← Chapters

ရေတစ်ခွက်

Vol. 40 Ch. 591

ရေတစ်ခွက်

Vol. 40 Ch. 591

ဗလတောင့်တောင့်လူ၏ ဆွဲမထားခြင်း ခံရသော ဆူဇီမိုသည် ဘဲကလေးတစ်ကောင်လို ကူကယ်ရာ မဲ့နေ၏။

သူ့ကျင့်ကြံမှုက ဖျက်ဆီးခံထားရသော်လည်း သူ့ကိုယ်ကာယနှင့် မျိုးဆက်သွေး၏ စွမ်းအားက ကျန်ရှိနေသေး၏။

ယခုတော့ ဗလတောင့်တောင့်လူကြီးကို သူ့ကို ဘဲကလေး၊ ကြက်ကလေး တစ်ကောင်လို ဂုတ်ကနေ ဆွဲယူမပြီး သုသာန်၏ အနက်ပိုင်းထဲသို့ ပြန်ဆွဲခေါ်သွားတာကို ကူကယ်မဲ့စွာနှင့် ဒီအတိုင်း ကြည့်နေရ၏။

“ဒါက ဘယ်လို ဖြစ်ရတာလဲ”

“အဲ့ဒီချိန်းကြိုးတွေက ဒီမွေးနီတစ္ဆေကို အကျဉ်းချထားတာ မဟုတ်ဘူးလား”

“ချိန်းကြိုးတွေက သူ့ကို မချုပ်နှောင်ထားနိုင်မှတော့ သူက ဘာလို့ ရူးကြောင်ကြောင်နဲ့ ဒီသုသာန်ထဲမှာ နေနေသေးတာလဲ”

“ဆရာကရော ဒီကိစ္စကို မသိဘူးလား”

“သူနဲ့ ဒီမွေးနီတစ္ဆေရဲ့ ပတ်သတ်မှုကရော ဘယ်လိုလဲ”

ဆူဇီမို၏ စိတ်အာရုံထဲသို့ အတွေးပေါင်း သောင်းခြောက်ထောင်က ချက်ချင်းပင် ဝင်ရောက်လာလေသည်။

မွေးနီတစ္ဆေ၏ ပါးစပ်ကနေ တတွတ်တွတ်နှင့် တောက်လျှောက်ထွက်လာနေသော တောင်စဉ်ရေမရ ရောက်တတ်ရာရာ စကားများက သူ့ဦးခေါင်းကို ပေါက်ကွဲထွက်စေတော့မည်ဟု တစ်ကယ်ပင် ခံစားလာရ၏။

ဘုန်း..

ဆူဇီမိုကို မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ သူက ကျုံးထမလို့ လုပ်စဉ်မှာပင် ချိန်းကြိုးသံများက ထွက်ပေါ်လာပြီး သူ့ကို တုတ်ခိုင်စွာ ရစ်ပတ်လိုက်သည်ကို တွေ့လိုက်ရ၏။

ဝုန်း..

သူ၏ မျိုးဆက်သွေးစွမ်းအားကို လှည့်ပတ်၍ အစွမ်းကုန်ထုတ်ကာ ရုန်းကန်လိုက်၏။

အချည်းနှီးပင်။

ချိန်းကြိုးများက သံချေးတက်နေသော်လည်း အလွန်တရာ ပြတ်သားတောင့်တင်းပြီး ချိုးဖျက်ဖို့ရာ မဖြစ်နိုင်ပေ။

သူ့မျိုးဆက်သွေးစွမ်းအားက ပင်လယ်ထဲသို့ ကျသွားသော ကျောက်ခဲတစ်လုံးလို စုန်းစုန်းမြုပ်သွားလေသည်။

ဆူဇီမို၏ မျက်လုံးများက အေးစက်စက်အလင်းဖြင့် ဝင်းလက်သွားပြီး သူ့ခန္ဓာကိုယ်က တဖျောက်ဖျောက် မြည်လာ၏။ သူ့အရိုးနှင့် အရွတ်များမှ အသံဗလံများက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ကျုံ့သွားလေသည်။

အရွတ်အသွင် ပြောင်းလဲခြင်း...

သူ၏ ကိုယ်ကာယခွန်အားဖြင့် ရုန်းမထွက်နိုင်မှတော့ ဆူဇီမိုသည် ဗျူဟာပြောင်းပြီး ခန္ဓာကိုယ်ကို ကျုံ့ကာ ထွက်ပြေးနိုင်ဖို့ ကြိုးစားလိုက်၏။

ဗလတောင့်တောင့်လူက သူ့ကို ဒီနေရာမှာ ချုပ်နှောင်ထားပြီး ဘာလုပ်ချင်သလဲဆိုတာ ဘုရားသာ သိပေလိမ့်မည်။

ဗလတောင့်တောင့်လူက မကောင်းသည့် ရည်ရွယ်ချက် မရှိဘူးဆိုလျှင်တောင် သူ၏ တောင်စဉ်ရေမရ ပေါက်တတ်ကရ ပြောဆိုမှုများကို သူ မခံစားနိုင်ပေ။

ဆူဇီမို၏ ခန္ဓာကိုယ်က ကျုံ့ဝင်လာချိန်တွင် မထင်မှတ်ထားစွာနှင့် ချိန်းကြိုးများကပါ လိုက်လံတင်းကျပ်လာပြီး သူ့ခန္ဓာကိုယ်ကို မြဲမြံ့စွာ ချုပ်နှောင်ထားလေသည်။

“ဟဟဟားဟား”

ဗလတောင့်တောင့်လူကြီးက ဘေးကနေ လှောင်ပြောင်ရယ်မောလိုက်၏။

“အဲ့ဒီသံချေးတက်နေတဲ့ ချိန်းကြိုးတွေက ငါ့ကို ထိန်းမထားနိုင်ပေမယ့်လို့ မင်းလောက်ကတော့ အသာလေးပေါ့.. စွမ်းအင်ကို ချွေတာစမ်းပါ ကောင်လေးရာ”

ဆူဇီမိုသည် ထပ်ပြီး ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ ဖြစ်ရသည်ကို တွေ့ရသည့်အတွက် နောက်ဆုံး လက်လျှော့ပြီး ဗလတောင့်တောင့်လူကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။

ယခု သူတို့က အရမ်းနီးကပ်နေသောအခါမှသာ ဗလတောင့်တောင့်လူများ အသားများစွာ မရှိကြောင်း ဆူဇီမို တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးက အရေနှင့် အရိုးများချည်းသာ။

သို့သော်လည်း သူ့မှာ အလွန်ကြီးမားသည့် တည်ဆောက်မှု ပုံသဏ္ဌာန်ရှိပြီး သူ့အရိုးများက အလွန်တရာ သန်မာပုံရကာ သူ့ကို အရပ်ရှည်ရှည်နှင့် စွမ်းအားကြီးမားသည့်ပုံ ပေါက်နေစေ၏။ သူ၏ လှုပ်ရှားမှုတစ်ချက်စီတိုင်းက ပေါက်ကွဲစွမ်းအားများဖြင့် ပြည့်နှက်နေပုံရ၏။

ဗလတောင့်တောင့်လူကြီးထံမှ အံ့မခန်းအော်ရာက ထွက်ပေါ်နေပြီး သူက အလွန်တရာ အန္တရာယ်ရှိကာ ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာသလိုပင်။

မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုသည် ရံဖန်ရံခါ တသိမ့်သိမ့် တုန်ယင်သွားတတ်၏။

ဒီမွေးနီတစ္ဆေ၏ နောက်ခံက ဘာလဲဆိုတာ သူ မသိရပေ။

ဤမွေးနီတစ္ဆေနှင့် ပတ်သတ်၍ သူသိရသော တစ်ခုတည်းသောအရာမှာ အရမ်းစကားများလွန်းတာပင်။ သူသည် အတော်လေးကို အောင့်အည်းသည်းခံနေရ၏။

“ကောင်လေး.. ငါ့မှာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းခဲ့ရလဲဆိုတာ မင်းသိလား”

“ဒီတောင်ကြားကို အပြင်လောကနဲ့ ပိုင်းခြားထားတယ်.. ဒီနေရာမှာ ငါ့အပြင် အဲ့ဒီဘုန်းကြီးတစ်ပါးပဲ ရှိတယ်.. နောက်ဆုံးမှာတော့ အဲ့ဒီအဖိုးကြီးကလဲ ဝစီပိတ်ကျင့်ကြံသွားတယ်လေ”

“ငါ သူ့ကို ဘာပဲပြောပြော သူက ငါ့ကို နဲနဲလေးမှ အဖက်မလုပ်တော့ဘူး.. မင်းစဉ်းစားကြည့်လေ ဒီလောက်နှစ်တွေ အများကြီး ငါဘယ်လောက်တောင် တောင့်ခံခဲ့ရလဲဆိုတာ”

ထိုနေရာအရောက်တွင် ဗလတောင့်တောင့်လူကြီးက မကျေမချမ်း ဖြစ်လာပြီး အံကိုကြိတ်ကာ သူ၏ လက်သီးကြီးဖြင့် မြေကြီးကို ပစ်ထိုးချလိုက်၏။

သုသာန်တစ်ခုလုံးက လှုပ်ခါသွားလေသည်။

ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်မိ၏။

“ဘာလို့ ခင်ဗျားတို့ နှစ်ယောက်ထဲလို့ ပြောတာလဲ.. အဲ့မှာ ဦးပဉ္ဇင်းလေးတစ်ပါး ရှိသေးတယ်လေ”

ဆူဇီမိုသည် ပြောပြီးမှ ချက်ချင်း နောင်တ ရသွား၏။

တစ်ကယ်ပင် ဆူဇီမိုထံမှ တုံ့ပြန်မှုကို မြင်ရသောအခါ ဗလတောင့်တောင့်လူက ပို၍ စိတ်လှုပ်ရှားတက်ကြွလာပြီး တောက်ပလာသော မျက်လုံးများနှင့် ဆူဇီမိုဘေးသို့ ပြေးလာပြီး ထိုင်ချလိုက်၏။

“အဲဒီဦးဇင်းလေးအကြောင်း ပြောရရင် ငါ့မှာ ပိုလို့တောင် ဒေါသထွက်ရသေးတယ်”

“အဲ့ဦးဇင်းလေးက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အပေါ်ကနေ ပြုတ်ကျလာတာလေ.. အစတုန်းကတော့ သူက နာခံတတ်တယ်၊ ရိုးသားတယ်.. ငါ့ဆီ နေ့တိုင်းလာပြီး စားစရာတွေလဲ လာကျွေးတယ်.. ငါနဲ့ စကားတွေလဲ လာပြောတယ်”

“ဒါပေမယ့်လို့ နှစ်ဝက်တောင် မကြာလိုက်ပါဘူး.. သူ ငါ့ဆီ လုံးဝ ရောက်မတော့ဘူး.. သေစမ်းကွာ လခွမ်းပဲ”

ဗလတောင့်တောင့်လူကြီးက မကျေမနပ်နှင့် အော်ဟစ်လိုက်၏။

ဆူဇီမိုကတော့ စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်လေသည်။

“စီနီယာအစ်ကိုမင်းကျန်က ဒီလူနဲ့ နှစ်ဝက်လောက်တောင် စကားလာပြောနိုင်တယ်ဆိုတော့ တော်တော်သည်းခံနိုင်တာပဲ”

“ကောင်လေး.. အဲ့ဒီဘုန်းကြီးနှစ်ပါးဆီကနေ မင်းဘာမှ သင်ယူလို့ ရမှာ မဟုတ်ဘူး”

“အဲ့အစား မင်း ငါနဲ့ စကားလာပြောတာက သေချာပေါက် ပိုအကျိုးရှိလိမ့်မယ်”

ဆူဇီမိုသည် သူ့ဦးခေါင်းက ချာချာလည်လာသည်ဟု ခံစားလိုက်ရပြီး ဘာအကျိုးအမြတ်နှင့် ပတ်သတ်တာကိုမှ မစဉ်းစားနိုင်ပေ။

သူသည် ဤချိန်းကြိုးများ၏ ချုပ်နှောင်မှုကနေ ကင်းလွတ်လျှင် ချက်ချင်း ထပြေးမည်ဖြစ်ပြီး နောက်ဖေးခြံဝန်းထဲသို့ ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။

. . .

အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှ အလင်းရောင်က တဖြည်းဖြည်းချင်း တက်လာ၏။

ဒီလိုနဲ့ပဲ ဗလတောင့်တောင့်လူကြီး၏ ထွေရာလေးပါး တောင်စဉ်ရေမရ စကားများကို နားထောင်ရင်းနှင့် တစ်ညတာက ကုန်ဆုံးသွားလေပြီ။

ဗလတောင့်တောင့်လူကြီးက နှမြောတမ်းတဟန်ဖြင့် ရေရွတ်လိုက်၏။

“အချိန်တွေ ကုန်တာကလဲ တစ်ကယ်ကို မြန်လိုက်တာကွာ.. ငါ အခုမှ စကားလေး နဲနဲပဲ ပြောရသေးတယ်”

သူသည် ဆူဇီမိုကို လှည့်ကြည့်ပြီးနောက် ထိတ်လန့်တကြားနှင့် မေးလိုက်၏။

“အ.. ဘုန်းကြီးလေး.. မင်းမျက်ကွင်းတွေက ဘာလို့ အဲ့လို ညိုနေတာလဲ”

“မင်းမျက်လုံးတွေကလဲ နီရဲနေတာပဲ ကြည့်စမ်း”

“မင်းကြည့်ရတာ နေမကောင်းဘူးထင်တယ်.. အသားအရေကလဲ စိမ်းဖန့်ဖန့်နဲ့.. မင်း ဟိုအလောင်းကောင်တွေဆီက အဆိပ်တွေ ဘာတွေများ မိသွားသေးလား”

“ငါ့ကောင်.. မင်းကြွက်သားတွေကလဲ တဆတ်ဆတ်နဲ့ လှုပ်လို့ပါ့လား.. ကြွက်တက်နေတာများလား”

ဆူဇီမိုသည် မချင့်မရဲနှင့် မျက်လုံးလှန်ကြည့်ကာ သတိလစ်မတတ် ဖြစ်သွားရ၏။

ဖတ်..

ဗလတောင့်တောင့်လူက ရုတ်တရက် နားလည်သဘောပေါက်သွားသလို သူ့နဖူးသူ လက်ဖြင့် ရိုက်ချလိုက်၏။

“ငါ သိပြီ.. ဘုန်းကြီးလေး.. ပြီးခဲ့တဲ့ ညက မင်း ကောင်းကောင်း မနားခဲ့ရဘူးမလား”

“ဘယ်နားကို.. သွားနားရမှာလဲ”

ဆူဇီမိုသည် ဗလတောင့်တောင့်လူအား ထိုးနှက်ချင်စိတ်ကို ဖိနှိပ်ပြီး အံကြိတ်ကာ မာန်မဲလိုက်၏။

သူသည် ဗလတောင့်တောင့်လူ ပြောသည့် စကားများကို ဆက်ပြီး နားထောင်ရမည့်အစား မြောက်ပိုင်းဒေသက ပြိုင်စံရှားများနှင့်သာ သုံးရက်လောက် မရပ်မနားဘဲ အကြိတ်အနယ် တိုက်ခိုက်ချင်မိလေသည်။

ဤမွေးနီတစ္ဆေက တစ်ကယ့်ကို နတ်ဆိုးပင်။

“ကြည့်စမ်း ကြည့်စမ်း.. ဘုန်းကြီးလေး.. မင်းမျက်လုံးတွေက ဘာလို့ အဲ့လောက်ထိ ပြူးနေရတာလဲ”

“မင်းမှာ ဘာပြဿနာ ရှိနေတာလဲ.. ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်စမ်းပါ.. ရင်ထဲမှာ မျိုသိပ်မထားနဲ့ကွ”

ဗလတောင့်တောင့်လူက ဆူဇီမို၏ ပုခုံးကို ပုတ်ပြီး ရိုးသားတည်တံ့စွာနှင့် နှစ်သိမ့်လိုက်၏။

ဆူဇီမိုသည် ခေါင်းထဲမှာ ချာချာလည်လာသည်ဟု ခံစားရပြီး ပင့်သက်ကို သည်းထန်စွာ ရှိုက်ကာ သူ့ခေါင်းကို ငုံ့လိုက်၏။ သူ့ခြေလက်များက ပျော့ခွေနေပြီး သူ့မှာ နောက်ထပ် စကားထပ်ပြောဖို့ပင် ခွန်အား မရှိတော့ပေ။

ဗလတောင့်တောင့်လူ၏ မျက်လုံးထဲမှာ သားရဲဆန်ဆန်အလင်းက တစ်ချက်လက်သွား၏။

သူက လက်တစ်ဖက်ကို ယပ်ခေါ်လိုက်သောအခါ မလှမ်းမကမ်း မြက်ခင်းတစ်ခုစီမှ နှင်းရည်အပြည့်ပါသော အိုးခြမ်းပဲ့ခွက်တစ်ခွက်က ပျံသန်းလာ၏။

ဗလတောင့်တောင့်လူ၏ လက်ညိုးပေါ်မှ အေစက်စက်အလင်းဖြင့်လက်နေသော လက်သည်းတစ်ခုက အနည်းငယ် ပြူထွက်လာပြီး အဲ့ဒါနှင့် သူ၏ လက်မကို ညင်သာစွာ လှီးလိုက်၏။

သူ၏ လက်မမှာ ပါးလွှာသော ပြတ်ရှရာလေးတစ်ခုက ပေါ်လာပြီး သွေးစလေးတစ်စက သီးလာ၏။

ထိုသွေးစလေးက အရမ်းကို သေးငယ်ပြီး ပုံမှန်သွေးစက်တစ်စက်၏ အပုံတစ်သောင်းပုံမှာ တစ်ပုံလောက်သာ ရှိလေသည်။ အဲ့ဒါက နှင်းရည်ခွက်ခွက်ထဲသို့ ပြုတ်ကျသွားပြီးနောက် လျှင်မြန်စွာ ရောနှောပျော်ဝင်သွားလေသည်။

နှင်းရည်ခွက်က ကြည်လင်နေဆဲဖြစ်ပြီး ထူးခြားတာ ဘာမှ မရှိပေ။

သူ့လှုပ်ရှားမှုက အလွန်တရာ သိမ်မွေ့ပြီး မြန်ဆန်လှ၏။

ဗလတောင့်တောင့်လူက အိုးခြမ်းပဲ့ကို လက်ခံယူလိုက်ချိန်တွင် သူ့လက်ညိုးက လက်မနှင့် ထိတွေ့သွားပြီး လက်မပေါ်မှာ ပြတ်ရှရာလေးတစ်ခု ပေါ်လာပြီးနောက် ချက်ချင်းပင် တန်း၍ ပြန်လည်ပျောက်ကွယ်သွား၏။ ဆူဇီမိုက ခေါင်းငိုက်စိုက်ကျနေသောကြောင့် ဘာကိုမှ သတိမထားမိလိုက်ပေ။

ဗလတောင့်တောင့်လူက အိုးခြမ်းပဲ့ခွက်ကို ယူလာပြီး ဆူဇီမိုရှေ့သို့ ဟန်ဆောင်ပြုံးတစ်ခုနှင့်အတူ ထိုးပေးလိုက်၏။ ရုတ်တရက် ထွက်ပေါ်လာသော သူ၏ အသံက သံသယဝင်စရာ ကောင်းနေ၏။

“ဘုန်းကြီးလေး.. ညက မင်းတော်တော် ပင်ပန်းခဲ့မှာပဲ.. ရေလေးဘာလေး သောက်လိုက်ပါဦး”

ဆူဇီမိုသည် တစ်ညလုံး စကားများစွာ မပြောခဲ့ရသော်လည်း တစ်ကယ်ကို ပင်ပန်းနေလေသည်။ သူ့ရှေ့မှောက်တွင် လတ်ဆတ်သော ရေကို တွေ့လိုက်ရသောအခါ သူ့အာခေါင်က ခြောက်ကပ်လာ၏။

သူသည် အိပ်ချင်မူးတူးလည်း ဖြစ်နေတာကြောင့် ဘာမှ သိပ်ပြီး စဉ်းစားမနေတော့ဘဲ အိုးခြမ်းပဲ့ခွက်ကိုယူကာ တစ်ကျိုက်တည်း မော့သောက်ချပစ်လိုက်လေသည်။

All Chapters