သူဘာလုပ်နေတာလဲ
Vol. 40 Ch. 599
စစ်ကျွင်းယုသည် ချက်ချင်းပင် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာ၏။
“အား”
စစ်ကျွင်းယုသည် သိုလှောင်အိတ်ထဲကနေ အေးစက်စက်တလက်လက် တောက်ပနေသော ဓါးတစ်လက်ကို ဆွဲထုတ်ကာ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး ထိုးသွင်းပြီး သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ဦးခေါင်းကို ထိုးချလိုက်၏။
တစ်ချိန်တည်းမှာပင် စစ်ကျွင်းယုသည် သူ့ဘယ်ဘက်လက်ဖြင့် ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်လိုက်၏။
ဝှစ်..
ရွှေရောင်တောက်တောက် အလင်းတစ်ခုက ရုန်းကြွထွက်ပေါ်လာပြီး စစ်ကျွင်းယု၏ ဘေးပတ်လည်မှာ မထိုးဖောက်နိုင်ပုံရသော အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ဝင်ရောက်လာသော ဓါးကို ရှောင်ရှားခြင်း မရှိဘဲ သူလက်ချောင်းဖြင့် ရိုးရှင်းစွာပင် တောက်ထုတ်လိုက်၏။
လက်သူ့ချောင်းထိပ်က ဓါးသွားနှင့် ထိတွေ့သွား၏။
ချွမ်း..
သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လက်တစ်ချောင်း တောက်ချက်နှင့် စစ်ကျွင်းယု၏ ဓါးက ကျိုးထွက်သွား၏။
စစ်ကျွင်းယု၏ လက်ဖဝါးက တုန်ခါအားဖြင့် စုတ်ပြဲသွားပြီး သူ့ဓါးကို ဆက်မကိုင်နိုင်တော့ဘဲ လက်လွှတ်လိုက်ရ၏။
ထို့နောက် သူ့အမြင်အာရုံက ဝေဝါးသွားပြီး သက်လတ်ပိုင်းရွယ်ဘုန်းကြီးကို မမြင်ရတော့ပေ။
အခြားလူများ၏ အမြင်မှာတော့ ဘုန်းကြီးက ရှေ့ခြေတစ်လှမ်းတိုး၍ စစ်ကျွင်းယု၏ ဓါးကို ချိုးပစ်ပြီးနောက် ထိုသူ၏ နောက်ကနေ ရစ်ပတ်လိုက်သည်ကို မြင့်လိုက်ရ၏။
သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လှုပ်ရှားမှုများက ရေကဲ့သို့ ပြေပြစ်နေ၏။
သူ၏ ပထမတိုက်ခိုက်မှုနှင့် နောက်လှုပ်ရှားမှုကြားမှာ ကြန့်ကြာမှု နည်းနည်းလေးမှ ရှိမနေပေ။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက စစ်ကျွင်းယု၏ ရွှေရောင်အကာအရံကို အနာကွန်ဒါကဲ့သို့ ရစ်ပတ်ပြီး ခွန်အားကို ဖျစ်ညှစ်ထုတ်လိုက်၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ရွှေရောင်အကာအရံပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာ၏။
နောက်ခဏ၌ ရွှေရောင်အကာအရံက လုံးလုံး ကြေမွသွားလေသည်။
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့လက်ကို ထုတ်ပြီး စစ်ကျွင်းယု၏ လည်ပင်းကို သူ့လက်ချောင်းများဖြင့် ဖမ်းဆုပ်ကိုင်လိုက်၏။
စစ်ကျွင်းယုသည် သူ့ခန္ဓာကိုယ်နှင့် ခြေလက်များက ပျော့ဖတ်သွားသည်ဟု ခံစားလိုက်ရ၏။ သူ့ကိုယ်သူ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့ကို ကိုင်မြှောက်လိုက်တာကို ဒီတိုင်း ကြည့်နေရ၏။
“အားလုံး ရပ်လိုက်ကြစမ်း”
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက အေးစက်စက် လှည့်ပြီး ပြော၏။
နောက်ကလိုက်လာသော မဟာရှအစောင့်နှစ်ယောက်နှင့် ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းကျင့်ကြံသူ သုံးယောက်၏ မျက်လုံးများထဲမှာ နက်ရှိုင်းသည့် ကြောက်ရွံ့မှုက ပေါ်လာပြီး ကပျာကယာ ရပ်တန့်လိုက်ကြ၏။
ဤသက်လတ်ပိုင်းရွယ်ဘုန်းကြီးက အရမ်းကို ကြမ်းတမ်းလွန်းလှ၏။
သူစတင် တိုက်ခိုက်ကတည်းက သူ့လမ်းကြောင်းမှာရှိသော မည်သည့်ရွှေအမြုတေမဆို အသက်ပျောက်ခဲ့ရ၏။ တစ်ယောက်မှ ချမ်းသာရာ မရပေ။
သူက လောကအကျိုးဆောင်ဘုန်းကြီးတစ်ပါးဆိုတာထက် သတ်ဖြတ်ဖို့ မွေးဖွားလာသော နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေလေသည်။
တစ်ခဏအတွင်း စစ်ကျွင်းယုက သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လက်ထဲမှာ ကျရောက်သွားပြီး ကူစုချီနှင့် ပကတိအရှင်ထျန်ချန်တို့သည့် ပကတိအရှင်မင်းကျီအား တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြ၏။
ပကတိအရှင်မင်းချီသည် ယုခုမှသာ အသက်ရှူခွင့် ရပြီး လေထဲကနေ မောဟိုက်စွာဖြင့် ပြုတ်ကျလာ၏။
ကံကောင်းလို့ ကျိယောင်ရွှယ်က အပြေးလာပြီး သူ့ကို ဖေးကူပေးလိုက်၏။
ချက်ချင်းပင် အခြေအနေက နည်းနည်းထူးလာ၏။
မဟာရှအင်ပါယာဘက်တွင်.. ရွှေအမြုတေငါးယောက်နှင့် နိုးထဝိညာဉ်နှစ်ယောက်က ကျန်ရှိနေသေး၏။
မဟာကျိုးဘက်မှာတော့ ကျိယောင်ရွှယ်၏ စိတ်ဝိညာဉ်စွမ်းအင်က ခမ်းခြောက်နေပြီး သူမမှာ တိုက်ခိုက်ရည်များစွာ မကျန်ရှိတော့ပေ။
ပကတိအရှင်မင်းကျီဆိုလျှင်လည်း သူ့တစ်ကိုယ်လုံး ဒဏ်ရာများ ဗရပွနှင့် ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
အပေါ်ယံအားဖြင့်တော့ မဟာကျိုးက လုံးဝ အရေးနိမ့်နေသည်ဟု ထင်ရ၏။ သို့သော်လည်း အဓိက ပြဿနာမှာ စစ်ကျွင်းယုက သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လက်တွင်း ကျရောက်နေခြင်းပင်။
ရုတ်တရက်.. ပကတိအရှင်မင်းကျီနှင့် အခြားလူများသည် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ရည်ရွယ်ချက်ကို မြင်လာကြ၏။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် သူက နိုးထဝိညာဉ်ဓါးသမားနှစ်ယောက်၏ ပြိုင်ဘက်လုံးဝ မဖြစ်နိုင်ပေ။
အခြေအနေကနေ ရုန်းထွက်ပြီး အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ စစ်ကျွင်းယုကို အရှင်ဖမ်း၍ အသာစီးရယူဖို့ ဖြစ်လေသည်။
“တစ်ကယ့်ကို အထင်ကြီးလောက်တဲ့ ဘုန်းကြီးပဲ”
ပကတိအရှင်မင်းကျီက သူ့ဘာသာသူ တွေးလိုက်၏။
အချိန်တိုလေးအတွင်း အခြေအနေကနေ မည်သို့ ဖောက်ထွက်ရမလဲ နည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းသည် သူ၏ အခြေအနေအရပ်ရပ်အပေါ် ဆင်ခြင်သုံးသပ် နားလည်နိုင်စွမ်းနှင့် စိတ်အာရုံထက်ရှုရှိကြောင်း သက်သေပင်။
တစ်ကယ်တော့ စောစောက အချိန်ကလေးထိ ပကတိအရှင်မင်းကျီသည် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ရည်ရွယ်ချက်ကို မမြင်နိုင်ခဲ့သေးပေ။
သူနားလည်လိုက်ချိန်မှာတော့ အဲ့ဒါက သူ့ကို တုန်လှုပ်သွားစေရုံမက... လန့်ဖျပ်၍ပါ သွားစေလေသည်။
ထိုသို့ လုပ်ဆောင်နိုင်ဖို့အတွက် အလွန်တရာ အားကောင်းသည့် သတ္တိကို လိုအပ်လေသည်။
ကျိယောင်ရွှယ်က ပကတိအရှင်မင်းကျီကို ဖေးကူရင်း.. မလှမ်းမကမ်းရှိ သက်လတ်ပိုင်းရွယ်ဘုန်းကြီးကို မျက်ခုံးအနည်းငယ်ပင့်၍ ငေးကြည့်နေ၏။
ဘာကြောင့်ရယ်မသိ.. ဤကိစ္စမှာ တစ်ခုခု အံဝင်ခွင်ကျ ဖြစ်မနေသည်ကို သူမ ခံစားမိနေ၏။
ထိုသက်လတ်ပိုင်းရွယ်ဘုန်းကြီးက ရွှေအမြုတေအဆင့်မှာသာ ရှိသေးပြီး သူတို့သည် တစ်ယောက်ကိုတစ်ယောက်လည်း မသိကြပေ။ ဒါဆို သူမကို ကယ်ဖို့အတွက် သူက ဤကဲ့သို့ အန္တရာယ်များလွန်းသည့် အခြေအနေမှာ ဘာလို့ ဝင်စွန့်စားလိုရတာလဲ။
သူမကို ဝင်ကယ်တာက တစ်ချက်.. ဒါ့အပြင် သူက ဒေါသထောင်းထောင်း ထွက်နေသလို တစ်ဖက်လူများကို ရက်စက်ပြတ်သားစွာဖြင့် သတ်ဖြတ်သုတ်သင်ပစ်ခဲ့သေး၏။
စစ်ကျွင်းယုနှင့် အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံနေရတာက သူမဖြစ်၏။ ဒါဆို အဲ့ဒီသက်လတ်ပိုင်းရွယ်ဘုန်းကြီးဆီက ခက်ထန်တဲ့ဒေါသက ဘယ်ကနေ လာတာလဲ။
ဤဘုန်းကြီးက မဟာရှအင်ပါယာနှင့် နက်ရှိုင်းသည့် ရန်ငြိုးရန်စရှိပြီး ယခု လမ်းကြုံ၍ အခွင့်အရေးရတုန်း ဝင်ရောက်သတ်ဖြတ်ခြင်းလား။
ကျိယောင်ရွှယ်သည် အဲ့ဒါကို သေချာစွာ ရုပ်လုံး မဖော်နိုင်ပေ။
ကူစုချီနှင့် ပကတိအရှင်ထျန်ချန်တို့သည်လည်း သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ မျက်နှာမှ တစ်ခုခုကို ရှာဖွေဖော်ထုတ်ချင်သည့်အလား လေထဲကနေ အေးစက်စွာနှင့် စိုက်ကြည့်နေကြ၏။
သူက အမူအယာကင်းမဲ့နေပြီး သူ့မျက်လုံးများထဲမှာ မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေပေ။
ကူစုချီက သူ့မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်၏။
“ဗုဒ္ဓဂိုဏ်းတွေက သတ္တဝါတွေအပေါ် အမြဲတမ်း မေတ္တာဂရုဏာတရားနဲ့ ဆက်ဆံရတယ်လို့ ကျုပ်တို့ ယုံကြည်ထားတာပါ.. ဘုန်းကြီး ဗုဒ္ဓဂိုဏ်းက ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခင်ဗျားက အရမ်းကို သွေးဆာရက်စက်လွန်းမနေဘူးလား”
“မကောင်းဆိုးဝါးမိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် လိုအပ်ရင် တရဇိန်လက်နက်ကို ထုတ်သုံးသင့်သုံးရတယ်လို့လဲ ဗုဒ္ဓဂိုဏ်းတွေက ယုံကြည်ထားပြီးသားပါ”
သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ အကြည့်က တည်ငြိမ်တောက်ပနေ၏။
“ဟမ့်”
ပကတိအရှင်ထျန်ချန်က ကြောက်မက်ဖွယ်ရာသတ်ဖြတ်လိုစိတ်နှင့်အတူ ငေါက်ငမ်းလိုက်၏။
“ဒီမှာ ဘုန်းကြီး.. မင်း သူ့ကို ထိခိုက်အောင်လုပ်ရဲရင် မင်းကိုလဲ အပိုင်းပိုင်း စုတ်ဖြဲပြီးတော့ အရိုးပါ ပြာချပစ်မယ်”
သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နိုးဝိညာဉ်၏ ခြိမ်းခြောက်မှုအောက်တွင် ယိမ်းယိုင်သွားခြင်း မရှိဘဲ သူ့လက်ချောင်းများရှိ ခွန်အားကို ပို၍ပင် စိုက်ထုတ်လိုက်၏။
စစ်ကျွင်းယု၏ မျက်နှာက ခရမ်းရောင်သန်းသွားပြီး မည်သည့်စကားကိုမှ မပြောနိုင်ပေ။
ရုတ်တရက် ကူစုချီ၏ အကြည့်က ဖျတ်ကနဲလက်သွားပြီး မေးလိုက်၏။
“ဒီတိုင်းဆက်သွားနေရင် ဘယ်သူ့အတွက်မှာ အကျိုးရှိမှာ မဟုတ်ဘူး.. ကျုပ်တို့ အပေးအယူ လုပ်ကြမယ်ဆိုရင်ရော”
“အို့” သက်လတ်ပိုင်းရွယ်ဘုန်းကြီးက မျက်ခုံး အနည်းငယ် ပင့်လိုက်၏။
ကူစုချီက တည်တံ့စွာဖြင့် ပြောလိုက်၏။
“မင်း သူ့ကို လွှတ်ပေးတာနဲ့ ငါတို့ ဒီကနေ ထွက်သွားပေးမယ်”
သက်လတ်ပိုင်းရွယ် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
“ခင်ဗျားတို့က ပြောပြီးမှ စကားမတည်ရင် ဘယ်လိုလုပ်မလဲ”
ပကတိအရှင်ထျန်ချန်နှင့် ကူစုချီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် စဉ်းလဲမှုကို မြင်ရကာ အလိုလို နားလည်လိုက်ကြ၏။
“ကျုပ်တို့ နှစ်ယောက်စလုံးက နိုးထဝိညာဉ်တွေပဲ.. ကျုပ်တို့က နာမည်တစ်လုံးနဲ့ နေလာတာ.. ကျုပ်တို့ ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းစရာ အကြောင်းမရှိဘူး”
ထိုအသံကို ကြားသောအခါ ပကတိအရှင်မင်းကျီသည် ရင်ထဲမှာ ထိတ်ကနဲဖြစ်သွား၏။
ရက်စက်ကြမ်းကြုတ်လှသော ကျင့်ကြံရေးလောကတွင် အကြောင်းသိ ယုံကြည်ရသော လူများမှလွဲ၍ မည်သူ၏ ကတိစကားကိုမှ အတည်ယူလို့ မရပေ။
ဒါ့အပြင် သူတို့နှစ်ယောက်က သူတို့၏ ကတိစကားကို ဖောက်ဖျက်၍ သူတို့ကို သတ်ဖြတ်ခဲ့လျှင်တောင် ဤအကြောင်းက လူမသိသူမသိ ပြီးဆုံးသွားမည် ဖြစ်သောကြောင့် သူတို့၏ ဂုဏ်သတင်းအပေါ်မှာ ရိုက်ခတ်မှုရှိလိမ့်မည် မဟုတ်ပေ။
အစတုန်းကတော့ ပကတိအရှင်မင်းကျီသည် ထိုသက်လတ်ပိုင်းရွယ်ဘုန်းကြီးက အခြေအနေအရပ်ရပ်အပေါ် အလုံးစုံ ဖောက်ထွင်းသိမြင်၍ ဉာဏ်ကောင်းလွန်းလှသည်ဟု တွေးထင်ခဲ့၏။
သို့သော်လည်း သက်လတ်ပိုင်းရွယ်ဘုန်းကြီးက စကားတစ်ခွန်းနှစ်ခွန်းမျှနှင့် ယိမ်းယိုင်သွားလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
“တစ်ကယ် သေချာတယ်လား”
သက်လတ်ပိုင်းရွယ်ဘုန်းကြီးက မျက်ခုံးအနည်းငယ်ပင့်၍ နိုးထဝိညာဉ်နှစ်ယောက်ကို ထပ်မံမေးလိုက်၏။
“ကျုပ်တို့ရဲ့စကားက ရွှေထက် အဖိုးတန်တယ်”
ကူစုချီသည် သူ့ရင်ထဲက ဝမ်းသာမှုကို ဖိနှိမ်ကာ သေသပ်ပိရိအောင် ဟန်ဆောင်လိုက်၏။
“မလုပ်...”
ပကတိအရှင်မင်းကျီက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး တားတော့မလို့ ဟန်ပြင်စဉ်မှာပင် သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ.. ကျုပ် ခင်ဗျားတို့ကို ယုံကြည်ပေးလိုက်မယ်”
ထိုသို့ပြောရင်း သူက စစ်ကျွင်းယုကို ဆွဲမကာ နိုးထဝိညာဉ်နှစ်ယောက်ဆီသို့ လျှောက်သွား၏။
ပကတိအရှင်မင်းကျီသည် ချက်ချင်းပင် ယူကျုံးမရ ဖြစ်သွား၏။
ကူစုချီနှင့် ထျန်ချန်တို့က သူတို့၏ အူမြူးအားရမှုကို မနည်းထိန်းချုပ်ထားသော်လည်း သူတို့၏ မျက်လုံးများထဲမှာ သတ်ဖြတ်လိုစိတ်က လျှံကျလာနေ၏။
ရုတ်တရက် ကျိယောင်ရွှယ်၏ ခေါင်းထဲမှာ အတွေးတစ်ခုက ဝင်ရောက်လာပြီး သူမက တီးတိုး ပြောလိုက်၏။
“သူက ဓါးစာခံကို လွှတ်ပေးမှာဆိုရင် ဘာလို့ နိုးထဝိညာဉ်နှစ်ယောက်ဆီကို လျှောက်သွားရတာလဲ”
ပကတိအရှင်မင်းကျီလည်း မှင်တက်သွား၏။
‘ဟုတ်လေသည်’
‘သူက ဓါးစာခံကို ချက်ချင်းလွှတ်ပေးလိုက်လို့ ရတာကို ဘာလို့ နိုးထဝိညာဉ်တွေဆီကို လျှောက်သွားရတာပါလိမ့်’
“သူက ဘာလုပ်ချင်နေတာပါလိမ့်”
ပကတိအရှင်မင်းကျီ၏ မျက်လုံးများက တွေဝေငေးမောသွား၏။
“သူက.....များ.. ဖြစ်နိုင်ပါ့မလား”