← Chapters

ဗုဒ္ဓပုတီးစေ့၏ မူလဇာစ်မြစ်

Vol. 40 Ch. 587

ဗုဒ္ဓပုတီးစေ့၏ မူလဇာစ်မြစ်

Vol. 40 Ch. 587

ဘုန်းကြီးအိုက ဘေးဘက်သို့ လက်ညိုးထိုးပြရင်း ပြောလိုက်၏။

“ကျမ်းစာတိုက်ထဲမှာ ဖာဟွားကျောင်းတော်နဲ့ တာမင်းကျောင်းတော်က ချန်ထားရစ်ခဲ့တဲ့ ဂန္တဝင်ကျမ်းစာတွေ ရှိတယ်.. အဲ့ထဲမှာ ရှာဖွေကြည့်ပါ.. အဲ့ကနေ ဒကာလေး တစ်ခုခုတော့ ရလာမှာပါ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဖာဟွာကျောင်းတော်နှင့် တာမင်းကျောင်းတော်သည် အင်မော်တယ်ကိုးဂိုဏ်း၊ မိစ္ဆာခုနှစ်ဂိုဏ်းတို့နှင့်ပင် ရင်ဘောင်တန်းနိုင်သော ထိပ်သီးအဖွဲ့အစည်းကြီးနှစ်ခု ဖြစ်လေသည်။ သူတို့၏ အခြေခံအုတ်မြစ်က တောင့်တင်းခိုင်မာမည်မှာ ပြောစရာ မလိုပေ။

ကံမကောင်းစွာနှင့် လွန်ခဲ့သည့် နှစ်တစ်သောင်းက ကပ်ဘေးအပြီး၌ ထိုထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းက အပျက်အစီးပုံဘဝ ကျရောက်ခဲ့ပြီး ယခုအခါ ကမ္ဘာလောကနှင့် ပိုင်းခြားထားခံရသော ဘုရားကျောင်းအိုတစ်လုံးသာ ကျန်ရစ်လေတော့သည်။

နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေ၌ ဤဘုရားကျောင်းအို၏ တည်ရှိမှုကို ကျင့်ကြံရေးလောကတစ်ခုလုံးက မသိရှိကြပေ။

ဘုန်းကြီးအိုက အဲ့ဒါကို ဒီတိုင်း သာမန်သာ ပြောလိုက်သော်လည်း ဤရှေးဟောင်းကျမ်းစာတိုက်ထဲမှာ ဖာဟွားနှင့် တာမင်းကျောင်းတော်၏ လျှို့ဝှက်ပညာရပ်များစွာ ရှိနေမည်ဖြစ်ကြောင်း ဆူဇီမို ကောင်းကောင်း သိထားလေသည်။

ဥပမာအားဖြင့် ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်က အပြင်လောကမှာ ပျောက်ဆုံးနေပြီဖြစ်သော ထိပ်တန်းအဆင့်လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လေသည်။

ရွှေအမြုတေများအတွက် နံပါတ်တစ်လျှို့ဝှက်ပညာရပ်၏ ကျော်ကြားခဲ့သော ဤသုတ္တန်က နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ ရှိနေလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။

အဲ့ဒါက ငယ်ရွယ်သော ဦးပဉ္ဇင်းလေးတစ်ပါး၏ လက်ထဲမှာ ကြိုက်တဲ့အချိန် ဖတ်ရှုလို့ ရနေနိုင်မည်ဟု မည်သူက တွေးမိပါမည်နည်း။

ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်သာ ကျင့်ကြံရေးလောကမှာ တစ်ဖန်ပြန်ပေါ်လာခဲ့လျှင် ဟင်္သပဒါးသစ်သီး ပေါ်တုန်းကထက် များစွာ ပို၍ ကြောက်စရာကောင်းလိမ့်မည်ဆိုတာ စဉ်းစားကြည့်ဖို့ မခက်ပေ။

တစ်ချိန်တည်းမှာပင် အဲ့ဒါက သွေးမုန်တိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုသွေးမုန်တိုင်းမှာ မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများသာ ပါဝင်လာမည်မဟုတ်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ ပြိုင်စံရှားများအားလုံးပါ ထိုသွေးမုန်တိုင်းထဲသို့ အရူးအမူး ခုန်ဝင်လာကြပေလိမ့်မည်။

ဒါ့အပြင် ကျမ်းစားတိုက်ထဲမှာက ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်တစ်ခုတည်းသာ မဟုတ်ဘဲ.. အဲ့ဒါနှင့် ဆင်တူသော အခြားသုတ္တန်များစွာလည်း ရှိနေလေသည်။

အပေါ်ယံကြည့်လျှင် ချုံးချုံးကျနေသည်ဟု ထင်ရသော ထိုစာကြည့်တိုက်က တစ်ကယ့် ကြီးမားသည့် ရတနာသိုက်ကြီးတစ်ခုပင်။

အဲ့ဒါက ဆူဇီမို၏ ရှေ့မှောက်တွင် ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်း၏ အမွေအနှစ်များကို တစ်စုတစ်စည်းတည်း လာချပေးထားခြင်းနှင့် တူလေသည်။

သနားဖို့ကောင်းသည်မှာ သူ့ကျင့်ကြံမှုက ပျက်စီးသွားပြီး စိတ်ဝိညာဉ်ချီကို စုဆောင်းလို့ မရတော့တာပင်။

ဆူဇီမိုက စဉ်းစားတွေးတောနေသလို.. ဘုန်းကြီးအိုကလည်း တစ်ခုခုကို ပြန်ပြောင်းစဉ်းစားနေသည် ထင်ရပြီး သူ့အမူအယာက လွမ်းမောတမ်းတ နောင်တရနေသည့်ဟန် ဖြစ်လာ၏။

သူက သက်ပြင်းချပြီး ပြောလိုက်၏။

“အင်း.. အဲ့တုန်းက ကပ်ဘေးကြီး ပြီးတဲ့နောက်မှာ ဖာဟွားနဲ့ တာမင်းကျောင်းတော်ဆိုတာ ဆက်ပြီး မရှိတော့ဘူး.. အချိန်ကာလရဲ့ တိုက်စားမှုနဲ့ အားလုံးက လွင့်ပါသွားပြီ.. အဲ့တုန်းက လူတွေ အခု တစ်ယောက်မှ မရှိကြတော့ဘူး... ငါတစ်ယောက်ပဲ ကျန်တော့တယ်”

ဘုန်းကြီးအို၏ စကားလုံးများထဲမှာ ရင်နင့်စရာ အထီးကျန်မှုက ရောစွက်နေ၏။

ဆူဇီမိုက ဝင်မေးလိုက်၏။

“စီနီယာခင်ဗျာ.. ဒီဘုရားကျောင်းထဲမှာ စီနီယာနဲ့ တာအိုရောင်းရင်း မင်းကျန်ပဲ ရှိတာလား”

ခဏမျှ အသံတိတ်နေပြီးနောက် ဘုန်းကြီးအိုက ခေါင်းညိတ်လိုက်၏။

“အင်း.. ဒီနေရာမှာ ငါတို့ နှစ်ယောက်ပဲ ရှိတယ်”

ချွင်.. ချွမ်..

ထိုသို့ သူပြောလိုက်ချိန်မှာပင် နောက်ဖေးခြံဝန်းဘက်မှ ချိန်းကြိုးသံများက ထွက်ပေါ်လာ၏။ အဲ့ဒါက ခပ်ထိုင်းထိုင်းနှင့် အားပါပြီး တစ်စုံတစ်ရာက ရုန်းကန်လှုပ်ရှားနေသလိုပင်။

ဆူဇီမိုသည် ရင်ထိတ်သွား၏။

မြေခွေးလေးသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ဆူဇီမို၏ လက်ကနေ တွယ်တက်ကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်သွား၏။

ဘုန်းကြီးအို၏ အမူအယာက ပြောင်းလဲမသွားဘဲ လောကဓံကို ကြံ့ကြံ့ခံလာသော သူ့မျက်လုံးထဲတွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေပေ။ သူက နောက်ဖေးဘက်မှလာသော ထိုချိန်းကြိုးသံကို လုံးဝ မကြားရသည့်အလားပင်။

ဘုန်းကြီးအိုက ဣန္ဒြေရနေသည်ကို မြင်မှသာ ဆူဇီမိုသည် တဖြည်းဖြည်း စိတ်သက်သာရာ ရလာ၏။

သို့သော်လည်း နောက်ဖေးဘက်မှ ထိုချိန်းကြိုးသံ၏ နောက်ကွယ်တွင် ဘယ်လိုအရာ ရှိနေမလဲ သူတစ်ကယ်ကို သိချင်မိလေသည်။

အဲ့ဒါကို မင်းကျန်က ဘာလို့ အသည်းအသန် ကြောက်လန့်နေတာပါလိမ့်..

ဘုန်းကြီးအို၏ အသံက ဆူဇီမို၏ အတွေးစကို ဝင်ရောက်ဖြတ်တောက်လိုက်၏။

“ဒကာလေးရဲ့ ကိုယ်ထဲမှာ ဗုဒ္ဓဂိုဏ်းရဲ့ အော်ရာတစ်မျိုး လှည့်ပတ်နေတာကို ငါအာရုံခံမိနေတယ်.. အဲ့ဒါက အသောကပန်းတော့ မဟုတ်ဘူး.. ဒကာလေး အရင်က ဗုဒ္ဓဂိုဏ်းရဲ့ နည်းစနစ်တစ်ခုခုကို ကျင့်ကြံခဲ့ဖူးသေးလား”

“ဗုဒ္ဓဂိုဏ်းရဲ့ နည်းစနစ်.. ဆိုတော့.. အဲ့ဒါများလား...”

ဆူဇီမိုသည် ခဏမျှ ကြောင်အသွားပြီးနောက် တစ်ခုခုကို အမှတ်ရလာ၏။

သူသည် ချီတစ်စကို ဖြည်းဖြည်းချင်း စုယူပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်ချီကို ချက်ချင်း တန်းပြီး အသုံးပြုကာ သိုလှောင်အိတ်ကိုဖွင့်၍ လုံငန်းသီးအရွယ် ဗုဒ္ဓပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်၏။

ဗုဒ္ဓပုတီးစေ့က အလွန်တရာ ဟောင်းနွမ်းပြီး သစ်သားဖြင့် ပြုလုပ်ထားသော်လည်း အဲ့ဒါက ဆွေးမြည့်မည့် လက္ခဏာ မရှိသေးပေ။ ၎င်းအပေါ်ရှိ အင်းကွက်များက အလွန်တရာ ရှင်းလင်းနေဆဲဖြစ်၏။

သူသည် အတိတ်ကာလတုန်းက နတ်ဆိုးမကျိနှင့်အတူ ကျောက်သားခေါင်းတလားထဲမှာ ပိတ်မိနေတုန်းက ဤဗုဒ္ဓပုတီးစေ့ကို အမှတ်မထင် ရရှိခဲ့၏။

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ဒီဗုဒ္ဓပုတီးစေ့ရဲ့ ကျေးဇူးနဲ့ မိစ္ဆာနှိမ်နင်းချိတ်စည်းလို့ခေါ်တဲ့ အရမ်းကို သန်မာတဲ့ စိတ်ဝိညာဉ်အတတ်တစ်ခုကို ကျတော် ကျင့်ကြံနိုင်ခဲ့တယ်”

မိစ္ဆာနှိမ်နင်းချိတ်စည်းသည် သူကျင့်ကြံဖူးသည့် တစ်ခုတည်းသော ဗုဒ္ဓဂိုဏ်းများမှ နည်းစနစ်ဖြစ်လေသည်။

ဗုဒ္ဓပုတီးစေ့ကို ထုတ်ယူလိုက်ချိန်တွင် ဆူဇီမိုသည် နောက်ဆုံး တစ်စုံတစ်ရာကို နားလည်သွား၏။

သူသည် ဗုဒ္ဓပုတီးစေ့လေးတစ်ခုနှင့် စွမ်းအားကြီးမားသည့် မိစ္ဆာနှိမ်နင်းချိတ်စည်းကို ဘာကြောင့် နားလည်သဘောပေါက်နိုင်ခဲ့သည်ဆိုတာကို အခုမှ နားလည်လာလေသည်။

အဲ့ဒါက သူ့ရဲ့ ပါရမီအလားအလာက လွန်စွာ မြင့်မားသောကြောင့် မဟုတ်ဘဲ.. ဗုဒ္ဓဂိုဏ်းများ၏ အထွတ်အမြတ်ပစ္စည်း အသောကပန်းက သူ့ကိုယ်ထဲမှာ ရှိနေသောကြောင့် ဖြစ်လေသည်။ အဲ့ဒါကို သူ့ကို ဉာဏ်ပညာရင်းမြစ်တစ်ခုကို ပိုင်ဆိုင်စေခဲ့လေသည်။

“ဟင်း”

ဗုဒ္ဓပုတီးစေ့ကို မြင်ချိန်တွင် ဘုန်းကြီးအိုက ညင်သာစွာ သက်ပြင်းချပြီး စိတ်ခံစားချက် အနည်းငယ် ပေါ်လာ၏။

ဘုန်းကြီးအိုက ဗုဒ္ဓပုတီးစေ့၏ ဇာစ်မြစ်ကို သိထားသည်မှာ သိသာလေသည်။

သူက ပြောလိုက်၏။

“တစ်ကယ်တော့.. မိစ္ဆာနှိမ်နင်းချိတ်စည်းက စိတ်ဝိညာဉ်ပညာရပ်တစ်ခု မဟုတ်ဘူး.. အဲ့ဒါက တာမင်းကျောင်းတော်ရဲ့ ဓမ္မပညာရပ်တစ်ခုပဲ”

ဓမ္မပညာရပ်!

ဆူဇီမို သိထားသည်မှာ နိုးထဝိညာဉ်အဆင့်သို့ ရောက်ပြီး အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံပြီးမှသာ ဓမ္မစွမ်းအားကို အသုံးချ၍ ဓမ္မတိုက်ကွက်များကို ထုတ်ဖော်လာနိုင်ပေလိမ့်မည်။

မိစ္ဆာနှိမ်နင်းချိတ်စည်းက ဓမ္မတိုက်ကွက်ဆိုလျှင် သူက စိတ်ဝိညာဉ်စွမ်းအင်ကို သုံးပြီး ဘာလို့ အဲ့ဒါကို ထုတ်ဖော်နိုင်ရတာလဲ။

“အသောကပန်းက ဗုဒ္ဓဂိုဏ်းတွေရဲ့ အထွတ်အမြတ်ပစ္စည်း ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”

ဘုန်းကြီးအို၏ စကားက ဆူဇီမိုကို နားလည်သဘောပေါက်သွားစေ၏။

သူသည် ထိုကဲ့သို့ ဂမ္ဘီရဆန်သော စွမ်းပကားကို ပိုင်ဆိုင်ရခြင်းမှာ အသောကပန်းကြောင့် ဖြစ်နိုင်လေသည်။

ဆူဇီမိုသည် သူတွေ့ကြုံခံစားခဲ့ဖူးသည်ကို ပြန်စဉ်းစားရင်း ပြောလိုက်၏။

“ဒီဗုဒ္ဓပုတီးစေ့ကို ကျတော် ကျောက်သားခေါင်းတလားတစ်ခုထဲကနေ ရခဲ့တာဗျ.. အဲ့ခေါင်းတလားထဲကနေ အရိုးစုတစ်ခုက အသက်ပြန်ဝင်လာပြီး လူတွေကို လိုက်သတ်တာ အရမ်းကြောက်ဖို့ကောင်းတယ်.. ကျတော်တောင် ကံကောင်းလို့ လွတ်လာခဲ့တာ”

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုက ဆက်ပြောလိုက်၏။

“အဲ့အရိုးစုက မိစ္ဆာဂိုဏ်းက ဖြစ်မယ်ထင်တယ်”

“အဲ့ဒါ မမှားနိုင်ဘူး”

ဘုန်းကြီးအိုက ပြန်ပြောလိုက်၏။

“အဲ့ဒီဗုဒ္ဓပုတီးစေ့ရဲ့ ပိုင်ရှင်က ကိုယ်တော်တာမင်းပဲ.. သူက တာမင်းကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်.. အဲ့ခေတ်တုန်းကတော့ အရမ်းကို နာမည်ကြီးခဲ့တဲ့ အန္တိမပညာရှင်တစ်ယောက်ပဲ”

“မည်ကာမတ္တတပည့်လား”

ဆူဇီမိုသည် ထိုဝေါဟာရကို ဒုတိယအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။

ပထမဆုံး သူသိခဲ့သည့် မည်ကာမတ္တတပည့်မှာ အဆူရာ ယန်ပေးချန်ပင် ဖြစ်လေသည်။

အခု ဒုတိယလူက ကိုယ်တော်တာမင်း ဖြစ်၏။

ဘုန်းကြီးအိုက ရှင်းပြလိုက်။

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ထိပ်သီးဂိုဏ်းကြီးတွေတိုင်းမှာ မည်ကာမတ္တတပည့်ဆိုတာ ရှိတယ်.. နောက်ပြီး သူတို့က တစ်ဂိုဏ်းမှာ တစ်ယောက်ပဲ ရှိရုံတင် မဟုတ်ဘူး.. မည်ကာမတ္တတပည့်တွေ အကုန်လုံးက သူတို့ဂိုဏ်းရဲ့ ပြိုင်စံရှားတွေကြားမှာ ပါရမီအလားအလာ အမြင့်ဆုံးသူတွေပဲ.. သူတို့ရဲ့ တိုက်ခိုက်ရည်ကလဲ အရမ်းကို ကြောက်ဖို့ကောင်းတယ်”

“မည်ကာမတ္တတပည့်တွေက သူတို့ရဲ့ ကျင့်ကြံမှုအဆင့်မှာ အထွတ်အထိပ် ဖြစ်ရုံတင်မကဘူး.. သူတို့ဆီမှာ ဝှက်ဖဲတွေကလဲ မရေမတွက်နိုင်အောင် ရှိကြတယ်.. သူတို့ရဲ့ အဓိကအကျဆုံး စွမ်းရည်ကတော့ အဆင့်ကျော် သတ်ဖြတ်တာပဲ.. ပုံမှန်အားဖြင့်တော့ အနည်းဆုံး မူလနတ္တိအဆင့်ကို ရောက်ပြီးမှပဲ အဲ့ဒီလူက မည်ကာမတ္တတပည့်တစ်ယောက် ဖြစ်လာဖို့ အခွင့်ရှိလိမ့်မယ်”

ထိုနေရာအရောက်၌ ဆူဇီမိုသည် နားလည်သဘောပေါက်လာ၏။

တစ်နည်းအားဖြင့် ပြောရလျှင် မည်ကာမတ္တတပည့်များသည် ထိပ်သီးဂိုဏ်းကြီးများ၏ ပြိုင်စံရှားများကြားမှာ အသန်မာဆုံးသူများ ဖြစ်ကြလေသည်။

ဘုန်းကြီးအိုက ဆက်ပြော၏။

“မည်ကာမတ္တတပည့်တွေရဲ့ ဘွဲ့နာမည်က တစ်မူထူးခြားတယ်.. သူတို့ကို ဂိုဏ်းချုပ်တွေကိုယ်တိုင်က သူတို့ရဲ့ဂိုဏ်းရဲ့ အမည်အတိုင်း ဘွဲ့ထူးအပ်နှင်းကြရတယ်.. ဥပမာပြောရရင် ဖာဟွားကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်က ဖာဟွားဆိုတဲ့ တာအိုဘွဲ့နာမည်ကို ရရှိပြီးတော့ တာမင်းကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်ကတော့ တာမင်းဆိုတဲ့ တာအိုဘွဲ့နာမည်ကို ရရှိလိမ့်မယ်.. အဲ့ဒါက သူတို့ရဲ့ ဂုဏ်အဆင့်အတန်းကို ခွဲခြားထားပြီးသား ဖြစ်သွားလိမ့်မယ်”

“သင်နဲ့ မည်ကာမတ္တတပည့်တွေကြားမှာ ကွာဟချက်တစ်ခု ရှိတယ်.. မှတ်ထားပါ အခုကစပြီး ထိပ်သီးဂိုဏ်းကြီးတွေက မည်ကာမတ္တတပည့်တွေနဲ့ တွေ့တဲ့အခါ ဒကာလေး အမြဲတမ်း သတိထား ဂရုစိုက်ရမယ်.. အရမ်းကာရော မပြုမူမိစေနဲ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဘုန်းကြီးအိုက ခဏမျှ တွေးတောပြီးနောက် ဆက်ပြောိလိုက်၏။

“ဟိုတစ်ချိန်က အဆူရာဂိုဏ်းကနေ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖန်တီးခဲ့တဲ့ မွန်းစတားတစ်ယောက် ပေါ်ထွက်လာခဲ့တယ်.. သူက သတ်ဖြတ်ရတာကို ခုံမင်စွဲလမ်းနေတဲ့ လူတစ်ယောက်ပဲ.. သူဖြတ်သွားတဲ့ နေရာတိုင်းမှာရှိတဲ့ သက်ရှိအားလုံးရဲ့ အသွေးအသားတွေက အပြောင်စုပ်ယူဝါးမျိုခြင်း ခံသွားရတာပဲ”

ထိုစကားကို ကြားချိန်တွင် ခေါင်းတလားထဲမှ အရိုးစုက အတိတ်ကာလက အဆူရာဂိုဏ်း၏ ထိုမွန်းစတားဖြစ်ဖို့ များကြောင်း ဆူဇီမို နားလည်လာ၏။

ဘုန်းကြီးအိုက ဆက်ပြော၏။

“ကိုယ်တော်တာမင်းက လူတွေ အဆက်မပြတ် အသတ်ခံနေရတာကို မကြည့်ရက်တော့တဲ့အတွက် အဲ့ဒီမိစ္ဆာကို နှိမ်နင်းဖို့အတွက် ထွက်သွားခဲ့တယ်.. သူတို့နှစ်ယောက်က တိုက်ပွဲသုံးပွဲကို ဆက်တိုက် တိုက်ခိုက်ခဲ့ကြတယ်.. အဆူရာဂိုဏ်းရဲ့ မွန်းစတားက အရေးနိမ့်ခဲ့တယ်ဆိုပေမယ့်.. နောက်ဆုံး ဘယ်သူအနိုင်ရမယ်ဆိုတာက ပြောဖို့ခက်ခဲ့တယ်”

“စတုတ္ထမြောက်တိုက်ပွဲမှာတော့ အနိုင်အရှုံးက နောက်ဆုံး ထွက်လာခဲ့တယ်.. ပြောခဲ့ကြတာတော့ အဲ့တိုက်ပွဲက အရမ်း ပြင်းထန်လွန်းလို့ ကောင်းကင်က အရောင်ပြောင်းပြီး ကမ္ဘာမြေက ပြိုကျခဲ့တယ်တဲ့.. နှစ်ဖက်စလုံးက သူတို့ရဲ့ ခွန်အားပြည့်ကိုသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်တဲ့”

All Chapters