အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
Vol. 40 Ch. 597
ကျူးကျော်ဝင်ရောက်လာသူက အရမ်း မြန်လွန်း၏။
လူတိုင်း၏ အမြင်အာရုံက ဝါးကနဲ ဖြစ်သွားသည်ဟု ခံစားလိုက်ရချိန်မှာပင် ထိုလူက လူအုပ်ထဲသို့ ပစ်ဝင်လာပြီး ဓါးကျင့်ကြံသူတစ်ယောက်ကို သေသည့်အထိ ပစ်တိုက်ကာ ကျိယောင်ရွှယ်ရှေ့သို့ ရောက်လာ၏။
ပြောရမည်ဆိုလျှင် ကျူးရောက်ဝင်ရောက်လာသူ၏ ပုံပန်းသဏ္ဌာန်ကို အသာထား.. ယောက်ျားလား၊ မိန်းမလားပင် မည်သူမှ မပြောနိုင်ကြသေးပေ။
“အဲ့ဒါ ဘယ်သူလဲဟ”
ကျိယောင်ရွှယ်၏ ဘေးရှိ မဟာရှအစောင့်တစ်ယောက်က ဟိန်းဟောက်၍ သူ့ရွှေအမြုတေကို လှည့်ပတ်လိုက်၏။ သူ့စိတ်ဝိညာဉ်ချီကို ထုတ်ဖော်၍ ဝင်ရောက်လာသူ၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။
ဘုန်း..
ဝင်ရောက်လာသူက လုံးဝ မရှောင်ပေ။ အလွန်တရာ မြန်ဆန်စွာနှင့် ဆေဘာက သူ့ခေါင်းဆီသို့ မရောက်ခင်မှာပင် သူပစ်ထိုးလိုက်သော လက်သီးက မဟာရှအစောင့်၏ ရင်ဘတ်ပေါ်သို့ အရင်ကျဆင်းသွား၏။
မဟာရှအစောင့်၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ကျိုးကြေမွသွား၏။
နောက်ထပ် ရွှေအမြုတေတစ်ယောက် သေသွားပြန်လေပြီ။
ဟင်း..
လူတိုင်းသည် တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်၍ နောက်သို့ ခြေတစ်လှမ်းစီ အလိုလို ဆုတ်လိုက်ကြ၏။
ဝင်ရောက်လာသူက လူနှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ကျိယောင်ရွှယ်၏ ဘေးမှာ ရပ်လိုက်၏။ သူ၏ ကိုယ်ကို ကိုင်းညွှတ်၍ တလက်လက် တောက်ပနေသော စိတ်ဝိညာဉ်ကြိုးကို ဆတ်ကနဲ ဆွဲလိုက်၏။
ဖန်း.. ဖန်း.. ဖန်း..
စိတ်ဝိညာဉ်ကြိုးက အပိုင်းပိုင်း ပြတ်ထွက်သွားလေသည်။
ယခုအခါမှာတော့ အေးစက်ခိုင်မာတည်ကြည်သော မဟာရှအစောင့်များသည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ပေ။
ထိုစိတ်ဝိညာဉ်ကြိုးက သာမန်ဟုသာ ထင်ရသော်လည်း ၎င်းကို ဆွဲဖြတ်ဖို့နေနေသာ ၎င်း၏ ချုပ်နှောင်ခြင်းခံရလျှင် ပကတိရွှေအမြုတေများပင်လျှင် မနည်းကို ရုန်းကန်ကြိုးစားရပေလိမ့်မည်။
အဲ့ဒါက ဘယ်လို ခွန်အားမျိုးပါလိမ့်...
နောက်ဆုံးမှာတော့ လူတိုင်းသည် ဝင်ရောက်လာသူ၏ ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မြင်တွေ့သွားကြ၏။
ဘုန်းကြီးတစ်ပါးလား..
ဝင်ရောက်လာသူက သက်လတ်ပိုင်းရွယ်လောက်ရှိပြီး လျှော်ဖွပ်ပါများလွန်းသောကြောင့် အရောင်လွင့်နေပြီဖြစ်သော မီးခိုးရောင်သင်္ကန်းကို ဝတ်ဆင်ထား၏။ သူ၏ ကြွက်သားများက ဖောင်းကြွနေပြီး တောင့်တင်းခိုင်မာသော တည်ဆောက်ပုံ ရှိလေသည်။
အထူးဆန်းဆုံးအချက်မှာ ထိုပုဂ္ဂိုလ်ထံမှ မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အတက်အကျမှ ဖြာထွက်နေခြင်း မရှိပေ။
ထိုအစောင့်များကို မပြောနှင့် နိုးထဝိညာဉ်များတောင်မှ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်နှင့်ပင်လျှင် ထိုလူကို ဖောက်ထွင်းမမြင်နိုင်ကြပေ။
ထိုသက်လတ်ပိုင်းရွယ်ဘုန်းကြီးကို မမြင်ရသော အကာအရံအလွှာတစ်ခုက လွှမ်းခြုံထားပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထောက်လှမ်းခြင်းမှ ရှောင်လွှဲထားသလိုပင်။
အစတုန်းကတော့ ပကတိအရှင်မင်းကျီသည် ကူညီမည့်သူ တစ်စုံတစ်ယောက် ရောက်လာ၍ ကျေနပ်နှစ်ခြိုုက်သွားမိ၏။
ထိုလူကို သေချာကြည့်ပြီးနောက် သူ့မျက်လုံးထဲမှာ စိတ်ပျက်မှုက ပေါ်လာလေသည်။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးကို သူ့ဖောက်ထွင်း မမြင်နိုင်သော်လည်း ထိုလူ့ထံတွင် မည်သည့် ဓမ္မစွမ်းအားမှ ရှိမနေသည်ကိုတော့ သူအာရုံခံနိုင်လေသည်။
ပြောရမည်ဆိုလျှင် ဤသက်လတ်ပိုင်းရွယ်ဘုန်းကြီးက အများဆုံး ရွှေအမြုတေအဆင့်မှာသာ။
လက်ရှိအခြေအနေအရ.. ရောက်ရှိလာသူက နံပါတ်တစ်ရွှေအမြုတေဆိုလျှင်တောင် မည်သည့်အရာကိုမှ ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဘာကြောင့်ဆိုသော် တစ်ဖက်မှာက နိုးထဝိညာဉ်အဆင့် ဓါးကျင့်ကြံသူနှစ်ယောက် ရှိနေသောကြောင့်ပင်။
အဲ့ဒါက လျစ်လျူရှုထားလို့ မရသည့် ကြောက်စရာအကောင်းဆုံးစွမ်းအား ဖြစ်လေသည်။
ကူစုချီနှင့် ပကတိအရှင်ထျန်ချန်တို့သည်လည်း သူတို့၏ အတွေ့အကြုံအရ သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ကျင့်ကြံမှုအဆင့်ကို ရှင်းလင်းစွာ ကောက်ချက်ချနိုင်ပြီး ဖြစ်လေသည်။
ပကတိအရှင်ထျန်ချန်က လှောင်ရယ်လိုက်၏။
“ဟမ့်.. ဖင်မှန်းခေါင်းမှန်း နားမလည်တဲ့ ကမျောက်ကချောက် ရွှေအမြုတေတစ်ယောက်ပဲ”
ရောက်ရှိလာသူက ရွှေအမြုတေတစ်ယောက်သာ ဖြစ်နေသရွေ့.. မည်သည့်မတော်တဆဖြစ်ရပ်မှ ဖြစ်မလာနိုင်ပေ။
လူတိုင်း၏ အကြည့်က သက်လတ်ပိုင်းရွယ်ဘုန်းကြီးဆီ ရောက်သွားကြ၏။
ကျိယောင်ရွှယ်လည်း ထို့အတူပင်။
သူမသည် စိမ်းသက်သော ထိုမျက်နှာကို ကြည့်ပြီး အနည်းငယ် ငူငိုင်နေ၏။
သူမသည် ဤလူကို လုံးဝ မသိပေ။ ဒါဆို သူက ဘာလို့ သူ့အသက်နဲ့ စွန့်စားပြီး သူမကို လာကယ်ရတာလဲ။
“ကျေးဇူးတင်ပါတယ်.. တာအိုရောင်းရင်း”
သူမသည် တွေဝေနေသော်လည်း ကျေးဇူးတင်စကား ပြောလိုက်၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက အမူအယာကင်းမဲ့စွာနှင့်ပင် ခေါင်းညိတ်ပြလိုက်၏။
ကျိယောင်ရွှယ်၏ ရင်ထဲမှာ ထူးခြားသည့်ခံစားချက်တစ်ခုက ဖြစ်ပေါ်လာပြီး မျက်မှောင်ကြုတ်လိုက်၏။
ထိုခံစားချက်က ဖော်မပြတတ်ပေ။
“ဒီရိုင်းစိုင်းတဲ့ ဘုန်းကြီးက ဘယ်ကနေ ထွက်လာတာလဲဟ.. မဟာရှအင်ပါယာရဲ့ အရေးကိစ္စမှာ မင်းက ဝင်ရောက်နှောင့်ယှက်ရဲတယ်ပေါ့”
စစ်ကျွင်းယု ဟိန်းဟောက်သံက ကျိယောင်ရွှယ်၏ အတွေးများကို ဖြတ်တောက်သွား၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက လေထဲတွင် တိုက်ခိုက်နေကြသော နိုးထဝိညာဉ်သုံးယောက်ကို လေးတွဲ့စွာ လှမ်းကြည့်လိုက်၏။ သူ့အကြည့်က မလှမ်းမကမ်းရှိ စစ်ကျွင်းယုထံသို့ ရောက်သွားသောအခါ သူ့မျက်လုံးများက သတ်လိုဖြတ်လိုသော အရောင်ပြောင်းသွားပြီး ရှေ့သို့ ခုန်တက်လိုက်၏။
ဘုန်း..
မြေပြင်က တုန်ခါသွား၏။
လက်ရှိ ရွှေအမြုတေများအားလုံးသည် သူတို့၏ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားကြ၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက စောစောက သူရပ်နေသော နေရာမှာ မရှိတော့လေပြီ။
ရှေးဟောင်းခေတ်က ရိုင်းစိုင်းကြမ်းကြုတ်သော တောကောင်တစ်ကောင်လို ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ ရှေ့သို့ ခုန်တက်လာ၏။
သူဖြတ်လာရာ နေရာတိုင်း မြေပြင်က ကပြောင်းကပြန် ဖြစ်သွားပြီး ရွှံ့များက လွင့်ပျံကာ ကြီးမားသည့် ချိုင့်ခွက်များ ဖြစ်ကျန်ခဲ့၏။
သူက အရမ်းကို ကြမ်းကြုတ်လွန်း၏။
သူ၏ ကြမ်းကြုတ်မှုက မွန်းကျပ်ဖွယ်ရာပင်။
မဟာရှအစောင့်တစ်ယောက်သည် တုံ့ပြန်မှု နှေးသွားပြီး သူ့ဆေဘာကို မြှောက်လိုက်ချိန်တွင် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လက်ဝါးက သူ့အပေါ်သို့ ဆင်းသက်လာလေပြီ။
ဖောင်း..
ထိုလူ၏ ဦးခေါင်းက သူ့ရင်ဘတ်ရှေ့သို့ ငိုက်ကျလာပြီး သူ့လည်ပင်းက ကျိုးထွက်သွားလေပြီ။ သူက နေရာမှာပင် တန်းသေသွား၏။
နောက်ထပ်မဟာရှအစောင့်တစ်ယောက်၏ ဆေဘာက ဆင်းသက်လာ၏။ ဘုန်းကြီးက အရေးလုပ်ပြီးတောင် ကြည့်မနေဘဲ ဆေဘာကို သူ့လက်သီးဖြင့် တန်ပြန်ထိုးလိုက်၏။
“သေပေတော့”
မဟာရှအစောင့်က ရက်စက်ခက်ထန်စွာနှင့် ဟိန်းဟောက်လိုက်၏။
ခွမ်း..
အဲ့ဒီမှာ သူမျှော်လင့်ထားသလို လက်သီးကို ဓါးသွားပြတ်ရှသံက ထွက်မလာပေ။
သူမျှော်လင့်ထားသလို လတ်ဆတ်သည့် သွေးများကိုလည်း မမြင်ရပေ။
သန့်စင်သော ရွှေသလင်းကျောက်မှ သွန်းလုပ်ထားသည့် သာလွန်အဆင့်ဆေဘာက ဘုန်းကြီး၏ လက်ဗလာသက်သက်ဖြင့် ကြေမွသွားသည်ကို လူတိုင်းရှင်းလင်းစွာ မြင်လိုက်ရ၏။
ဖောက်..
များပြားသော ဆေဘာသွား ကျိုးပဲ့စများက မဟာရှအစောင့်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားပြီး အပေါက်များဖြစ်ပေါ်ကာ သွေးများက စီးကျလာ၏။
ထိုလူသည် မျက်လုံးအပြူးသားနှင့် တောင့်တင်းသွား၏။
“ဒီနတ်ဆိုးဘုန်းကြီးက ဘယ်က ရောက်လာတာလဲဟ”
ဘေးဘက်ကနေ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းကျင့်ကြံသူတစ်ယောက်က စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်၍ သူ့ဓါးကို တဝီဝီ တုန်ခါလာစေ၏။ ထိုဓါးက စိတ်ဝိညာဉ်အလင်းငါးခုဖြင့် တောက်ပလာပြီး အလွန်တရာ ကြောက်စရာကောင်းလာ၏။
အဲ့ဒါက ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်ပင်။
ရွှစ်..
ထိုလူ၏ ဓါးက အဆက်မပြတ် တုန်ခါလာ၏။
ချက်ချင်းပင် လေထဲမှာ ပုံရိပ်ယောင် ဓါး ၁၃ လက်က ပေါ်လာလေသည်။
ထိုပုံရိပ်များက လေထဲမှာ ရူးသွပ်စွာ ကခုန်နေပြီး အတုနှင့်အစစ်ကို ခွဲခြားရ ခက်ခဲလေသည်။
ဘုန်းကြီး၏ အကြည့်က တလက်လက် တောက်ပသွားပြီး သူ့လက်ထဲကို ထုတ်ကာ ဓါးအစစ်ကို ချက်ချင်း ခွဲခြားလိုက်နိုင်၏။
ထိုမျှသာမကဘဲ.. သတ္တုများကဲ့သို့ မာကြောပြီး အားပါသည်ထင်ရသော သူ့လက်ချောင်းများက ဓါးသွား၏ ထက်ရှမှုကို ပေါ့ပါးစွာ ရှောင်ရှားပြီး ဓါးသွား၏ ကိုယ်ထည်ကို ဆုပ်ကိုင်လိုက်၏။
ပုံရိပ်ယောင်ဓါးများက ပျက်ပြယ်သွားလေသည်။
ဘာမှ မကျန်ခဲ့ပေ။
“ဟမ့်”
ဓါးကျင့်ကြံသူ၏ အမူအယာက ပြောင်းလဲသွားပြီး သူ့ဓါးကို အလိုလို ပြန်ဆွဲယူလိုက်၏။
သို့သော်လည်း ဘုန်းကြီး၏ လက်ချောင်းများကြားမှာ ညပ်နေသော ပကတိအဆင့်ဓါးက နည်းနည်းလေးမျှ မလှုပ်တော့ပေ။
“မကောင်းတော့ဘူး”
ထိုလူသည် အန္တရာယ်ကို ခံစားမိလိုက်ပြီး တစ်ခုခု လွဲမှားနေသည်ကို နားလည်သွား၏။ သူသည် နောက်သို့ ပြန်ဆုတ်ချင်သော်လည်း နောက်ကျသွားလေပြီ။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ပေါ့ပါးစွာ ရွေ့လျားပြီး သူကိုင်ထားသော ဓါးသွားကို ရှေ့သို့ ဆောင့်တွန်းချလိုက်၏။
သူ့လုပ်ရပ်တစ်ခုလုံးက ရေကဲ့သို့ ချောမွတ်ပြေပြစ်နေ၏။
ဓါသွားက ထိုလူ၏ လည်ပင်းကို ပွတ်ဆွဲသွား၏။
အဲ့ဒါက အလွန်တရာ ရိုးရှင်းသော်လည်း ထိုလူ၏ အသက်ကို နုတ်ယူဖို့အတွက် လုံလောက်လေသည်။
ရှီး..
သွေးများက ပန်းထွက်လာ၏။
ဓါးကျင့်ကြံသူက သူ့လည်ပင်းပေါ်ရှိ ပြတ်ရှရာကို လက်ဖြင့် အသည်းအသန် ဆုပ်ကိုင်လိုက်၏။ သို့သော်လည်း ပန်းထွက်လာသော သွေးများကို သူ မရပ်တန့်နိုင်ဘဲ သူ့အကြည့်က မှေးမှိန်ကျသွားလေသည်။
ရွှေအမြုတေသုံးယောက်က သေလေပြီ။
ဖြစ်စဉ်တစ်ခုလုံးက အလွန်တရာ လျှင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။
ဘုန်းကြီးက လုံးဝ ရပ်တန့်လိုက်ခြင်း မရှိဘဲ နောက်ခဏ၌ သူသည် ရွှေအမြုတေငါးယောက်ကို ဖြတ်ကျော်၍ စစ်ကျွင်းယုရှေ့သို့ ရောက်လာ၏။
စစ်ကျွင်းယုသည် ထိတ်လန့်တကြား ဖြစ်သွား၏။
သူသည် ထိုကဲ့သို့သောပုံစံမျိုးကို သည့်အရင် တစ်ခါမှ မမြင်ဖူးပေ။ သူ၏ အစောင့်များနှင့် ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ဓါးကျင့်ကြံသူများပင်လျှင် စက္ကူရွက်များအလား ထိုဘုန်းကြီးဖြတ်သန်းလာရာတစ်လျှောက် မည်သူမှ တစ်ချက်တောင် မခုခံနိုင်ကြပေ။
ဘုန်းကြီးက ရက်စက်လွန်းပြီး သူ့ထံမှ ထွက်လာသော တိုက်ခိုက်မှုတိုင်းက သေကွင်းသေကွက်ချည်းသာ။ သူသည် တစ်ဖက်လူကို အခွင့်အရေး လုံးဝ မပေးပေ။
“သူ့-သူ့ကို သတ်ပေးကြဦး”
စစ်ကျွင်းယုက ဟိန်းဟောက်လိုက်၏။
သူ့ရှေ့မှာ နောက်ထပ်မဟာရှအစောင့်ငါးယောက်နှင့် ဓါးသမားငါးယောက် ရှိနေကြသေး၏။
စစ်ကျွင်းယုအတွက်တော့ ရွှေအမြုတေဆယ်ယောက်က ခဏကြာ တောင့်ခံပေးထားပါက နိုးထဝိညာဉ်နှစ်ယောက်သည် ပကတိအရှင်မင်းကျီကို သတ်ဖြတ်ပြီးသည်နှင့် သူ့ထံသို့ ရောက်လာပေလိမ့်မည်။
“သတ်..”
မဟာရှအစောင့်ငါးယောက်သည် ဟိန်းဟောက်၍ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။
ဝုန်း..
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ဓါးသမားတစ်ယောက်၏ မျက်လုံးများက လင်းလက်လာပြီး အလွန်တတရာ ကြောက်စရာကောင်းသည့်အော်ရာက ထွက်ပေါ်လာ၏။ သူက ဘာကိုမှ အကဲစမ်းမနေတော့ဘဲ သူ့ရွှေအမြုတေနယ်မြေကို တန်းပြီး ထုတ်ဖော်လိုက်လေသည်။