကြီးထဲ ထည့်ဖုတ်ခံနေရသလို...မဟုတ်သေးဘူး... ယင်းအပူချိန်သည် ထိုမျှထက် ပိုသည်!

မီးလျှံစစ်တပ် ချဥ်းကပ်လာသည်ကိုတောင် မမှုဘဲ ဝမ်ဖုန်းသည် နှင်းမြူစစ်တပ်နှင့် ယန်တောက်အကြား တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ ယန်တောက်သည် နှင်းမြူစစ်တပ်ကို အရေးနိမ့်သွားသည့်အခါ ဝမ်ဖုန်းတစ်ယောက် သက်ပြင်းဖွဖွ ချလိုက်မိသည်။

ထိပ်တန်းစစ်တပ်ကြီးတစ်ခု၏ အရှေ့တွင် တစ်ဦးတစ်ယောက်၏ ကျင့်ကြံဆင့်က နှစ်ဆင့်မြင့်နေလျှင်တောင် စုပေါင်းအင်အားကိုတော့ မယှဥ်နိုင်ခဲ့ချေ။

All Chapters