အန္တရာယ်
Vol. 40 Ch. 595
အချိန်တွေက ပြေးထွက်သွားကြ၏။
တစ်ခဏအတွင်းမှာပင်.. မဟာချွမ်အပျက်အစီးမှာ ဟင်္သပဒါးသစ်သီးပေါ်လာပြီး ပြိုင်စံရှားများအကြား မဟာတိုက်ပွဲ ဖြစ်ပွားခဲ့တာက ငါးနှစ်ကြာခဲ့လေပြီ။
တိုက်ပွဲအရှိန်က ကျဲပါးမသွားဘဲ တစ်ဖက်မှာ ပိုလို့တောင် ပြင်းထန်လာနေ၏။
မြောက်ပိုင်းဒေသက စစ်မီးစလောင်လာ၏။
ပြည်နယ်ခွဲများတွင် တစ်ဖက်ကိုတစ်ဖက် ကျူးကျော်တိုက်ခိုက်မှုများက အဆက်မပြတ် ဖြစ်ပွားနေပြီး နှစ်စဉ်နှစ်တိုင်းလိုလို မင်းဆက်အပြောင်းအလဲများက ဆက်တိုက် ဖြစ်ပေါ်နေ၏။
စစ်ပွဲကြောင့် အသက်အိုးအိမ်စည်းစိမ်များစွာက ပျောက်ဆုံးကုန်ပြီး အိုးမဲ့အိမ်မဲ့နှင့် တကွဲတပြား မိသားစုများက များသထက် များလာ၏။
မဟာရှန်၊ မဟာယွီနှင့် မဟာရှအင်ပါယာတို့သည် မဟာကျိုးအင်ပါယာ၏ ပိုင်နက်များကို လောဘတကြီး ကျူးကျော်ဝင်ရောက်လာကြ၏။
ယခု ကျိယောင်ရွှယ်က ထီးနန်းအမွေကို ဆက်ခံထားပြီး သမိုင်းမှာ ပထမဆုံး ဧကရီဘုရင်မ ဖြစ်လာသည့်အတွက် အင်ပါယာကောင်စီက ပြဿနာရှာသူများနှင့် ရှုပ်ထွေးပွေလီနေ၏။ မဟာကျိုးအင်ပါယာတွင်းမှာ ဖရိုဖရဲ ကသောင်းကနင်း အခြေအနေများက စတင် ပျံ့နှံ့လာလေပြီ။
မဟာကျိုးအင်ပါယာက နှစ်တစ်သောင်းကြာ တည်ဆောက်ထားခဲ့ပြီး အခြေခံအုတ်မြစ်များက အခိုင်အမာ ရှိနေသောကြောင့်သာ အခုချိန်ထိ အခြေအနေကို ထိန်းချုပ်နိုင်နေသေးခြင်းဖြစ်၏။
သို့သော်လည်း ဤပုံစံအတိုင်းသာ ဆက်သွားနေလျှင် နောက်နှစ်တစ်ရာအတွင်း မဟာကျိုးအင်ပါယာက ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း မြို့တော်တွင်းရှိ နိုင်ငံရေးအမြင်ရှိသူများက ပြောနိုင်လေသည်။
ခြေတစ်ချက်ချော်သွားသည်နှင့် နှစ်တစ်သောင်းကြာ တည်ဆောက်ခဲ့ရသည့် အခြေခံအုတ်မြစ်များက ညတွင်းချင်း ပျက်စီးသွားနိုင်လေသည်။
သည်ကြားထဲ ပြောင်းလဲမှုများသာ ထပ်ရှိမည်ဆိုလျှင် ကပ်ဘေးက ခပ်မြန်မြန် စောရောက်လာပြီး အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်လေသည်။
မဟာကျိုးအင်ပါယာက အတွင်းမှာရော အပြင်မှာပါ အခြေအနေက ရှုပ်ထွေးလာနေ၏။
အဲ့ဒါက လက်ရှိမဟာကျိုး၏ ဧကရီ ကျိယောင်ရွှယ်အတွက် အကြီးမားဆုံး စမ်းသပ်ချက်တစ်ခုပင်။
မြောက်ပိုင်းဒေသက ဘယ်လိုပင် အုန်းဆန်နေပါစေ.. မဟာချွမ်အပျက်အစီး၏ အနက်ပိုင်းထဲ၌ အပြင်လောကနှင့် ပိုင်းခြားထားသော နတ်ဖွက်ထားသည့် နေရာတစ်ခု ရှိနေလေသည်။
နဂါးသင်္ချိုင်းတောင်ကြား...
ပြီးခဲ့သည့် ငါးနှစ်အတွင်း..
ဘုန်းကြီးသုံးပါးသည် သုတ္တန်ကျမ်းများ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓကို အရိုအသေပေးခြင်း၊ ဆုတောင်းမေတ္တာများ ပို့သခြင်းတို့ဖြင့်သာ သူတို့၏ နေ့စဉ်ဘဝကို ဖြတ်သန်းနေခဲ့ကြ၏။ ဘေးကနေ မြေခွေးလေးတစ်ကောင်က တည်ငြိမ်အေးချမ်းစွာဖြင့် စောင့်ကြပ်နေလေသည်။
မဟာခန်းမ၏ နောက်ဖေးဘက်တွင် တစ်ခါတစ်ရံ ချိန်းကြိုးသံများကိုတော့ ကြားရနိုင်၏။
ဤမနက်တွင် ချောမောကြော့ရှင်းသော ဘုန်းကြီးတစ်ပါးက ကျမ်းစာတိုက်ထဲမှ ထွက်လာ၏။ သူသည် အဝတ်အစားများကို သေသပ်အောင် ပြုပြင်၍ ဘုရားကျောင်းတံခါးကို ဖွင့်ကာ အပြင်ဘက်သို့ ထွက်လိုက်၏။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း..
သူသည် နှစ်စဉ်နှစ်တိုင်း ဤနေ့ကဲ့သို့ အပြုအမူကို လုပ်နေကျဖြစ်၏။
ဘုရားကျောင်းတွင်းရှိ ဘုန်းကြီးလေးတစ်ပါးက ထိုမြင်ကွင်းနှင့် အသားကျနေပြီဖြစ်ပြီး တစ်ချက်သာ လှမ်းကြည့်ပြီးနောက် သူ့လက်ထဲရှိ ကျမ်းစာကိုသာ ဆက်ဖတ်နေ၏။
ခန်းမ၏ နောက်ဖေးဘက်တွင်..
ဆရာတော်က အတိတ်ကာလက သူ့မိတ်ဆွေတစ်ယောက်၏ အုတ်ဂူမှာ လေးစားမှု ပြသပြီးနောက် သုသာန်ထဲမှာ ပျင်းရိလေးတွဲစွာ လှဲလျောင်း၍ နေမင်းကို ငေးမောကြည့်နေသော ဗလတောင့်တောင့်လူကို လှည့်ကြည့်လိုက်၏။
ရုတ်တရက် သူက မေးလိုက်၏။
“မွေးနီတစ္ဆေ.. ကောင်လေးရဲ့ အတွင်းအမြုတေက ပြန်ကောင်းသွားပြီဆိုတော့ သူ ဒီနေရာကို ထပ်လာဖို့ မလိုတော့ဘူးပေါ့.. အဲ့ဒါမှ သူက သုတ္တန်ကျမ်းစာတွေ အပေါ်မှာ အပြည့်အဝ အာရုံစိုက်၊ ဗုဒ္ဓရဲ့ တရားတော်တွေအောက်မှာ စိတ်ရောကိုယ်ပါ နစ်မြှုပ်ရင်းနဲ့ သူ့ရွှေအမြုတေကို ပြန်ကုသဖို့ နည်းလမ်းကို ရှာတွေ့နိုင်လိမ့်မယ်ထင်တယ်”
“အာ”
ထိုအသံကို ကြားသောအခါ ဗလတောင့်တောင့်လူသည် မကျေမနပ်နှင့် သတိပြန်ဝင်လာ၏။ ဘုန်းကြီးအိုက သူ့ကို မွေးနီတစ္ဆေဟု ခေါ်တာကိုပင် အရေးမလုပ်နိုင်ဘဲ အသည်းအသန် အော်ပြောလိုက်၏။
“အဲ့လို လုပ်လို့ ဘယ်ရမလဲ.. သူ့ရဲ့ နေ့ဘက်အချိန်တွေကို ကျုပ်မယူဘူးလေ.. အဲ့အချိန်မှာ သူက ခင်ဗျားသဘောအတိုင်း တရားကျင့်တာတွေ၊ ကျမ်းစာလေ့လာတာတွေ ကြိုက်တာလုပ်လို့ရတယ်.. ဒါပေမယ့် ညဘက်ဆိုရင်တော့ သူ ဒီကို လာပြီး ကျင့်ကြံရမယ်”
“နောက်ပြီး ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး သူ့မှာ သုတ္တန်တွေ ကျမ်းစာတွေကို နားလည်ဆင်ခြင်ခဲ့တာတောင် သူ့ဒါန်ထျန်က ဘာတုံ့ပြန်မှုမှ မရှိတာ.. နောက်ငါးနှစ်နေလဲ အဲ့ဒါက အလုပ်ဖြစ်ချင်မှဖြစ်မှာ.. ငါ့သဘောအတိုင်း ပြောရမယ်ဆိုရင် သူ့အတွက် မင်းတို့ရဲ့ ဗုဒ္ဓကျမ်းစာတွေကို လေ့လာနေတာက သက်သက် အချိန်ဖြုန်းနေတာပဲ”
ဘုန်းကြီးအိုက ထူးမခြားနားပုံစံဖြင့် မေးလိုက်၏။
“သူက မင်းရဲ့ သွေးကို ဆက်သောက်နေတာကရော အချိန်ဖြုန်းတာ မဟုတ်ဘူးလား”
“ဘယ်ဟုတ်ပါ့မလဲ”
ဗလတောင့်တောင့်လူက ဂုဏ်ယူစွာဖြင့် ကြေညာလိုက်၏။
“ငါးနှစ်တာမှာ ငါ့သွေးကို သောက်ခဲ့တဲ့အတွက် သူ့အတွင်းအမြုတေက ပြန်ကောင်းလာရုံတင် မကဘူး.. သူ့ကိုယ်ကာယကလဲ လွန်ခဲ့တဲ့ ငါးနှစ်ကထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းနေပြီ.. သူ့အခုနေ အပြင်ထွက်ရင်တောင် ကြိုက်တဲ့ရွှေအမြုတေကို နားရင်းခေါ်အုပ်လို့ရတယ်”
ဘုန်းကြီးအိုက အေးစက်စက် လှောင်ရယ်နေ၏။
ဗလတောင့်တောင့်လူက မကျေမနပ်နှင့် ဆက်ပြောလိုက်၏။
“ငါ ဘာမှ ဂရုမစိုက်ဘူး.. ငါလိုချင်တာ သူက ညစဉ်ညတိုင်း ငါ့ဘေးနားလာပြီး ကျင့်ကြံဖို့ပဲ.. သူ့ရွှေအမြုတေက ပြန်ကောင်းလာမှာလား မကောင်းလာဘူးလားဆိုတာ မသေချာ မရေရာဘူး.. ခင်ဗျားမှာလဲ အဲ့ဒါအတွက် အဖြေမရှိသေးဘူးမှတ်လား.. သူ့အချိန်တွေကို အဲ့အပေါ်မှာပဲ ခင်ဗျားဖြုန်းခိုင်းမနေသင့်ဘူး”
ဘုန်းကြီးအိုက မျက်မှောင်ကြုတ်၍ ဗလတောင့်တောင့်လူကို အလေးအနက် စိုက်ကြည့်ပြီး မေးလိုက်၏။
“မင်း အဲ့လောက်ထိ အကြောက်အကန် ငြင်းဆန်နေရတာ တခြားရည်ရွယ်ချက် ရှိနေသေးတယ် ဟုတ်တယ်မလား”
“ကျုပ်မှာ တခြားဘာရည်ရွယ်ချက် ရှိရဦးမှာလဲ”
ဗလတောင့်တောင့်လူက သူ့ရင်ဘတ်ကို ပုတ်ပြီး ဖြောင့်မတ်မှန်ကန်စွာနှင့် ကြေညာလိုက်၏။
“အဲ့အမျိုးသမီးက ကျုပ်ရဲ့ ကျေးဇူးရှင် ဖြစ်ခဲ့ဖူးတာပဲ.. ကျုပ်က ကျေးဇူးတရားကို ပြန်မဆပ်တတ်တဲ့ ကျေးဇူးကန်းတဲ့ကောင် မဟုတ်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် ဗလတောင့်တောင့်လူက သူ့မျက်လုံးကို ကစားပြီး တစ်ခုခုကို အမှတ်ရသွားသည့်အလား သူ့မေးစေ့ကို အထူးတဆန်း ပွတ်သပ်လိုက်၏။
“ပြောရမယ်ဆို.. အဲ့ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ကျုပ်ထင်မှတ်မထားတာ တစ်ခု ရှိနေတယ်.. အခု သူ့အတွင်းအမြုတေကလဲ ပြန်ကောင်းသွားပြီဆိုတော့.. ဒီညကစပြီး သူ့ကို နဲနဲထူးခြားတာလေးတစ်ခု ကျုပ် သင်ပေးရဦးမယ်.. ဟက်”
“ဘာလဲ”
ဘုန်းကြီးအိုက မေးလိုက်၏။
ဗလတောင့်တောင့်လူက ဟက်ကနဲ ရယ်လိုက်၏။
“ဘာမဟုတ်တဲ့ လှည့်ကွက်သေးသေးလေးပါ”
ဘုန်းကြီးအိုက ပြုံးပြီး ပြန်လှည့်ထွက်လာ၏။
ဗလတောင့်တောင့်လူအကြောင်း သူကောင်းကောင်းသိလေသည်။
ဗတောင့်တောင့်လူက လှည့်ကွက်သေးသေးလေးဟု ပြောလျှင် အဲ့ဒါက ပုံမှန်ထက် များစွာ ပိုဆန်းသည့်အရာ ဖြစ်ပေလိမ့်မည်။
. . .
နဂါးသင်္ချိုင်းတောင်ခြားအောက်ခြေတွင်..
မီးခိုးရောင်သင်္ကန်းကို ဝတ်ဆင်ထားသည့် ဦးပဉ္ဇင်းလေးတစ်ပါးက မတ်တပ်ရပ်နေ၏။ သူက ချောမောကြော့ရှင်းသည့် ရုပ်ရည်ရှိပြီး သူ့လက်ဝါးကို အေးစက်နေသည့် နံရံနှင့် ထိထားကာ သူ့နားက တစ်ခုခုကို အားစိုက်နားထောင်နေသည့်အလား အနည်းငယ် လှုပ်နေ၏။
“ဇီမို.. ငါပြန်ရောက်လာပြီ”
“အား.. အစ်ကိုဆူဟုန်က ဒီနှစ်တွေထဲ သိပ်ပြီး အဆင်မပြေတဲ့ပုံပဲ.. သူ့ဆံပင်တွေက တစ်ခေါင်းလုံး ဖြူသွားပြီ.. တစ်စိတ်တစ်ဒေသအနေနဲ့ အဲ့ဒါက နင့်ရဲ့ သေဆုံးမှုကြောင့်ပေါ့.. နောက်ပြီးတော့ အဲ့ဒါက ယန်တိုင်းသူပြည်သားတွေရဲ့ သေဆုံးမှုကြောင့်လဲ ပါလိမ့်မယ်”
“ငါ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်.. သူက တစ်ကယ့်ကို အမျှော်အမြင်ကြီးမားတဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ.. ကံမကောင်းစွာနဲ့ပဲ...”
အမျိုးသမီးသည် တစ်စုံတစ်ယောက်နှင့် စကားထိုင်ပြောနေသည့်အလား ပြီးခဲ့သည့် နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အလောတကြီး မရှိဘဲ ပြန်ပြောင်းပြောပြနေ၏။
ဦးပဉ္ဇင်းလေးက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေ၏။
ဆူဟုန်၏ ကျန်းမာရေးအကြောင်း အသေးစိတ်ကြားရချိန်တွင် သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုက သိသာထင်ရှားစွာ ပေါ်လာ၏။
စိတ်ဝင်စားစရာ အကြောင်းကို ကြားရလျှင် သူက ပြုံးတတ်၏။
တစ်အောက်ကအောက်မှာ တစ်ယောက်က အပေါ်မှာ ဖြစ်၏။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မတွေ့ရသော်လည်း မမြင်ရသော ကြိုးမျှင်များက သူတို့၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ခံစားချက်များကို ချိတ်ဆက်ပေးထားပုံရ၏။
မသိလိုက်မသိဘာသာနှင့်ပင် နေ့လည်ခင်းအချိန်သို့ ရောက်လာခဲ့လေပြီ။
ရုတ်တရက်..
နဂါးသင်္ချိုင်းတောင်ကြားထက်မှ ဝမ်းသာအူမြူးသော ရယ်သံများက ထွက်ပေါ်လာ၏။
“ဟဟ ဟားဟားဟား”
အမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာ၏။
“တစ်ကယ်ပဲ မဟာကျိုးရဲ့ ဧကရီမကြီးပဲကိုးဟ.. ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲကွာ.. မဟာရှအင်ပါယာက ငါ စစ်ကျွင်းယုကလဲ ခင်ဗျားနဲ့ အသိမိတ်ဆွေ ဖြစ်ချင်နေတာ အတော်ကြာခဲ့ပြီ.. မင်္ဂလာပါ တာအိုရောင်းရင်းယောင်ရွှယ်ရေ”
“ဪ ဒါနဲ့ ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ခင်ဗျားရဲ့ လက်ချက်နဲ့ သေခဲ့ရတဲ့ ကျွင်းဟောက်က ကျုပ်အစ်ကိုလေ”
စစ်ကျွင်းယုက ရယ်မောလိုက်၏။
“ခင်ဗျားကိုပဲ ကျေးဇူးတင်ရမှာပဲ.. မဟုတ်လို့ ကျုပ်အစ်ကိုသာ ရှိနေသေးရင် ကျုပ်မှာ အခုလို တောက်ပဖို့ အချိန်ရှိလာမှာ မဟုတ်ဘူး”
“ဧကရီ.. အရင်ပြန်နှင့်တော့”
အမျိုးသားတစ်ယောက်၏ ခိုင်မာပြတ်သားသည့်အသံက ထွက်ပေါ်လာ၏။
ရင်းနှီးခဲ့ဖူးသော ထိုအသံကို ကြားလိုက်ရသည့်အခါ ဦးပဉ္ဇင်းက မျက်မှောင်ကြုတ်လိုက်၏။ အဲ့ဒါက အရင်မဟာကျိုးဧကရာဇ်ရဲ့ သက်တော်စောင့် ပကတိအရှင်မင်းကျီ ဖြစ်ပုံ ရလေသည်။
ဦးပဉ္ဇင်းလေးသည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ထိုအမျိုးသမီးကို နိုးထဝိညာဉ်တစ်ယောက်က စောင့်ရှောက်နေတာဆိုလျှင် တော်တန်ရုံ ဘာမှ ဖြစ်မလာနိုင်တော့ပေ။
“ဟမ့် ပြန်ချင်တယ် ဟုတ်လား”
စစ်ကျွင်းယုက လှောင်ရယ်လိုက်၏။
“မင်းတို့မှာ အတောင့်ပံတွေ ရှိနေရင်တောင် ဒီနေ့ မင်းတို့ ပြေးလို့ မလွတ်စေရဘူး”
“ပကတိအရှင်မင်းကျီရေ.. မတွေ့ရတာတောင် ကြာပါရော့လား”
“မင်းကျီ ဒီနေ့ကတော့ မင်းသေရမယ့် နေ့ပဲ”
ချက်ချင်းဆိုသလိုပင် သတ်လိုဖြတ်လိုစိတ်ဖြင့် အသံနှစ်သံက ထွက်ပေါ်လာ၏။
ကိုယ်တိုင် မမြင်တွေ့ရသော်လည်း စစ်ကျွင်းယု၏ အင်အားအကူများက ရောက်လာပြီဆိုတာ ဦးပဉ္ဇင်းလေး ခန့်မှန်းမိလိုက်၏။ သူက ပတကိအရှင်မင်းကျီကို ကိုင်တွယ်ဖို့ နိုးထဝိညာဉ်နှစ်ယောက်ကိုတောင် ခေါ်လာခဲ့၏။
စစ်ကျွင်းယုက အေးစက်စက် လှောင်ရယ်လိုက်၏။
“တာအိုရောင်းရင်းယောင်ရွှယ်.. ခင်ဗျားက တစ်ကယ်ကို သတိကြီးတာပဲ.. သက်တော်စောင့်တစ်ယောက်ပဲ ခေါ်လာတော့ တခြားလူတွေက ခင်ဗျားကို အာရုံမစိုက်မိတော့ဘူးပေါ့လေ.. ဒါပေမယ့်လဲ....”
“ဒါက မဟာချွမ်အပျက်အစီးဆိုတာကို မမေ့လိုက်နဲ့.. ဒါက မဟာကျိုးအင်ပါယာက လူတွေ ထင်တိုင်းကြဲလို့ရတဲ့နေရာ မဟုတ်ဘူး.. ခင်ဗျားတို့အနေနဲ့ လူတိုင်းရဲ့ အာရုံကနေ ရှောင်လွှဲဖို့တော့ မဖြစ်နိုင်ဘူးလေ”
“ကျွတ်.. ကျွတ်.. ကျွတ်..”
စစ်ကျွင်းယုက လှောင်ရယ်လိုက်၏။
“စိတ်ဝင်စားစရာပဲ.. မဟာကျိုးရဲ့ ဧကရီမကိုယ်တိုင်က နှစ်စဉ်နှစ်တိုင်း ဒီနေရာကို အရဲစွန့်ပြီး လာရတယ်ဆိုတော့.. ကြည့်ရတာတော့ လွန်ခဲ့တဲ့ ရှစ်နှစ်က သေဆုံးသွားတဲ့ ပြန်ဝင်စားမွန်းစတားနဲ့ ခင်ဗျားရဲ့ ပတ်သတ်ဆက်နွယ်မှုက တော်တော်လေး မရိုးသားတဲ့ပုံပဲ”
“ကျုပ်ကြားတာ အဲ့ဒီပြန်ဝင်စားမွန်းစတားရဲ့ အစ်ကိုကလဲ ပျောက်ဆုံးနေတယ်တဲ့.. သူ့ကို ခင်ဗျားဖွက်ထားတာတော့ မဟုတ်ဘူးမလား.. ဟဟဟားဟား”
“နင် ဘာလိုချင်လို့လဲ” အမျိုးသမီးက စစ်ကျွင်းယုရယ်သံကို ဖြတ်မေးလိုက်၏။
စစ်ကျွင်းယု၏ သူ့အပြုံးကို ပြန်ရုတ်ပြီး အေးစက်စွာနှင့် ဟောက်လိုက်၏။
“တစ်ကယ့်တော့ ငါက နင့်ခေါင်းကို ဖြတ်ပြီး ပလ္လင်ပေါ် တက်ချင်တာလေ”
နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေတွင်...
ဦးပဉ္ဇင်း၏ အကြည့်က အေးစက်ခက်ထန်လာလေသည်။