← Chapters

တာမင်းအစစ်အမှန်သုတ္တန်

Vol. 40 Ch. 588

တာမင်းအစစ်အမှန်သုတ္တန်

Vol. 40 Ch. 588

“အဲ့နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲဗျ”

ဆူဇီမိုက အလိုလို မေးလိုက်မိ၏။

ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။

“နောက်ပိုင်းမှာတော့ ကောလာဟလတွေက အမျိုးမျိုး ထွက်လာခဲ့တယ်.. တချို့ပြောကြတာတော့ ကိုယ်တော်တာမင်းက အဆူရာဂိုဏ်းရဲ့ မွန်းစတားကို သတ်ပြီးတဲ့နောက် သူလဲ ဒဏ်ရာအပြင်းအထန် ရပြီးတော့ သိပ်မကြာခင် သေသွားခဲ့တယ်တဲ့.. တချို့ ပြောကြတော့လဲ သူတို့နှစ်ယောက်က သူသေကိုယ်သေ တိုက်ခိုက်ကြရင်းနဲ့ နှစ်ဖက်စလုံး ဒဏ်ရာအပြင်းအထန် ရပြီးတော့ အတူတကွ သေဆုံးသွားခဲ့ကြတယ်တဲ့...”

“ဘာပဲပြောပြော နောက်ဆုံးရလဒ်ကတော့ အဲ့ကထဲက သူတို့နှစ်ယောက်စလုံးက ပျောက်ကွယ်သွားခဲ့တာပဲ.. သူတို့ သေသွားပြီလား အသက်ရှိသေးလား ဆိုတာလဲ ဘယ်သူမှ သေချာ မသိခဲ့ကြဘူး”

ဘုန်းကြီးအို၏ လေသံထဲတွင် ဝမ်းနည်းမှုတစွန်းတစက ပါဝင်နေ၏။

ဆူဇီမိုထံမှ ဗုဒ္ဓပုတီးစေ့ကို လက်ခံယူပြီးနောက် သူသည် အဲ့ဒါကို လက်ချောင်းလေးများဖြင့် ညင်သာစွာ ပွတ်သပ်ကြည့်လိုက်၏။

“ဟမ့်”

ခဏနေပြီးနောက် ဘုန်းကြီးအိုက တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား တိုးတိတ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

“ဘာမှားနေလို့လဲ”

ဆူဇီမိုက အလောတကြီး မေးလိုက်၏။

“ဘာမှ မဟုတ်ပါဘူး”

ဘုန်းကြီးအိုက ခေါင်းခါလိုက်လေသည်။

“တစ်ကယ်တော့.. မင်းဝမ်ဆုတောင်းပုတီးကုံးကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အင်မော်တယ်သစ်သားဖြစ်တဲ့ ဝိညာဉ်အားဖြည့်သစ်ပင်ရဲ့ အတွင်းအခေါက်ကနေ သန့်စင်ပြုလုပ်ထားတာပဲ.. အဲ့ဒါရဲ့ပေါ်မှာ တာမင်းကျောင်းတော်ရဲ့ ဓမ္မချိတ်စည်းခြောက်ခုကို ခပ်နှိပ်ထားခဲ့တယ်.. ဒကာလေး ရလာခဲ့တဲ့ ဗုဒ္ဓပုတီးစေ့က အဲ့ခြောက်ခုထဲက တစ်ခုပဲ”

“အစတုန်းကတော့ မင်းဝမ်ဆုတောင်းပုတီးက ကိုယ်တော်တာမင်းဆီမှာ ရှိတာပဲ.. ဒါပေမယ့် အဲ့တုန်းက တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တဲ့အတွက် မင်းဝမ်ဆုတောင်းပုတီးက ပြတ်ထွက်သွားပြီးတော့ ပုတီးစေ့ခြောက်စေ့ကလဲ ပြန့်ကျဲပျောက်ကွယ်သွားခဲ့တော့တာပဲ...”

ထိုသို့ပြောနေရင်း ဘုန်းကြီးအိုသည် သူ၏ အရေတွန့်နေသော လက်ညိုးဖြင့် သူ့နဖူးကို တို့ထိလိုက်၏။

သူ့နဖူးက အလင်းစက်တစ်စက်နှင့်အတူ တောက်ပလာ၏။

ထို့နောက် ချက်ချင်းပင် ဘုန်းကြီးအို၏ နဖူးက ပွင့်ဟသွားပြီး အထဲကနေ လုံငန်းသီးအရွယ်လောက် ဗုဒ္ဓပုတီးစေ့သုံးစေ့က ထွက်ကျလာ၏။ အဲ့ဒါတွေက ဆူဇီမိုမှာ ရှိသောတစ်ခုနှင့် အရွယ်တူ ပုံစံတူပင်။

သို့သော်လည်း သေချာ အနီးကပ်ကြည့်မည်ဆိုလျှင် ဗုဒ္ဓပုတီးစေ့ တစ်ခုချင်းပေါ်ရှိ အင်းကွက်များ၊ စာလုံးများက မတူညီသည်ကို တွေ့ရပေမည်။

ဘုန်းကြီးအိုက ပြောလိုက်၏။

“အဲ့တိုက်ပွဲပြီးတဲ့နောက် တာမင်းကျောင်းတော်က ကိုယ်တော်တွေက အချိန်အတော်ကြာတဲ့အထိ လိုက်လံရှာဖွေခဲ့တဲ့နောက်တော့ ဗုဒ္ဓပုတီးစေ့သုံးစေ့ကို ပြန်ရလာခဲ့တယ်.. ဒကာလေးမှာ ရှိတဲ့တစ်ခုအပြင်.. အဲ့ဒီမှာ အခုချိန်ထိ ပျောက်ဆုံးနေတဲ့ နောက်ထပ်နှစ်ခု ကျန်နေသေးတယ်”

“တာမင်းကျောင်းတော်မှာ တာမင်းအစစ်အမှန်သုတ္တန်လို့ နာမည်ကြီးကျော်ကြားတဲ့ အန္တိမဓမ္မနည်းစနစ်တစ်ခု ရှိတယ်.. အဲ့ဒီအစစ်အမှန်သုတ္တန်မှာ အပိုင်း နှစ်ပိုင်း ပါတယ်.. ပထမအပိုင်း တာမင်းမန္တန်က ဂါထာခြောက်လုံးတာမင်းမန္တန်လို့ ကျော်ကြားတဲ့ အသံဓမ္မနည်းစနစ်တစ်ခုပဲ”

ထိုစကားကို ကြားသောအခါ သည့်အရင်က ဘုရားကျောင်းအပြင်ဘက်မှာ မင်းကျန် ရွတ်ဆိုခဲ့သော ထူးဆန်းသည့် စကားလုံးခြောက်လုံးကို ဆူဇီမိုသည် ပြန်သတိရလာ၏။

ထိုစကားလုံးခြောက်လုံးက အံ့မခန်းဖြစ်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းပကားများကို သယ်ဆောင်ထားပုံရ၏။

ဘုန်းကြီးအိုက တစ်ဖန် ထပ်ပြောလိုက်၏။

“ဒုတိယအပိုင်းကတော့ တာမင်းဓမ္မချိတ်စည်းပဲ.. အဲ့မှာ ချိတ်စည်း ခြောက်မျိုးရှိပြီးတော့ တစ်ခုချင်းကို မင်းဝမ်ဆုတောင်းပုတီးစေ့တွေပေါ်မှာ ခပ်နှိပ်ထားခဲ့တယ်.. ဒကာလေး တတ်မြောက်ခဲ့တဲ့ မိစ္ဆာနှိမ်နင်းချိတ်စည်းက အဲ့ခြောက်ခုထဲက တစ်ခုပဲ”

“ငါ့လက်ထဲမှာရှိတဲ့ ဗုဒ္ဓပုတီးစေ့သုံးစေ့ရဲ့ ဓမ္မချိတ်စည်းတွေကတော့ သားရဲနှိမ်နင်းချိတ်စည်း၊ အင်မော်တယ်ထောင်ချောက်ချိတ်စည်းနဲ့ မရွေ့လျားနိုင်သောအုတ်မြစ်ချိတ်စည်းပဲ”

ဆူဇီမိုသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

မိစ္ဆာနှိမ်နင်းချိတ်စည်းက အရမ်းသန်မာသလို ထိုချိတ်စည်းသုံးခု၏ စွမ်းအားကလည်း မိစ္ဆာနှိမ်နင်းချိတ်စည်းထက် အောက်ကျလိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ စိတ်ကို ဖတ်မိလိုက်ပြီး ဘုန်းကြီးက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။

“တစ်ကယ်တော့ ချိတ်စည်းခြောက်ခုထဲမှာ အဲ့လေးခုက အားအနည်းဆုံးပဲ”

“အာ”

ဆူဇီမိုသည် ကြောင်အသွား၏။

အဲ့ဒါတွေက အားအနည်းဆုံး ဆိုပါလား..

ဘုန်းကြီးက ခေါင်းညိတ်လိုက်လေသည်။

“အဲ့ဒီမှာ မရွေ့လျားနိုင်သောအုတ်မြစ်ချိတ်စည်းက ခုခံရေးဓမ္မချိတ်စည်းတစ်ခုဆိုတာ ပြောစရာ မလိုဘူးထင်တယ်.. သူတို့ရဲ့ နာမည်အရဆို မိစ္ဆာနှိမ်နင်းချိတ်စည်း၊ သားရဲနှိမ်နင်းချိတ်စည်းနဲ့ အင်မော်တယ်ထောင်ချောက်ချိတ်စည်းတို့က သေစေနိုင်စွမ်း အရမ်းမမြင့်မားဘူးဆိုတာ ဒကာလေး သိလောက်ရောပေါ့”

နှိမ်နင်းခြင်းနှင့် ထောင်ချောက်ဆိုသော စကားလုံးများက သတ်ဖြတ်လိုသောဆန္ဒ မပါရှိပေ။

ထိုဓမ္မချိတ်စည်းများက ဗုဒ္ဓဂိုဏ်းများ၏ မေတ္တာတရား၊ ဂရုဏာတရားတို့ကို ကိုင်စွဲထားပုံရ၏။

ဘုန်းကြီးက ဆက်ပြော၏။

“ဓမ္မချိတ်စည်းခြောက်ခုမှာ အသန်မာဆုံး ဒါမှမဟုတ် သတ်ဖြတ်ခြင်းဓမ္မချိတ်စည်းတွေလို့တောင် ခေါ်လို့ရတဲ့ နောက်ဆုံးနှစ်ခုကတော့ ပျောက်ဆုံးနေတယ်.. အဲ့ဒါတွေကတော့ မဟာဝရဇိန်ချိတ်စည်းနဲ့ မဟာမြင်းမိုရ်ချိတ်စည်းပဲ”

ထိုဓမ္မချိတ်စည်းနှစ်ခု၏ နာမည်ကို ကြားရချိန်တွင် တုန်လှုပ်ချောက်ချားစရာ ဖိအားက ဆင်းသက်လာ၏။

“တာမင်းမန္တန်မှာ ဂါထာခြောက်လုံး ရှိပြီးတော့ အဲ့ဒါတွေက ဓမ္မချိတ်စည်းခြောက်ခုကို ကိုယ်စားပြုတာပဲ.. တာမင်းမန္တန်ကို ကျင့်ကြံထားမယ်ဆိုရင် သင့်အနေနဲ့ ချိတ်စည်းတွေရဲ့ အဓိပ္ပါယ်ကို ပိုပြီးတော့ နားလည်သဘောပေါက်လာမယ် ပြီးတော့ သူတို့ရဲ့ စွမ်းအားကိုလဲ အမြင့်ဆုံးထိ ထုတ်ဖော်လာနိုင်လိမ့်မယ်”

“တာမင်းမန္တန်ကို ကျင့်ကြံရမယ့် နည်းလမ်းက ကျမ်းစာတိုက်ထဲမှာ ရှိတယ်.. ဒကာလေး အဲ့ဒါကို ယူကြည့်လို့ရတယ်”

ဆူဇီမိုသည် ရုတ်တရက် အလင်းရောင်ကို မြင်လာရ၏။

ဒါဆို အခုချိန်ထိ သူက မိစ္ဆာနှိမ်နင်းချိတ်စည်းရဲ့ တစ်ကယ့် အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့သေးဘူးပေါ့..

သူက အဲ့ဒါကို တာမင်းမန္တန်နဲ့ တွဲဖက်ပြီး ထုတ်ဖော်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက ပိုပြီးတော့ ကြောက်စရာကောင်းလာမှာ ဖြစ်လေသည်။

သူတို့နှစ်ယောက် စကားပြောနေရင်း မသိလိုက်မသိဘာသာနှင့်ပင် အပြင်ဘက် ကောင်းကင်က မှောင်လာခဲ့လေပြီ။

ကြားထဲတွင် နောက်ဖေးဘက်မှ ချိန်းကြိုးသံများကလည်း တစ်ချက်တစ်ချက် ထွက်လာတတ်၏။

အဲ့ဒါကို လျစ်လျူရှုလိုက်လျှင် ပြန်တိတ်ဆိတ်သွားတတ်၏။

အစကတည်းက ဘုန်းကြီးအိုသည် ထိုအသံကို ရိုးနေသည့်အလား ဘာမှ ရှင်းမပြခဲ့ပေ။

ကောင်းကင်က တဖြည်းဖြည်းနှင့် မှောင်သည်ထက် ပိုမှောင်လာ၏။

ဆူဇီမိုက သူ့ဝတ်ရုံကို အနည်းငယ် ရွှေ့လိုက်သောအခါ တစ်ချိန်လုံး အိပ်ပျော်နေခဲ့သော မြေခွေးလေးသည် သူမ၏ ရီဝေနေသော မျက်လုံးများကို ပွတ်သပ်ပြီး ခေါင်းပြူလာ၏။

သူမ၏ အကြည့်က ငေးငိုင်နေဆဲဖြစ်ပြီး အပြည့်အဝ မနိုးထသေးပေ။ သူမ၏ လက်ဖဝါးသေးသေးလေးတွေကို ဆူဇီမို၏ ရင်ဘတ်ပေါ် တင်ထားပြီး ဘုန်းကြီးအိုကို ငေးကြည့်ကာ ညို့ငင်ဖမ်းစားတတ်သောပုံစံဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

ဘုန်းကြီးက ပြုံးလိုက်လေသည်။

မြေခွေးလေးသည် တဖြည်းဖြည်း သတိပြန်ကပ်လာပြီးနောက် ကပျာကယာ ခေါင်းကိုငုံ့၍ ရှက်ရွံ့သွား၏။

ဆူဇီမိုကို အလေးအနက် ကြည့်ပြီး ဘုန်းကြီးက ပြောလိုက်၏။

“အဲ့ဒီ မြေခွေးလေးကို... သေချာလေး ဂရုစိုက်ပေးလိုက်ပါ.. သူမကို ထိခိုက်မခံစားရပါစေနဲ့....”

“ကျတော် သေချာပေါက် ဂရုစိုက်မှာပါ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

ထို့နောက် ချက်ချင်းပင် တစ်ခုခု လွဲနေသည်ကို သူခံစားမိလိုက်၏။

ဘုန်းကြီးက စကားကို ဆက်ပြောချင်သေးပုံရသော်လည်း ရပ်တန့်ခဲ့လေသည်။

ဆူဇီမိုက အဲ့အကြောင်းကို မေးမလို့ ပြင်လိုက်စဉ်မှာပင် ဘုန်းကြီးက စကားလမ်းကြောင်း လွှဲလိုက်၏။

“ဒကာ.. ဒကာလေးက ငါတို့ ဗုဒ္ဓဂိုဏ်းထဲကို မဝင်ရောက်ချင်ဘူးလား”

ဆူဇီမိုသည် ခဏမျှ ငူငိုင်သွား၏။

ဘုန်းကြီး၏ မေးခွန်းက ရုတ်တရက် ဆန်လွန်းပြီး အဲ့ဒါနှင့် ပတ်သတ်၍ သူတစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

ဘုန်းကြီးက ဆက်ပြောလိုက်၏။

“ဘာမှ မပူပါနဲ့ ဒကာလေး.. ဗုဒ္ဓဂိုဏ်းထဲကို သင်ဝင်ရောက်မယ်ဆိုရင် ကန့်သတ်ချက်တွေ သိပ်အများကြီး မရှိပါဘူး.. သင်ဆန္ဒရှိတဲ့အချိန် ထွက်သွားလို့ ရပါတယ်.. အဲ့ဒါကို သင်ကြိုက်တဲ့အချိန် လုပ်နိုင်တယ် ငါတားမှာ မဟုတ်ပါဘူး”

သူသည် စိတ်နှလုံးထိုးထွင်းသိမြင်ခြင်းကို မကျင့်ကြံထားသော်လည်း ဘုန်းကြီး၏ မျှော်တလင့်လင့်အကြည့်ကို မြင်လိုက်ရချိန်တွင် ထိုသူ၏ စိတ်ဆန္ဒကို ရုတ်တရက် နားလည်လိုက်၏။

ဘုန်းကြီးသည် ဖာဟွားနှင့် တာမင်းကျောင်းတော်၏ အမွေအနှစ်တို့ကို နှစ်တစ်သောင်းကြာ ကာကွယ်ရင်း နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေရှိ ဤဘုရားကျောင်းအိုကို အချိန်ကာလကြာမြင့်စွာ စောင့်ရှောက်နေခဲ့ရ၏။ သူသည် ဤမဟာကျောင်းတော်နှစ်ခု၏ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးချင်လေသည်။

ဘုန်းကြီးအိုသည် သူ့အချိန်များက သိပ်မကျန်တော့ပြီဆိုတာကို အာရုံခံမိသည့်အတွက် ထိုတောင်းဆိုချက်ကို ပြုလုပ်ရခြင်း ဖြစ်ပေမည်။

“ကောင်းပါပြီဗျ”

ဆူဇီမိုက အလွယ်တကူ ခေါင်းညိတ်သဘောတူလိုက်၏။

ဘုန်းကြီးက အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။ သူ့လက်ထဲမှာ သင်တုန်းဓါးတစ်လက်က ပေါ်လာပြီးနောက် ဆူဇီမို၏ ဦးခေါင်းထက်ကနေ ညင်သာစွာ သပ်ချလိုက်လေသည်။

အေးမြသော ခံစားချက်က တွဲဖက်ပါလာပြီး အနက်ရောင်ဆံပင်များက မြေပေါ်သို့ ကျလာလေသည်။

ဘုန်းကြီးအို၏ စကားသံက ဆူဇီမို၏ နားထိသို့ ဝင်ရောက်လာ၏။

“ဒီနေ့ကစလို့ ဦးပဉ္ဇင်းရဲ့ ဘွဲ့နာမည်က မင်းရှင် ဖြစ်သွားပြီ”

တစ်ကယ်တော့ ဆူဇီမိုသည် ဘုန်းကြီးမဝတ်လျှင်တောင် ကျမ်းစာတိုက်ထဲရှိ ရှေးဟောင်းသုတ္တန်များကို စိတ်ရှိသလို ယူဖတ်နိုင်လေသည်။ သို့သော်လည်း ထိုသို့ လုပ်ရသည်ကို သူလိပ်ပြာ မလုံပေ။

ဒါ့အပြင် သူသည် ကျင့်ကြံမှုများ ပျက်စီး၍ နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ကျဆင်းလာခဲ့ပြီးနောက် သူ့ဘဝကို အသစ်တစ်ဖန် ပြန်စတင်ချင်လေသည်။

သူ၏ ဆံပင်များကို ရိတ်ချလိုက်ခြင်းက သူ၏ အတိတ်ကို ဖြတ်တောက်ပစ်လိုက်ခြင်းပင်။ အချိန်ကာလတစ်ခုထိတော့ ဆူဇီမိုဆိုသော သူ၏ သရုပ်ကို စွန့်လွှတ်ပြီး အတိတ်ကာလက သူ၏ ဂုဏ်ကျက်သရေများကို မေ့ဖျောက်ထားနိုင်ပေလိမ့်မည်။

သည်နေ့မှစ၍ သူသည် နောက်တစ်ဖန် ပြန်လည်မြင့်တက်လာသည့်အထိ နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေမှာ စိတ်ရောကိုယ်ပါနှစ်၍ ကျင့်ကြံအားထုတ်ရပေတော့မည်။

ဘုန်းကြီးအိုသည် သူ့သိုလှောင်အိတ်ထဲကနေ ကြည်လင်နေသော ချည်မျှင်တစ်ခုကို ဆွဲထုတ်ပြီး သူ့လက်ထဲရှိ ဗုဒ္ဓပုတီးစေ့လေးလုံးကို ပုတီးတစ်ကုံးအဖြစ် အတူတကွ တွဲလိုက်၏။

“ဒီမင်ဝမ်ဆုတောင်းပုတီးကုံးမှာ ဗုဒ္ဓပုတီးစေ့နှစ်လုံးက လိုနေသေးတယ်ဆိုပေမယ့်လဲ.. အဲ့ဒါက သင့်ကို နိုးထဝိညာဉ်နဲ့ မူလနတ္တိအဆင့်တွေရဲ့ အမြုတေစိတ်ဝိညာဉ်နဲ့ ထောက်လှမ်းခြင်းကနေ လွတ်အောင် ရှောင်လွှဲပေးနိုင်တယ်.. ငါ့ကို ဆရာအဖြစ် လက်ခံတဲ့အတွက် သင့်ရဲ့ ဆရာတစ်ယောက်အနေနဲ့ ကြိုဆိုလက်ဆောင်လို့ သတ်မှတ်ပါလေ”

ဆူဇီမိုသည် လက်အုပ်ချီ၍ တရိုတသေ ဦးညွှတ်လိုက်၏။

ဤလက်ဆောင်က တန်ဖိုးကြီးမားလွန်းလေသည်။

ဗုဒ္ဓပုတီးစေ့နှစ်စေ့က လိုနေသေးသော်လည်း အဲ့ဒါက အတိတ်ကာလတုန်းက မူလဓမ္မလက်နက်တစ်ခု ဖြစ်ခဲ့လေသည်။

မင်းဝမ့်ဆုတောင်းပုတီးစေ့များ၏ စွမ်းအားကို အသာထား.. အဲ့မှာပါသည့် ဓမ္မချိတ်စည်းလေးခုနဲ့တင် ကျင့်ကြံသူများစွာကို ရူးသွပ်သွားစေနိုင်လေသည်။

ဒါ့အပြင် အမြုတေစိတ်ဝိညာဉ်များ၏ ထောက်လှမ်းမှုကို တားဆီးပိတ်ဆို့နိုင်သည်ဆိုသည့်အချက်က တစ်ဖက်လူက မူလနတ္ထိအဆင့်ထက် မကျော်လျှင် ဆူဇီမို၏ ခန္ဓာကိုယ်တွင်းရှိ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ။

မဟာချွမ်အပျက်အစီးမှာတုန်းက သားရဲထုတ်ဖော်ကြေးမုံဖြင့် သူ၏ အစစ်အမှန်သွင်ပြင်ကို ဖော်ထုတ်ခံခဲ့ရသည့် အဖြစ်အပျက်မျိုးက ထပ်ပြီး ဖြစ်လာမှာ မဟုတ်တော့ပေ။

ဆူဇီမိုအတွက်တော့ အဲ့ဒါက လုံးဝ အစားထိုးလို့ မရသည့် လက်ဆောင်ပင် ဖြစ်လေသည်။

All Chapters