ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အား
Vol. 40 Ch. 598
“ကောင်းကင်ထိုးဖောက် ဓါးခုနှစ်ဖော်”
ထိုလူက ဟိန်းဟောက်လိုက်ပြီး သူ့ကိုယ်တွင်းမှ ဓါးချီများက ရုန်းကြွလာ၏။ စိတ်ဝိညာဉ်စွမ်းအင်များက တဝီဝီအော်မြည်၍ သူရွှေအမြုတေနယ်မြေက အရူးအမူး လည်ပတ်လာ၏။
သူ့နောက် လေထဲတွင် ကြီးမားသည့် ဓါးကြီးခုနှစ်လက်က ပေါ်လာပြီး သူတို့က ကောင်းကင်ကိုပင် အပိုင်းပိုင်း ဆုတ်ဖြဲဖို့ ခြိမ်းခြောက်နိုင်လောက်အောင် ထက်ရှလေသည်။
ကောင်းကင်ထိုးဖောက် ဓါးခုနှစ်ဖော်..
ပြီးခဲ့သည့် ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ အဆင့် ၇၈ ဝင်ခဲ့၏။
ဤဓါးသမားက ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ တစ်ကယ့် အမွေအနှစ်ကို ရရှိထားသူ ဖြစ်လေသည်။
ရွှေအမြုတေနယ်မြေများက ရွှေအမြုတေအဆင့်မှာ ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်၏။
ဓါးကျင့်ကြံသူများ၏ ရွှေအမြုတေနယ်မြေက သေစေနိုင်စွမ်း ပိုလို့တောင့် မြင့်မား၏။
သက်လတ်ပိုင်းရွယ် ဘုန်းကြီးက ရှေ့တက်လာစဉ်မှာပင် မဟာရှအစောင့်ငါးယောက်က အလိုလို နားလည်မှုရှိစွာနှင့် ပူးပေါင်းတိုက်ခိုက်မှုနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ကြ၏။
သူတို့၏ ဆေဘာငါးလက်က အတူတကွ ပေါင်းစပ်သွားသည်ဟု ထင်ရပြီး ကောင်းကင်ထက်ကနေ ကမ္ဘာဖျက်အော်ရာနှင့် ဧရာမဆေဘာကြီးတစ်လက်က ကျဆင်းလာ၏။
တစ်ချိန်တည်းလိုလိုမှာပင် တလက်လက် တောက်ပနေသော ဓါးလေးလက်ကလည်း ရှုထောင့်လေးဘက်ကနေ ဝင်ရောက်လာ၏။
သူတို့ရောက်မလာသေးခင်မှာပင် ဓါးများထံမှ ကျောချမ်းစရာအော်ရာက ထွက်ပေါ်လာ၏။
ထိုအထဲတွင် ကောင်းကင်ထိုးဖောက်ဓါးခုနှစ်ဖော် ရွှေအမြုတေနယ်မြေ၏ တိုက်ခိုက်မှုက ကြောက်စရာအကောင်းဆုံးဖြစ်၏။
“သူ့ကိုသတ်.. သူ့ကိုသတ်”
စစ်ကျွင်းယုက ဟိန်းဟောက်လိုက်၏။
တိုက်ခိုက်မှုများစွာနှင့် ရင်ဆိုင်နေရသော်လည်း သက်လတ်ပိုင်းရွယ်ဘုန်းကြီးက အမူအယာ ကင်းမဲ့နေ၏။ သူ့မျက်လုံးက ဝင်းလက်သွားပြီး ပါးစပ်ကို ဖွင့်ကာ အလွန်ကျယ်လောင်သည့် အသံမန္တန်တစ်ခုကို ထုတ်လွှတ်လိုက်၏။
“ဥုံ”
ထိုစကားလုံးက အလွန်တရာ ထူးဆန်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပုံမှန်သုံးနှုန်းနေကျ ဘာသာစကား မဟုတ်သည်မှာ သေချာလေသည်။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက အဲ့ဒါကို အသံထွက်လိုက်သောအခါ မြင့်မြတ်ထည်ဝါသည့်စွမ်းအားကို သယ်ဆောင်လာ၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်အတက်အကျ မရှိလျှင်တောင် မန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်၍ သူတို့၏ နှလုံးသားထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာပုံရ၏။
“ဟမ့်”
“အသံလျှို့ဝှက်ပညာရပ်လား”
လေထဲရှိ နိုးထဝိညာဉ်များသည် အနည်းငယ် အံ့အားသင့်သွားကြ၏။
အသံလျှို့ဝှက်ပညာရပ်များက ကျင့်ကြံရေးလောကမှာ အရှားပါးဆုံး လျှို့ဝှက်နည်းစနစ်များဖြစ်ပြီး ကျင့်ကြံဖို့ အလွန်တရာ ခက်ခဲလေသည်။ အဲ့ဒါတွေက ထိပ်သီးဂိုဏ်းကြီးများနှင့် ထိပ်သီးအဖွဲ့အစည်းကြီးများမှာသာ ရှိတတ်လေသည်။
တာမင်းမန္တန်သည် လွန်ခဲ့သည့် နှစ်တစ်သောင်းက ပျောက်ကွယ်သွားခဲ့သော တာမင်းကျောင်းတော်၏ နာမည်ကြီးလျှို့ဝှက်ပညာရပ် ဖြစ်လေသည်။
နိုးထဝိညာဉ်များ၏ သက်တမ်းက နှစ်ထောင်ဂဏန်းထိသာ ရှိနိုင်၏။ ထို့ကြောင့် ဤနေရာမှာ ရှိနေကြသော နိုးထဝိညာဉ်များက ထိုလျှို့ဝှက်ပညာရပ်၏ ဇာစ်မြစ်ကို သိနိုင်ကြလိမ့်မည် မဟုတ်ပေ။
တိုက်ပွဲမြေပြင်တွင် တိုက်ခိုက်နေကြသော ရွှေအမြုတေများက ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အတွက် အငိုက်မိပြီး တသိမ့်သိမ့်တုန်ယင်သွားကြ၏။
ဆေဘာငါးလက်နှင့် ဓါးလေးလက်သည်လည်း ခဏမျှ ရပ်တန့်သွားကြ၏။
သာမန်ကျင့်ကြံသူများအတွက်တော့ ထိုကြန့်ကြာချိန် အနည်းငယ်ကလေးက ဘာမှ မပြောပလောက်ပေ။
သို့သော်လည်း သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ မျက်လုံးထဲမှာတော့ အဲ့ဒါက ကြီးမားသည့် ဟာကွက်တစ်ခုပင်။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်ရှားခြင်း မရှိပေ။ ထို့အစား သူက အရင်ဦးစွာ လှုပ်ရှားလိုက်ပြီး သူ့လက်ကို လွှဲရမ်း၍ ဝင်ရောက်လာသော ဆေဘာငါးလက်ကို ကျာပွတ်တစ်ချောင်းလို ဖြတ်ရိုက်ချလိုက်၏။
ဖျောင်း.. ဖျောင်း.. ဖျောင်း..
ဆေဘာများအားလုံးက ကြေမွကုန်၏။
မဟာရှအစောင့်ငါးယောက်သည် တုန်လှုပ်ချောက်ချားသွားကြ၏။
သူတို့က နောက်ဆုတ်မလို့ ပြင်လိုက်သော်လည်း ဘုန်းကြီးက သူတို့နောက်သို့ လိုက်မလာသည်ကို တွေ့လိုက်ရ၏။ သူက ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ဓါးကျင့်ကြံသူလေးယောက်ထံသို့ လှည့်သွားလေသည်။
သူတို့ငါးယောက် မတုံ့ပြန်နိုင်သေးခင်မှာပင် နောက်ထပ်မန္တန်ရွတ်ဖတ်သံက သူတို့၏ နားထဲမှာ ဝုန်းကနဲ မြည်ဟည်းလာ၏။
အဲ့ဒါက တစ်ကယ့်ကို ပေါက်ကွဲအားပင်။
သူတို့၏ နားထဲမှာ မိုးကြိုးပစ်ချလိုက်သည့်အလား ကြားလိုက်ရ၏။
“မာ!”
သူတို့ငါးယောက်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ချက်ချင်းနီရဲလာကာ နေရာမှာတင် ငူငိုင်သွားကြ၏။
သူတို့၏ နောက်စေ့ကို ဧရာမတူကြီးဖြင့် ထုရိုက်လိုက်သည့်အလား ခဏတာ အသိစိတ်ပျောက်သွားကြ၏။
ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ဓါးကျင့်ကြံသူလေးယောက်သည် အစက ပြန်လည်သတိဝင်လာပြီး ဆက်လက်တိုက်ခိုက်မလို့ လုပ်နေစဉ်မှာပင် ဒုတိယမန္တန်အသံက သူတို့နားထဲမှာ ထပ်မံမြည်ဟည်းလာ၏။
သူတို့လေးယောက်သည် လွန်စွာနာကျင်သည့်ပုံပေါက်သွားပြီး ဆိုးဆိုးရွားရွား ရှုံ့မဲ့သွားကြ၏။ သူတို့သည် ဆက်လက်တိုက်ခိုက်ဖို့နေနေသာ သူတို့၏ ဓါးများကိုပင် မဆုပ်ကိုင်နိုင်ကြတော့ပေ။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက အေးစက်စက်အကြည့်နှင့်အတူ သူတို့လေးယောက်ထံသို့ ပြေးဝင်ချသွား၏။ ချက်ချင်းပင် သူက လက်သီးလေးချက် ဆက်တိုက်ပစ်သွင်းလိုက်၍ သူတို့၏ ဦးခေါင်းများက ပေါက်ကွဲစုတ်ပြဲထွက်သွားလေသည်။
နောက်ဆုံးကျန်ရှိသော ဓါးသမားမှာလည်း ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
အဲ့ဒါသည် သူက မတိုက်ခိုက်ချင်သောကြောင့် မဟုတ်ပေ။ မတိုက်ခိုက်တော့သောကြောင့်သာ ဖြစ်လေသည်။
မန္တန်ရွတ်ဖတ်သံ နှစ်သံက သူ့ကို တောင့်ခဲသွားစေပြီး သူ့နောက်မှာ ယိမ်းနွဲ့နေသော ဓါးခုနှစ်ဖော်ကလည်း အပြည့်အဝ မစုဖွဲ့နိုင်သေးခင်မှာပင် စတင်ပျက်ပြယ်လာလေသည်။
သူ့ကိုယ်သူတောင် မခုခံမကာကွယ်နိုင်တာ သူက သက်လတ်ပိုင်းရွယ်ဘုန်းကြီးကို မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။
တစ်စက္ကန့်အတွင်းမှာပင် သူ၏ ဂိုဏ်းသားအဖော်လေးယောက်က သေဆုံးသွား၏။
ချက်ချင်းဆိုသလိုပင် သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့ရှေ့သို့ ရောက်လာပြီဖြစ်၏။
နောက်ခဏ၌ သူ့သူငယ်အိမ်က တဆတ်ဆတ် လှုပ်သွားလေသည်။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့ပါးစပ်ကို နောက်တစ်ဖန် ဖွင့်လိုက်ခြင်းကို သူမြင်လိုက်ရ၏။
“ဏီ!”
တတိယမြောက် ဂါထာသံက ထွက်ပေါ်လာ၏။
ပထမဆုံး သက်ရောက်ခံရသည်မှာ နေရာမှာတင် အမြစ်တွယ် ရပ်နေမိသော မဟာရှအစောင့်ငါးယောက်ဖြစ်၏။
ဂါထာမန္တန်သံ သုံးသံ၏ ဆက်တိုက်ရိုက်ခတ်မှုအောက်၌ သူတို့၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းများမှ မသတီစရာ သွေးများက ဒလဟော စီးကျလာ၏။
သူတို့၏ ငါးယောက်၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ဒဏ်ရာမှ မရှိဟု ထင်ရ၏။
သို့သော်လည်း ပြင်းထန်သည့် တုန်ခါအားကြောင့် သူတို့၏ ဦးနှောက်များက ကြေမွသွားလေပြီ။
သူတို့ငါးယောက်၏ မျက်လုံးများက အရောင်မှိန်ကျ၍ တောင့်တောင့်ကြီး လဲကျသွားကြ၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူတို့ကို လက်ဖျားနှင့်တောင် မထိခဲ့ပေ။ သူတို့သည် ဂါထာမန္တန်သုံးသံ၏ တုန်ခါအားလှိုင်းဖြင့် သေဆုံးသွားကြ၏။
နောက်ဆုံးကျန်သော ဓါးသမားကတော့ သူ့မျက်နှာက စက္ကူရွက်လို ဖြူဆုတ်သွားပြီး သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုက ပြည့်နှက်လာ၏။
သူ့ရွှေအမြုတေနယ်မြေက ယိမ်းထိုးနေပြီး အချိန်မရွေး ပျက်ပြယ်တော့မည့်ဟန်ပင်။
သူသည် နှစ်ပေါင်းနှစ်ရာကျော် ကျင့်ကြံခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ဖူးကာ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်လေသည်။
သို့သော်လည်း ဤကဲ့သို့သော ပုံစံဖြင့် တိုက်ခိုက်နိုင်သူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထိုလူ၏ ခန္ဓာကိုယ်မှာ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေပေ။
တစ်ဖက်လူ၏ အသံနှင့်ပင် သူ၏ ရွှေအမြုတေနယ်မြေစွမ်းအားက တုန်ခါယိမ်းယိုင်လာရ၏။
ပြောရမည်ဆို သူ၏ ရွှေအမြုတေနယ်မြေကသာ သူ့ကို ကာကွယ်ပေးမထားဘူးဆိုလျှင် ထိုဂါထာမန္တန်သုံးသံ၏ ရိုက်ခတ်မှုအောက်၌ သူက မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရနေလောက်လေပြီ။
နောက်ခဏ၌ သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ၏ ပါးစပ်ကို နောက်တစ်ဖန် ဖွင့်လိုက်ပြန်၏။
“ပါ”
စတုတ္ထမြောက်ဂါထာသံက ထွက်ပေါ်လာ၏။
စတုတ္ထမြောက်ဂါထာသံက ထွက်ပေါ်လာချင်းမှာပင် သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ၏ ရွှေအမြုတေနယ်မြေကို တိုက်ရိုက် ပစ်ထိုးချလိုက်၏။
ဝုန်း..
ဓါးခုနှစ်ဖော်က လုံးဝ ကျိုးပျက်သွားလေသည်။
ထိုသည်ကို ကြည့်ပြီး ကျန်ရှိနေသော ရွှေအမြုတေများသည် တုန်လှုပ်မှုနှင့်အတူ သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။
ထိုကဲ့သို့ အားကောင်းသည့် စွမ်းအားမျိုးကို သည့်အရင်က မည်သူမှ မမြင်ဖူးခဲ့ကြပေ။
ရွှေအမြုတေများအတွက်တော့ ရွှေအမြုတေနယ်မြေများက အသန်မာဆုံး နည်းလမ်းများ ဖြစ်လေသည်။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်တိုက်ကွက်များပင်လျှင် ရွှေအမြုတေနယ်မြေများကို တော်တန်ရုံနှင့် မယှဉ်နိုင်ပေ။
သို့သော် ယခုအခါမှာတော့.. ရွှေအမြုတေနယ်မြေတစ်ခုကို ကိုယ်ကာယခွန်အားဖြင့် ထိပ်တိုက်ဆိုင်၍ တိုက်ခိုက်ခဲ့သူကို လူတိုင်း မြင်တွေ့လိုက်ရလေသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၏ ကောင်းကင်ထိုးဖောက်ဓါးခုနှစ်ဖော်သည် ထိုလူထံမှ မန္တန်ရွတ်ဖတ်သံနှင့် ထိုးနှက်ချက်ကို တစ်ချီတောင် မခုခံနိုင်ခဲ့ပေ။
ဖောင်း..
ရွှေအမြုတေနယ်မြေက ကြေမွသွားပြီး နောက်ဆုံးဓါးသမားသည် တသိမ့်သိမ့်တုန်ရီကာ သွေးများကို ထွေးထုတ်လိုက်ရ၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့ကို မည်သည့်အခွင့်အရေးမှ ထပ်မပေးဘဲ ရှေ့သို့ တက်လာပြီး လက်ညိုးတစ်ချောင်းနှင့် သူ့လည်ပင်းကို ထိုးဖောက်လိုက်၏။
ဂျွတ်..
ထိုလူ၏ လည်ပင်းက ကျိုးကြေသွားပြီး နေရာမှာပင် စင်းသွားလေသည်။
စစ်ကျွင်းယုသည် လုံးဝကို ကြောက်လန့်တုန်လှုပ် ချောက်ချားနေပြီဖြစ်၏။
ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ထားသော ကျင့်ကြံသူအပါအဝင် ရွှေအမြုတေဆယ်ယောက်သည် ထိုသက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ တိုက်ခိုက်မှုကို ခဏလေးတောင် ကြာအောင် တောင်ခံနိုင်လိမ့်မည် မဟုတ်ဟု သူတစ်ကယ်ကို ထင်မှတ်မထားမိပေ။
ပြောပြရသည်မှာ ကြာသော်လည်း ဖြစ်စဉ်တစ်ခုလုံးက အသက်သုံးရှိုက်စာလောက်သာ ကြာခဲ့လေသည်။
စစ်ကျွင်းယု မတုံ့ပြန်နိုင်ခင်မှာပင် သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်၏။
ထိုအချိန်၌ နိုးထဝိညာဉ်နှစ်ယောက်က သူ့ကို ကူညီချင်လျှင်တောင် နောက်ကျလွန်းသွားလေပြီ။
“မင်း တော်တော် အတင့်ရဲ..”
ထိုမြင်ကွင်းကို မြင်သောအခါ ပကတိအရှင်ထျန်ချန်သည် ကျယ်လောင်စွာ လှမ်း၍ ဟိန်းဟော်လိုက်၏။
“ဘုန်းကြီး.. မင်းသူ့ကို သတ်မယ်ဆို.. မင်းလဲ သေချာပေါက် သေရလိမ့်မယ်”
ကူစုချီက အေးစက်စွာ ပြောလိုက်၏။