မွေးနီတစ္ဆေ
Vol. 40 Ch. 590
အဲ့ဒါက ဖိုသီဖတ်သီ ဆံပင်၊ ဖိုသီဖတ်သီ အဝတ်အစားများနှင့် ဗလတောင့်တောင့် လူကြီးတစ်ယောက် ဖြစ်လေသည်။
သူ့ဆံပင်များက မီးတောက်များကဲ့သို့ နီရဲနေပြီး သူ့သွင်ပြင်က ကြမ်းထော်နေ၏။ သူက ဆူဇီမိုကို တောက်ပသော အကြည့်ဖြင့် စိုက်ကြည့်ပြီး သရော်တော်တော် ပြုံးလိုက်၏။
ဗလတောင့်တောင့်လူကြီး၏ လက်၊ ခြေထောက်၊ ကိုယ်နှင့် လည်ပင်းတို့ကို သံချေးတက်နေသော ထူထဲတုတ်ခိုင်သည့် သတ္တုချိန်းကြိုးများဖြင့် ရစ်ပတ်ထား၏။
ဗလတောင့်တောင့်လူကြီးက မတ်တပ်ရပ်လိုက်သောအခါ ထိုချိန်းကြိုးများက တချွင်ချွင်နှင့် မြည်လာ၏။
ကြောက်စရာကောင်းသည့်အချက်မှာ ချိန်းကြိုးနှစ်စက ဗလတောင့်တောင့်လူကြီး၏ ညှပ်ညိုးထဲသို့ပင် ဖောက်ဝင်နေ၏။
လရောင်က ကြောက်လန့်တကြားနှင့် ဖျော့တော့နေ၏။
မြေပြင်မှာ မြေပုံများနှင့် အုတ်ဂူကျောက်တိုင်များက နေရာအနှံ့ ပျံ့ကြဲနေလေသည်။
ထိုကဲ့သို့သော ဆိုးယုတ်ချီများနှင့် ဗလတောင့်တောင့်လူကြီးက သုသာန်ထဲမှာ မတ်တပ်ထရပ်လာသောအခါ ဆူဇီမို၏ မူလခန့်မှန်းချက်က ပိုလို့ပင် သေချာလာ၏။
အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းလွန်းသည့် ဆိုးယုတ်တစ္ဆေကြီးတစ်ကောင်ပင်။
ဗလတောင့်တောင့်လူကြီးက ဆူဇီမိုကို နှစ်ကြိမ်သုံးကြိမ်လောက် စေ့စေ့စပ်စပ် အကဲခတ်ကြည့်ပြီးနောက် သူသည် စိတ်ဝင်စားဖို့ကောင်းသည့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိလိုက်သည့်အလား သူ့မျက်လုံးများထဲရှိ အလင်းစက်က ပိုမိုသိပ်သည်းအားကောင်းလာ၏။
နောက်ဆုံးမှာတော့ ဗလတောင့်တောင့်လူကြီးသည် စိတ်ကျေနပ်အားရသွားသည့်ပုံစံဖြင့် နှာခေါင်းကို ရှုံ့၍ ရှေ့သို့ လျှောက်လာပြီး အားပါးတရ ရယ်ချလိုက်၏။
“ဂါ့ ဂါ့.. ဂ ဂ.. ဂါး”
ထိုရယ်သံက သုသာန်ထဲမှာ သွေးပျက်ချောက်ချားဖွယ်ရာပုံစံဖြင့် ပဲ့တင်ထပ်သွား၏။
ဗလတောင့်တောင့်လူကြီးကို ရစ်ပတ်ထားသည့် ချိန်းကြိုးစများက မြေကြီးအနက်ပိုင်းထဲမှာ သံမှိုစွဲထားပြီး သုသာန်၏ အလယ်မှာ ချုပ်နှောင်ထားသည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
ဗလတောင့်တောင့်လူကြီးက လှုပ်ရှားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများက တင်းကျပ်လာပေလိမ့်မည်။
ဆူဇီမိုသည် စိတ်သက်သာရာ ရသွား၏။
ထိုဆိုးယုတ်တစ္ဆေက ကြောက်စရာကောင်းသော်လည်း အဲ့ဒါက သူ့အနားသို့ ကပ်မလာနိုင်သမျှ သူ့ကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
“ကောင်လေး မင်းက တစ်ကယ်ကို ကြောက်တတ်တာပဲ.. ဘာလို့ အဲ့လောက် အဝေးကြီးမှာ နေနေရတာလဲ”
ဗလတောင့်တောင့်လူကြီးက သွားဖြီးလိုက်၏။
“ဘာမှ မကြောက်ပါနဲ့ လာခဲ့စမ်းပါ.. ငါ မင်းကို ကိုက်မစားပါဘူးဟ”
ဆူဇီမိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
သူသည် ကျင့်ကြံရေးလောကမှာ ရှစ်နှစ်ကြာ ကျင်လည်ခဲ့သည့်အတွက် အတွေ့အကြုံတချို့ သူ့မှာရှိ၏။ ဗလတောင့်တောင့်လူကြီးက သူ့စိတ်ကို တမင်သက်သက် ထိုးဆွနေသည်မှာ သိသာလေသည်။
ဆူဇီမိုသည် မည်သို့မှ ရွေးချယ်စရာ မရှိသည့်အတွက် ရှေ့သို့ အနည်းငယ် လျှောက်လိုက်၏။
“မွေးနီတစ္ဆေ.. ခင်ဗျားပြောစရာရှိရင် အဲ့ကနေ ပြောပါ.. ကျုပ် ကောင်းကောင်း ကြားရပါတယ်”
ဆူဇီမို၏ လေသံက တည်ငြိမ်နေပြီး သူ့အမူအယာက ပုံမှန်ပင်။
“မွေးနီတစ္ဆေတဲ့လား”
ဗလတောင့်တောင့်လူကြီးက မျက်လုံးပြူးသွားပြီး သူ့လေသံက ပြောင်းလဲသွား၏။ ချက်ချင်းပင် သတ်တော့ဖြတ်တော့မည့်ပုံ ပေါက်လာလေသည်။
“ကောင်လေး.. မင်း ငါ့ကို မွေးနီတစ္ဆေလို့ ခေါ်လိုက်တာလား”
ဗလတောင့်တောင့်လူကြီးက သူ့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်၏။
ဆူဇီမိုက အကြောက်အလန့်မဲ့စွာ နှုတ်ခမ်းစူပြီး လှောင်ရယ်လိုက်၏။
“သရုပ်ဆောင်နေတာ ရပ်လိုက်စမ်းပါဗျာ.. ကျုပ်ကို လာပြီး ခြောက်မနေပါနဲ့.. ကိုယ့်ကြည့်တော့ လှုပ်လို့တောင် မရဘဲနဲ့ ကျုပ်ကိုများ လာခြောက်ချင်နေသေးတယ်”
“ဟီးဟီး ဟီးဟီး...”
ဗလတောင့်တောင့်လူကြီးက တစ္ဆေသရဲဆန်ဆန် ရယ်မောလိုက်၏။
ဆူဇီမိုက မေးလိုက်၏။
“မွေးနီတစ္ဆေ.. ကျုပ်မှာ ခင်ဗျားနဲ့ ဖြုုန်းနေဖို့ အချိန်မရှိဘူး.. လွန်ခဲ့တဲ့ ရှစ်နှစ်က သွေးနီရောင်ဝတ်အမျိုးသမီးအကြောင်း ခင်ဗျားပဲ ပြောပြမယ်ဆို”
သွေးနီရောင်ဝတ်အမျိုးသမီးအကြောင်း ကြားချိန်တွင် ဗလတောင့်တောင့်လူကြီး၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး သူ့မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့မှုတစွန်းတစက ပေါ်လာလေသည်။
ထို့နောက် ချက်ချင်းပင် သူက အူမြူးအားရသည့်အမူအယာကို ထုတ်ပြလာ၏။
“ဂါ့ ဂါ့ ဂါ့....”
ဗလတောင့်တောင့်လူကြီးက သဘောကျစွာ လှောင်ရယ်မောလိုက်၏။
“အဲ့ဘုန်းကြီးပြောတာ ဘာပါလိမ့်.. အဲ့ဒီအမျိုးသမီးကတော့ တစ်ကယ့်ကို အံ့မခန်းပါပဲ.. သူမနဲ့ တစ်ခါတွေ့လိုက်တာနဲ့ ငါခက်ခက်ခဲခဲနဲ့ ကြိုးစားကျင့်ကြံထားတဲ့ ဝစီပိတ်ကျင့်ကြံခြင်းနဲ့ မလှုပ်မယှက်တရားထိုင်ခြင်းက ပျက်စီးသွားတော့တာပဲတဲ့.. ဟဟဟားဟား.. ငါ့မှာ ရယ်လိုက်ရတာ သေတော့မယ်”
ပြီးခဲ့သည့်နှစ်အတွင်း ဆူဇီမိုသည် ကျမ်းစာတိုက်ထဲမှာ မွှေနှောက်ဖတ်ရှုခဲ့သည့်အတွက် ဝစီပိတ်နှင့် မလှုပ်မယှက်တရားထိုင်ခြင်းတို့အပေါ် နားလည်မှုအချို့ ရှိ၏။
ဗုဒ္ဓဂိုဏ်းများတွင် အချို့သော ဘုန်းကြီးများသည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင်တင်ဖို့အတွက် လျှို့ဝှက်ပညာရပ်များနှင့် တူညီသော တရားထိုင်ခြင်း နည်းစနစ်အမျိုးမျိုးကို ကျင့်ကြံကြလေသည်။
ထိုတရားထိုင်ခြင်းနည်းစနစ်မှာ စည်းမျဉ်းစည်းကမ်းများက ပို၍ များပြားတင်းကျပ်လေလေ.. သူတို့၏ စွမ်းအားတိုးတက်မှုကလည်း ပို၍ ကြီးမားလေဖြစ်၏။
ဥပမာအားဖြင့် ဝစီပိတ်တရားရှုမှတ်နည်းစနစ်ကို ကျင့်ကြံမည်ဆိုလျှင် စကားပြောဆိုခြင်းကို တားမြစ်ထားပြီး တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ရလေသည်။
ရှင်းရှင်းပြောရလျှင်တော့ စကားလုံးဝ မပြောရပင်။
ဝစီပိတ်ကျင့်ကြံခြင်းက စကားပြောဆိုခြင်းမှ ရရှိလာမည့် ကံကြိုးမျှင်များကို ဖြတ်တောက်လျှော့ချပြီး သူတို့၏ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ရခြင်းပင်။
မလှုပ်မယှက်တရားရှုမှတ်ခြင်းနည်းစနစ်က သူတို့၏ ကိုယ်ကာယလှုပ်ရှားမှုကိုသာ ထိန်းချုပ်ရခြင်း မဟုတ်ဘဲ သူတို့၏ စိတ်ဆန္ဒများကိုပါ ထိန်းချုပ်ရခြင်း ဖြစ်လေသည်။
သူတို့၏ အတွေးရိုင်းများကို ပေါ်လာသည်နှင့် ချက်ချင်း ဖျောက်ပစ်ရပြီး မနောကံကြောင့် ဖြစ်ပေါ်လာမည့် ကံကြိုးမျှင်များကို ဖြတ်တောက်လျှော့ချပစ်ရလေသည်။
ထိုနည်းစနစ်နှစ်ခုစလုံးက ကျင့်ကြံရသည်မှာ ခက်ခဲလေသည်။
ဤဆရာတော်က ထိုတရားရှုမှတ်နည်းစနစ်နှစ်ခုကို တစ်ပြိုင်နက်တည်းမှာ ကျင့်ကြံနေလိမ့်မည်ဟု ဆူဇီမို ထင်မထားပေ။
အဲ့ဒါကထက် တျဲယွဲ့က ပေါ်လာသည်နှင့် ဆရာတော်၏ စောင့်ထိန်းလာခဲ့သည့် သမာဓိကို တစ်ခါတည်း ချိုးဖျက်ပစ်လိုက်လိမ့်မည်ကို သူပိုမထင်ထားပေ။
ဗလတောင့်တောင့်လူက ဆက်ပြောလိုက်၏။
“အဲ့အမျိုးသမီးကကွာ ရောက်လာတာနဲ့ ဘာမပြောညာမပြောနဲ့ ခန်းမထဲကို တန်းဝင်လာပြီး ဗုဒ္ဓဂိုဏ်းက အထွတ်အမြတ်ထားတဲ့ အသောကပန်းကို ဆွဲယူပြီး ပြန်လှည့်ထွက်သွားတာပဲ”
“ဟေ့ဟေး.. အဲ့ဘုန်းကြီးကလဲ သူမ အဲ့လိုလုပ်တာကို ခွင့်မပြုနိုင်တဲ့အတွက် တားဖို့ သွားကြိုးစားတယ်လေ.. ဘယ်ရမလဲ အမျိုးသမီးက တစ်ချက်ဖြတ်ရိုက်တာ သူ့ခမျာ လွင့်ပျံထွက်သွားတာပဲ.. ဟဟဟားဟား”
ထိုနေရာအရောက်၌ ဗလတောင့်တောင့်လူကြီးသည် ထိုနေ့က အဖြစ်အပျက်များကို ပြန်စဉ်းစားပြီး မအောင့်အည်းနိုင်တော့ဘဲ အားပါးတရ ဟားတိုက်ရယ်တော့လေသည်။ သူ့ခန္ဓာကိုယ်က တသိမ့်သိမ့် လှုပ်ခါလာသည့်အတွက် ချိန်းကြိုးသံများက တချွင်ချွင် ထွက်ပေါ်လာ၏။
ချိန်းကြိုးများက ချုပ်နှောင်ထားမှုကြောင့်သာ မဟုတ်လျှင် ဗလတောင့်တောင့်လူကြီးက ထပြီးတော့တောင် ခုန်ပေါက်နေလောက်၏။
ထိုစကားများကို ကြားပြီး ဆူဇီမိုသည် ချွေးစပြန်လာ၏။
တျဲယွဲ့က တစ်ကယ်ကို ရက်စက်လွန်းလှလေသည်။
ဗလတောင့်တောင့်လူကြီးက ဆက်ပြော၏။
“အဲ့ဘုန်းကြီးက တစ်ချက်ဖြတ်ရိုက်ခံရတာ ခေါင်းပါထိသွားလား မသိဘူး.. သူ့ကိုယ်သူ ဝစီပိတ်ကျင့်ကြံနေတယ်ဆိုတာ မေ့သွားတယ်လေ.. အမျိုးသမီးက လှည့်ထွက်တော့မယ်လုပ်တော့ သူက မြေကြီးပေါ်မှာ လေးဖက်ထောက်ပြီး လှမ်းအော်လိုက်တာ ဘာတဲ့ ‘ဒကာမ.. ကျေးဇူးပြုပြီး နေပါဦး...’တဲ့ ဟဟဟားဟားဟား”
ဆူဇီမို၏ မျက်နှာအမူအယာက ရှက်ရွံ့သလို အိုးတိုးအမ်းတမ်း ဖြစ်လာ၏။
သူလည်းပဲ ရယ်ချင်မိလေသည်။
သို့သော်လည်း ယခုအခါ သူသည် ဗုဒ္ဓဂိုဏ်းထဲသို့ ဝင်ရောက်ထားပြီး ဘုန်းကြီးအိုကလည်း သူ့ဆရာဖြစ်နေပြီဖြစ်၏။
သူ ရယ်လို့ မဖြစ်ချေ။
ထို့ကြောင့် သူသည် နေရာမှာပင် တောင့်တောင့်ရပ်ပြီး သူ့နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကိုယ်သူ ချုပ်တည်းထားရ၏။ သူ့မျက်နှာက ခရမ်းချဉ်သီးလို နီရဲလာသောကြောင့် သူ့မှာ ခက်ခက်ခဲခဲ ချုပ်တည်းနေရတာ သိသာလေသည်။
ဗလတောင့်တောင့်လူကြီးသည် စကားပြောသောအခါ တစ်ကယ်ကို ရပ်တန့်လို့ မရတော့ဘဲ လွန်ခဲ့သည့်ရှစ်နှစ်က အဖြစ်အပျက်များက အိတ်သွန်ဖာမှောက် ဒလဟော ထွက်ကျလာ၏။
ဆူဇီမိုသည် ဘေးကနေ တိတ်တဆိတ် နားထောင်နေ၏။
အဖြစ်အပျက်များက သူ့မျက်စိရှေ့မှာ ဖြစ်ပျက်နေသည့်အလား မြင်ယောင်လာလေသည်။
စကားပြောနေရင်းနှင့် ဗလတောင့်တောင့်လူကြီးသည် ရုတ်တရက် သက်ပြင်းချပြီး ရေရွတ်လိုက်၏။
“တော်သေးတာပေါ့ အဲ့အမျိုးသမီးရဲ့ ကျေးဇူးကြောင့် မဟုတ်ရင်.. ငါ....”
ရုတ်တရက် သူက ပြောနေတာကို ရပ်တန့်လိုက်၏။
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ဗလတောင့်တောင့်လူက ဆက်ပြောရမည့်အစား တစ်ခုခုကို ဖုံးကွယ်လိုက်တာ သိသာလေသည်။
ဆူဇီမိုက မေးမလို့ ပြင်လိုက်စဉ်မှာပင် ဗလတောင့်တောင့်လူက စကားလမ်းကြောင်း ပြောင်းပြီး ဟိုးအတိတ်က သူဘယ်လောက်စွမ်းအားကြီးကြောင်း၊ ဘယ်လိုမျိုး ခမ်းနားထည်ဝါခဲ့ကြောင်း၊ သူ့လမ်းကြောင်းမှာ ရှိသမျှ အရာတိုင်းကို မည်သို့မည်ပုံ လွှမ်းမိုးခြယ်လှယ်ခဲ့ကြောင်း အာပေါင်အာရင်းသန်သန်ဖြင့် လွှတ်ပြောလေတော့သည်။
ဗလတောင့်တောင့်လူသည် အပြင်လောကသို့ သူစတင်ခြေချစဉ်က သူ့ရဲ့ ပထမဆုံးတိုက်ပွဲအကြောင်း ပြောတာကိုပင် တစ်နာရီတိတိ အချိန်ယူခဲ့လေသည်။ သူသည် ပြောနေရင်းနှင့် စိတ်လှုပ်ရှားတက်ကြွလာပြီး သူ၏ တံတွေးများက တဖွားဖွားလွင့်ပျံကာ .. အဆုံးမသတ်နိုင်တော့ပေ။
“ဒီမွေးနီတစ္ဆေက ဒီလောက်တောင် စကားများရလားဟ”
ဆူဇီမိုသည် နားထောင်နေရင်းနှင့် စိတ်မရှည်နိုင်တော့ပေ။
တျဲယွဲ့အကြောင်းကလွဲလျှင် ဗလတောင့်တောင့်လူကြီး နောက်ပိုင်းပြောသည့် အကြောင်းအရာများကို သူဆက်ပြီး စိတ်မဝင်စားနိုင်တော့ပေ။
ဆူဇီမိုသည် မနေနိုင်တော့ဘဲ ဖြတ်ပြောလိုက်၏။
“မွေးနီတစ္ဆေ.. ခင်ဗျား စောစောက ပြောတော့ ကျုပ်အတွင်းအမြုတေကို ပြန်ပြုပြင်ဖို့ ကူညီပေးမယ်ဆို”
“ဟုတ်တယ်လေ”
ဗလတောင့်တောင့်လူက ခေါင်းညိတ်ပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။
“ငါစကားပြောနေရင် ဖြတ်မပြောနဲ့.. ပြောလို့ပြီးအောင် စောင့်ကွ.. ဘာတွေ လာလောနေတာလဲ”
“ကျုပ် စိတ်မဝင်စားတော့ဘူး”
ဆူဇီမိုက အေးစက်စက် သရော်ပြီး လှည့်ထွက်လိုက်၏။
ချွင်.. ချွမ်..
ရုတ်တရက် သူ့နောက်မှ ချိန်းကြိုးသံများက ထွက်ပေါ်လာ၏။
သည်တစ်ခါ ထွက်လာသည့် အသံက တစ်နည်းတစ်ဖုံ ထူးဆန်းနေ၏။
ဆူဇီမိုက အလိုလို လှည့်ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်က သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေလေသည်။
စောစောက ဗလတောင့်တောင့်လူကြီးကို ချိန်းကြိုးနှင့် တုတ်နှောင်ထားသည့်နေရာက ယခုအခါ ဘာမှ မရှိတော့ပေ။
အဲ့ဒီမှာ မြေပြင်ပေါ် ပုံလျက်သား ခွေကျနေသည့် ချိန်းကြိုးများသာ ရှိတော့လေသည်။
“ဒါ...”
ဆူဇီမိုသည် လုံးဝ ကြောင်အသွား၏။
ရုတ်တရက်.. သူ့ခေါင်းပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည်ဟု ခံစားလိုက်ရပြီး သူ့ဂုတ်ပေါ်ရှိ ကြွက်သားများက တင်းကျပ်သွား၏။ စွမ်းအားကောင်း၍ ကြီးမားသည့် လက်တစ်ဖက်က သူ့ကို ဆွဲမလိုက်ခြင်း ဖြစ်လေသည်။
ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ သူက လုံးဝ မလှုပ်နိုင်တော့ခြင်းပင်။
ထို့နောက် ဗလတောင့်တောင့်လူကြီး၏ အသံက တစ်ဖန် ထွက်ပေါ်လာ၏။
“မင်းကို ငါပြောပြမယ်.. အဲ့ဒီချိန်းကြိုးတွေက သက်သက်ဟန်ပြဆင်ထားတာကွ.. အဲ့ဒီသံချေးတက်နေတဲ့ ချိန်းကြိုးလေးတွေက ငါ့ကို ချုပ်နှောင်ထားနိုင်မယ်လို့ တစ်ကယ်ကြီးထင်နေတာလား”
“အတိတ်ကာလတုန်းက ငါဘာကောင်လဲဆိုတာ မင်းမသိဘူးလား...”
“ဒီတောင်ကြားအောက်ခြေမှာ ငါနေခဲ့ရတာ ကြာလှနေပြီ.. ငါ့မှာ ပျင်းလို့ သေတော့မယ်.. နောက်ဆုံး အခုတော့ ငါနဲ့စကားပြောဖို့ လူတစ်ယောက်ရောက်လာပြီလေ.. မင်းက ဒီအတိုင်း လွယ်လွယ်နဲ့တော့ ပြန်ထွက်သွားလို့ ဘယ်ရပါ့မလဲ”
“အစတုန်းကတော့ ရည်ရည်မွန်မွန်နဲ့ ဦးပဉ္ဇင်းလေးတစ်ပါး ရောက်လာပြီး ငါနဲ့ စကားလာပြောသေးတယ်.. နောက်တော့ ဘာဖြစ်သွားလဲ မသိဘူး.. သူလဲ တစ်ခါမှ ပြန်ပေါ်မလာတော့ဘူး”
ဆူဇီမိုသည် မရေမတွက်နိုင်သော ပုရွက်ဆိတ်လေးများက သူ့တစ်ကိုယ်လုံးပေါ်သို့ တရွရွနှင့် တက်လာပြီး သူ့ဦးခေါင်းက ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။
မင်းကျန်က ဘာကြောင့် ကြောက်လန့်တကြား အမူအယာနှင့် သူ့ကို မဟာခန်းမနောက်ဖေးရှိ ခြံဝန်းထဲသို့ မသွားဖို့ အတန်တန် မှာခဲ့သလဲဆိုတာ နောက်ဆုံး သူနားလည်းလာလေသည်။
တစ်ချိန်တည်းမှာပင် ကျမ်းစာတိုက်ထဲတွင် မင်းကျန်သည် မေတ္တာပွားများနေသည့် ပုံစံနှင့် လက်အုပ်ချီထားပြီး သက်ပြင်းချလိုက်၏။
“ဂျူနီယာညီလေး မင်းရှင်.. ကံကောင်းပါစေကွာ....”