← Chapters

ဘယ်သူ ငိုနေတာလဲ

Vol. 40 Ch. 593

ဘယ်သူ ငိုနေတာလဲ

Vol. 40 Ch. 593

“ကျတော်က အဲ့လိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူးဗျာ.. ကျတော်က စေတနာကောင်းနဲ့ လုပ်လိုက်မိတာပါ”

“အခုကြည့်လေ.. ဘုန်းကြီးလေးက အခု ပြန်ကောင်းလာပြီမှတ်လား”

“ဒီလောက် ကိစ္စလေးအတွက်နဲ့ အစ်မကြီးကိုယ်တိုင် ရောက်လာစရာ မလိုပါဘူးဗျာ.. ဟုတ်တယ်မလား”

“အစ်မကြီးရဲ့ ကျင့်ကြံမှုနည်းစနစ်တွေက တစ်ကယ့်ကို အံ့မခန်းပါပဲဗျာ.. ကောင်းကင်နဲ့ မြေကြီးကိုလဲ ကျွမ်းထိုးမှောက်ခုံ လုပ်နိုင်တယ်.. သေခြင်းရှင်ခြင်းကိုလဲ ဗြောင်းဗြန်လှန်နိုင်တယ်... အာ”

ဗလတောင့်တောင့်လူသည် ငိုယိုအော်ဟစ်နေရင်းနှင့် တစ်ခုခု လွဲနေတာကို သတိထားမိသွား၏။

လေထဲရှိ သွေးနီရောင်လိပ်ပြာက လုံးဝ မလှုပ်ရှားပေ။

အဲ့ဒါက အသက်ဓါတ်လည်း ရှိပုံ မရပေ။

သွေးနီရောင်လိပ်ပြာကို ခဏကြာ စိုက်ကြည့်ပြီးနောက် အဲ့ဒါက သတ်ဖြတ်ခြင်းစွမ်းအား လုံးဝ မရှိဘဲ ဆူဇီမို၏ အသက်ရှူခြင်းမှ ထွက်ပေါ်လာသော သားရဲချီများ၏ စုဖွဲ့ခြင်းမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်းကို ဗလတောင့်တောင့်လူ နားလည်သွား၏။

ဗလတောင့်တောင့်လူ၏ အမူအယာက ညိုမည်းသွားပြီး သူ့ပါးသူ ရိုက်ချင်စိတ် ပေါက်သွားလေသည်။

သူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သူဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် ဤကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေမှာ မဟုတ်ပေ။

သို့သော်လည်း လွန်ခဲ့သည့် ရှစ်နှစ်က ပေါ်လာခဲ့သော ထိုအမျိုးသမီးသည် အလွန်တရာ လွှမ်းမိုးခြယ်လှယ် စီးပိုးလွန်းပြီး သူ့နှလုံးသားထဲမှာ စိတ်ဒဏ်ရာတစ်ခုကို ချန်ပေးသွားခဲ့လေသည်။

စောစောက သွေးနီရောင်လိပ်ပြာကို မြင်ရချိန်တွင် ထိုအမျိုးသမီးက ပြန်ရောက်လာသည်ဟု သူခံစားလိုက်ရ၏။

ဗလတောင့်တောင့်လူသည် အစကတည်းက ဆူဇီမိုကို သေလုမြောပါး ဖြစ်စေခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ လိပ်ပြာမလုံ ဖြစ်နေခြင်းဖြစ်၏။

သွေးနီရောင်လိပ်ပြာကို မြင်ရချိန်တွင် သူ့စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် အတွေးမှာ သူမက သူ့လူကို ထိသည့်အတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းတော့မည်ဟုပင်။ ချက်ချင်းပင် သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ခွန်အားများကို ဆုံးရှုံးကာ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွားမိ၏။

ဘုန်းကြီးအိုက သူ့ထက်စာလျှင် ပိုတည်ငြိမ်လေသည်။

ဗလတောင့်တောင့်လူသည် ရှက်ကိုးရှက်ကန်းနှင့် မတ်တပ်ထရပ်ပြီး အိုးတိုးအမ်းတမ်းနှင့် ချောင်းဟန့်လိုက်၏။

ကံကောင်း၍ ဘုန်းကြီးလေးက သတိလစ်နေဆဲဖြစ်ပြီး စောစောက အဖြစ်အပျက်ကို မမြင်လိုက်ရပေ။ မဟုတ်ပါက တွင်းတစ်တွင်းတူး၍ သူ့ခေါင်းကို သွားဝှက်ထားရပေတော့မည်။

ဘုန်းကြီးအို၏ ရီဝေဝေမျက်လုံးထဲတွင် လှောင်ပြောင်သလို အကြည့်က ဖျတ်ကနဲ ပေါ်လာပြီး ပြောလိုက်၏။

“အဲ့ဒီ ကြီးမြတ်လှပါတယ်ဆိုတဲ့...”

“အဖိုးကြီး”

ဘုန်းကြီးအို၏ စကားမဆုံးသေးခင်မှာပင် ဗလတောင့်တောင့်လူက ဖြတ်အော်လိုက်၏။

သူသည် ဘုန်းကြီးအိုကို လက်ညိုးငေါက်ငေါက်ထိုးပြီး မျက်လုံးပြူးမျက်ဆံပြူးနှင့် ဟိန်းဟောက်လိုက်၏။

“ခင်ဗျား ပါးစပ်ကို ပိတ်ထားလိုက်တော့”

ဘုန်းကြီးအိုက အေးစက်စက် သရော်ပြုံးလိုက်၏။ ဆူဇီမိုကို လှည့်ကြည့်လိုက်သောအခါ သူ၏ အသက်ရှူသံက တည်ငြိမ်လာပြီး အန္တရာယ်မရှိနိုင်တော့တာကို တွေ့လိုက်ရသည့်အတွက် ဘုန်းကြီးအိုက စိတ်သက်သာရာ ရသွား၏။ ထိုသို့နှင့် သူက လှည့်ထွက်လာခဲ့လေသည်။

လမ်းတစ်ဝက်သို့ ရောက်သောအခါ ဘုန်းကြီးအိုက ရုတ်တရက် ရပ်တန့်လိုက်ပြီး မှင်သေသေဖြင့် ရေရွတ်လိုက်၏။

“မွေးနီတစ္ဆေတဲ့လား.. ဟမ်း.. နာမည်လေးက မဆိုးပါဘူး”

ဗလတောင့်တောင့်လူသည် ခဏမျှ ကြောင်အသွားပြီးနောက် ပြီးမှ အသိစိတ် ပြန်ဝင်လာ၏။ ထိုအခါ ဘုန်းကြီးအိုက နောက်ဖေးခြံဝန်းထဲမှာ မရှိတော့လေပြီ။

သူသည် လက်သီးကို တဖျောက်ဖျောက် မြည်လာသည့်အထိ တင်းကျပ်နေအောင်ဆုပ်ပြီး အံကိုကြိတ်ကာ ငေါက်ငမ်းလိုက်၏။

“လခွမ်းထဲမှ.. ငတုံးဘုန်းကြီး.. ကျုပ်ကို လာစနောက်နေမယ့်အစား ခင်ဗျားရဲ့ ဗုဒ္ဓတရားတော်တွေကိုပဲ ကျင့်ကြံပြီး အဲ့မှာ အချိန်ဖြုန်းနေစမ်းပါလား”

. . .

အတန်ကြာပြီးနောက် ဆူဇီမိုက နိုးထလာ၏။

သူ့မျက်လုံးများက ငေးကြောင်နေပြီး လူးလဲထထိုင်လိုက်၏။ သူ့ခေါင်းကို ပွတ်သပ်ကာ အတန်ကြာ ထိုင်နေပြီးမှ သူသတိမလစ်ခင် ဖြစ်ပျက်ခဲ့သည့် အရာများကို ဖြည်းဖြည်းချင်း ပြန်မှတ်မိလာ၏။

ဆူဇီမို၏ စိတ်အာရုံထဲတွင် မွေးနီတစ္ဆေ၏ ကြီးမားသည့် မျက်နှာကြီးက ထပ်ကာထပ်ကာ ပေါ်လာပြီးနောက် သူ့နားထဲမှာ တဝီဝီမြည်လာသလို ခံစားလိုက်ရ၏။

ဆူဇီမိုသည် တသိမ့်သိမ့် တုန်ယင်သွားပြီး ဘာမှ စဉ်းစားမနေတော့ဘဲ ခုန်ထကာ မဟာခန်းမဆီသို့ ခြေကုန်သုတ်ပြေးလိုက်၏။

“အမ်”

ခဏမျှ ပြေးလွှားပြီးနောက် ဆူဇီမိုက အမူအယာက ပြောင်းလဲသွားပြီး တစ်ခုခု ထူးခြားနေတာကို သတိထားမိလာ၏။

သူ့ခန္ဓာကိုယ်က အရင်ကထက် ပို၍ သန်မာလာသလိုပင်။

သူ၏ အတွင်းအမြုတေမှာ အရောင်တချို့က ပြန်ပေါ်လာပြီး အက်ကွဲကြောင်းတစ်ခုကလည်း ပြန်လည်ပြုပြင်ပြီးသား ဖြစ်နေလေပြီ။

“ဒါက...”

ရုတ်တရက်.. ဆူဇီမိုသည် နောက်ဆုံး သူသောက်ခဲ့သော ရေတစ်ခွက်ကို ပြန်လည် သတိရလာ၏။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ထိုရေတစ်ခွက်သာ...

“ဘုန်းကြီးလေး.. ဒီနေ့ကစပြီး တစ်လပြည့်တိုင်း.. ဒီနေရာမှာ ရေတစ်ခွက် လာသောက်လှည့်ဟေ့”

ရင်းနှီးနေကျ အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံက ဆူဇီမိုကို ရူးသွပ်လုနီးပါး နှိပ်စက်ညှင်းပန်းခဲ့သောအသံ ဖြစ်လေသည်။

ဆူဇီမိုသည် ဒီနေရာကနေ အစွမ်းကုန်သုံး၍ ပြေးထွက်ချင်စိတ်ကို ဖိနှိမ်ပြီး လှည့်ကြည့်လိုက်၏။

သုသာန်၏ အနက်ပိုင်းထဲတွင် ဗလတောင့်တောင့်လူသည် ချိန်းကြိုးများနှင့် ချုပ်နှောင်ခံထားရပြီး သူ့လက်နှစ်ဖက်ကို ခေါင်းအောက်မှာထား၍ လှဲအိပ်နေ၏။

သူက ဆူဇီမိုကို ကြည့်မနေဘဲ သူ့မျက်လုံးများကို မှိတ်၍ အနားယူနေသလိုပင်။

ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။

“မွေးနီတစ္ဆေ.. အဲ့ရေထဲမှာ ဘာပါတာလဲ”

မွေးနီတစ္ဆေဟူသော အသံကို ကြားချိန်တွင် ဗလတောင့်တောင့်လူ၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်ယင်လာပြီး စိတ်မရှည်စွာဖြင့် အော်လိုက်၏။

“ငါက မင်ကို သောက်လို့ပြောရင် သောက်လိုက်ပေါ့.. ဘာတွေ ပေါက်တတ်ကရ လိုက်မေးနေတာလဲ”

ဆူဇီမိုသည် အအော်ခံလိုက်ရသော်လည်း စိတ်မဆိုးပေ။

သူနိုးထလာပြီးနောက် သူ့အပေါ် ဗလတောင့်တောင့်လူ၏ စိတ်နေသဘောထားက အနည်းငယ် ပြောင်းလဲသွားသည်ကို ခပ်ရေးရေး သူခန့်မှန်းမိလိုက်၏။

ဘာကြောင့်လဲဆိုတာကိုတော့ သူထောက်မပြနိုင်ပေ။

သူသတိလစ်နေစဉ်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့တာ ဖြစ်ရပေမည်။

အဲ့ဒီ ရေတစ်ခွက်ကလည်း တော်တော်လေး ဆန်းကြယ်လေသည်။

သည့်အရင်က သူသည် နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးကို စားသုံးခဲ့ပြီး သူ့ခန္ဓာကိုယ်က မြောက်များလှစွာသော အသက်ဓါတ်များကို လက်ခံရရှိခဲ့တာတောင် သူ၏ အတွင်းအမြုတေက ပြန်ကောင်းလာဖို့ အလားအလာ လုံးဝ မပြခဲ့ပေ။

အခုတော့ အဲ့ဒီရေတစ်ခွက်ကို သောက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပို၍ သန်မာလာပြီး သူ့အတွင်းအမြုတေပေါ်ရှိ အက်ကွဲကြောင်းတစ်ခုကလည်း ပြန်ကောင်းလာ၏။

ထိုမျှသာ မကသေးပေ။

သူ့ခန္ဓာကိုယ်ထဲမှာ မြောက်များလှစွာသော အသက်ဓါတ်များက ကျန်ရှိနေသေးကြောင်း သူရှင်းလင်းစွာ ခံစားမိနေ၏။

သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ညစဉ်ညတိုင်း လေ့ကျင့်မည်ဆိုလျှင်တောင် ထိုစွမ်းအင်ပမာဏက သူ့ကို တစ်လလုံးလုံး ကျင့်ကြံဖို့ လုံလောက်လေသည်။

အရမ်းကို မိုက်တဲ့ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းနဲ့ မြောက်များလှစွာသော အသက်ဓါတ်အဆီအနှစ်များ.. ဘယ်လိုရေတစ်ခွက်ကများ အဲ့လောက် ဆန်းကြယ်တဲ့စွမ်းအားများကို ပိုင်ဆိုင်နိုင်ရတာလဲ။

ဆူဇီမိုသည် သူဖတ်ဖူးသမျှ ကျမ်းစာများထဲရှိ လောကဆိုင်ရာ ရတနာများကို ပြန်စဉ်းစားကြည့်သော်လည်း ထိုစိတ်ဝိညာဉ်ရေနှင့် နှိုင်းယှဉ်နိုင်တာ ဘာကိုမှ မတွေ့ရပေ။

သို့သော်လည်း သူရှင်းရှင်းလင်းလင်း သိထားသည့် အချက်တစ်ချက်တော့ရှိ၏။

ထိုစိတ်ဝိညာဉ်ရေကိုသာ လုံလောက်အောင် မှီဝဲခွင့်ရမည်ဆိုလျှင် သူ၏ အတွင်းအမြုတေက နှစ်အနည်းငယ်အတွင်း မူလအခြေအနေသို့ ပြန်ရောက်လာနိုင်၏။

သူသာ ဆက်လက်ကျင့်ကြံသွားမည်ဆိုလျှင် အတွင်းအမြုတေကို ပကတိ သို့မဟုတ် အဆင့်မြင့်ကျွမ်းကျင်မှုထိ ရရှိလာနိုင်လေသည်။

အဲ့ဒါက အပြင်လောကမှာ သူလုံလောက်သည့် အသားများကို စားသုံးရလျှင်တောင် မရရှိနိုင်သည့် ကျင့်ကြံမှုအမြန်နှုန်း ဖြစ်လေသည်။

သူ့အတွင်းအမြုတေ၏ ပြဿနာက ပြေလည်ဖို့ သေချာသလောက် ရှိသွားတာကြောင့် ဆူဇီမိုသည် ကျေနပ်နှစ်ခြိုက်သွား၏။

သူက အဲ့ဒါကို မသိကျိုးကျွန် ပြုထားလျှင်တောင် ဗလတောင့်တောင့်လူက သူ့ကို ကူညီပေးနေခြင်းဖြစ်သည်ဆိုတာကို သူပြောနိုင်လေသည်။

ထိုသို့ တွေး၍ ဆူဇီမိုသည် ဗလတောင့်တောင့်လူဘက်သို့ လေးနက်စွာ ဦးညွှတ်ပြီး ပကတိစိတ်ရင်းနှင့် ပြောလိုက်၏။

“ကျေးဇူးအများကြီး တင်ပါတယ် မွေးနီတစ္ဆေ.. ဒီလောကမှာ မကောင်းတဲ့တစ္ဆေတွေ ရှိသလို ကောင်းတဲ့တစ္ဆေတွေလဲ ရှိတယ်တဲ့.. ခင်ဗျားကတော့ ကောင်းတဲ့တစ္ဆေ အမျိုးအစားထဲမှာ ပါမယ် ထင်ပါရဲ့... အရမ်းစကားများလွန်းတာက လွဲရင်ပေါ့”

“ထွက်သွားတော့”

ဗလတောင့်တောင့်လူက ငေါက်ငမ်းလိုက်၏။

ဆူဇီမိုလည်း ပြေးထွက်လာခဲ့လေသည်။

ဗလတောင့်တောင့်လူသည် ဆူဇီမို၏ နောက်ကျောကို ငေးကြည့်ရင်း သွားကို တကျွိကျွိမြည်အောင် ကြိတ်ကာ ရွံ့မုန်းစွာနှင့် ပြောလိုက်၏။

“မင်းကသာ တစ္ဆေကွ.. မင်းတို့ တစ်ဆွေလုံး တစ်မျိုးလုံး အကုန် တစ္ဆေတွေချည်းပဲ”

. . .

ခန်းမ၏ အရှေ့ဘက် ခြံဝန်းထဲသို့ ဆူဇီမို ပြန်ရောက်လာသောအခါ နေ့လည်ခင်း အချိန်သို့ ရောက်နေလေပြီ။

မင်းကျန်က ခြံဝန်းထဲမှာ တရားစာများကို ရွတ်ဖတ်နေ၏။ ဆူဇီမိုက အကောင်းပကတိနှင့် ပြန်ထွက်လာသည်ကို တွေ့သောအခါ သူက မျက်လုံးပြူးသွားပြီး ဇဝေဇဝါနှင့် မေးလိုက်၏။

“ဂျူနီယာညီလေးမင်းရှင်.. မင်း အဆင်ပြေရဲ့လား”

နောက်ဖေးခြံဝန်းထဲရှိ ဗလတောင့်တောင့်လူက ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူသိထားလေသည်။

ထိုအထဲမှာ တစ်ညလုံး နေခဲ့ရသူက သူသာ ဖြစ်မည်ဆိုလျှင် လုံးဝ ပင်ပန်းနွမ်းနယ် နုန်းချိနေပေလိမ့်မည်။ ယခု ဆူဇီမိုကဲ့သို့ လန်းဆန်းတက်ကြွနေနိုင်မှာ မဟုတ်ပေ။

“ကျုပ် အဆင်ပြေပါတယ်”

ဆူဇီမိုက ပေါ့ပေါ့ပါးပါး အမူအယာဖြင့် မင်းကျန်၏ ပုခုံးကို ပုတ်ပြီး အပြုံးတုတစ်ခုနှင့်အတူ ပြောလိုက်၏။

“နောက်တစ်လနေပြီးရင် ကျုပ်အဲ့ကို ပြန်သွားဦးမှာ.. ကိုယ်တော်ရော မလိုက်ချင်ဘူးလား”

“ဟင့်-ဟင့်အင်း”

မင်းကျန်သည် ခေါင်းကို ဘယ်ညာ ခါရမ်း၍ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။

ဆူဇီမိုက ပြုံးလိုက်လေသည်။

ထိုအချိန်မှာပင် ဆရာတော်က တံခါးကိုဖွင့်၍ ထွက်လာပြီး သာမန်ကာလျှံကာ ပုံစံဖြင့် ပြောလိုက်၏။

“ဒီမနက် နဂါးသင်္ချိုင်းတောင်ကြားထိပ်ကို အမျိုးသမီးတစ်ယောက် ရောက်လာပြီးတော့ လာငိုနေတာ ဆယ်မိနစ်လောက် ရှိသွားပြီ... ဟင်း.. ဘာလိုလိုနဲ့ တစ်နှစ်တောင် ကြာသွားပါပြီလား”

“အမျိုးသမီးတစ်ယောက်.. ငိုနေတာလား”

ဆူဇီမိုသည် ခဏမျှ ကြောင်အသွား၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူသည် တစ်ခုခုကို အမှတ်ရသွားသည့်အလား ဘုရားကျောင်းအို အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

မင်းကျန်က စိုးရိမ်ပူပန်သော အမူအယာဖြင့် လှည့်ကြည့်ပြီး “ဆရာ.. ဆရာ့ရဲ့ ဓမ္မလက်နက်ကို ထပ်ပြီး ငှားပါဦး.. မင်းရှင်ကို ကျတော် ကာကွယ်ပေးရဦးမယ်”ဟု ပြောလိုက်၏။

“မလိုတော့ဘူး”

ဆရာတော်က ခေါင်းခါလိုက်၏။

“သူ့ကို တစ်ယောက်ထဲ လွှတ်ပေးလိုက်ပါ.. သူ့ဆီမှာ မင်းဝမ်ဆုတောင်းပုတီး ပါသွားတယ်.. အဲ့မှာရှိတဲ့ တစ္ဆေသရဲတွေက သူ့နားကို ကပ်လို့ရမှာ မဟုတ်ဘူး”

All Chapters