သုသာန်
Vol. 40 Ch. 589
ညက မှုန်ရီဝေဝါးနေ၏။
ဘုရားကျောင်းအို၏ ခြံဝန်းက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
လရောင်က တလက်လက် သာနေပြီး ရေတွင်းဟောင်းကြီးထဲမှာ လပြည့်ဝန်းက ရောင်ပြန်ဟပ်နေ၏။
သိပ်မကြာမီ ဦးပဉ္ဇင်းတစ်ပါးက ပေါ်လာ၏။ သူက အသက်သိပ်မကြီးသေးဘဲ နှစ်ဆယ်ကျော်ကျော်လောက်သာ ရှိပေဦးမည်။ သူ့မျက်လုံးများက ရေပြင်ကဲ့သို့ ကြည်လင်နေပြီး လှပကြော့ရှင်းသော သွင်ပြင် ရှိလေသည်။
ဆူဇီမိုက အကြည့်က ရေထဲမှာ ရောင်ပြန်ဟပ်နေပြီး သူက ပြုံးလိုက်၏။
“မင်းရှင်.. မင်းရှင်.. သူက ငါ့နှလုံးသားကို ငါပြန်မြင်ပြီး ငါ့ရဲ့ ပင်ကိုသဘာဝကို သိသာဖော်ထုတ်စေချင်တာများလား”
ဆူဇီမိုသည် တီးတိုး ရေရွတ်လိုက်၏။
ထိုအချိန်မှာ မင်းကျန်က အိပ်မောကျနေပြီဖြစ်ပြီး ဘုန်းကြီးအိုကလည်း ဘယ်နေရာ ရောက်နေသလဲ သူ မသိပေ။
သူ့နားထဲတွင် ဖားအော်သံများနှင့် ပုရစ်အော်သံများကိုသာ ကြားနေရ၏။ မြေခွေးလေးက ရေတွင်းဘေးမှာ ဝပ်တွား၍ အိပ်မောကျနေပြီဖြစ်၏။ ရုတ်တရက် ဆူဇီမိုက စိတ်အာရုံက ဖော်မပြတတ်လောက်အောင် တည်ငြိမ် အေးချမ်းလာလေသည်။
သူသည် ကမ္ဘာလောကနှင့် အဆက်အသွယ်ဖြတ်၍ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီး အံ့မခန်း တည်ငြိမ်မှုကို ရရှိလာလေသည်။
ပြီးခဲ့သည့် ရှစ်နှစ်အတွင်း သူသည် အမြဲတမ်းလိုလို တိုက်ခိုက်နေခဲ့ရ၏။
အခု နောက်ဆုံးမှာတော့ သူ၏ ရုန်းကန်လှုပ်ရှားများက ရပ်တန့်သွားလေပြီ။
အဲ့ဒါကို သူ့ကို သဘာဝအတိုင်း အခြေအနေသို့ ပြန်ပို့ပေးလိုက်သလိုပင်။
သူ့ဦးခေါင်းထက်က ငွေလကို ငေးကြည့်ရင်း ဆူဇီမိုသည် ပြီးခဲ့သည့် ရှစ်နှစ်က ထိုညကို ပြန်လည်သတိရသွား၏။
တျဲယွဲ့သည် သွေးနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး နီစွေးနေသော ပွင့်ဖတ်ပွင့်ချပ်များ ကြွေကျနေသည့်အောက်မှာ မတ်တပ်ရပ်နေ၏။ လရောင်၏ ပက်ဖြန်းမှုအောက်မှာနေရင်း သူမက ညင်သာစွာ မေးလိုက်၏။
“မင်း ကျင့်ကြံချင်လား”
ပြီးခဲ့သည့် ရှစ်နှစ်အတွင်း ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ညစဉ်ညတိုင်း ကျင့်ကြံနေခဲ့၏။
ယခုအခါ သူ၏ အတွင်းအမြုတေက ကြေမွသွားပြီး အဲ့ဒါကို ထောက်ပံ့ဖို့ သူ့မှာ လုံလောက်သည့် စွမ်းအင် မရှိတော့ပေ။ ဆူဇီမိုသည် ယခု လောလောဆယ်တော့ အဲ့ဒါကို မကျင့်ကြံနိုင်သေးဘဲ ရပ်တန့်ထားရ၏။
သူ့စိတ်ထဲမှာ လစ်ဟာနေသလို ခံစားလိုက်ရ၏။
ရုတ်တရက် သူ့နားထဲသို့ လှောင်ရယ်သံတစ်ခုက ဝင်ရောက်လာ၏။
“ကောင်လေး.. မင်းက မင်းရဲ့ အတွင်းအမြုတေကို ပြန်ပြုပြင်ဖို့ တွေးနေတာမလား.. ဟီးဟီး..”
ဆူဇီမိုသည် ထိတ်လန့်သွား၏။
ထိုအသံက ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အလွန်တရာ စိမ်းသက်နေ၏။ အဲ့ဒါက ဘုန်းကြီးအို၏ အသံမဟုတ်သလို မင်းကျန်လည်း မဟုတ်ပေ။
ဆူဇီမိုသည် ဘေးဘက်ရှိ မြေခွေးလေးကို အလိုလို လှည့်ကြည့်လိုက်၏။
သူမသည် အိပ်မောကျနေဆဲဖြစ်ပြီး ထိုအသံကို မကြားရသည်မှာ သိသာလေသည်။
ရုတ်တရက် ထွက်ပေါ်လာသော ထိုအသံကို ကြားရသည်က သူတစ်ယောက်တည်းသာ။
ဆူဇီမိုက သုန်မှုန်နေသော အမူအယာဖြင့် ဘေးပတ်လည်သို့ ကြည့်ရင်း ဘုန်းကြီးအိုနှင့် ဦးပဉ္ဇင်းလေးကို သတိပေးဖို့ ပြင်လိုက်၏။
“ဟီးဟီး.. မင်း ငါ့ကို ရှာမနေနဲ့ ကောင်းလေးရေ.. မင်း ငါ့ကို မြင်ရမှာ မဟုတ်ဘူး”
အသံက တောင်စဉ်ရေမရ ထွက်ပေါ်လာနေပြီး ဘယ်ဘက်က လာသလဲဆိုတာ ခန့်မှန်းလို့ မရပေ။ အဲ့ဒါက ထောင့်တစ်ထောင့်မှာ ပုန်း၍ ဆူဇီမိုကို လှောင်ပြောင်နေသလိုပင်။
သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုသည် တည်ငြိမ်လာပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
ဤလူက အမှောင်ထဲကနေ သူ့ကို လာကစားနေတာပင်။ သူ အဲ့ဒါကို လျစ်လျူရှုထားမည်ဆိုလျှင် သူက သေချာပေါက် စိတ်ပျက်လာပေလိမ့်မည်။
“ကောင်လေး.. မင်းရဲ့ အတွင်းအမြုတေကို ပြုပြင်နိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်.. မင်းအဲ့ဒါကို စိတ်ဝင်စားတယ်ဆိုရင် မဟာခန်းမရဲ့ နောက်ဖေးခြံထဲကို လာခဲ့လိုက်ချေ”
နောက်ဆုံးမှာတော့ အသံပိုင်ရှင်က သူ၏ အလိုဆန္ဒကို ထုတ်ပြလာလေပြီ။
“မဟာခန်းမရဲ့ နောက်ဖေးခြံဝန်း”
ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သည့်အရင်က နောက်ဖေးခြံဝန်းဘက်မှာ တစ်ခုခုကို ချုပ်နှောင်ထားသည့်အလား လေးလံသည့် ချိန်းကြိုးသံများကို ရံဖန်ရံခါ ကြားရတတ်၏။
“ထူးတော့ထူးတယ်”
ဆူဇီမို၏ မျက်လုံးထဲမှာ သင်္ကာမကင်းသည့်ဟန်က ပေါ်လာပြီး သူ့ဘာသာသူ တွေးလိုက်၏။
“ဆရာပြောတာ သူနဲ့ မင်းကျန်ပဲ ဒီဘုရားကျောင်းထဲမှာ ရှိတာတဲ့.. ဒါဆို နောက်ဖေးခြံထဲက လူကရော...”
ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
နောက်ဖေးခြံဝန်းထဲမှ တည်ရှိမှုက လူသားမဟုတ်ဘဲ.. ဆိုးယုတ်တစ္ဆေတစ်ကောင် ဖြစ်နိုင်လေသည်။
အဲ့ဒါက ဘုရားကျောင်းအပြင်ဘက်မှာတုန်းက သူကြုံတွေ့ခဲ့ရသော အဖြူရောင်ကိုယ်ကျပ်အင်္ကျီဝတ် အမျိုးသမီးလိုမျိုး ဖြစ်နိုင်လေသည်။
ထိုကြောင့်ပင် ဆရာတော်က ဒီဘုရားကျောင်းအိုထဲမှာ လူက သူနှင့် မင်းကျန်သာ ရှိသည်ဟု ပြောခဲ့ခြင်းပင်။
ဘာကြောင့်ဆိုသော် နောက်ဖေးခြံထဲရှိ တည်ရှိမှုက လူမဟုတ်သောကြောင့်ပင်။
သူ့ကို မင်းကျန်က အရမ်းကို ကြောက်လန့်နေပြီး ဆရာတော်ကလည်း သူ့အကြောင်းကို လုံးဝမပြောဘဲ သတိထား၍ ရှောင်ထွက်သွားခဲ့၏။ ကြည့်ရတာတော့ ထိုဆိုးယုတ်တစ္ဆေက သိပ်ပြီးတော့ အားမနည်းလောက်ပေ။
“မင်းရဲ့ အတွင်းအမြုတေကို ပြုပြင်ချင်တာလား မပြုချင်တာလား.. ယောင်တောင်ပေါင်တောင် လုပ်မနေနဲ့တော့.. နောက်ဖေးခြံထဲမှာ ငါ့ကို မြန်မြန် လာတွေ့လှည့်” သိပ်ပြီးတော့ စိတ်မရှည်တော့သည့်ဟန်ဖြင့် ဆိုးယုတ်တစ္ဆေ၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။
ဆူဇီမိုသည် တစ်ကယ်ကို သူ၏ အတွင်းအမြုတေကို ပြုပြင်ချင်လေသည်။
သို့သော်လည်း သူ့ကိုယ်သူ ဆိုးယုတ်တစ္ဆေတစ်ကောင်အပေါ် ယုံမှတ်ပုံမအပ်နိုင်ပေ။
ဒါ့အပြင် မင်းကျန်ကလည်း သူ့ကို နောက်ဖေးခြံဝန်းဘက်သို့ လုံးဝ မသွားဖို့ အတန်တန် မှာကြားထား၏။
“ကောင်လေး.. မင်းက တစ်ကယ်ကို ကြွက်တစ်ကောင်လို အကြောက်လွန်နေတာပဲ.. ငါက မင်းကို ထိခိုက်အောင်လုပ်မယ့်ပုံ ပေါ်နေလို့လား”
“အမလေးကွာ မင်းက အဲ့အရွယ်တုန်းက ငါနဲ့တော့ ကွာပ.. အဲ့တုန်းကဆို ဒီကမ္ဘာပေါ်မှာ ငါကြောက်တာ ဘာမှ မရှိဘူး.. ငါလုပ်ချင်တာလုပ်တယ်.. ငါသွားချင်တဲ့နေရာ သွားတယ်.. ဘယ်သူ့မှ ငါ့ကို တားလို့ မရဘူး”
“ကောင်လေး မင်းလာမှာလား.. မလာဘူးလား”
ဆိုးယုတ်တစ္ဆေ၏ အသံက တဖြည်းဖြည်း အားပျော့လာ၏။
ဆူဇီမိုသည် သူ့မျက်လုံးကို မှိတ်၍ အနားယူနေပြီး လုံးဝ မလှုပ်ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုးယုတ်တစ္ဆေက ရုတ်တရက် ပြောလိုက်၏။
“လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီနေရာကို ရောက်လာခဲ့တဲ့ သွေးနီရောင်ဝတ် အမျိုးသမီး ဘာတွေလုပ်ခဲ့လဲ ဆိုတာရော မင်းမသိချင်ဘူးလား.. အဲ့တုန်းက ငါ့မျက်စိရှေ့မှာ အကုန်လုံးကို မျက်မြင်ကိုယ်တွေ့ခဲ့တာကွ.. ဟေးဟေး”
ဆူဇီမို၏ စိတ်က ယိမ်းယိုင်သွားပြီး သူ့မျက်လုံးကို ဖွင့်လိုက်၏။
ဆိုးယုတ်တစ္ဆေပြောနေသည့် သွေးနီရောင်ဝတ် အမျိုးသမီးဆိုသူမှာ တျဲယွဲ့ကို ရည်ညွှန်းပြောဆိုနေတာ သိသာလေသည်။
ဆူဇီမို၏ စိတ်ခံစားချက် အပြောင်းအလဲကို သိရှိသွားသည့်အလား ဆိုးယုတ်တစ္ဆေက အူမြူးစွာနှင့် ထပ်ပြောလိုက်၏။
“မင်း သိချင်သပဆိုရင် နောက်ဖေးခြံဝန်းထဲကို လာခဲ့လေ.. ငါ မင်းကို စောင့်နေမယ်.. ဟီးးဟီး”
ဆူဇီမိုသည် လက်သီးကို ဆုပ်ပြီး အသက်ကို ရှူသွင်းလိုက်၏။ နောက်ဆုံးမှာတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မတ်တပ်ထရပ်ကာ မဟာခန်းမနောက်ဘက်သို့ ဦးတည်သွားလေတော့သည်။
တျဲယွဲ့နှင့် ပတ်သတ်သည့် မည်သည့်သတင်းအချက်အလက်ကိုမဆို သူလက်လွတ်မခံနိုင်ပေ။
အဲ့ဒါက မှန်သည်ဖြစ်စေ.. မှားသည်ဖြစ်စေပေါ့။
ခန်းမအိုထဲမှာ ဖြတ်လျှောက်၍ နောက်ဖေးခြံဝသို့ ရောက်လာပြီးနောက် ဆူဇီမိုသည် သူ့ခြေလှမ်းကို ရပ်တန့်လိုက်မိ၏။
ရှေ့သို့ အလိုလို လှမ်းကြည့်လိုက်၏။ သူ့ပါးစပ်က အဟောင်းသားဖြစ်သွားပြီး သူ့မျက်လုံးထဲမှာ တုန်လှုပ်မှုက နက်ရှိုင်းစွာ ဖြစ်ပေါ်လာလေသည်။
မဟာခန်းမ၏ နောက်ဖေးခြံဝန်းက အကန့်အသတ် မရှိသော အလွန်တရာ ကြီးမားကျယ်ပြန့်သည့် သုသာန်ကြီးတစ်ခု ဖြစ်လေသည်။
အုတ်ဂူကျောက်စာတိုင်များက တစ်ခုပြီးတစ်ခု ထောင်မတ်နေပြီး နာမည်များကို ရှင်းလင်းစွာ ရေးထိုးထားလေသည်။
“ဖာဟွားကျောင်းတော်မှ တာအိုအရှင် ထျန်ယီ၏ အုတ်ဂူ”
“တာမင်းကျောင်းတော်မှ တာအိုအရှင် ဖူယန်၏ အုတ်ဂူ”
“ဖာဟွားကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ် ယွီကျဲ၏ အုတ်ဂူ”
“တာမင်းကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ် ရှုယွမ်၏ အုတ်ဂူ”
“အင်ပါယာ တပ်ရင်းမှူး စွမ်းအားကြီးပုဂ္ဂိုလ် ဟန်ဖေး၏ အုတ်ဂူ”
“...”
အုတ်ဂူကျောက်တိုင်များက သိပ်သည်းများပြားစွာ ရှိနေ၏။
အဲ့ဒါက ခမ်းနားထည်ဝါ၍ လွမ်းမောဖွယ်ရာ သုသာန်ကြီးတစ်ခု ဖြစ်လေသည်။
ဒီနေရာမှာ မြှုပ်နှံခံရသူများက အနည်းဆုံး ဓမ္မဝိသေသအဆင့် ဖြစ်ကြလေသည်။ အဲ့ဒီမှာ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များ၏ အုတ်ဂူအချို့ကိုပင် ဆူဇီမို တွေ့ခဲ့ရသေး၏။
“ဟမ့်”
ဆူဇီမို၏ အကြည့်က နောက်ထပ် အုတ်ဂူကျောက်စာတိုင်တစ်ခုပေါ်သို့ ကျရောက်သွား၏။
“တာမင်းကျောင်းတော်မှ မျိုးနွယ်စုခေါင်းဆောင် ဟောင်ကွမ်၏ အုတ်ဂူ”
အဲ့ဒါက မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အုတ်ဂူပင်။
မဟာယာန မျိုးနွယ်စုခေါင်းဆောင်များက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အထွတ်အထိပ်နီးပါး ပညာရှင်များ ဖြစ်ကြ၏။
သူတောင်မှ ဒီသုသာန်ထဲမှာ မြှုပ်နှံခံထားရတယ်ဆိုတော့...
ဆူဇီမိုသည် ရေရွတ်ရင်း သူ့အကြည့်က သုသာန်၏ အလယ်ဆီသို့ အလိုလို ကျရောက်သွား၏။
သုသာန်၏ အလယ်မှာ မသိသာ မထင်ရှားသော မြေပုံတစ်ခု ရှိနေ၏။ သေချာအာရုံစိုက် မကြည့်ဘူးဆိုလျှင် အဲ့ဒါက ဒီအတိုင်း အနည်းငယ် ဖောင်းကြွနေသော မြေမို့မို့တစ်ခုလိုပင်။
သို့သော်လည်း ထိုမြေမို့မို့လေးက သုသာန်တစ်ခုလုံးကို ဖြန့်ကျက်ကြည့်ရှုနေပုံရ၏။
ထိုမြေမို့မို့လေး၏ မီတာတစ်ရာပတ်လည်တွင် မည်သည့်အုတ်ဂူမှ ရှိမနေပေ။
ထိုမြေပုံ၏ အထက်တွင် သစ်သားတိုင်တစ်ခုကို စိုက်ထူထား၏။
ထိုသစ်သားတိုင်မှာ စကားစုနှစ်စုသာ ရေးထိုးထား၏။
ဓမ္မ ဧကရာဇ်!
ထိုစကားစုနှစ်စုက ဆန်းကြယ်သော ဂမ္ဘီရစွမ်းအားကို ပိုင်ဆိုင်ထားပုံရ၏။
ဆူဇီမို၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ့ရင်ဘတ်က လေးလံလာ၏။ သူသည် အထိန်းအကွပ်မဲ့စွာနှင့် ခြေနှစ်လှမ်းတောင် အလိုလို ဆုတ်မိသွား၏။
အဲ့ဒါက ဧကရာဇ်တစ်ပါး၏ အုတ်ဂူပင်။
ဆူဇီမို၏ စိတ်အာရုံထဲမှာ စကားသံများက လေးလံသိပ်သည်း၍ ပဲ့တင်ထပ်လာ၏။
“အဲ့ဒီချောက်ကြီးရဲ့ နာမည်ကို နဂါးသင်္ချိုင်းတောင်ကြားလို့ ခေါ်ပြီးတော့ သေဆုံးသွားတဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးတွေ၊ ဧကရာဇ်တွေရဲ့ သွေးတွေနဲ့အတူ နတ်နဂါးကြီးတစ်ကောင်ကို လွန်ခဲ့တဲ့ နှစ်တစ်သောင်းက မြှုပ်နှံထားခဲ့တယ်တဲ့.. အဲ့နေရာက အရမ်းကို နတ်ကြီးပြီးတော့ ကံဆိုးမိုးမှောင်ကျတတ်တဲ့ နေရာပဲ”
အပြင်ဘက်မှာ ပြောနေကြသော ကောလာဟလအားလုံးက မှန်ကန်နေလေသည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းက ကပ်ဘေးသည် အလွန် ပြင်းထန်လွန်းသောကြောင့် ဧကရာဇ်များပါ ဒီနေရာမှာ ကျဆုံးခဲ့ရလေသည်။
ချွင်.. ချွမ်..
လေးတွဲ့တွဲ့နှင့် ခပ်ထိုင်းထိုင်း ချိန်းကြိုးသံများက တစ်ဖန် ထွက်ပေါ်လာပြန်၏။
မှုန်ရီဝေဝါးသည့် လရောင်အောက်တွင် မရေမတွက်နိုင်သော အုတ်ဂူကျောက်စာတိုင်များနှင့် မြေပုံများနောက်မှ စွမ်းအားကြီးမား၍ အရပ်ရှည်ရှည်ပုဂ္ဂိုလ်ကြီးက ဖြည်းဖြည်း ထရပ်လာ၏။ သိပ်သည်းပြင်းထန်သည့် အော်ရာနှင့်အတူ သူ့ဦးခေါင်းက မိုးကောင်းကင်ကိုပင် ထိုးဖောက်တော့မည်ဟု ထင်ရ၏။