ကောင်းကင်၏နတ်ဘုရားသော်မှ ကျွနုပ်နှင့်တွေ့လျှင် ဦးညွှတ်စေရမည်။
Vol. 7 Ch. 89
ဂိုဏ်းချုပ်ဝမ်သည် ချန်းလီ၏အဆင့်တက်မှုကို နှောင့်ယှက်မည့်ဟန်မပြဘဲ နေရာတွင်သာ မလှုပ်မယှက် မတ်တပ်ရပ်နေသည်!
သာမန်လူများအတွက်တော့ ဆန်းကြယ်အဓိပတိအဆင့်ကို ချိုးဖျက်တက်ရောက်ရာ၌ အလိုအလျောက်ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး၏အကာအကွယ်သည် ချိုးဖျက်မရသော မဟာတံတိုင်းကြီးဖြစ်သော်ငြား၊ဝမ်ဖုန်းအတွက်တော့ အနည်းငယ်သော တန်ကြေးကိုပေးဆပ်ရုံမျှဖြင့် ဖျက်စီး၍ရပေသည်။
သူ့တွင် မဟာကောင်းချီးနှင့်တူသော စနစ်ရှိနေသည်။ ချန်းလီကိုကာကွယ်ပေးနေသော ကောင်းကင်နှင့်မြေကြီးအကာအကွယ်ကို နှောင့်ယှက်ဖို့ စနစ်ကိုအသုံးပြလို့ ရနိုင်ပေသည်။
သို့ရာတွင် ဝမ်ဖုန်းကတော့ ဒီလိုလုပ်ဖို့ လိုတယ်လို့ မထင်ပါဘူး။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် သူအပါအဝင် ဆန်းကြယ်အဓိပတိအဆင့် ကျင့်ကြံသူ သုံးယောက်ရှိပြီး၊ တစ်ယောက်က ဆန်းကြယ်အဓိပတိအဆင့်၏ အထွတ်အထိပ်၌ ရှိနေသည်။
ခုလေးတင်မှ အဆင့်တက်လာသော ဆန်းကြယ်အဓိပတိ ပေါက်စန စွမ်းအားရှင်လေးကို သတ်ပစ်ဖို့က မလွယ်လွန်းပေဘူးလား?
ဝမ်ဖုန်းက မလှုပ်ရှားခဲ့သလို တင်းဖန်းနှင့်ကျန်းစန်ဖုန်းတို့ကလည်း မလှုပ်ရှားကြပါ။ ရှိရှိသမျှလူတိုင်းသည် ချန်းလီအဆင့်တက်ပြီးမှာကို တိတ်ဆိတ်စွာစောင့်နေကြသည်။
စောင့်ဆိုင်းနေစဥ်အတွင်း မီတာရာချီအကွာအဝေးရှိ ဂိုဏ်းချုပ်ဆရာသခင်များ၏ မျက်လုံးများက မနာလိုစိတ်များဖြင့် ပြည့်နေကြသည်။
ဤသည်က ဆန်းကြယ် အဓိပတိအဆင့်ဖြစ်သည်!
သုံးပြည်ထောင်တည်ရှိရာ ဒေသအတွင်း အဆိုပါဖြစ်တည်မှုဟာ ပြိုင်ဘက်ကင်းဖြစ်သည်!
ထိုအဆင့်ရှိသော စွမ်းအားရှင်များကို သုံးပြည်ထောင်ကို အုပ်စိုးသော ဧကရာဇ်များသော်မှ လွယ်လင့်တကူ ရန်မစရဲကြပါ။
အဘယ်မျှလောက် မြင့်မြတ်သော အဆင့်အတန်းပေနည်း?
ယင်းသည် သုံးပြည်ထောင်စလုံးရှိ ကျင့်ကြံသူတိုင်း၏ အထွတ်အထိပ်ရည်မှန်းချက်ကြီး ဖြစ်သည်!
အခုတော့ ယောင်ရီအင်ပါယာ၏စစ်သူကြီး ချန်းလီသည် အဆိုပါ အထွတ်အထိပ်ရည်မှန်းချက် တံခါးကြီးကို ဖွင့်နေလေပြီ။တကယ့်ကို မနာလိုစရာ ကောင်းလှပေစွ။
ဘုန်း!
ဒီအချိန်မှာပဲ ကျယ်လောင်သော မိုးခြိမ်းသံကြီးသည် လောကတစ်ခွင် မြည်ဟိန်းသွားသည်!
ချန်းလီကိုကာကွယ်ပေးထားသော ကောင်းကင်နှင့်မြေကြီး အကာအကွယ်သည် ပျောက်ကွယ်သွားကာ ဆန်းပြားခမ်းနားသော စွမ်းအားလှိုင်းကြီးက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။
ဆန်းကြယ် အဓိပတိအဆင့်!
လူတိုင်းသည် တစ်ညီတစ်ညာတည်း တွေးမိလိုက်ကြသည်။သူတို့သည် ချန်းလီကို ခံစားချက်အမျိုးစုံသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သုံးပြည်ထောင် (အင်ပါယာကြီးသုံးခု) ရှိ ပြိုင်ဘက်ကင်းစွမ်းအားရှင်များမှာ ဤသို့ဤနှယ်မွေးဖွားလာခဲ့ကြခြင်း ဖြစ်သည်။ တချို့က သာမန်ဟုသာထင်ရပြီး၊တချို့က မျှော်မှန်းမထားဘဲ ထွန်းပေါက်လာခဲ့ကြသည်။
လေထဲတွင် မတ်တပ်ရပ်နေသော ချန်းလီ၏ခန္ဓာကိုယ်ကို ခမ်းနားထည်ဝါသော စွမ်းအားလှိုင်းကြီးက ဖြတ်သန်းစီးဆင်းသွားသည်။သူသည် တစ်ဖန်ပြန်လည် စိတ်တက်ကြွလာသည်။သူသည် ယခင်ကလိုမျိုး ယုံကြည်ချက်မျိုး ပြန်လည်ရရှိလာကာယောင်ရီအင်ပါယာ စစ်သူကြီးတစ်ဦး၏ သဘောထားမျိုး ပြန်လည်ရရှိသွားသည်။
သူသည် ဝမ်ဖုန်းကို ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း အလျဥ်းမရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ဆန်းကြယ်အဓိပတိအဆင့်သို့ရောက်လာပြီးနောက် ချန်းလီသည် ဝမ်ဖုန်းကို မျက်လုံးထဲတောင် မထည့်တော့ပါ။
ဆန်းကြယ်အဓိပတိအဆင့်။သုံးပြည်ထောင်၏ ပြိုင်ဘက်ကင်း တည်ရှိမှု။သူဘာကို ကြောက်ရဦးမည်နည်း?
ဝမ်ဖုန်း၏ခွန်အားက အစောပိုင်းက အင်မတန်ထိတ်လန့်စရာကောင်းခဲ့သော်လည်း၊ လက်ရှိတွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ မည်သည့်ဆန်းကြယ် အဓိပတိအဆင့် အရှိန်အဝါမျိုးကိုမှ ထုတ်လွှတ်မနေကြောင်း ချန်းလီသိလိုက်ရသည်။ ထို့ကြောင့် ချန်းလီသည် ဝမ်ဖုန်းမှာ အင်မတန် တိုက်ပွဲဝင်စွမ်းအား ကောင်းမွန်သော ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ဟုသာ ယူဆလိုက်သည်။
ဒီ့မတိုင်ခင်က ဝမ်ဖုန်း၏ခွန်အားကို သူကြောက်ရွံခဲ့ရသည်။
သို့သော် အဆင့်တက်ပြီးနောက် သူ၏စိတ်အခြေအနေမှာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီး တည်ငြိမ်လာသည်။
''ဂိုဏ်းချုပ် ဝမ်၊အင်ပါယာကို အညံ့ခံလိုက်ပါ။ ငါ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မင်းရဲ့အသက်ကိုချမ်းသာပေးဖို့ ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပေးမယ်!''
''ကျုပ် ဆန်းကြယ်အဓိပတိအဆင့်ကို တက်လှမ်းနိုင်ခဲ့တာက ဂိုဏ်းချုပ်ဝမ်ရဲ့ ဖိအားပေးမှုကြောင့်ပါပဲလေ။ ဂိုဏ်းချုပ်ဝမ်ကို ကျေးဇူးတင်တယ်။ဂိုဏ်းချုပ်ဝမ်သာ အညံ့ခံလိုက်ရင် ရှန်ရှန့်ကျုံဂိုဏ်းကြီး ရှေးမူမပျက်တည်ရှိနေဖို့ ကျုပ်အာမခံတယ်!''
ချန်းလီသည် မတ်တပ်ရပ်လျက်က ဝမ်ဖုန်းကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏အသံသည် သာမန်ကိစ္စတစ်ခုကို ပြောနေသည့်အလား ခံစားချက်တစ်စုံတစ်ရာမှ ပါဝင်မနေချေ။
ဝမ်ဖုန်းက ထိပ်တန်းတော်ဝင်စစ်တပ်ကြီး တစ်ခုလုံးနှင့် ရင်ဆိုင်ခဲ့ရတာတောင်မှ အဘယ်ကြောင့် တည်ငြိမ်နေခဲ့ရသလဲဆိုတာကို ချန်းလီသည် ယခုတော့ နားလည်သွား၏။
တစ်စုံတစ်ယောက်၏ခွန်အားက အဆင့်တစ်ခုကို ရောက်ရှိသွားပါက ထိုလူသည် အစဥ်အမြဲတည်ငြိမ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ မိမိခွန်အားအပေါ် ထားရှိသော ယုံကြည်ချက်ကြောင့်ဖြစ်၏။
ချန်းလီ၏စကားကိုကြားတော့ ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားကာ နောက်တီးနောက်တောက် ပြုံးလိုက်သည်။စောနလေးတင်ကမှ ကြောက်ဒူးတုန်နေသော ချန်းလီတစ်ယောက် အဆင့်တက်ပြီးတာနဲ့ ပုံစံတစ်မျိုး ပြောင်းသွားလိမ့်မယ်လို့ ဝမ်ဖုန်း ထင်မထားခဲ့။
သို့ပေသိ သာမန်လူများအတွက်တော့ ဆန်းကြယ်အဓိပတိအဆင့်ဆိုသည်က ကောင်းကင်ကြီးသာဖြစ်သည်။မော်သာကြည့်နိုင်ပြီး မထိတွေ့နိုင်ကြပေ။
''ကြည့်ရတာ ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်ရှိသွားတော့ စစ်သူကြီးချန်း အတော်လေး ယုံကြည်ချက် ရှိလာတာပဲ။''
''ဒါပေမယ့် ဒီကမ္ဘာကြီးပေါ်က ဘယ်သူမှာမှ ငါ့ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံခိုင်းနိုင်လောက်တဲ့ ခွန်အားမျိုးမရှိဘူး။ ဒီဂိုဏ်းနဲ့ရင်ဆိုင်ရရင် နတ်ဘုရားတွေတောင်မှ ဦးညွှတ်စေရမယ်!''
''ဒီဂိုဏ်းချုပ်ပြောတာ မယုံရင် စစ်သူကြီးချန်း စမ်းကြည့်ပါလေ''
ဝမ်ဖုန်းသည် ချန်းလီကို ပြုံးလျက်ကြည့်ကာ ညင်ညင်သာသာ ပြောလိုက်သည်။
သူ၏အသံက ညင်သာတိုးဖွသော်လည်း ကြားလိုက်ရသူတို့အဖို့ မိုးခြိမ်းသံကြီးအလားပင်။
သူတို့သည် ဝမ်ဖုန်းကို တုန်ရင်နေသော အမူအရာများဖြင့် စူးစိုက်ကြည့်မိလိုက်ကြပြီး မယုံနိုင်သောအမူအရာများ ဖော်ပြလာကြသည်။ စစ်သူကြီးချန်းလီ ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်သွားပြီးတာတောင် ဝမ်ဖုန်းက လေမလျှော့သေးပါလား?
သူ သေချင်နေတာလား?
သုံးပြည်ထောင်မှာ ဆန်းကြယ်အဓိပတိအဆင့်က ပြိုင်ဘက်ကင်းဆိုတာကို မင်း မသိဘူးလား?
ရှန်ရှန့်ကျုံဂိုဏ်းအပါအဝင် လူတိုင်းသည် ပဟေဠိဖြစ်သွားကြသည်။ ဝမ်ဖုန်းသည် အခြေအနေကို ဘာလို့လက်မခံသေးဘဲ စစ်သူကြီးချန်းလီကို အတိုက်အခံလုပ်နေသေးလဲဆိုတာကို သူတို့ တွေးမရကြချေ။
အဝေးကစောင့်ကြည့်နေသော ဂိုဏ်းချုပ်များဆိုပါက ချန်းလီ ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်ပြီးသွားကတည်းက ဒူးတုန်နေကြပြီဖြစ်သည်။ အာခံဖို့ဆို ဝေးလေစွ။
ချန်းလီသည် မျက်မှောင်ကြုတ်လိုက်ကာ ဝမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ ချန်းလီသည်လည်း သိချင်မိသည်။သူ ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်ပြီးသွားတာတောင်မှ အဲ့ဒီဝမ်မျိုးရိုးကောင်က ဘာလို့မောက်မာနေသေးတာလဲ?
ကြည့်ရတာ သုံးပြည်ထောင်မှာ ဆန်းကြယ်အဓိပတိအဆင့် ဆရာသခင်တွေ ပေါ်ထွန်းမလာတာ ကြာလှပြီမလို့ လေးစားမှုတွေ လျော့နေကြပြီထင်ရဲ့။
ဟုတ်တယ်။ သူ ချန်းလီက ဆန်းကြယ်အဓိပတိအဆင့် ဆရာသခင်တွေ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆိုတာကို ကမ္ဘာကြီးကို ပြသရမယ်!
ဘုန်း!
တဒင်္ဂတွေးတောအပြီးမှာ ချန်းလီသည် မျက်မှောင်ကြုတ်လိုက်သည်။ ခမ်းနားထည်ဝါသော စွမ်းအားတစ်ခုက ရုတ်ချည်း ပေါ်ပေါက်လာ၏။ အနှီစွမ်းအင်သည် ပေါ်လျှင်ပေါ်လာချင်းဆိုသလို မုန်တိုင်းတစ်ခုအလား လေထုကို အက်ကွဲသွားစေခဲ့သည်!
ဤအချိန်တွင် ချန်းလီသည် သနားစဖွယ်လောကကြီးအား ငုံ့ကြည့်နေသော ညည့်ကောင်းကင်ယံမှ မဟာနတ်ဆိုးအလားပင်။
''ဖျက်စီးမယ်!''
ချန်းလီသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဝမ်ဖုန်းတို့ရှိနေသော နေရာကို ညွှန်ပြလိုက်ကာ အသာအယာ ဖိချလိုက်သည်။
သူ၏စိတ်သဘောမှာ အလွန်အမင်း မောက်မာလှသည်။
သို့သော်လည်း ဘယ်သူကမှ ချန်းလီ၏စိတ်ထား မှားယွင်းသည်ဟု မထင်ကြပါ။ ဆန်းကြယ်အင်ပါယာတစ်ပါးနှင့်ရင်ဆိုင်ရစဥ် ဆန်းကြယ်အဓိပတိကျင့်ကြံသူတစ်ယောက်သည် ထိုသို့သော အလေးမထားသည့်စိတ်ထား ထားရှိမိမည်မှာ အမှန်ပင်။
ဘုန်း!
ကမ္ဘာကြီးတစ်ခုလုံးရှိ ဆန်းကြယ်သောစွမ်းအင်များမှာ တစ်ခဏအတွင်း စုဝေးလာကြကာ ချန်းလီ၏ရှေ့က လေထဲတွင် နေမင်းနှင့်မိုးကောင်းကင်ကိုတောင် ဖုံးလွှမ်းနိုင်သည်အထိ ကြီးမားသော လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကြီးမားသော အရိပ်မည်းကြီးတစ်ခုဖြစ်ပေါ်လာပြီး၊ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ နေရာတစ်ဝိုက်သည် ရုတ်ချည်းကို အမှောင်ထုကြီးစိုးသွားသည်။
နတ်ဘုရား၏လက်ဖဝါးအလား။
အဆုံးအစမဲ့ မုန်တိုင်းကြီးသည် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ တောင်ကြားတစ်ခုလုံးကို ရစ်ပတ်ထားသည်။ မီတာရာချီအကွာက စောင့်ကြည့်နေသော ဂိုဏ်းချုပ်ဆရာသခင်များတောင်မှ ထိုလက်ဖဝါးကြီးတွင်ပါဝင်သော ကောင်းကင်ကိုဖျက်စီး၊မြေပြင်ကို အက်ကွဲစေနိုင်သည့် အဖျက်စွမ်းအားများကို ခံစားမိလိုက်ကြသည်။
သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြကာ သူတို့၏နှလုံးသားများကလည်း လည်ချောင်းမှ ခုန်ထွက်လာတော့မည့်အလား တုန်လှုပ်နေကြသည်။ သူတို့အားလုံးကို ထိုလက်ဖဝါးကြီးကသာ ဖိချေလိုက်လျှင်.....
သူတို့သည် ဆက်မတွေးရဲကြတော့ဘဲ ဝမ်ဖုန်းကိုသာ လှမ်းကြည့်မိလိုက်ကြသည်။ အစောက လောကကို လွှမ်းမိုးနေခဲ့သော ဂိုဏ်းချုပ်ဝမ်ဖုန်း...သူရော ကြောက်လန့်နေမလား..