← Chapters

အချစ်က နက်ရှိုင်းတယ်.. ဒါပေမယ့် ရေစက်က တိုတောင်းတယ်

Vol. 40 Ch. 594

အချစ်က နက်ရှိုင်းတယ်.. ဒါပေမယ့် ရေစက်က တိုတောင်းတယ်

Vol. 40 Ch. 594

ဆူဇီမိုသည် တံခါးကို တွန်းဖွင့်ပြီး လမ်းလျှောက်ထွက်လာ၏။

ခဏတာအတွင်း သူသည် ဘုရားကျောင်းအို အပြင်ဘက်သို့ ရောက်လာပြီး အဲ့ဒီမှာ ဆိုးယုတ်စိတ်ဝိညာဉ်များနှင့် တစ္ဆေများ ရှိသည်ဆိုတာကိုပင် မေ့လျော့သွား၏။

ထိုအချိန်အတောအတွင်း သူ့စိတ်ထဲတွင်ရှိသော တစ်ခုတည်းသော အရာမှာ တစ်နှစ်ကြာပြီးနောက် နဂါးသင်္ချိုင်းတောင်ကြားထိပ်မှာ လာရောက်ငိုနေသည့် အမျိုးသမီး အကြောင်း ဖြစ်လေသည်။

ဘယ်သူ လာငိုနေတာလဲ..

သူမက ဘယ်သူ့အတွက် ငိုနေတာလဲ..

သူ့စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခုတော့ ရှိ၏။

သူ့ကို သေပြီဟု တွေးထင်ထားသော အပြင်လောကက လူတစ်ယောက် ဖြစ်ပေမည်။

ပြောရမည်ဆိုလျှင် ဒီနေ့က သူ့သေဆုံးမှု၏ နှစ်ပတ်လည်နေ့ပင် ဖြစ်လေသည်။

ဘုရားကျောင်းအိုထဲက ထွက်လာပြီးနောက် ဆူဇီမိုသည် တောင်ကြားလမ်းလေးထဲ ကွေ့ပတ်လျှောက်၍ ရှေ့သို့ ဖြည်းဖြည်းချင်း တက်လိုက်၏။

သိပ်မကြာမီ သူသည် ပျံ့လွင့်လာသော တရှုံ့ရှုံ့ငိုသံကို ပြတ်တောင်းပြတ်တောင်း ကြားလိုက်ရ၏။

သူသည် ခဏကြာ လမ်းလျှောက်ပြီးနောက် ရပ်တန့်လိုက်၏။

သူ့အတွင်းအမြုတေက အပြည့်အဝ ပြန်မကောင်းသေးသော်လည်း သူ့အကြားစွမ်းအားက ထက်ရှနေဆဲဖြစ်၏။

သူ့အထက်တည့်တည့်တွင် အမျိုးသမီးတစ်ယောက်က တရှုံ့ရှုံ့ငိုနေ၏။

တစ်ယောက်က တောင်ကြားထိပ်မှာဖြစ်ပြီး တစ်ယောက်က အောက်ခြေမှာ ဖြစ်လေသည်။

သူတို့ကြားထဲမှာ ပေထောင်ချီကွာဝေးနေ၏။

ဆူဇီမို ခေါင်းမော့ကြည့်လိုက်သောအခါ သူ့အထက်က မှောင်မည်းနေပြီး ဘာကိုမှ မမြင်ရပေ။

သို့သော်လည်း ဒီနေရာသို့ ရောက်လာသူက မည်သူမည်ဝါဖြစ်ကြောင်းကို သူသိသွားလေပြီ။

အထက်ကနေ မျက်ရည်တစ်စက်က တိတ်တဆိတ် ကျဆင်းလာပြီး ဆူဇီမို၏ မျက်နှာပေါ်သို့ နွေးထွေးစွာနှင့် ဆင်းသက်သွား၏။

ဆူဇီမိုက ဆိတ်ဆိတ်နေ၏။

အတန်ကြာပြီးနောက် တရှုံ့ရှုံ့ငိုသံက တိုးတိတ်လာပြီး နောက်ဆုံး ရပ်တန့်သွား၏။

“ဇီမို.. ဒီနေ့က နင့်နာရေးရဲ့ နှစ်ပတ်လည်နေ့ပဲ.. ငါ အခု နင့်ဆီကို အလည်ရောက်လာပြီ” အမျိုးသမီး၏ အသံက ထွက်ပေါ်လာ၏။

ဘာကြောင့်ရယ်မသိ.. ထိုအသံကို ကြားသောအခါ ဆူဇီမို၏ နှလုံးက ခုန်လာပြီး သူ့အမြင်အာရုံက ဝေဝါးလာ၏။

ဒီနေရာက နဂါးသင်္ချိုင်းတောင်ကြားပင်။

လူအတော်တော်များများက ဒီနေရာကို ရှောင်ကွင်း၍ သွားကြလေသည်။

ပြီးခဲ့သည့် နှစ်တစ်သောင်းအတွင်း စွမ်းအားကြီးသော သက်ရှိများစွာပင် ဒီနေရာမှာ မြှုပ်နှံခံခဲ့ရ၏။

ပြီးခဲ့သည့် တစ်နှစ်ကပင် မြောက်ပိုင်းဒေသ၏ မရေမတွက်နိုင်သော ပြိုင်စံရှားများစွာက ဒီနေရာမှာ သေဆုံးခဲ့ကြရ၏။

ဤနေရာက ကံဆိုးမိုးမှောင်ကျတတ်သော နေရာဆိုသည့် အချက်ကို ဘေးဖယ်ထားလျှင်တောင်.. မဟာချွမ်အပျက်အစီးနယ်မြေကို ဖြတ်ဖို့ပင် အဆုံးမဲ့တမလွန်စစ်သားများနှင့် အန္တရာယ်အခက်အခဲများစွာကို ကျော်ဖြတ်ရပေလိမ့်မည်။

“ငါက အခုဆို မဟာကျိုးဧကရီ ဖြစ်နေပြီ။ နန်းတော်ထဲ အခြားသူတွေရှေ့မှာဆို ငါအခုလို မပြောရဲ၊ မငိုရဲဘူးဟ”

“ဒီနေရာကသာ ငါ ဘာကိုမှ ဂရုမစိုက်ဘဲ စိတ်ရှိလက်ရှိ ငိုလို့ရတဲ့နေရာပဲ.. ဇီမို.. နင်ငါ့ကို ကြည့်ပြီး မရယ်ရဘူးနော်”

“ဇီမို.. ဘာမှ မပူနဲ့သိလား.. အစ်ကိုဆူဟုန်ကို ငါဖွက်ထားတယ်.. ငါ မသေမချင်း ဘယ်သူ့မှ သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး.. တစ်ခုပဲ...."

ထိုနေရာအရောက်၌ အမျိုးသမီးက ရပ်တန့်လိုက်၏။

“တစ်ခုပဲ.. ဖန်သားနန်းတော်က ကျင့်ကြံသူတွေက သူတို့ရဲ့ ဒေါသတွေ၊ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့အတွက် ယန်တိုင်းပြည်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်ဟာ.. အာ.. တော်သေးတာပေါ့ မိစ္ဆာဂိုဏ်းတွေထဲက စင်ကြယ်အပျိုစင်ဂိုဏ်းက ရောက်လာလို့သာ သူတို့အတော်များများကို ကယ်တင်လိုက်နိုင်တယ်”

ထိုနေရာအရောက်၌ ဆူဇီမိုသည် လက်သီးနှစ်ဖက်ကို တင်းကျပ်နေအောင်ဆုပ်၍ သူ့မျက်လုံးများက အမျက်ဒေါသဖြင့် မီးဝင်းဝင်းတောက်လာ၏။

ဆူဟုန်က အသက်ရှင်နိုင်ခဲ့သော်လည်း သူရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးသော သူ၏ ပြည်သူပြည်သားများစွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် သတင်းကို ကြားရလျှင် သူသည် စိတ်နှလုံးကြီးမားစွာ ထိခိုက်ခံစားရပေလိမ့်မည်။

ထိုခံစားချက်က ဆူဟုန်အတွက်တော့ သေတာထက်ပင် ပိုဆိုးနိုင်သေးလေသည်။

“ဖန်သား.. နန်းတော်”

ဆူဇီမိုအကြည့်က သတ်ဖြတ်လိုစိတ်နှင့်အတူ ညိုမည်းလာပြီး အဲ့ဒါက အစိုင်အခဲဖွဲ့လုနီးပါးပင်။

သူသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ချိန်မှစ၍ သူ့မိသားစု ကြားညှပ်ရောပါမည်ကို အကြောက်ဆုံး ဖြစ်ခဲ့၏။

နောက်ဆုံးတော့လည်း သူစိုးရိမ်ခဲ့ရသည့်အရာက ရှောင်လွှဲလို့ မရနိုင်ခဲ့ပေ။

ဆူဟုန်က ဘေးကင်းခဲ့သော်လည်း ထိုအပြစ်မဲ့ပြည်သူများက သတ်ဖြတ်ခံခဲ့ရပြီး တစ်ကယ်တော့ သူ့အတွက်ကြောင့်ပင် ငြိစွန်းရောပါကုန်ကြခြင်းဖြစ်၏။

“စင်ကြယ်အပျိုစင်ဂိုဏ်း ရောက်လာတာကို ကျေးဇူးတင်ရမှာပဲ.. သူတို့ရောက်လာလို့သာ မြောက်ပိုင်းဒေသရဲ့ အဖွဲ့အစည်းတွေ၊ ဂိုဏ်းတွေအကုန်လုံးက သူ့တို့အပေါ်မှာပဲ အာရုံရောက်သွားကြပြီးတော့.. လူတိုင်းက ဆူဟုန်ကို ကယ်တင်သွားတာက စင်ကြယ်အပျိုစင်ဂိုဏ်းလို့ပဲ ထင်ခဲ့ကြတယ်လေ”

“အာ.. တော်ပါပြီလေ.. အဲ့အကြောင်းတွေ ထပ်မပြောတော့ပါဘူး”

အမျိုးသမီး၏ အသံက များစွာပေါ့ပါးသွားပုံရ၏။

“ငါတို့ မတွေ့ရတဲ့ ဒီတစ်နှစ်အတွင်း ဝမ်းသာစရာ ကိစ္စလေးတွေ ပြောရအောင်”

“ဘာပဲပြောပြော အစ်ကိုဆူဟုန်က အခု အဆင်ပြေပါတယ်.. နင် သူ့ကို စိတ်ပူမနေပါနဲ့.. ဆန်းကြယ်တောင်ထွတ်ကလဲ တိုးတက်လာနေတုန်းပဲ.. ငါလဲငါ့ရွှေအမြုတေကို ဖွဲ့တည်နိုင်သွားပြီသိလား”

နဂါးသင်္ချိုင်းတောင်ကြားထိပ်ရှိ ထိုအမျိုးသမီးက ပြီးခဲ့သည့်တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို မခြွင်းမချန် ကုန်စင်အောင် တစ်ယောက်တည်း ပြောနေ၏။

ဆူဇီမိုသည် သူ့ရှေ့ရှိ အေးစက်စက် နံရံကို လက်ဖြင့် ထိထားပြီး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေ၏။

အမျိုးသမီးနှင့် သူက ပေပေါင်းထောင်ချီ ဝေးကွာသော်လည်း သူတို့က နံရံတစ်ခုနှင့် တစ်ဆက်တည်း ရှိနေကြလေသည်။

ထိုသို့ဖြင့် သူတို့က နီးကပ်လာသည်ဟု ခံစားရလေသည်။

သူက အမျိုးသမီး၏ ဘေးမှာ ထိုင်နေပြီး သူမ၏ စကားကို နားထောင်နေရသလိုပင်။

ဆူဇီမို၏ ရွှေအမြုတေက ပျက်စီးသွားပြီဖြစ်ပြီး သူ၏ အတွင်းအမြုတေပေါ်ရှိ အက်ကွဲကြောင်းများက အပြည့်အဝ ပြန်မကောင်းသေးပေ။

သူသည် ကောင်းကင်ထက်သို့ မပျံသန်းနိုင်ပေ။

သူသည် နဂါးသင်္ချိုင်းတောင်ကြားထိပ်က ထိုအမျိုးသမီးကို သွားတွေ့ဖို့အတွက် ထိုအမြင့်သို့ရောက်အောင် မတက်နိုင်ပေ။

ဆူဇီမိုသည် သူ့ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူ့မျက်လုံးများက အရောင်မှိန်နေ၏။

သူသည် အခုချိန်မှာ လေထဲသို့ ပျံတက်နိုင်လျှင်တောင် ထိုအမျိုးသမီးကို သွားတွေ့လိမ့်မှာ မဟုတ်ပေ။

ဘာကြောင့်ဆိုသော သူက... ဆူဇီမို ဖြစ်နေသောကြောင့်ပင်။

သူသည် ဖန်သားနန်းတော်အပါအဝင် မြောက်ပိုင်းဒေသတစ်ခုလုံးကို ရန်စခဲ့သူ ဖြစ်၏။

ယခုအခါ သူသည် ကျင့်ကြံရေးလောကတစ်ခုလုံးက လက်မခံချင်သော သားရဲတစ်ကောင် ဖြစ်နေလေပြီ။

မြောက်ပိုင်းဒေသမှာ သူကိုယ်ထင် ပြသည်နှင့် အတောမသတ် လိုက်လံအမဲဖျက်ခြင်းများနှင့် ကြုံတွေ့ရပေမည်။

သူနှင့် ဆက်စပ်သူများပါ ရောညှပ်ပါကုန်ကြပေလိမ့်မည်။

ဆူဟုန်နှင့် ယန်တိုင်းသူပြည်သားများ၏ ဖြစ်ရပ်က နမူနာပင် ဖြစ်လေသည်။

သူသည် နဂါးသင်္ချိုင်းတောင်ကြားက ထွက်ခွာပြီး ထိုအမျိုးသမီးနှင့် သွားတွေ့တာပဲဖြစ်ဖြစ်.. ဒါမှမဟုတ် ဆန်းကြယ်တောင်ထွတ်သို့ ပြန်သွားတာပဲဖြစ်ဖြစ်...

သူမအတွက်ရော.. ဆန်းကြယ်တောင်ထွတ်ကိုပါ.. ကပ်ဘေးတစ်ခု ယူဆောင်လာပေးမိပေလိမ့်မည်။

သူသည် နဂါးသင်္ချိုင်းတောင်ကြားကနေ အပြင်ဘက်သို့ ခြေချသည်နှင့် မြောက်ပိုင်းဒေသကနေ ထွက်ခွာရပေလိမ့်မည်။

မသိလိုက်မသိဘာသာနှင့်ပင် နေကဝင်လာပြီး ကောင်းကင်မှာ အမှောင်ထုက တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာနေပြီဖြစ်၏။

ဆူဇီမို၏ ပတ်ဝန်းကျင်တွင် ဆိုးယုတ်ချီများက သိပ်သည်းလာနေတာကို သူခံစားမိ၏။ သူ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးက ဆန်းကြယ်သော အရောင်ဖြင့် လက်လာ၏။

များစွာသော တစ္ဆေများသည် အနီးနားမှာ လှည့်ပတ်သွားလာနေကြသော်လည်း ရှေ့ဆက်မတက်ရဲပေ။

နဂါးသင်္ချိုင်းတောင်ကြား၏ အထက်မှာလည်း အခြေအနေက သိပ်ပြီး ကွာခြားလိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှုကို မြင်လာရ၏။

အခုချိန်မှာ သူသည် ထိုအမျိုးသမီးကို ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားစေချင်မိလေသည်။

ခဏနေပြီးနောက် ကောင်းကင်က ညိုမှောင်လာပြီး တောက်ပသော ကြယ်လေးများက ထွက်ပေါ်လာ၏။ နောက်ဆုံးမှာတော့ အမျိုးသမီးက ညင်သာစွာ ပြောလိုက်၏။

“ဇီမို.. အခု ငါပြန်လိုက်ဦးမယ်နော်”

ဆူဇီမိုသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

ခဏနေပြီးနောက် သူ့ဦးခေါင်းထက်မှာ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရတော့သည့်အတွက် သူက ဘုရားကျောင်းအိုသို့ ပြန်ဖို့ လုပ်လိုက်၏။ ထိုအချိန်မှာပင် နှာရှုံ့၍ အမျိုးသမီး၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

“ဇီမို.. ငါ နင့်ကို လွမ်းတယ်ဟာ”

ဆူဇီမိုသည် နှလုံးတစ်ချက် ခုန်သွား၏။

ရှိုက်သံက တဖြည်းဖြည်း ဝေးသွားပြီးနောက် အမျိုးသမီးက ထွက်ခွာသွားလေပြီ။

ဆူဇီမိုက စိတ်ပျက်ဝမ်းနည်းနေသည့် အမူအယာဖြင့် ငေးငိုင်ကာ တံခါးကိုဖြတ်၍ ဝင်သွားသည်ကို မြင်သောအခါ မင်းကျန်သည် တွေဝေသွားပြီး အိုးတိုးအမ်းတမ်းနှင့် ခေါင်းထောင်ကာ မေးမလို့ လုပ်လိုက်၏။

သူသည် ဆယ်ကျော်သက်သာ ရှိသေးပြီး နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာသာ အချိန်ကုန်ခဲ့ရသောကြောင့် ထိုကဲ့သို့သော လောကီကိစ္စများကို သူနားမလည်နိုင်ပေ။

ဆောင်းရာသီပြီးနောက် နွေရာသီက ကုန်ဆုံးသွား၏။

နွေးဦးပြီးနောက် ဆောင်းဦးက ကုန်ဆုံးသွားပြန်၏။

ဤနေ့မှစ၍ နှစ်စဉ်နှစ်တိုင်း နဂါးသင်္ချိုင်းတောင်ကြားထိပ်မှာ အမျိုးသမီးတစ်ယောက်က ပေါ်လာတတ်ပြီး ပြီးခဲ့သည့်တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို မရပ်မနားနှင့် ကုန်စင်အောင် ပြောပြလေသည်။

တစ်နှစ်ကုန်သွားပြီးတိုင်း အမျိုးသမီးက သူမမှာ ပြောစရာတွေ မကုန်ခမ်းနိုင်အောင် ပါလာပုံရ၏။

ဤနေ့မှစ၍ တစ်နှစ်ပြည့်တိုင်း ဆူဇီမိုကလည်း ဘုရားကျောင်းအိုကြီးထဲကနေ ထွက်သွားတတ်၏။

ထိုနေ့မှာဆိုလျှင် သူက တစ်နေ့လုံးလုံး အပြင်ဘက်မှာ အကုန်ကုန်တတ်လေသည်။

တစ်ယောက်က တောင်ကြားအောက်မှာဖြစ်ပြီး တစ်ယောက်က အထက်မှာ ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် ပေပေါင်းထောင်ချီကွာဝေးပြီး တစ်ယောက်ကိုတစ်ယောက် မမြင်ရပေ။

ထိုနေ့မျိုးတွင် အပြင်ဘက်မှ ဆူဇီမို ပြန်လာတိုင်း သူ့မျက်လုံးအနက်ပိုင်းထဲမှ ဖော်မပြတတ်သော ဝမ်းနည်းမှုကို မင်းကျန် မြင်နိုင်လေသည်။

နောက်ဆုံးတစ်နေ့မှာတော့.. ဆူဇီမို ပြန်ရောက်လာသည်ကို ကြည့်ပြီး မင်းကျန်က မနေနိုင်တော့ဘဲ ဆရာတော်ကို မေးလိုက်၏။

“ဆရာ.. ဂျူနီယာညီလေးက ဘာဖြစ်နေတာလဲ”

“နဂါးသင်္ချိုင်းတောင်ကြားပေါ်က အမျိုးသမီးက သူ့ကို လာစောင့်နေတာမလား”

“အခုဆို ဂျူနီယာညီလေးရဲ့ အတွင်းအမြုတေက အကုန်လုံးလိုလို ပြန်ကောင်းသလောက် ဖြစ်နေပြီလေ.. သူက လေပေါ် ပျံလို့ ရနေပြီပဲကို.. သူက ဘာလို့ သူမနဲ့ သွားမတွေ့ရတာလဲ”

မင်းကျန်သည် သိချင်စိတ်ပြင်းပြနေပြီး အကုန်လုံးကို တစ်ခါတည်း မေးချလိုက်၏။

အတန်ကြာ ငြိမ်သက်သွား၏။

ဆရာတော်က ပြန်မဖြေပေ။

မင်းကျန်က စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာတော့မည့် အချိန်မှာပင် ဆရာတော်က မျက်လုံးဖွင့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

“အင်း.. အချစ်က နက်ရှိုင်းပေမယ့်လို့.. ရေစက်ကတော့ တိုတောင်းလွန်းတယ်”

All Chapters