မုန်တိုင်းတိုက်လာတော့မည်
Vol. 7 Ch. 96
ယောင်ရီအင်ပါယာ တော်ဝင်နန်းတော်၏အနက်ရှိုင်းဆုံး၌ လုံးဝ တားမြစ်ထားသည့် နေရာတစ်ခုရှိပေသည်။ ထိုနေရာ၌ အစောင့်အကြပ်များပြားလှပြီး သာမန် အစောင့်စစ်သည်တော်တစ်ဦးသည်ပင် ဆန်းကြယ်အင်ပါယာအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်ပေသည်။
ထိုနေရာသာ ပေါ်လွင်သွားခဲ့ပါက ကမ္ဘာကြီးကို တုန်လှုပ်သွားစေပေမည်။
တော်ဝင်မိသားစုတစ်စုလုံးမှ ယောင်ရီဧကရာဇ်သာ ထိုနေရာထဲသို့ ဝင်ရောက်နိုင်ပေသည်။
မြင့်မားသည့် မြို့တော်တံတိုင်း၏ နောက်တွင် သုခဘုံတစ်ခုရှိနေသည်။ ထိုသုခဘုံတွင် ကြည်လင်သည့် ရေအိုင်ပတ်လည်တွင် သက်ကယ်မိုးမိုးထားသည့် အိမ်လေးများရှိကြပြီး ထိုနေရာ၌ အင်ပါယာ၏ လက်ဝဲ အမတ် နဉ်ချန်ကုန်းနှင့် အင်ပါယာ၏ လက်ယာအမတ် ကျုံးယုံတို့သည် သီးသန့်ပုန်းကွယ်နေထိုင်နေခဲ့ကြသည်။
“အမိန့်အရ ဆက်လုပ်ကြရမယ်။ ဒီတစ်ခါတော့ ဘယ်သူကမှ ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ပွဲရဲ့ အသေးစိတ်အချက်တွေ ပြောပြလို့မရဘူး။”
သက်ကယ်မိုးမိုးထားသည့် အိမ်လေးထဲတွင်ရှိသည့် ကျုံးယုံ၏မျက်လုံးသည် အနည်းငယ် တောက်ပလာခဲ့ပြီး သူသည် သိမ်မွေ့စွာ တီးတိုးပြောခဲ့လေသည်။
“အမိန့်အတိုင်း ပါ!”
ကျုံးယုံ၏အသံတိတ်သွားချိန်တွင် အလွန်နူးညံ့သိမ်မွေ့သော အသံထွက်ပေါ်လာခဲ့သည်။
“ပြီးတော့ သူ့အကိုတော်က စတင်လှုပ်ရှားလာပြီဖြစ်လို့ ကြီးမြတ်တဲ့လေအင်ပါယာရဲ့မင်းသားကို ငါတို့လူတွေကို အရမ်းကာရော မသုံးဖို့ သတင်းပို့လိုက်ပါ။”
“ဟုတ်ကဲ့ပါ!”
ကျုံးယုံသည် စကားမပြောခဲ့ပေ။ သူ၏မျက်နှာထားသည် လုံးဝ စိတ်ဝင်စားနေပုံမရှိဘဲ မျက်နှာပေါ်တွင် အောင်နိုင်မှုအတွက် ပျော်နေပုံလည်း မပေါ်ခဲ့ပေ။
ရှန်ရှန့်ကျုံဂိုဏ်းသည် တကယ်ပင် ဆန်းကြယ်ပြီး အင်အားကြီးနေနိုင်ပေသည်။ သို့သော်လည်း အင်ပါယာ၏ စင်စစ် စွမ်းအားကြီးပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသည့်အခါတွင် တွန်းလှန်နိုင်ရန် အင်အားရှိတော့မည်မဟုတ်ချေ။
အင်ပါယာက ရန်သူအပေါ်တွင် တကယ်တိုက်ခိုက်တော့မည်ဆိုပါက ထိုရန်သူသည် လုံးဝ ကြေကွဲပျက်စီးသွားမည်သာ ဖြစ်ပေသည်။
…………
“တစ်ခုခုဖြစ်သွားတယ်!”
“ဘာ? ရှန်ရှန့်ကျုံဂိုဏ်းက တကယ်ပဲ အင်ပါယာရဲ့ စစ်သူကြီးတွေကိုသတ်ခဲ့ပြီး အင်ပါယာရဲ့ ထိပ်တန်းစစ်တပ်နှစ်တပ်ကိုလည်း ဖျက်ဆီးခဲ့သေးတယ်တဲ့လား?”
“အမယ်လေး၊ ရှန်ရှန့်ကျုံဂိုဏ်းက ဝက်ဝံနဲ့ကျားသစ် နှလုံးတို့စားလိုက်လို့များ ဒီလောက်တောင် အားကြီးသွားရတာလား?”
“တကယ် ကြောက်စရာကြီး! ကြောက်စရာကြီး!”
“ဧကရာဇ်ကြီးရဲ့ အမျက်ဒေါသကို ဒီရှန်ရှန့်ကျုံဂိုဏ်း ခံနိုင်ပါ့မလား?”
“တိုက်ပွဲဖြစ်လာတော့မယ်၊ တကယ်တိုက်ပွဲ ဖြစ်လာတော့မယ်!”
ရှန်ရှန့်ကျုံဂိုဏ်းမှ တော်ဝင် စစ်သူကြီးနှင့် ထိပ်တန်းစစ်တပ်နှစ်တပ်အား ဖျက်ဆီးခဲ့သည့် သတင်းပျံ့သွားသည့်အခါတွင် အင်ပါယာကြီးတစ်ခုလုံးသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးတစ်အိုးကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့လေသည်။
ဤအင်ပါယာ၏ မြို့တော်ကြီး ငါးခုတွင်ရှိနေခဲ့ကြသည့် ကျင့်ကြံသူတို့သည် အများအပြား ဆွေးနွေးခဲ့ကြပြီး အားလုံးသည် ထိတ်လန့်နေခဲ့ကြပေသည်။ ဤသတင်းသည် မိုးခြိမ်းသွားသကဲ့သို့ အံ့ဩဖွယ်ကောင်းခဲ့ကာ စွမ်အားကြီးပုဂ္ဂိုလ်များစွာသည် အံ့အားသင့်နေခဲ့ကြပေသည်။
လူတိုင်းသည် သူတို့၏ စိတ်ဝိဉာဉ်များ လွင့်ထွက်သွားလောက်သကဲ့သို့ပင် ကြောက်ရွံ့နေခဲ့ကြလေသည်။
သူတို့သည် သူတို့၏စိတ်ဝိဉာဉ်ကိုပင် တုန်လှုပ်သွားစေသည့် သတင်းအား နှစ်ပေါင်းများစွာကြာ မကြားခဲ့ရပေ။ ထို့ကြောင့် ဆန်းကြယ်အင်ပါယာအဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည်ပင် တုန်လှုပ်နေခဲ့ကြသည်။
သတင်းထွက်ပေါ်လာခဲ့သော်လည်း လုံးဝငြိမ်သက်နေသည့် နေရာတစ်နေရာသာ ရှိနေခဲ့လေသည်။
ထိုနေရာသည် ယောင်ရီအင်ပါယာ၏ တော်ဝင်မြို့တော်ဖြစ်သည့် ယောင်ရီမြို့တော်သာဖြစ်ပေသည်။
ထိုမြို့တော်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးသည်လည်း သတင်းကြားခဲ့သည့်အခါတွင် အံ့အားသင့်သွားခဲ့ကြသည်။ သို့သော်လည်း မည်သူမှ ဝန်ခံထုတ်မပြောရဲကြပေ။ ယောင်ရီ တော်ဝင်မြို့တော်ကြီးတစ်ခုလုံးသည် ပုံမှန်သာ ဖြစ်နေခဲ့သည်။
သို့သော်၊ ယောင်ရီအင်ပါယာ၏ တော်ဝင်မြို့တော်ကြီးတစ်ခုလုံးကို ရစ်ပတ်ထားသည့် မျက်လုံးနှင့်မမြင်နိုင်သော ဖိနှိပ်ထားသည့် အရှိန်အဝါတစ်ခု ရှိနေခဲ့ပေသည်။ ထို့အပြင် တော်ဝင်မြို့တော်ကြီးတစ်ခုလုံး၏ ကောင်းကင်ကြီးသည်လည်း မည်းမှောင်နေခဲ့သည်။ ထိုသို့ နက်နဲပြီး ညှိုးငယ်စေသည့် အရှိန်အဝါသည် တော်ဝင်မြို့တော်ထဲရှိ ကျင့်ကြံသူများကို စိတ်တုန်လှုပ်နေစေခဲ့သည်။
တော်ဝင်မြို့တော်ထဲရှိသူတိုင်းသည် စစ်ပွဲစတင်တော့မည်ဖြစ်ကြောင်း သိရှိနေခဲ့ကြပြီးဖြစ်သည်။
အဲ့ဒီ မာနကြီးတဲ့ဂိုဏ်းက အင်ပါယာကို ဒီလိုတောင် ရန်စရဲတယ်တဲ့။ အရှင်မင်းကြီးရဲ့ စိတ်နဲ့ဆိုရင်တော့ ဒီတစ်ခါ မြစ်ထဲကို ဘာသွေးမှာစီးဆင်းလာမှမဟုတ်ပေမဲ့ အဲ့ဒေါသကိုတော့ ချိုးနှိမ်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။
ထိုသတင်းသည် အခြားသော အင်ပါယာကြီးနှစ်ခုထိပင် ဖြည်းဖြည်းချင်း ပျံ့နှံ့နေခဲ့လေသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် လုံးဝ ကျော်ကြားနေခဲ့ပြီး ဝမ်ဖုန်းသည်လည်း နာမည်ကြီးနေခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ မည်သူမျှ ဤတိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို သိမနေဘဲ ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာ၏ စစ်သူကြီးများနှင့် ထိပ်တန်းစစ်တပ်ကြီး နှစ်တပ်ကို ဖျက်ဆီးသတ်ဖြတ်ခဲ့သည့်အကြောင်းကိုပင် သိရှိထားခဲ့ကြသည်။
လူတိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားကြောင့် အံ့ဩသွားခဲ့ကြသည်။ သို့သော်လည်း ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိတ်ဖွဲ့ရန် မည်သူမျှ မလုပ်ဆောင်ခဲ့ကြပေ။
ဝမ်ဖုန်းမှ မခြိမ်းခြောက်ခဲ့သည့် ဂိုဏ်းကြီးများရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည်ပင် မိတ်ဖွဲ့ရန် မကြိုးစားခဲ့ကြပေ။
ထိုသူတို့သည် မိတ်မဖွဲ့ချင်၍မဟုတ်ဘဲ မိတ်မဖွဲ့ရဲခဲ့ခြင်းသာဖြစ်ပေသည်။
ဤအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းသည် တကယ်ပင် စွမ်းအားကြီးသော်လည်း အင်ပါယာ၌အနားယူနေခဲ့သည့် နဂါးကြီးဖြစ်သည့် ဧကရာဇ်မင်းကြီးကို လုံးဝ ဒေါသထွက်စေခဲ့လေသည်။
ထိုနဂါးကြီး လုံးဝဒေါသထွက်နေသည့်အခါတွင် မည်သူမှ ဤကြောက်စဖွယ် အမျက်ဒေါသကို တွန်းလှန်နိုင်မည်မဟုတ်ပေ။
ရှန်ရှန့်ကျုံဂိုဏ်းသည်ပင် တွန်းလှန်နိုင်မည်မဟုတ်ပေ။
…………
လူတိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်းကြောင့် အံ့အားသင့်နေခဲ့ချိန်တွင် ဝမ်ဖုန်းသည် သူ၏အရှေ့၌ရှိသည့် အနီရောင်အရိပ်ကို ကြည့်နေခဲ့သည်။
သူမသည် အနီရောင် ဝတ်ရုံကို ဝတ်ထားခဲ့ပြီး သူမ၏ မျက်နှာအသွင်အပြင်သည်လည်း သိမ်မွေ့နေခဲ့ကာ သူမ၏ အသားအရေသည် သလင်းကျောက်ကဲ့သို့ လုံးဝ ကြည်လင်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားသည် တင့်တယ်ပြီး သူမ၏ မျက်နှာသည်လည်း ယောင်ယွဲ့ထက်ပင် ချောမောလှသေးပေသည်။
သို့သော် ဝမ်ဖုန်းသည် သူမကို တွေ့ခဲ့ရသည့်အချိန်တွင် မည်သို့မှ မခံစားခဲ့ရပေ။ အလွန်ပင် ထူးဆန်းလှပေသည်။ ဝမ်ဖုန်းသည် ယောင်ယွဲ့ကိုပင် ပထဆုံး မြင်ခဲ့ရသည့်အခါတွင် ရန်ခုန်သွားခဲ့သေးပေသည်။
ထိုသို့ခံစားရခြင်းသည် မွေးရာပါသာဖြစ်ပြီး ယောက်ျားအားလုံးနီးပါး ခံစားရဖူးပေမည်။
ချောမောလှပသည့် မိန်းကလေးတစ်ဦးကို တွေ့မြင်ရသည့်အခါတွင် လူကြီးလူကောင်းတစ်ဦးသည်ပင် ရင်ခုန်မိမည်ဖြစ်သည်။
သို့သော် ဝမ်ဖုန်းသည် ဤကဲ့သို့သော လှပတင့်တယ်သည့် ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်အားတွေ့ခဲ့သည့်အခါတွင် သူသည် နှလုံးခုန်သွားခြင်း နည်းနည်းပင် မခံစားခဲ့ရပေ။
ဘာလဲဟ။
ထို့နောက်တွင် ဝမ်ဖုန်းသည် သူ၏ပြဿနာမဟုတ်ဘဲ ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်၏ ပြဿနာသာဖြစ်ကြောင်း သိရှိသွားခဲ့သည်။ သူမတွင် နဂိုစရိုက်တစ်ခုရှိနေပေသည်. .
ပြဿနာသည် သူမသည်ချောမောလှပသော်လည်း မြင်သူသည် လုံးဝသိမည်မဟုတ်ပေ။ သူမသည် သင်၏အရှေ့တွင် အဝတ်အသားများချွတ်၍ရပ်နေခဲ့လျှင်ပင် သင်သည် မည်သည်မှ ခံစားရမည်မဟုတ်ပေ။
ဝမ်ဖုန်းသည် ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်အား ရေခဲတုံး တုံ့ဖန်းပုပိုင်ဟု ခေါ်သည်မှာပင် ပိုသင့်တော်သည်ဟု ရုတ်တရက် တွေးမိသွားခဲ့သည်။
“ ဂိုဏ်းချုပ် ကို နှုတ်ဆက်ပါတယ်”
ရေခဲစိုင်ကြီး ဖြောင့်မတ်နေသကဲ့သို့ တုံ့ဖန်းပုပိုင်သည် ဝမ်ဖုန်း၏ အရှေ့တွင် ဦးညွှတ်ခဲ့သည်။
တုံ့ဖန်းပုပိုင်၏အသံသည် လူသားစိတ်ဝိဉာဉ်ကိုပင် ထိုးဖောက်နိုင်သည့် ကောင်းကင်ဘုံ၏အသံကဲ့သို့ပင်ဖြစ်ပြီး ဝမ်ဖုန်းသည်လည်း မည်သို့မှ မခံစားခဲ့ရသေးပေ။
“အရမ်းကြီးလည်း ယဉ်ကျေးနေစရာမလိုပါဘူး!”
ဝမ်ဖုန်းသည် အနည်းငယ် ရယ်ခဲ့ပြီး လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်ထုတ်ပေးခဲ့သည်။
“အခုကစပြီး မင်းက ဒီရှန်ရှန့်ကျုံဂိုဏ်းရဲ့ တတိယမြောက် အစောင့်အကြပ် အကြီးအကဲဖြစ်သွားပြီ။”
“ဂိုဏ်းချုပ်ရဲ့ အမိန့်တွေကို နာခံပါမယ်”
“အဲ့တာဆိုရင်တော့ သွားပြီး နေဖို့အခန်းရှာလို့ ရပြီ။”
“ဟုတ်ကဲ့ပါ!”
ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်ထွက်သွားခဲ့သည့်အခါတွင် သူ၏နောက်ကျောကို ကြည့်နေခဲ့သည့် ဝမ်ဖုန်းသည် စိတ်ထဲတွင် စိတ်ပေါ့သွားခဲ့သည်။ သူသည် ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်ကို မမုန်းတီးနေခဲ့ဘဲ လေးစားနေသေးပေသည်။ သို့သော် ပြိုင်ဘက်ကင်း တုံ့ဖန်းပုပိုင်၏ ထူးဆန်းသည့် ပင်ကိုယ်စရိုက်သည် ဝမ်ဖုန်းနှင့် သိပ်မသင့်တော်လှပေ။
သောက်ကျိုးနည်း၊ ဤအဖြစ်အပျက်သည် ဂိုဏ်းချုပ်ဝမ်မှ ဤလောကသို့ ရောက်လာပြီးချိန်မှစ၍ လက်ရှိအချိန်အထိ ပြိုင်ဘက်ကင်းသော အလှအပလေးတစ်ဦးနှင့် ပတ်သက်၍ ရင်မခုန်ရခြင်းမှာ ပထမဆုံးအကြိမ်သာဖြစ်ပေသည်။
“ဂိုဏ်းချုပ်!”
ဤအချိန်တွင် မဟာနတ်ဆိုး ရွှမ်ရှ၏အသံသည် ခန်းမဆောင်အပြင်တွင် ထွက်ပေါ်လာခဲ့လေသည်။
“ဝင်လာခဲ့!”
ဝမ်ဖုန်းသည် သူ၏အတွေးများကို ရှင်းလင်းခဲ့ပြီး ထိုထူးဆန်းသည့် ပင်ကိုယ်စရိုက်အကြောင်းကို ဆက်လက်မစဉ်းစားခဲ့တော့ပေ။
“ဂိုဏ်းချုပ်၊ တပည့်အားလုံးက တာဝန်အမျိုးမျိူးကို အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်ခဲ့ပြီးကြပါပြီ။ တပည့်တစ်ယောက်ချင်းဆီက အနည်းဆုံး တော်ဝင်သူလျှို ငါးဦးကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ အားလုံးထဲမှာတော့ လီဟေးက အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့ပါတယ်!”
ပင်မခန်းမကြီးထဲသို့ ဝင်သွားပြီးနောက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် လုံးဝ မတုံ့ဆိုင်းဘဲ ချက်ချင်း ပြောပြခဲ့သည်။
ဝမ်ဖုန်းသည် ခေါင်းညိတ်ခဲ့သည်။ သူသည် ဤရလဒ်ကို မအံ့ဩနေခဲ့ပေ။
ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ လူဝင်စားသူဖြစ်သည့် လီဟေးအတွက် ထိုသို့သော အရာများသည် အရေးမပါခဲ့ပေ။ ထိုသို့ မအောင်မြင်ခဲ့လျှင်သာ ထူးဆန်းနေမည်ဖြစ်ပေသည်။
“အင်ပါယာထဲမှာရော ဘာတွေဖြစ်နေကြတာလဲ?”
ဝမ်ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားခဲ့ပြီး သူသည် မေးမြန်းခဲ့လေသည်။
ဝမ်ဖုန်းသည် တပည့်များစွာ၏ လေ့ကျင့်မှုနှင့် ယှဉ်လျှင် အင်ပါယာ၏အခြေအနေကို ပိုပြီး စိတ်ဝင်စားနေခဲ့သည်။
“အခုတော့ အင်ပါယာကြီးတစ်ခုလုံးက ကျင့်ကြံသူတွေက ကျွန်တော်တို့ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို ဆွေးနွေးနေကြပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ရှန်ရှန့်ကျုံဂိုဏ်းက လုံးဝ နာမည်ကြီးသွားပြီး လူတိုင်းကို တကယ် တုန်လှုပ်သွားစေတာပဲ!”
“ဒါပေမဲ့ အင်ပါယာဘက်ကတော့ ဘာမှမလုပ်သေးဘူး။ တပ်ဖြန့်နေတဲ့ပုံတောင် လုံးဝမပေါ်ဘူး။”
မဟာနတ်ဆိုး ရွှမ်ရှသည် လေးနက်သောအမူအရာနှင့် ပြောခဲ့လေသည်။ ယောင်ရီဧကရာဇ်ကြီး၏ ယခင်ရန်ဘက်တစ်ဦးအနေနှင့် မဟာနတ်ဆိုး ရွှမ်ရှသည် ယောင်ရီဧကရာဇ်၏ ဒေါသကြီးတတ်သော အကျင့်စရိုက်ကို ကောင်းကောင်းသိရှိထားခဲ့သည်။
ယခုလုပ်ရပ်သည် ဂိုဏ်းချုပ်မှ ယောင်ရီဧကရာဇ်၏မျက်နှာကို အိုးမဲသုတ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယောင်ရီဧကရာဇ်၏ စရိုက်အရဆိုလျှင် ဤကဲ့သို့ ငြိမ်နေပြီး ကလဲ့စားမချေဘဲနေခြင်းသည် အလွန်ထူးဆန်းလှပေသည်။