← Chapters

မထင်မှတ်ထားသော အဆင့်တက်မှု။

Vol. 7 Ch. 88

မထင်မှတ်ထားသော အဆင့်တက်မှု။

Vol. 7 Ch. 88

မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းနှင့် သွေးခင်းလမ်းကိုလျှောက်လမ်းပြီးသော....၊တောင်ပုံရာပုံသော လူသေအလောင်းတို့ပေါ် ခြေနင်းလျက် လမ်းလျှောက်ခဲ့ဖူးသော မီးလျှံစစ်တပ်သည်သော်မှ ဤတဒင်္ဂတွင် တုန်လှုပ်သွားရချေသည်။

သူတို့သည် ခြောက်ခြားသွားကြသည်!

သူတို့သည် တုန်ရင်နေကြပေပြီ!

သူတို့ဟာ ကြောက်အားလန့်အားဖြင့် ရုန်းကန်နေကြပေပြီ။

သို့ပေသိ ထက်ဝန်းကျင်ယံရှိ ကြောက်လန့်ဖွယ်ဖိအားကြီးမှာ သူတို့အပေါ် ခိုင်မြဲစွာ ဖိနှိပ်ထားလေသည်။ သူတို့ဟာ တတ်စွမ်းသမျှ ကြိုးစားကြသော်ငြား၊ ခုခံခြင်းငှာ မစွမ်းသာ။

သူတို့အား ထိုးညွှန်နေသော ဝမ်ဖုန်း၏ သာမန်ဆန်သော လက်ချောင်းကို သူတို့သည် ကူကယ်ရာမဲ့စွာ ငေးစိုက်ကြည့်ရုံသာ တတ်နိုင်ကြသည်။

ဤအချိန်ထိတိုင်အောင် ဝမ်ဖုန်း၏ လက်ချောင်းသည် မည်သည့် အရှိန်အဝါကိုမှ ထုတ်လွှတ်နေခြင်းမရှိ။ သာမန်ဆန်သော ထူးခြားချက်မရှိသည့် လက်ချောင်းကလေး အတိုင်းသာ။

သို့သော်လည်း ရှိရှိသမျှသော လူများအားလုံး။ မီးလျှံစစ်တပ်ပင်ဖြစ်စေ၊ မီတာရာကျော်သော အကွာအဝေးမှ စောင့်ကြည့်နေသော စွမ်းအားရှင်များပင်ဖြစ်စေ ဝမ်ဖုန်း၏ ထိုလက်ချောင်း၌ ကမ္ဘာတုန်လောက်သော စွမ်းအားကြီးတစ်ရပ်ရှိနေကြောင်း သိထားလေသည်။

မီးလျှံစစ်တပ်၏ အင်အားကြီး ပေါင်းစုတိုက်ကွက်ကို ဝမ်ဖုန်းမှ လက်တစ်ချောင်းဖြင့် ချေဖျက်လိုက်ပြီးသကာလတွင် ရှန်ရှန့်ကျုံ၏အကြီးမားဆုံးဝှက်ဖဲမှာ ဝမ်ဖုန်းဖြစ်နေကြောင်းကို လူတိုင်း ခန့်မှန်းမိလိုက်ကြသည်။

အကြင်လူသည် ကောင်းကင်နှင့်မြေပြင်ကို လက်တစ်ဖက်ဖြင့် အုပ်ကာနိုင်စွမ်းရှိသော ထိတ်လန့်ဖွယ် စွမ်းအားရှင်ပင်ဖြစ်၏!

လူတိုင်း၏စောင့်ကြည့်နေသော အကြည့်များအောက်မှာပဲ ဝမ်ဖုန်း၏လက်ချောင်းသည် မီးလျှံစစ်တပ်ကို ထိတွေ့မိသွားသည်။

ခေါင်းဆောင်စစ်သားကို ဦးစွာထိခတ်မိသွားပြီး၊ ယင်းနောက်မှ အခြားလူများလည်း ပျောက်ကွယ်သွားတော့သည်။

သွေးမြူတစ်မှုန်မထွက်၊ အကြွင်းအကျန်တစ်စုံတစ်ရာ မကျန်ရစ်ပါဘဲ စစ်တပ်တစ်တပ်လုံးသည် ကြယ်ရောင်လိုလက်ခနဲဖြစ်သွားပြီး ဗလာနတ္ထိအခြေအနေသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ လှိုင်းတွန့်ကလေးသော်မျှ မကျန်ရစ်ခဲ့။

ဤသို့ဤပုံနှယ် မီးလျှံစစ်တပ်တစ်တပ်လုံးသည် လောကမှပျောက်ကွယ်သွားရချေပြီ။

မျက်တောင်တစ်ခတ်ကာလအတွင်းမှာပဲ ထိပ်တန်းစစ်တပ်ကြီးတစ်ခုသည် လုံးဝပျက်စီးသွားရသည်။

မည်သည့်အသံမှ မကြားရ။

မီးလျှံစစ်တပ်ကြီးသည် အမှန်တကယ်မတည်ရှိခဲ့ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ခဲ့သည့်အလား။

မီးလျှံစစ်တပ်ပျောက်ကွယ်သွားပြီးနောက် ဝမ်ဖုန်း၏လက်ချောင်းသည်လည်း မြေပြင်ကိုထိုးခွဲခြင်းမရှိ၊ကောင်းကင်ကို ပိုင်းဖြတ်ခြင်းမရှိဘဲ အသာအယာသာ ပျောက်ကွယ်သွားခဲ့သည်။

ယင်းသည် အသာအယာလာ၍ အသာအယာသာ ပြန်လည်ထွက်ခွာသွားသည်။နွေဦး၏ လေပြေလေညှင်းကလေးကဲ့သို့ပင်။

ရှိနေကြသောလူများသည် ချက်ချင်းကို ငြိမ်ကျသွားကြသည်။

ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။တိတ်ဆိတ်လွန်း၍ ခြောက်ခြားဖွယ်အတိပြီး၏။

ဤတဒင်္ဂတွင် မူလကအပြင်းအထန် တိုက်ခိုက်နေကြသော လူများအားလုံးသည် ရပ်တန့်သွားကြကာ ဝမ်ဖုန်းကို မှိုင်တွေတွေအမူအရာများဖြင့် ငေးစိုက်ကြည့်လိုက်ကြသည်။

မီတာရာကျော်အကွာအဝေးက ဂိုဏ်းချုပ်များသည်လည်း ဝမ်ဖုန်းကို သက်ပြင်းတောင်မချဝံ့ဘဲ ငေးမောကြည့်နေမိကြသည်။

သူတို့သက်ပြင်းချမိလိုက်လျှင် ဝမ်ဖုန်းကို မလေးစာရာကျမည်ကိုတောင် စိုးရွံမိကုန်၏။

ချန်းလီ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ရင်နေပါ၏။ သူသည် စိတ်ကို တည်ငြိမ်အောင် ထားလိုပါသော်လည်း သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ တုန်ရင်နေသည်။

တခြားသော အင်ပါယာ၏အကြီးအကဲလေးယောက်မှာလည်း အလားတူပင်။သူတို့သည် မည်သို့မည်ပုံခံစားနေရမှန်းကိုတောင် မပြောနိုင်ကြတော့။

ကြောက်နေသလား? ဟင့်အင်း!

လန့်နေတာလား? မဟုတ်ဘူး!

ယင်းသည် ဗလာနတ္ထိ ခံစားချက်ကြီးဖြစ်သည်။ သူတို့သေဆုံးတော့မည်ဆိုတာကို သိရှိပြီးဖြစ်တာကြောင့် မည်သည့်အရာကိုမှ ရေရေရာရာ မတွေးတောနိုင်တော့။

ဓါးဧကရာဇ်ယန်တောက်ကို တိုက်ခိုက်နေသော နှင်းမြူစစ်တပ်သည်လည်း ရပ်တန်းကရပ်သွားကာ တစ်ကိုယ်လုံး တုန်ခါနေကြသည်။

ဤကာလတွင် အရိုးခိုက်သော အေးစိမ့်မှုတစ်ရပ်ကို ခံစားနေရကာ၊ခြေဖျားမှသည် ဦးခေါင်းထိတိုင်အောင် မထိန်းချုပ်နိုင် တဆတ်ဆတ်တုန်ရင်နေတော့သည်။

လူတိုင်းသည် တစ်စုံတစ်ရာကို တွေးမိမည်ဆိုပါက ထိုအတွေးမှာ ဤသို့သာဖြစ်သည်။

မယုံနိုင်စရာပဲ!

ဒီလောက်စွမ်းအားကြီးတဲ့လူ ကမ္ဘာမှာရှိသေးတယ်လား!

ဝမ်ဖုန်းကတော့ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေဆဲပင်။လူတိုင်းက စိုက်ကြည့်နေကြတာတောင် သူ့အမူအရာကတော့ ဒုံရင်းအတိုင်းသာ။ ထိပ်တန်းစစ်တပ်ကြီးတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တာကိုတောင် ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်လိုက်သည့်အလား သူ့အမူအရာက ပေါ့ပါးနေဆဲ။

သူသည်ကား နတ်ဘုရားတစ်ပါးကဲ့သို့။လူအများဟာ မျှော်ကြည့်ရုံသာ တတ်နိုင်ကြပေသည်။

''မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! ဒီလိုစွမ်းအားမျိုး ဒီကမ္ဘာမှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ! မင်း ဘယ်လို မှော်အတတ်မျိုး သုံးလိုက်တာလဲကွ!''

စစ်သူကြီးချန်းလီမှာ ရူးခါသွားလေပြီ။သူသည် တုန်ရင်နေသော ခန္ဓာကိုယ်နှင့် ဝမ်ဖုန်းအာ မေးလိုက်သည်။

သူ့အမူအရာမှာ ခြောက်ခြားဖွယ်ကောင်းနေပြီး၊မျက်လုံးများဟာ စွေးစွေးနီနေသည်။ ဝမ်ဖုန်း၏လက်ညှိုးနှစ်ချက်က သူ၏မာနတရားတို့ကို အလုံးစုံချေဖျက်သွားကာ ယုံကြည်ချက်တို့ကိုလည်း ပြိုလဲသွားစေသည်။

ဒီအချိန်မှာ စစ်သူကြီးချန်းလီသည် စိတ်လွတ်သွားကာ ရူးနှမ်းသွားပုံရှိသည်။

စစ်သူကြီး၏အော်ဟစ်ပြောဆိုလိုက်သော အမေးစကားက လူတိုင်းကို တွေဝေနေရာမှ အစစ်အမှန်လောကသို့ ပြန်လည်ရောက်ရှိသွားစေသည်။

''ဘာ!''

''အင်ပါယာထိပ်တန်းစစ်တပ်ကို လက်တစ်ချောင်းနဲ့ သတ်ဖြတ်လိုက်တယ်! ဒီလိုခွန်အားမျိုးက.....''

''ခုချိန်ကစပြီး ဧကရာဇ်တောင် ဖက်မပြိုင်နိုင်တော့တဲ့ အာဏာရှင်တစ်ပါး ပေါ်ထွန်းလာပြီဟေ့!''

''မယုံနိုင်စရာပဲ! မယုံနိုင်စရာပဲ!''

''ငါတို့ဂိုဏ်းတွေအတွက် အခွင့်အရေးကြီးပဲ! ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခွန်အားနဲ့ဆိုရင် ဧကရာဇ်တောင် ဘာမှအလောတကြီး လုပ်ရဲမှာမဟုတ်ဘူး!''

''ငါ အရင်က ရှန်ရှန့်ကျုံဂိုဏ်းကို အရမ်းလှောင်ပြောင်ခဲ့တာ။ငါဘယ်လောက်တောင် အမြင်မရှိခဲ့ပါလိမ့်!''

မီတာရာကျော်အကွာအဝေးရှိ ဂိုဏ်းကြီးများအားလုံးသည် တစ်ယောက်တစ်ပေါက် ဆွေးနွေးပြောဆိုနေကြသည်။သူတို့၏လေသံများက ထိတ်လန့်ခြင်း၊အံ့သြခြင်း၊ခြောက်ခြားခြင်းနှင့် ပျော်ရွှင်ခြင်းတို့ အမျိုးစုံလျက်။

''ဒင်၊စစ်တပ်တစ်တပ်ကို ပထမဆုံးအကြိမ် သုတ်သင်ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ဆင့်ခေါ်ခွင့်သုံးကြိမ် ဆုချလိုက်ပါတယ်!''

ဆူညံပွက်လောရိုက်နေကြချိန်တွင် အေးစက်စက်လေသံက ဝမ်ဖုန်း၏နားအတွင်း ပဲ့တင်ထပ်လာသည်။ သို့သော် ဒီအချိန်တွင် ဝမ်ဖုန်းသည် စနစ်၏အသံကို လျစ်လျူရှုထားပြီး၊ ချန်းလီကို စိုက်ကြည့်လိုက်သည်။

အဆိုပါ ထူးမခြားနားသော မျက်ဝန်းတစ်စုံက စစ်သူကြီးချန်းလီကို ကြောက်လန့်မိစေသည်။ သူသည် ယမမင်းကို တွေ့မြင်လိုက်ရသည့်အလား စိတ်ဝိညာဥ်ပင် တုန်ခါလာပါတော့သည်။

''မင်းတို့တွေက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းတယ်။အရာအားလုံးရဲ့ အထက်ကိုရောက်နေတယ်လို့ အထင်မှားနေကြတယ်။ တကယ့်စွမ်းအားရှင်တစ်ယောက်အတွက်တော့ ယောင်ရီအင်ပါယာဆိုတာက ရေတွင်းထဲကဖားသူငယ်လို သေးနုပ်ညံ့ဖျင်းတယ်ဆိုတာကို မင်းတို့မတွေးမိခဲ့ကြဘူး။တကယ့်ကို ရယ်ဖွယ်ပါပဲလား?''

''အရှင်မင်းကြီး၊ အသင်က ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်ထိပါးဝံမှတော့ ငါတို့ဂိုဏ်းကလည်း ယောင်ရီအင်ပါယာရဲ့ အိပ်မက်ဆိုးဖြစ်စေရမယ်! ''

ဝမ်ဖုန်းသည် လှောင်ပြုံးပြုံးလိုက်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။ အနှီစကားလုံးများကို ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ကမ္ဘာမြေတစ်ခွင် ပဲ့တင်ထပ်သွားချေ၏။

ဝမ်ဖုန်းသာ သူ့အစွမ်းကို ထုတ်မပြခဲ့ပါက လူတိုင်းက အော်ရယ်မိမှာဖြစ်သော်လည်း ယခုတော့မရယ်ဝံ့ကြတော့ပေ။ သူတို့၏နှလုံးသားထဲကတောင်မှ ထောက်ခံနေကြသေးသည်။

ဝမ်ဖုန်း၏စကားကိုကြားတော့ စစ်သူကြီးချန်းလီ၏မျက်နှာသည် မည်းမှောင်သွားသည်။သူခွန်းတုံ့ပြန်ပြောချင်သော်လည်း ဘာပြောရမလဲမသိပါ။

ဝမ်ဖုန်းပြသခဲ့သော ခွန်အားက ထိုစကားများကို ပြောကြားဖို့အဆင့်မီပါသည်။

ဝမ်ဖုန်းကဲ့သို့သော တည်ရှိမှုကြီးက ချန်းလီပြောဆိုခွန်းတုံ့ပြန်နိုင်သည့် အဆင့်မျိုး မဟုတ်ပါ။

သူ့အကြောင်း တွေးကြည့်ကြပါစို့။ချန်းလီသည် အင်ပါယာ၏စစ်သူကြီးဖြစ်ပြီး၊ ယောင်ရီအင်ပါယာတစ်ခုလုံးတွင် မြင့်မားသောရာထူးနှင့်အာဏာကို ဆုပ်ကိုင်ထားသည်။ သူ့ကို လူတစ်သောင်းအနက်မှ တစ်ဦးသောပါရမီရှင်အဖြစ် မှတ်ယူနိုင်ပါသည်။ သို့ရာတွင် ယခုတော့ သူသည် ဝမ်ဖုန်းကိုစကားပြောဖို့တောင် အဆင့်မမီတော့ပါ။

ဤသည်က ချန်းလီကို စွမ်းအားကင်းမဲ့မှုကို ပထမဆုံးအကြိမ်ခံစားမိစေသည်။

အာဏာဘယ်လောက်ရှိရှိ၊ ရာထူးဘယ်လောက်ကြီးကြီး၊ စစ်မှန်သောစွမ်းအားရှင်တစ်ယောက်၏ရှေ့မှောက်၌ သူဟာ စကားပြောဖို့တောင် အဆင့်မရှိချေ။

လောကကြီးတွင် ခွန်အားသည်သာ အရာရာဖြစ်၏။

ခွန်အားသာရှိပါက အဆင့်အတန်းသည်လည်း အလိုအလျောက်မြင့်တက်လာမည်။ အာဏာကိုလည်း လက်ကိုင်ထားနိုင်မည်။ ခွန်အားအမှန်တကယ်ကြီးမားသူတို့သာ အာဏာနှင့်အဆင့်အတန်းကို လိုသလို ကစားနိုင်ပါလိမ့်မည်။

လက်ရှိတွင် ချန်းလီသည် တချို့သောအရာများကို ထွင်းဖောက်နားလည်လာပြီး၊သူ့စိတ်ဟာ လွင့်ပျံ့နေသည်။

ထိုအချိန်တွင် ထူးခြားသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုဆန်းကြယ်သော အရှိန်အဝါထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေပြင်အကြားရှိ ဆန်းကြယ်သောစွမ်းအင်များသည် တစ်စုံတစ်ခု၏ဆွဲငင်ခြင်းခံလိုက်ရသကဲ့သို့ ချန်းလီထံသို့ စုဝေးလာ၏။

ဘုန်း!

ပေါက်ကွဲသံတစ်ခု။

မျက်စိတစ်မှိတ်ကာလအတွင်းတွင် ချန်းလီ၏ဦးခေါင်းအထက်၌ လေဝဲတစ်ခုဖြစ်ပေါ်လာသည်။၎င်းက သိပ်သည်းလှသောဆန်းကြယ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လေဝဲတစ်ခုဖြစ်သည်။အဆိုပါ ဆန်းကြယ်သောစွမ်းအင်များက ချန်းလီ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးပြေးဝင်သွားသည်။

ရှေးဆန်ပြီးဆန်းပြားသော စွမ်းအားတစ်ခုက ချန်းလီကိုဖုံးကွယ်ထားသည်။ ပြိုင်ဘက်ကင်းသားရဲကြီးတစ်ကောင် နိုးထလာတော့မည်လော?

ချန်းလီ၏မူမမှန်မှုကို ခံစားလိုက်ရသည့်အခါ ဝမ်ဖုန်း၊တင်းဖန်းနှင့် ကျန်းစန်ဖုန်းတို့၏မျက်လုံးများ ကျဥ်းမြောင်းသွားကြသည်။ သူတို့သည် ချန်းလီကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ကြသည်။

နောက်တီးနောက်တောက် အပြုံးတစ်ခု ဝမ်ဖုန်းမျက်နှာ၌ ဖြစ်ပေါ်လာသည်။ချန်းလီသည် အင်ပါယာ၏စစ်သူကြီးဖြစ်ရန် ထိုက်တန်ပါပေသည်။ ဒီလိုအခြေအနေမျိုးအောက်မှာ သူသည် ဥာဏ်အလင်းပွင့်သွားပြီး၊ဆန်းကြယ်အဓိပတိအဆင့်သို့ တိုက်ရိုက်ချိုးဖျက်သွားသည်။

မှန်ပေသည်။ချန်းလီသည် ဆန်းကြယ်အဓိပတိအဆင့်သို့ ချိုးဖျက်နေခြင်းဖြစ်သည်။

ချန်းလီသည် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်သို့ရောက်နေခဲ့သည်မှာ နှစ်ရာချီနေပြီဖြစ်သည်။ ထိုနှစ်ရာပေါင်းများစွာအတွင်း ချန်းလီသည် ဆန်းကြယ်အဓိပတိအဆင့်သို့ တက်ရောက်နိုင်မည့်လမ်းစဥ်ကို အစဥ်အမြဲရှာဖွေနေခဲ့သည်။

သို့သော်လည်း မမြင်နိုင်သော အတားအဆီးတစ်ခုက သူ့ကို ထိုအဆင့်သို့မရောက်နိုင်အောင် တားဆီးထားခဲ့သည်။ သူအကောင်းဆုံးကြိုးစားခဲ့တာတောင် ဆန်းကြယ်အဓိပတိအဆင့်သို့ မရောက်နိုင်ခဲ့ပါ။

ထိုမမြင်နိုင်သော အတားအဆီးဆိုသည်က အခြားမဟုတ်။ချန်းလီ၏အာဏာနှင့်ရာထူးအပေါ် တပ်မက်မှုသာဖြစ်သည်။

အင်ပါယာ၏စစ်သူကြီးဖြစ်လာပြီးကတည်းက ချန်းလီသည် လူအများ၏ညွှတ်တွားမှုအပေါ် သာယာခဲ့သည်။ အာဏာကြောင့်ရရှိလာသော အရာရာအပေါ်၌လည်း ခင်တွယ်ခဲ့သည်။ဒါက ချန်းလီ၏မျက်လုံးများကို စုံလုံးကန်းစေခဲ့ပြီး ကျင့်ကြံခြင်း၏ ပကတိရည်ရွယ်ချက်ကို မေ့ပျောက်သွားစေခဲ့သည်။

သူသည် ပိုမိုသန်မာဖို့ကျင့်ကြံနေတာမဟုတ်။ အာဏာပိုရဖို့သာ ကျင့်ကြံနေခဲ့သည်။

ဤသည်ကြောင့်ပဲ ချန်းလီသည် အဆင့်မတက်နိုင်ခဲ့။ အာဏာအပေါ် တပ်မက်မှုရာဂသည် သူ့အားခိုင်မြဲစွာ ချုပ်နှောင်ထားသည်။ သူ၏တက်လမ်းကို ပိတ်ကာထားခဲ့သည်။

သို့သော် ဝမ်ဖုန်း၏လက်ချောင်းတစ်ချောင်းဖြင့် စစ်တပ်တစ်ခုလုံးကို သုတ်သင်ခဲ့ခြင်းက ချန်းလီကို တုန်လှုပ်စေခဲ့သလို၊အာဏာအပေါ်တပ်မက်မှုကိုလည်း သတိချပ်မိစေခဲ့သည်။

ချန်းလီသည် အပြည့်အဝ ဥာဏ်အလင်းပွင့်သွားလေသည်။

ရှုံးနိမ့်ခြင်း၊အောင်မြင်ခြင်း။ အရာအားလုံးသည် ပြောင်းလဲနေသည်။ ဤထက်မပို....

''ဒါ....ဒါက...!''

''ဘုရားရေ! စစ်သူကြီးချန်းလီ ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်တော့မှာလား?''

''ဒီလိုကသောင်းကနင်းအခြေအနေမှာတောင် စစ်သူကြီးချန်းလီ အဆင့်တက်သွားမယ်လို့ ငါမထင်ခဲ့ဘူး။ အင်ပါယာရဲ့စစ်သူကြီးဖြစ်ဖို့ ထိုက်တန်ပါပေတယ်။တကယ့်ကို အံ့ဖွယ်ပဲ!''

''ရှန်ရှန့်ကျုံဂိုဏ်း အနိုင်ရပြီထင်ထားတာ။အလှည့်အပြောင်း ဖြစ်လာမယ်လို့ တွေးမထားခဲ့ဘူး!''

မီတာရာပေါင်းများစွာအကွာက စောင့်ကြည့်နေကြသော ဂိုဏ်းချုပ်ဆရာသခင်များသည် ထိတ်လန့်စွာ ရေရွတ်လိုက်မိသည်။

သူတို့ကိုယ်တိုင်သည်လည်း ဆန်းကြယ်အဓိပတိအဆင့်ကို မရောက်သေးသလို၊သုံးပြည်ထောင်(အင်ပါယာကြီးသုံးခု) တွင်လည်း ယင်းအဆင့်ဆရာသခင်မျိုး ရှိသည်ဟု သူတို့မကြားဖူးပါ။သို့ရာတွင် ရှေးအမွေအနှစ်ကြွယ်ဝသည့် ဂိုဏ်းကြီးများဖြစ်သည့်အလျောက် သူတို့သည် လျို့ဝှက်ဆန်းပြားသော ထိုအဆင့်အကြောင်းကို ရှေးဟောင်းစာအုပ်များမှ ဖတ်ရှုဖူးသည်။ ဂုဏ်သရေကြီးမြတ်သော အဓိပတိအဆင့်။

ဆန်းကြယ်အင်ပါယာအဆင့်အထွတ်အထိပ်မှသည် ဆန်းကြယ်အဓိပတိအဆင့်သို့ စွမ်းအားရှင်တစ်ယောက် ချိုးဖျက်တက်ရောက်သည့်အခါ ထိုသူသည် ကောင်းကင်နှင့်မြေကြီး၏ ကာကွယ်မှုကိုရရှိသည်။ အဆင့်ချိုးဖျက်ခြင်းဖြစ်စဥ်ကို မည်သူတစ်ဦးတစ်ယောက်ကမှ မဟန့်တားနိုင်ပါ။

ယုံတမ်းစကားများအရ ဆန်းကြယ်အဓိပတိအဆင့်၏ဆန်းပြားမှုများကို သင်သာ နားလည်နိုင်မည်ဆိုလျှင် ထိုအဆင့်သို့ရောက်ရှိရန် အခွင့်အရေး ၁၀၀ ရာခိုင်နှုန်းအထိတောင် ရှိနိုင်ပြီး၊ သင်၏အဆင့်တက်မှုကို ဘယ်သူကမှလည်း တားဆီးနှောင့်ယှက်၍ မရနိုင်ပါ။

သို့ပေသိ ဆန်းကြယ်အဓိပတိအဆင့်၏ ဆန်းပြားမှု၊လျို့ဝှက်ချက်များကို နားလည်နိုင်ခြင်းဟူသောအဆင့်က တကယ့်ကို ခက်ခဲပါသည်။

ဆန်းကြယ်အဓိပတိအဆင့်အပေါ် လူတိုင်း၏နားလည်မှုများက မတူညီကြပေ။ သင်နှင့်သက်ဆိုင်သော လမ်းစဥ်ကို ရှာတွေ့နိုင်မှသာလျှင် သင်သည် အဓိပတိအဆင့်ကို အပြည့်အဝ နားလည်နိုင်မှာဖြစ်သည်။

ဂိုဏ်းချုပ်အဆင့် ဆရာသခင်များသည် ထိတ်လန့်နေကြသည်။ မနာလိုဖြစ်နေကြသည်။ တုန်လှုပ်နေကြသည်။ ခံစားချက်အပေါင်း ရောပြွမ်းလျက်ရှိ၏။

All Chapters