အရှင်သခင်၏ဓါး။
Vol. 7 Ch. 90
အကြည့်တစ်ချက်နှင့်တင် အဓိကစွမ်းအားရှင်ကြီးများအားလုံးသည် ကြောင်အသွားကြသည်။
ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်၏ လက်ဝါးချက်နှင့်ရင်ဆိုင်နေရသော်လည်း ဝမ်ဖုန်းသည် ပုရွက်ဆိတ်တစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား တည်ငြိမ်နေဆဲပင်။
သူ၏မပြောင်းလဲသော အမူအရာနှင့် စိတ်နေစိတ်ထားက မြောက်မြားစွာသော စွမ်းအားရှင်များကို နက်နက်ရှိုင်းရှိုင်းအံ့အားသင့်သွား စေခဲ့သည်။
သူတို့သာ ဝမ်ဖုန်းနေရာမှာဆိုပါက သေးထွက်သည်အထိ ကြောက်လန့်နေကြမှာဖြစ်သည်။ သူတို့သည် မီတာရာချီအကွာအဝေးက စောင့်ကြည့်နေကြသော်လည်း အနှီလက်ဖဝါးချက်ကြီးထဲရှိ စွမ်းအားကို ခံစားမိနေသေးကာ တဆတ်ဆတ်တုန်ရင်နေမိကြသည်။ သူတို့သာ ထိုလက်ဖဝါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဆိုပါက......
တစ်ဖက်မှာတော့ လက်ဖဝါးကြီးနှင့်ရင်ဆိုင်နေရသော ဂိုဏ်းချုပ်ဝမ်သည် လှောင်ပြုံးပြုံးလိုက်ပြီး၊ လက်တစ်ဖက်ကို အသာအယာ ပင့်မြှောက်လိုက်သည်။
အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ရပ် ထပ်မံထွက်ပေါ်လာပြန်သည်။
ဂိုဏ်းချုပ်ဝမ်၏ရှေ့တွင် ပုံရိပ်ယောင် လက်ဖဝါးတစ်ခုဖြစ်ပေါ်လာသည်။ထိုလက်ဖဝါးသည် အစောက လက်ချောင်းနှစ်ချောင်းလိုပဲ မည်သည့် အရှိန်အဝါစွမ်းအားကိုမှ ထုတ်လွှတ်နေခြင်း မရှိပါပေ။
လက်ဖဝါးကြီးနှစ်ခုသည် လေထုတစ်နေရာ၌ ထိပ်တိုက်ရင်ဆိုင်မိသွားသည်။ တစ်ခုက ကမ္ဘာကိုဖျက်စီးပစ်တော့မည်ကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားများ ထုတ်လွှတ်နေပြီး၊ ကျန်တစ်ခုကတော့ ငြိမ်သက်နေသော ရေသေကန်မျက်နှာပြင်ကဲ့သို့ တည်ငြိမ်နေသည်။
အနှီလက်ဖဝါးကြီးနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဝမ်ဖုန်း လက်ဖဝါးချက်ကို ထုတ်လွှတ်လိုက်သည့်အခါ ရှိနေကြသော လူများအားလုံးသည် စိုးရိမ်ပူပန်သွားကြပြီး လေထုအတွင်း ထိခတ်မိတော့မည့် လက်ဖဝါးကြီးနှစ်ခုကို ငေးစိုက်ကြည့်မိလိုက်ကြသည်။
ဝမ်ဖုန်း၏လက်ဝါးချက်ကိုမြင်တော့ ချန်းလီ၏မျက်နှာထက်၌ အထင်အမြင်သေးသော အကြည့်တစ်ချက် ဖြစ်ပေါ်လာသည်။သူ့လို ဆန်းကြယ်အဓိပတိ အဆင့် မဟာစွမ်းအားရှင်ကြီး၏အရှေ့မှာတောင် ဝမ်ဖုန်းသည် မောက်မာနေသေးသည်။ ထိုသူသည် သေမင်းကို ဒိဌတွေ့ချင်နေသည်လော?
ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်လာပြီးနောက် ချန်းလီ၏မိမိကိုယ်ကို ယုံကြည်စိတ်များသည် အလွန်အမင်းထိုးတက်လာကာ သူသည် ဝမ်ဖုန်းယခင်က ပေးခဲ့သော အိပ်မက်ဆိုးများကို မေ့ပျောက်သွားပြီဖြစ်သည်။
ဘုန်း!
မျက်ဝန်းများစွာ၏အကြည့်များအောက်တွင် လက်ဖဝါးကြီးနှစ်ခု တိုက်မိသွားကြသည်။
ကမ္ဘာကြီးတစ်ခုလုံးသည် ဦးစွာပထမ မည်သည့်အသံမှ မကြားရတော့သည်အထိ တိတ်ဆိတ်သွားပြီး၊ တစ်ခဏအကြာမှသာ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်လာသည်။ ကမ္ဘာကြီးတုန်ခါနေလေပြီ။
ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ ပြင်းထန်သောစွမ်းအားများသည် အဘက်ဘက်သို့ပျံလွင့်သွားကြသည်။
ထိုစွမ်းအားများ သွားရာလမ်းတစ်လျှောက်ရှိ အရာအားလုံးသည် ပျက်စီးသွားကြသည်။
လေထုတစ်ခုလုံးသည် ကျိုးကြေသွားသော ကြေးမုံတစ်ချပ်ကဲ့သို့ အက်ကွဲကြောင်းများ တစ်စတစ်စဖြစ်ပေါ်လာသည်။
ဤကဲ့သို့ထိတ်လန့်ဖွယ် မြင်ကွင်းကြီးသည် ရှိနေကြသော စွမ်းအားရှင်များအားလုံး၏ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ တောင်ကြားသည် အဆက်မပြတ်လှုပ်ရမ်းလာသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို အစဥ်အမြဲကာကွယ်ပေးနေသော မမြင်နိုင်သည့်စွမ်းအားတစ်ခုသာ မရှိပါက ထိုကြမ်းကြုတ်သည့်စွမ်းအားလှိုင်းများကြောင့် တောင်ကြားတစ်ခုလုံး ဖွတ်ဖွတ်ညှက်ညှက် ကြေမွသွားမှာဖြစ်သည်။
ဟာ!
အေးစက်သော အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာသည်။ထိုအသံသည် နှင်းမြူစစ်တပ်ရှိ စစ်သည်များထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သူတို့၏မျက်ဝန်းများက ပြူးကျယ်နေကာ ကောင်းကင်နှင့်မြေပြင်ကြားရှိ ထိုဖြစ်ရပ်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြသည်။
လက်ဖဝါးကြီးနှစ်ခု ထိတွေ့မိသွားရာဝယ် ဝမ်ဖုန်း၏သာမန်ဆန်သော လက်ဖဝါးက ကြောက်မက်ဖွယ်စွမ်းအားများ သယ်ဆောင်လာသော ဆန်းကြယ်အဓိပတိအဆင့် စစ်သူကြီးချန်းလီ၏လက်ဖဝါးကြီးကို လွယ်လင့်တကူ ဖျက်စီးသွားခဲ့သည်ကို သူတို့ တွေ့မြင်လိုက်ရသည်။
ထိုဖြစ်ရပ်ကြီးအပြီးမှာတောင် အဆိုပါ လက်ဖဝါးကြီးသည် မပျက်မစီးကျန်ရစ်နေသေးကာ စစ်သူကြီးချန်းလီကို တိုက်ရိုက် ရိုက်ချလိုက်သည်။
ဖြစ်စဥ်တစ်ခုလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ဝမ်ဖုန်း၏လက်ဖဝါးသည် ချန်းလီ၏လက်ဖဝါးကို လျင်မြန်စွာ ချိုးဖြတ် ဖြတ်သန်းသွားကာ ချန်းလီဆီ ပြေးဝင်သွားကာ ရိုက်ချလိုက်သည်။ ချန်းလီ၏ လက်ဖဝါးကြီးသည်တော့ အလင်းတန်းများအဖြစ်ပြိုကွဲသွားကာ နတ္တိအခြေအနေသို့ ဝင်ရောက်ပျောက်ကွယ် သွားတော့သည်။
ချန်းလီ၏မျက်နှာထက်က အထင်သေးသည့် အမူအရာသည် ရုတ်ချည်းပင်ပျောက်ကွယ်သွားကာ သူ၏မျက်နှာသည် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ဖြူဖျော့သွားတော့သည်။
သူသည် လက်ရှိမှာ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။သူ၏ သာမန်လက်သီးချက်ကိုတောင် ဆန်းကြယ်အင်ပါယာအဆင့်က မည်သူမှ ခုခံနိုင်မှာမဟုတ်ပါ။
ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ?
အဖြစ်အပျက်များက လျင်မြန်စွာ ပြောင်းလဲသွားသော်လည်း ချန်းလီသည် သူ၏ဆန်းကြယ်သော စွမ်းအားများကို အချိန်မီ ထုတ်လွှတ်နိုင်ခဲ့ပြီး ဝမ်ဖုန်း၏လက်ဖဝါးကြီးကို ခုခံလိုက်သည်။သို့သော် သူသည် ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ရလေသည်။
သူခြေတစ်လှမ်း ဆုတ်လိုက်ရတိုင်းမှာ သူ့အောက်ရှိ မြေပြင်သည်လည်း နက်ရှိုင်းစွာ အက်ကွဲသွားသည်။
''မင်းလည်းပဲ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်ပဲလား?''
ချန်းလီက ဝမ်ဖုန်းကို လှမ်းကြည့်ကာ ထိတ်လန့်တကြားမေးလိုက်သည်။သူသည် မေးသာမေးလိုက်သော်လည်း၊ သူ့အသံကတော့ သေချာသိနေသည့် လေသံမျိုးဖြစ်သည်။
လက်ရှိအခြေအနေကို ချန်းလီသာ သေချာနားမလည်နိုင်သေးပါက သူသည် အင်ပါယာ၏စစ်သူကြီးဖြစ်လာဖို့ အရည်အချင်းရှိတော့မည် မဟုတ်ပါ။
ဆန်းကြယ်အဓိပတိစွမ်းအားရှင်မှသာ သူ၏လက်ဝါးချက်ကို ရင်ဆိုင်နိုင်ခဲ့မှာ ဖြစ်သည်။ ဒီလိုမှမဟုတ်ဘဲ ဆန်းကြယ်အင်ပါယာအထွတ်အထိပ် ပုဂ္ဂိုလ်ဆိုပါက ထိုသူ့မှာ ဘယ်လောက်ပဲပါရမီရှိသည် ထက်မြက်သည်ဆိုပါစေ ဆန်းကြယ်အဓိပတိစွမ်းအားရှင်တစ်ယောက်၏ တိုက်ကွက်ကိုတော့ အလွယ်တကူ ချေဖျက်နိုင်မှာ မဟုတ်ပါ။
ချန်းလီ၏မေးခွန်းကိုကြားသည့်အခါ ဝမ်ဖုန်းသည် ပြုံး၍သာနေလိုက်ပြီး ပြန်မဖြေခဲ့ပေ။
သို့ရာတွင် ဝမ်ဖုန်း၏မျက်လုံးများက ရုတ်တရက်ဆိုသလို တောက်ပလာခဲ့သည်။ သူ လုံလောက်အောင် အပျော်ရှာခဲ့ပြီးဖြစ်သည်။ယခုအချိန်သည်ကား အရာအားလုံးကို အဆုံးသတ်ဖို့အချိန်ပဲ ဖြစ်သည်။
သူသည်လည်း ဆန်းကြယ်အဓိပတိအဆင့်ကို မကြာသေးခင်ကမှ အဆင့်တက်လာခဲ့ခြင်းဖြစ်ရာ အနှီချန်းလီကို အသုံးပြုပြီး လက်ရည်စမ်းပါက အထူးသင့်တော်ပေလိမ့်မည်။
ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်လာသူမှန်သမျှ သေရမည်ဟု သူ ပြောခဲ့ဖူးသည်! အင်ပါယာ၏စစ်သူကြီးချုပ်ပဲဖြစ်ဖြစ်၊ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်ပဲဖြစ်ဖြစ် ထိုချန်းလီဆိုသူသည်လည်း ဧကန်မုချ သေရမည်သာဖြစ်သည်!
ဘုန်း!
ထိုအကြောင်းကို တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းသည် ဆက်လက်တုံ့ဆိုင်းမနေတော့ပါ။သူ၏မျက်နှာအမူအရာက မပြောင်းမလဲရှိနေသေးသော်လည်း ခမ်းနားသောစွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုစွမ်းအားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဝမ်ဖုန်း၏ပတ်ပတ်လည်ရှိ လေထုသည် ပကတိမျက်စိနှင့်မြင်နိုင်သည်အထိ တုန်ခါလာပါတော့သည်။
ဝမ်ဖုန်းသည့် လက်ဆန့်ထုတ်ပြီး ဖမ်းဆုပ်သည့်အမူအရာပြုလုပ်လိုက်သည့်အခါ လေထုအတွင်းမှ ရှည်လျားသောဓါးရှည်တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာသည်။ အနှီဓါးရှည်ကို ဆန်းကြယ်သောစွမ်းအားများကို သိပ်သည်းစေလျက် ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းသည် ဓားအစစ်မဟုတ်သော်လည်း ဓါးအစစ်ထက်ကို ပိုကောင်းပါ၏။
ဓါးရှည်သည် ခန့်ညားထည်ဝါလွန်းလှသည်။
ဂိုဏ်းချုပ်ဝမ်ထုတ်ဖော်လိုက်သော အပြောင်းအလဲမှာ တကယ့်ကို ရုတ်တရက်ဆန်လှသည်။ လူတိုင်းမတုံ့ပြန်နိုင်သေးခင်မှာပဲ ဝမ်ဖုန်းသည် ဓါးရှည်ကိုလွှဲရမ်းလိုက်ပြီး ဖြစ်သည်။
ဒီဓါးက ဘယ်လိုဓါးမျိုးလဲ!
မည်သူမှ မခန့်မှန်းနိုင်ကြပေ!
ဤဓါးရှည်ကို စကားလုံးများဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာပါ။
ဤဓါးရှည်သည် ရှိရှိသမျှလူတိုင်းကို တုန်ရင်စေခဲ့သည်။
ဤဓါးရှည်သည်လည်း ဘယ်စွမ်းအင်ကိုမှ ထုတ်လွှတ်မနေဘဲ သာမန်ဆန်လှသည်။သို့သော် ယင်းသည် တစ်လောကလုံးရှိ ရင်သပ်ရှုမောဖွယ်အကောင်းဆုံး အနုပညာတစ်ရပ်အလားပင်။ တစ်ချက်ကြည့်မိရုံနှင့်တင် နှလုံးသားကို ခုန်လှုပ်သွားစေနိုင်၏။
လူတိုင်းသည် ဓါးရှည်ထံမှ မည်သည့်ကြောက်လန့်ဖွယ် အရှိန်အဝါကိုမှ မခံစားရသော်လည်း၊ ထိုဓါးရှည်သည် သူတို့၏အသက်ကို ဇီဝိန်ချွေနိုင်ကြောင်း သိထားကြသည်။
ဓါးရှည်နှင့်ထိပ်တိုက်ရင်ဆိုင်နေရသော ချန်းလီ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။သူသည် အနှီဓါးရှည်ထံမှ မည်သည့်စွမ်အားကိုမှ မခံစားမိသော်လည်း သူ၏စိတ်ဝိညာဥ်သည် အလိုအလျောက် တုန်ရင်လာပါ၏။
ချန်းလီသည် အလျင်အမြန် ခုခံဖို့ ပြင်ဆင်လိုက်သည်။
ဝမ်ဖုန်းက ဤမျှလောက် ထိတ်လန့်စရာကောင်းသော ဓါးရှည်ကို ဘယ်လိုထုတ်ယူလိုက်သနည်း? ဒီဓါးရှည်ကို သူ ဘယ်လိုခုခံရမည်နည်း? စသည့်စသည့် မေးခွန်းပေါင်းများစွာကို အဖြေရှာရန် ချန်းလီမှာ တွေးတောချိန်မရှိတော့ပါ။
ချန်းလီသည် တုံ့ဆိုင်းခြင်းမရှိ စွမ်းအားများကိုထုတ်လွှတ်လိုက်သည်။ဆန်းကြယ်အဓိပတိအဆင့်၏ စွမ်းအားများက ပတ်ဝန်းကျင်အနှံ့ပျံ့နှံ့သွား၏။ ဆန်းပြားသော စွမ်းအားများက သူ့လက်ဖဝါးအတွင်းစုစည်းသွားကာ သူသည် လက်သီးဆုပ်လိုက်ပြီး ထိုးချလိုက်သည်။
လျင်မြန်သော လက်သီးအလင်းတန်းသည် ရုတ်ချည်းထွက်ပေါ်လာသည်။
ဤလက်သီးချက်တွင် ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေပြီး လေထုကိုတောင် ဆုတ်ဖြဲသွားခဲ့သည်။
ဝမ်ဖုန်း၏ဓါးရှည်က အလွန်အမင်း ထူးဆန်းနေသော်လည်း ချန်းလီသည် သူ၏လက်သီးချက်အပေါ် ယုံကြည်မှု အပြည့်အဝရှိသည်။ဒီလက်သီးချက်တွင် သူ၏ခွန်အား အားလုံးပါဝင်နေသည်!
သူသည် မကြာသေးခင်ကမှ ဆန်းကြယ်အဓိပတိအဆင့်ကို တက်လှမ်းလာခဲ့သော်လည်း သူ၏ခွန်အားကိုတော့ အထင်မသေးသင့်ပါ။ သူ့အရင် အဆင့်တက်သွားသော ဆန်းကြယ်အဓိပတိအဆင့်စွမ်းအားရှင်များပင် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ကို မရောက်သေးသရွေ့ သူ၏လက်သီးချက်နှင့် ရင်ဆိုင်ရသည့်အခါ အလွန်အမင်း သတိထားရမည်ဖြစ်သည်။
ဤတဒင်္ဂတွင် ကောင်းကင်နှင့်မြေပြင်အကြား၌ လက်သီးတစ်လုံးနှင့် ဓါးတစ်ချောင်းသာကျန်ရှိတော့သည်။အကြင်အရာနှစ်ခုသည် အလုံးစုံသော လူတို့၏စိတ်အာရုံကို ဆွဲဆောင်ထားလေ၏။