← Chapters

လက်ချောင်းတစ်ချောင်းဖြင့် ကမ္ဘာကို တုန်လှုပ်စေခြင်း။

Vol. 7 Ch. 87

လက်ချောင်းတစ်ချောင်းဖြင့် ကမ္ဘာကို တုန်လှုပ်စေခြင်း။

Vol. 7 Ch. 87

ဝမ်ဖုန်းသည် ဆန်းကြယ်အဓိပတိ ပုဂ္ဂိုလ်တစ်ယောက်၏ခွန်အားကို ပြသလိုခြင်းမရှိချေ။သို့ရာတွင် ကြည့်ရတာ ရွေးချယ်စရာ မရှိတော့ပုံပင်။

သူသည် အင်ပါယာ တော်ဝင်စစ်တပ်များကို အထင်သေးမိခဲ့သည်။ဆန်းကြယ်အင်ပါယာအဆင့် ပုဂ္ဂိုလ်များ၏ခွန်အားဖြင့် အဆိုပါ စစ်တပ်များကို ရင်ဆိုင်နိုင်စွမ်း မရှိပေ။

''တိုက်!''

ကမ္ဘာတုန်လောက်သည့် ဟစ်ကြွေးသံကြီးနှင့်အတူ မီးလျှံစစ်တပ်ရှိ စစ်သည်များ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးအရှိန်အဝါများ ထွက်ပေါ်လာသည်။ သူတို့၏မျက်ဝန်းများက အေးစက် မာထန်နေသည်။

ပူပြင်းသော လေပြင်းက အရပ်လေးမျက်နှာကို ပျံနှံသွားသည်။ ကောင်းကင်နှင့်မြေပြင်သည် မီးပြင်းဖိုကြီးတစ်ခု ဖြစ်သွားသည့်အလား အရာရာဟာ ပူပြင်းခြောက်သွေ့လာချေ၏။

မီးလျှံစစ်တပ်ကတော့ နှင်းမြူစစ်တပ်လို လှုပ်ရှားမှုများကို တစ်စုတစ်စည်းတည်းသော သိုင်းကွက်အဖြစ် မပေါင်းစည်းခဲ့ပါ။သူတို့သည် လက်များကို တစ်ယောက်ပုခုံးပေါ် တစ်ယောက်ကထပ်လျက် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ကူးပြောင်းပေးနေသည်။ အနှီစွမ်းအားများက နောက်ဆုံးတွင် မီးလျှံစစ်တပ် ခေါင်းဆောင်၏ ဦးခေါင်းအထက်၌ စုရုံးသွားသည်။

ထိုစစ်သည်တော် ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ စွမ်းအင်များသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာကာ ဆန်းကြယ်အင်ပါယာအထွတ်အထိပ် အဆင့်ရှိ ပုဂ္ဂိုလ်များကိုတောင် ထိတ်လန့်သွားစေခဲ့သည်။

စစ်တပ်တစ်ခုလုံး၏ စွမ်းအားများက တစ်စုတစ်စည်းတည်းအဖြစ် ပုဂ္ဂိုလ်တစ်ယောက်ထံ စုရုံးသွားသည့်အခါ အဘယ်မျှလောက် ထိတ်လန့်ဖွယ် ကောင်းမည်နည်း?

မိုးကောင်းကင်သည် တုန်ခါနေသည်။

ထိုစွမ်းအား ပျံနှံလာသည့် တစ်ခဏ၌ ဝမ်ဖုန်းတို့အဖွဲ့ဝန်းကျင်ရှိ လေထုကတောင် ပကတိမျက်စိဖြင့် မြင်နိုင်သော အရှိန်နှင့် အငွေ့ပျံ့လာသည်။

''ဟေး! ဒါက ထိပ်တန်းစစ်တပ်ရဲ့ စွမ်းအားလား!''

''ဟုတ်တယ်။ ဆန်းကြယ်အင်ပါယာအဆင့် ရန်သူကို ဓါးတစ်ချက်နဲ့ သတ်နိုင်ခဲ့တဲ့ ဓါးဧကရာဇ်ယန်တောက်တောင် အနိုင်မယူနိုင်ခဲ့ဘူးကွ!''

''ရှန်ရှန့်ကျုံဂိုဏ်းမှာသာ ဝှက်ဖဲမရှိတော့ဘူးဆိုရင် သူတို့တော့ ဒီနေ့ လုံးဝ ဒုက္ခရောက်ပြီ။''

''ရှန်ရှန့်ကျုံဂိုဏ်း ဒီလောက်အထိ လုပ်နိုင်တာကတောင် အံ့အားသင့်စရာ ကောင်းနေပါပြီ။ အင်ပါယာရဲ့ စွမ်းအားက အရမ်းသန်မာနေတာကိုပဲ အပြစ်တင်ရမယ်။ဒီလိုခွန်အားမျိုးက သာမန်ဂိုဏ်းတစ်ဂိုဏ်း ရင်ဆိုင်နိုင်မယ့်အရာ မဟုတ်ဘူး။''

''ရှန်ရှန့်ကျုံဂိုဏ်းလို အင်အားစုကတောင် မခုခံနိုင်ဘူးဆိုရင်....''

နှင်းမြူစစ်တပ်နှင့် မီးလျှံစစ်တပ်တို့၏ လှစ်ဟပြလိုက်သော အင်အားကြောင့် မီတာရာပေါင်းများစွာအကွာက တိုက်ပွဲကို စောင့်ကြည့်နေကြသော စွမ်းအားရှင်များက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ထိတ်လန့်တကြား ဆွေးနွေးမိလိုက်ကြသည်။

အနှီ ဂိုဏ်းချုပ်အဆင့်ကျင့်ကြံသူများကတောင် လက်ရှိတွင် ကြောက်လန့်နေကြပြီဖြစ်သည်။ အင်ပါယာ၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ရှိ အကြီးအကဲများကို ဓါးဧကရာဇ်ယန်တောက်က သတ်ဖြတ်ခဲ့စဥ်က ထို ဆရာသခင်အဆင့် စွမ်းအားရှင်များသည် မာနများကို ခဝါချခဲ့ကြသည်။

သူတို့ဆိုရင်လည်း ဓါးဧကရာဇ်ယန်တောက်ကို ခုခံနိုင်မည့် ယုံကြည်ချက်မရှိပါ။ ထိုသို့သော ဓါးဧကရာဇ်ယန်တောက်လို ပုဂ္ဂိုလ်ကြီးကတောင် အင်ပါယာ ထိပ်တန်းစစ်တပ်ကို ခုခံနိုင်စွမ်းမရှိခဲ့လေရာ သူတို့ဆိုလျှင်တော့ ပြောဖွယ်ရာတောင် မရှိတော့။

သူတို့ ဘယ်လိုလုပ် မကြောက်ဘဲ နေမလဲ?

ထိုပုဂ္ဂိုလ်၏ဆန္ဒကို ရှင်းရှင်းလင်းလင်း သိရပြီးဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ဆန္ဒကို ဆန့်ကျင်နိုင်မည့် ဂိုဏ်းမရှိဘူးဆိုပါက သူတို့လည်း အရှုံးပေးရုံကလွဲ၍ ရွေးစရာမရှိတော့ပါ။

(ဘာသာပြန်အဆို: ထိုပုဂ္ဂိုလ်ဆိုတာ ယောင်ရီအင်ပါယာကို ပြောပုံရပါတယ်။)

အနှီဂိုဏ်းချုပ်အဆင့် စွမ်းအားရှင်များသည် အင်ပါယာထိပ်တန်းစစ်တပ်များ၏ စွမ်းအားကို မရင်ဆိုင်လိုကြပေ။ ထျန်းရှင်းဂိုဏ်းချုပ်မှလွဲ၍ တခြားသော ဂိုဏ်းချုပ်များသည် မလိုလားသောအကြည့်များ ရှိနေကြသည်။

အဘယ်သူကများ သူတို့၏ခေါင်းကိုနှိမ့်ချလျက် အမတ်ကြီးများအဖြစ်နေကာ သူတို့စွမ်းစွမ်းတမံ မွမ်းမံခဲ့ကြသော ဂိုဏ်းကြီးများမှ အင်ပါယာ၏လက်သုံး လက်နက်များ ဖြစ်လာခြင်းကို အလိုရှိမည်နည်း?

သို့သော်လည်း သေမင်း၏ရှေ့တော်မှောက်၌ မာန်မာနတို့သည်ကား အစွယ်ကျိုးလျက်။

ဘုန်း!

အဓိကစွမ်းအားရှင်များ ထိတ်လန့်နေကြစဥ်တွင် မီးလျှံစစ်တပ်က လှုပ်ရှားလိုက်သည်။ မီးလျှံတပ်ဖွဲ့ခေါင်းဆောင်သည် မီးတောက်မတက်စူးရှသော မျက်ဝန်းများဖြင့် ဝမ်ဖုန်းတို့ကို စိုက်ကြည့်ကာ သူ့ခါးအထက်မှ ဓါးရှည်ကို ဆွဲထုတ်လိုက်သည်။ ကြောက်လန့်ဖွယ်စွမ်းအားသည် သူ့လက်အတွင်း သေဝပ်စွာရှိနေသည်။ ရှည်လျားသော ဓါးရှည်သည် ဆတ်ဆတ်တုန်ခါနေ၏။

အဆိုပါဓါးသည် သာမန်ဆန်လှသည်။အလွန့်ကိုသာမန်ဆန်လွန်းတာကြောင့် ဘယ်ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင်မဆို အလွယ်တကူ ဖျက်စီးပစ်နိုင်သည်။ သို့သော်လည်း အနှီဓါးမှ လက်ရှိထုတ်လွှတ်နေသော ထက်မြမှုအရှိန်အဝါများက ဘယ်ဆန်းကြယ်အင်ပါယာ စွမ်းအားရှင်ကိုမဆို သုတ်သင်ပစ်လိုက်နိုင်သည်။ သန်မာသူတို့ပင် ဓါးအရှေ့၌ ကူကယ်ရာမဲ့ရပေမည်။

မီးလျှံစစ်တပ်တစ်ခုလုံး၏ စွမ်းအားများကို လူတစ်ယောက်တည်းထံ၌ ပေါင်းစုလိုက်သည့်အခါ ထိုလူကိုင်ဆောင်ထားသောဓါး၏ အဆင့်မှာ အရေးမပါတော့ပေ။

ရွှပ်!

စစ်သည်၏မျက်ဝန်းများသည် ကျဥ်းမြောင်းသွားကာ ဓါးကိုလွှဲခုတ်လိုက်သည်။ ဓါးအလင်း ထွက်ပေါ်မလာသေးခင်မှာတောင် လေထုဟာ မီတာရာချီတိုင်အောင် ဆုတ်ပြဲသွားသည်။ ကမ္ဘာကြီးကို ထက်ခြမ်းပိုင်းတော့မည်ကဲ့သို့!

လေထုအတွင်း မျက်စိကျိန်းလောက်အောင် တောက်ပသော ဓါးအလင်းဖြစ်ပေါ်လာသည်။ မျက်တောင်တစ်ခတ်ကာလ အတွင်းမှာပဲ ဓါးချက်သည် ဝမ်ဖုန်းတို့ မျက်မှောက်သို့ ရောက်ရှိသွားသည်။

ထက်မြသော ဓါးအလင်းကြောင့် ဝမ်ဖုန်းအနောက်ရှိ ယောင်ယွဲ့နှင့်တခြားသူများ၏ ခန္ဓာကိုယ်များသည် စတင်တုန်လှုပ်လာကြသည်။ သူတို့၏မျက်ဝန်းများအတွင်း အကြောက်တရားတို့ ထင်ဟပ်လာ၏။

ကွင်းပြင်အတွင်း တည်ငြိမ်နေသေးသောလူဟူ၍ ဝမ်ဖုန်း၊ကျန်းစန်ဖုန်း၊တင်းဖန်နှင့် ယဲ့မုချင်တို့သာရှိတော့သည်။

ပထမဆုံးသုံးယောက်ကတော့ ဆန်းကြယ်အဓိပတိအဆင့်ကိုရောက်နှင့်ပြီးဖြစ်သည့် ကျင့်ကြံရေးအဆင့်ကြောင့်ဖြစ်သည်။ဘယ်လောက်ပဲ မီးလျှံစစ်တပ်၏ ပူးပေါင်းတိုက်စစ်က ပြင်းထန်စေကာမူ သူတို့က ဆန်းကြယ်အဓိပတိအဆင့်ကိုတော့ မရောက်ကြသေးပေ။

ထိုဓားချက်က ကမ္ဘာကိုထက်ခြမ်းပိုင်းချင် ပိုင်းနိုင်ပေမယ့် ဝမ်ဖုန်းတို့အတွက်တော့ အားပျော့နေသေးသည်။

တစ်ဖက်မှာတော့ ယဲ့မုချင်၏အခြေအနေက တစ်မူထူးခြားသည်။သူမသည် ကြောက်မက်ဖွယ်ဓါးအရှိန်အဝါကို စိုးစဥ်းမျှ ခံစားမိပုံမပေါ်။ တစ်နည်းအားဖြင့်ဆိုသော် ထူးခြားဆန်းပြားသော စွမ်းအားတစ်ခုက သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။

အနှီစွမ်းအားက ဝမ်ဖုန်းတို့သုံးယောက်ထံမှ ထွက်ပေါ်လာသော စွမ်းအားမဟုတ်ဘဲ သူမခန္ဓာကိုယ်က အလိုအလျောက် ထုတ်လွှတ်နေသော စွမ်းအားဖြစ်သည်။

ကွင်းပြင်အလယ်တွင် ဝမ်ဖုန်းတို့တောင်မှ ယဲ့မုချင်၏ထူးဆန်းမှုကို သတိမထားမိလိုက်ကြ။ ဒီအချိန်မှာ သူတို့အားလုံးသည် ယဲ့မုချင်ကို ဂရုမစိုက်အားသေးပါ။

ကျန်းစန်ဖုန်းလို တည်ရှိမှုကြီးကတောင် ယဲ့မုချင်၏ဆန်းပြားမှုကို သတိမမူမိလိုက်ချေ။

ဘုန်း!

ဓါးအလင်းသည် မယှဥ်သာသော စွမ်းအားဖြင့် ဝမ်ဖုန်းတို့ရှိရာကို ခုတ်ပိုင်းလိုက်သည်။

ဝမ်ဖုန်းအနောက်ဘက်က ယောင်ယွဲ့နှင့်တခြားသောသူများသည် ခွန်အားအကုန်သုံး၍ ဓါးချက်မှ ဖောက်ထွက်ရန် ပြင်ဆင်လိုက်ကြသည်။သို့သော် သူတို့အားလုံးကို ဝမ်ဖုန်းက တားဆီးလိုက်သည်။

ဝမ်ဖုန်း၏မျက်ဝန်းများက မသိမသာကျဥ်းမြောင်းသွားသည်။သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထူးမခြားနား အမူအရာဖြင့် မတ်တပ်ရပ်နေဆဲပင်။ ဓါးအလင်းက သူနှင့်တစ်မီတာအကွာသို့ ရောက်လာသည့်အခါတွင်တောင် ဝမ်ဖုန်းက တိမ်စိုင်တစ်ခုအလား ကြော့ရှင်းစွာ မတ်တပ်ရပ်နေဆဲပင်။

ဓါးအလင်းသည်ဝမ်ဖုန်းအား ထက်ပိုင်းဖြတ်တော့မည့်အချိန်တွင် ဝမ်ဖုန်းသည် လက်ဆန့်ထုတ်လိုက်ကာ လက်တစ်ချောင်းထောင်လိုက်သည်။သာမန်ဆန်သော လက်ညှိုးတစ်ချောင်းက ဓါးအလင်းကို ထိုးညွှန်နေသည်။

ယင်းနောက်....

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုတောင် ထက်ပိုင်းဖြတ်နိုင်သော ဓါးအလင်းသည် အရှိန်ဖျော့သွားကာ ဖယောင်းတိုင်မီးကလေး ငြိမ်းသွားသည့်အလား ကောင်းကင်နှင့်မြေပြင်အကြားမှ နတ္ထိပျောက်ကွယ်သွားလေသည်။

ယင်းသည်.... ဓါးအလင်းက တကယ့်ကို ဖယောင်းတိုင်မီးအလင်းလေးလို အထိတစ်ချက်နှင့် လွယ်ကူစွာ ငြိမ်းပျောက်သွားပါ၏။

တိတ်ဆိတ်မှု....

အဆုံးစွန်သော တိတ်ဆိတ်မှု!

မီးလျှံစစ်တပ်ရှိ စစ်သားများအားလုံးသည် ထိတ်လန့်သွားကြသည်!

ချန်းလီသည်လည်း တုန်လှုပ်သွားသည်။

အင်ပါယာအကြီးအကဲ လေးယောက်လည်း ထိတ်လန့်သွားသည်!

နှင်းမြူစစ်တပ်သည်လည်း ထိတ်လန့်သွားသည်!

မီတာရာပေါင်းများစွာအကွာက စွမ်းအားရှင်အုပ်စုကြီးသည်လည်း ထိတ်လန့်သွားသည်!

သူတို့၏ပါးစပ်များ ဟောင်းလောင်းပွင့်သွားကာ မျက်လုံးမျက်ဆံများပြူးလျက် လက်ညှိုးတစ်ချောင်းညွှန်ပြနေသော ဝမ်ဖုန်းကို တွေတွေကြီး ငေးကြည့်နေမိကြသည်။

ဒါက....

ဒါက ထိပ်တန်းစစ်တပ်ကြီးတစ်ခုလုံးရဲ့ စုပေါင်းအင်အားလေ!

သူက နတ်ဘုရားများလား?

ဤမေးခွန်းသည် လူတိုင်း၏စိတ်အာရုံအတွင်း ပဲ့တင်ထပ်သွားသည်။

ဤမျှအဆင့်ထိလုပ်ဆောင်နိုင်ဖို့ အဘယ်မျှလောက်သော တည်ရှိမှုကြီးဖြစ်ရမည်နည်း? လူတိုင်း မတွေးဝံ့ကြတော့။

ဝမ်ဖုန်း၏လုပ်ဆောင်မှုက လူတိုင်း၏အတွေးအမြင် ကန့်သတ်ချက်များကို ရိုက်ချိုးသွားသည်။

သူတို့သည် နှလုံးသားအတွင်းက ထိတ်လန့်မှုများကို မည်သို့မည်ပုံ ထုတ်ပြောရမည်မှန်းတောင် မသိတော့ပါ။ အခုအချိန်မှာ သူတို့ဟာ ငူငူကြီးသာ ငိုင်ကြည့်နေမိလိုက်ကြသည်။

''ဒါ...ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?''

အချိန်မည်မျှကြာသွားမှန်းမသိ။ ကျယ်လောင်သော ထိတ်လန့်တကြား ရေရွတ်သံက ဟိန်းထွက်သွားသည်။ ထိုသို့အော်ပြောလိုက်သူကတော့ စစ်သူကြီးချန်လဲ့သာဖြစ်သည်!

လက်ရှိအချိန်တွင် စစ်သူကြီးချန်းလီသည် တုန်လှုပ်နေပြီဖြစ်သည်။သူ၏မျက်လုံးများသည် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။သူ့လက်ထဲရှိ မဟူရာဓါးကတောင် အနည်းငယ်တုန်ရင်နေသည်။

ချန်းလီသာမက အင်ပါယာ၏အကြီးအကဲများသည်ပင် ကြောက်ဒူးတုန်နေပါပြီ။သူတို့သည် ဒီနေရာက အချိန်မဆိုင်းဘဲ ထွက်ပြေးချင်နေလေပြီ။

''ဘုရားရေ...ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အစွမ်းထက်လိုက်တာ!''

''ဟုတ်တယ်...ဟုတ်တယ်... ရှန်ရှန့်ကျုံဂိုဏ်းမှာ ဆန်းကြယ်အင်ပါယာအထွတ်အထိပ် ပုဂ္ဂိုလ်ခြောက်ယောက်တောင် ရှိတာပဲ။ သူက ဂိုဏ်းချုပ်ပဲလေ။ဘယ်လိုလုပ် မသန်မာပဲနေမှာလဲ?''

''ဒီတစ်ကြိမ် အင်ပါယာမှာ ဂယက်ရိုက်တော့မှာပဲ''

''အင်း၊ ရှန်ရှန့်ကျုံဂိုဏ်းကသာ သတ်ဖြတ်မှုတွေကို ရပ်တန့်လိုက်ပြီး အင်ပါယာနဲ့အတိုက်အခိုက်ရပ်စဲဖို့ သဘောတူလိုက်ရင် အင်ပါယာလည်းပဲ ဒီလိုကြောက်စရာဂိုဏ်းကြီးကို ရန်စချင်မှာ မဟုတ်ဘူး''

''ခွန်အားကသာ အဆင့်တစ်ခုကိုရောက်သွားရင် ဂိုဏ်းတစ်ဂိုဏ်းက ပြင်ပလောကကိုတောင် အရေးစိုက်စရာမလိုတော့ဘူး။ရှန်ရှန့်ကျုံဂိုဏ်းက ဒီလိုအဆင့်ရှိတဲ့ ဂိုဏ်းကြီးပဲ!''

''အဲ့ဒီလူ(ယောင်ရီအင်ပါယာထင်ပါတယ်) လည်း ရှန်ရှန့်ကျုံဂိုဏ်းနဲ့ အတိုက်အခံဖြစ်ရဲမှာ မဟုတ်ဘူး။ ရှန်ရှန့်ကျုံဂိုဏ်းသာ တိုက်ပွဲကိုရပ်လိုက်ရင် စစ်သူကြီးချန်လဲ့ဘက်ကလည်း နောက်ဆုတ်ပေးလိမ့်မယ်လို့ ဒီဂိုဏ်းချုပ်ကပြောရဲတယ်!''

ထိတ်လန့်မှုကြီးအပြီးမှာ မီတာရာချီအကွာအဝေးရှိ စွမ်းအားရှင် ဂိုဏ်းချုပ်များသည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးပြောဆိုနေကြသည်။ထိုသို့ပြောဆိုမှသာပဲ သူတို့ရင်ထဲ ပေါ့သွားမှာဖြစ်သည်။

''ဒါပေမယ့် ရှန်ရှန့်ကျုံဂိုဏ်းက တိုက်ပွဲရပ်ပါ့မလား?''

''မသိဘူး။ ဒီအခြေအနေထိရောက်လာပြီဆိုတော့ ထပ်ပြီးတိုက်ခိုက်စရာ မလိုတော့ဘူး။ ရှန်ရှန့်ကျုံဂိုဏ်း ထုတ်ပြလိုက်တဲ့ခွန်အားက အင်ပါယာတစ်ခုလုံးကိုတောင် ထိတ်လန့်သွားစေဖို့ လုံလောက်နေပြီ။ ဒီအခြေအနေမှာ အရူးသာမဟုတ်ရင် ခြေတစ်လှမ်းပြန်ဆုတ်ရမယ်ဆိုတာ လူတိုင်းသိတယ်''

ဤစွမ်းအားရှင်တစ်သိုက် ဆွေးနွေးနေကြစဥ်မှာ အခြားသောစွမ်းအားရှင် တစ်အုပ်စုကတော့ ဆွံ့အမိနေကြသည်။ သူတို့သည်ကား ထျန်းရှင်းဂိုဏ်းမှ ကျင့်ကြံသူများပင်ဖြစ်သည်။ ရှိရှိသမျှသော လူများအနက် ထျန်းရှင်းဂိုဏ်းသားများက ထိတ်လန့်အသွားဆုံးပင်။

အစကနေအဆုံးအထိ ထျန်းရှင်းဂိုဏ်းချုပ်မှသည် ဂိုဏ်းတပည့်များအားလုံးတို့က ရှန်ရှန့်ကျုံဂိုဏ်းအနေဖြင့် အင်ပါယာ၏တိုက်စစ်ကို ခုခံနိုင်မှာ မဟုတ်လို့ ယုံကြည်ခဲ့ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို အားနည်းသော ကြက်ပေါက်တစ်ကောင်ဟု မှတ်ယူခဲ့ကြသည်။

သို့သော် ယခုမှာတော့ ဝမ်ဖုန်း၏လက်ချောင်းက သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းကို အစဥ်အမြဲဆန့်ကျင်နေခဲ့သူ လှပသောအမျိုးသမီး၏ ခန္ဓာကိုယ်သည် လက်ရှိမှာ တဆတ်ဆတ်တုန်ရင်နေသည်။ သူမ၏မျက်နှာသည်လည်း ဖြူဖျော့နေ၏။

သူမထျန်းရှင်းဂိုဏ်း၏အကြီးအကဲ ဖြစ်လာစဥ်ကစ၍ ယခုအချိန်ထိ ဘယ်တုန်းကမှ ခုလို မကြောက်လန့်ဖူးခဲ့။ အင်ပါယာ၏အဆင့်မြင့် အကြီးအကဲများနှင့် ရင်ဆိုင်ခဲ့တုန်းကတောင် ဒီလို မထိတ်လန့်ခဲ့ချေ။

ဝမ်ဖုန်း၏လက်ချောင်းက သူမနှလုံးသားအတွင်းက အတွေးအခေါ်များအားလုံးကို ရိုက်ချိုးပစ်လိုက်သည်။

ဟမျ့

များစွာသောလူတို့ ကြောက်လန့်တကြား ဆွေးနွေးပြောဆိုနေကြချိန်မှာ ဝမ်ဖုန်းကတော့ မရပ်တန့်သွားသေးပေ။ သူ့မျက်လုံးများအတွင်းတွင် ထူးမခြားနားသော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။

သူက အပြစ်မဲ့သူများကို အကြောင်းမဲ့ မသတ်ချင်ပါဘူး။ သို့ပေသိ မီးလျှံစစ်တပ်က သူအပါအဝင် ရှန်ရှန့်ကျုံဂိုဏ်းကို အာခံတိုက်ဝံ့သည်ရှိရာ တန်ကြေးကိုတော့ ပေးဆပ်ရပေလိမ့်မည်။

ဝမ်ဖုန်း၏နှလုံးသားသည် မသက်မသာ ခံစားနေရသည်။သူသာ လက်ချောင်းကို ပြန်ချလိုက်ပါက ရာချီသော စစ်သည်များ ဧကန်မုချ သေဆုံးရမည်ကို သူသိသည်။

သူ ဒီကမ္ဘာကိုရောက်လာခဲ့ပြီးကတည်းက ဝမ်ဖုန်းသည် သူကိုယ်တိုင်အားဖြင့် လူဆယ်ယောက်အောက်ကိုသာ စုစုပေါင်းသတ်ဖြတ်ဖူးသည်။ ခုတော့ သူ့လက်ဖြင့် ရာချီသော အသက်များကို အဆုံးသတ်ရတော့မည်။

သို့ရာတွင် ဝမ်ဖုန်းသည် သူ့မှာ ရွေးချယ်စရာ မရှိကြောင်း သိထားသည်။

အရာအားလုံးအတွက် မီးလျှံစစ်တပ်ကိုသာ အပြစ်ဆိုရပေမည်။

ဝမ်ဖုန်းသည် အတွေးများကို ရပ်စိုင်းလိုက်ပြီး၊လက်တစ်ချောင်း ညွှန်ပြလိုက်သည်။ အနှီလက်ချောင်းသည် ဤမတိုင်မီက လက်ချောင်းနှင့် တူလှပေသည်။ သာမန်ဆန်သည်။မည်သို့သော အရှိန်အဝါမျိုးမှ ထွက်ပေါ်နေခြင်းမရှိဘဲ ရိုးစင်းနေသည်။

သို့သော်လည်း ဝမ်ဖုန်း လက်ချောင်းညွှန်ပြလိုက်သည်နှင့် မီးလျှံစစ်တပ်၏ စစ်သည်များအားလုံးသည် ဖိနှိပ်ခံလိုက်ရသည်။ တန်ထောင်ချီသော တိုင်တောင်ကြီးက သူတို့အပေါ် ဖိထားသလိုမျိုး ခံစားနေရကာ တုပ်တုပ်တောင် မလှုပ်ရှားဝံ့တော့ချေ။

All Chapters