← Chapters

နိုးထဝိညာဉ်များကို သတ်ဖြတ်ခြင်း

Vol. 40 Ch. 600

နိုးထဝိညာဉ်များကို သတ်ဖြတ်ခြင်း

Vol. 40 Ch. 600

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက စစ်ကျွင်းယုကို မပြီး ကူစုချီနှင့် ပကတိအရှင်ထျန်ချန်တို့အနားသို့ ချဉ်းကပ်သွား၏။

နောက်ခဏ၌ သူတို့က ဆယ်ပေတောင် မကွာတော့ပေ။

ကူစုချီနှင့် ပကတိအရှင်ထျန်ချန်တို့၏ မျက်လုံးများထဲမှ အားရဝမ်းသာမှုများနှင့် နှိုင်းယှဉ်လျှင် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ အကြည့်က တည်ငြိမ်နေပြီး အမူအယာ ကင်းမဲ့နေ၏။

အနားသို့ ရောက်လာသောအခါ သက်လတ်ပိုင်းရွယ်ဘုန်းကြီးက စစ်ကျွင်းယုကို ပကတိအရှင်းထျန်ချန်ဆီသို့ ဒီအတိုင်း ရိုးရိုးရှင်းရှင်း ပစ်ပေးလိုက်၏။

ပကတိအရှင်ထျန်ချန်၏ မျက်လုံးက ဝင်းလက်သွားပြီး စစ်ကျွင်းယုကို ဖမ်းဖို့ လက်ကို ဆန့်တန်းလိုက်၏။

တစ်ဖက်မှာတော့ ကူစုချီက အားပါးတရ ရယ်ချလိုက်၏။

“ဟဟဟား....”

ရုတ်တရက်..

ကူစုချီ၏ ရယ်သံက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွား၏။

စစ်ကျွင်းယု၏ နောက်ကနေ ပုံရိပ်တစ်ခုက လှစ်ကနဲ ပြေးထွက်လာတာကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်ရ၏။ ထိုသူ၏ မျက်လုံးများက လူသားများကို အရှင်လတ်လတ် ဝါးမျိုစားသောက်တော့မည့် ရှေးဟောင်းသားရဲတစ်ကောင်လို အရိုင်းဆန်ကြမ်းကြုတ်မှုဖြင့် တလက်လက် တောက်ပနေ၏။

ဟင်း..

ကူစုချီသည် ပင့်သက်ကို ရှိုက်လိုက်၏။

ထိုသက်လတ်ပိုင်းရွယ်ဘုန်းကြီးက နိုးထဝိညာဉ်တစ်ယောက်ကို တစ်ကယ်ပင် သတ်ဖြတ်ဖို့ ရည်ရွယ်ထားပုံပင်။

သူဘယ်လို ရဲတင်းနိုင်ရတာလဲ..

ရွှေအမြုတေတစ်ယောက်က နိုးထဝိညာဉ်တစ်ယောက်ကို သတ်ဖြတ်ဖို့ ကြံရွယ်ရဲသည်လား..

“သေစမ်း”

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက မွန်းကျပ်ဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့်အတူ မိုးချုန်းသံကဲ့သို့ ဟိန်းဟောက်လိုက်၏။ ဆွဲထုတ်လိုက်သော သူ၏ လက်ဖဝါးကြီးက ကောင်းကင်ထက်ကနေ အုပ်မိုး၍ ကျဆင်းလာလေသည်။

ကူစုချီသည် သူ့ခေါင်းပေါ်ကို တိမ်ညိုတိမ်မည်းများ အုပ်မိုးကျဆင်းလာသည့်အလား ခံစားလိုက်ရ၏။

“မင်းကတော့ သေချင်နေတာပဲ”

ကူစုချီက သူ့ဓါးဖြင့် လက်ပြန်ခုတ်ပိုင်းချလိုက်၏။

သူတို့နှစ်ယောက်က နီးကပ်လွန်းနေ၏။

ဓါးနည်းစနစ်ကို အပြည့်အဝ မထုတ်ဖော်ရသေးခင်မှာပင် ဆူဇီမို၏ ဘယ်ဘက်လက်က ကူစုချီ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

ဤအခြေအနေ၌ သူ့ဓါးနည်းစနစ်က ဘယ်လောက်ပင် အဆင့်မြင့်နေပါစေ.. ကိစ္စ မရှိတော့ပေ။

ဤအကွာအဝေး၌ အနီးကပ်တိုက်ခိုက်ရည်ခွန်အားနှင့် လူတစ်ယောက်၏ ကိုယ်ကာယစွမ်းအားတို့ကသာ အခရာ ကျလာလေသည်။

ကူစုချီ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး နောက်ဆုံး သူ့မျက်လုံးထဲတွင် အကြောက်တရားက ထင်ဟပ်လာလေသည်။

သူ့လက်ကောက်ဝတ်က သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ မြဲမြံ့စွာ ဆုပ်ကိုင်ခြင်းကို ခံထားရပြီး လုံးဝ ပြန်ရုန်းလို့ မရပေ။

ထိုအချိန်မှသာ သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ကိုယ်ကာယက ဘယ်လောက်တောင် ကြောက်စရာကောင်းကြောင်း နောက်ဆုံး သူနားလည်လာ၏။

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက သူ့အသက်ကို ခြိမ်းခြောက်ဖို့ လုံလောက်လေသည်။

ကူစုချီက နိုးထဝိညာဉ်တစ်ယောက်ဖြစ်၏။

သာမန်တိုက်ခိုက်မှုမှာဆိုလျှင် သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ဓမ္မစွမ်းအားကို ထုတ်သုံးနိုင်ပြီး သက်လတ်ပိုင်းရွယ်ဘုန်းကြီးကို အနားကပ်ဖို့ အခွင့်အရေးပေးမည် မဟုတ်ပေ။

ယခုအခါ သူက သက်လတ်ပိုင်းရွယ်ဘုန်းကြီးနှင့် လူချင်းကပ်နေပြီး အဲ့ဒါက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်ကို အနားကပ်ခွင့် ပေးလိုက်ခြင်းနှင့် တူနေလေသည်။ ခြေတစ်လှမ်းမှားသွားသည်နှင့် သူ့ဘဝက တမလွန်သို့ ဦးတည်သွားနိုင်လေသည်။

ကျင့်ကြံသူအများစုသည် ကိုယ်ကာယမှာ အားနည်းကြပြီး သားရဲများနှင့် လုံးဝ မယှဉ်နိုင်ကြပေ။

ထို့ကြောင့်ပင် ကျင့်ကြံသူများသည် သားရဲတောကောင်များနှင့် ရင်ဆိုင်ရသည့်အခါ အနားကပ်ခွင့် လုံးဝမပေးဘဲ သူတို့၏ စိတ်ဝိညာဉ်တိုက်ကွက်များ၊ ဓမ္မပညာရပ်များနှင့် စိတ်ဝိညာဉ်လက်နက်များကို အမြဲတမ်း အသုံးပြုရခြင်း ဖြစ်လေသည်။

သားရဲတောကောင်များကို အနားကပ်ခွင့် ပေးလိုက်သည်နှင့် သူတို့၏ အသက်က အန္တရာယ် ရှိလာလေပြီ။

ပကတိအရှင်ထျန်ချန်သည် လေထဲကနေ လွင့်ပျံလာသော စစ်ကျွင်းယုကို လှမ်းဖမ်းနေရသဖြင့် ကူစုချီကို အကူအညီ မပေးနိုင်သေးပေ။

ထိုအခိုက်အတန့်၌ ကူစုချီက သူ့ကိုယ်သူသာ အားကိုးရပေတော့မည်။

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ တိုက်ခိုက်မှုများက အလွန်တရာ တိကျပြီး အချိန်ကိုက် ဖြစ်လွန်း၏။

သူ၏ လှုပ်ရှားမှုတိုင်းက မမြန်လွန်း၊ မနှေးလွန်း အတိအကျ ဖြစ်နေ၏။

ဂျွတ်..

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ကူစုချီကို တုံ့ပြန်ချိန် လုံးဝ မပေးဘဲ သူ့လက်ကောက်ဝတ်ကို ချက်ချင်း ချိုးပစ်လိုက်၏။

“အား”

ကူစုချီသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ချွေးစေးများ ပြန်လာ၏။

ရွှစ်..

တစ်ချိန်တည်းမှာပင် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ကောင်းကင်လွှမ်းခြုံလက်ဝါးက ထိတ်လန့်တုန်လှုပ်စရာအော်ရာနှင့် ဆင်းသက်လာ၏။

ကူစုချီသည် သူ့လက်ကောက်ဝတ် ကျိုးသွားသောကြောင့် ခဏတာ ကြောင်အသွား၏။ သူသတိပြန်ကပ်ချိန်တွင် သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လက်ဖဝါးက သူ့ခေါင်းပေါ်ကို အုပ်မိုးကျဆင်းလာလေပြီ။

သူက အလောတကြီးနှင့် လက်ကိုမြှောက်ပြီး ခုခံလိုက်၏။

ဖျောင်း.. ဖျောင်း..

ကူစုချီ၏ လက်တံက ဘုန်းကြီး၏ လက်ဝါးဖိအားဒဏ်ကို မခံနိုင်ဘဲ ချက်ချင်း ကျိုးထွက်သွားလေသည်။

လက်ဝါးကြီးက ကူစုချီ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ဆက်လက်ဆင်းသက်လာ၏။

ဘုန်း..

ဦးနှောက်ရည်များက စင့်ထွက်သွား၏။

ကူစုချီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ့မျက်နှာက ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွား၏။

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ လက်ဝါးရိုက်ချက်ဖြင့် သူ့ဦးခေါင်းက ကွဲကြေသွားပြီဖြစ်၏။

နိုးထဝိညာဉ်တစ်ယောက်က သေလေပြီ။

ကျိယောင်ရွှယ်ဖြစ်စေ.. စစ်ကျွင်းယုဘက်မှ လူများဖြစ်စေ၊ တိုက်ပွဲအခြေအနေက ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားပြီး တစ်စက္ကန့်အတွင်း နိုးထဝိညာဉ်တစ်ယောက်က သေဆုံးသွားလိမ့်မည်ဟု သူတို့လုံးဝ ထင်မှတ်မထားမိကြပေ။

ကြောက်စရာအကောင်းဆုံးအချက်မှာ သတ်ဖြတ်မှုက အဆုံးမသတ်သေးပေ။

“နတ်ဆိုးဘုန်းကြီး.. မင်း လုပ်ရဲတယ်ပေါ့”

အခုလေးတင် စစ်ကျွင်းယုကို ဖမ်းယူပြီး ချပေးလိုက်သော ပကတိအရှင်ထျန်ချန်သည် ထိုမြင်ကွင်းကိုကြည့်ပြီး ဒေါသထောင်းထောင်း ထွက်သွား၏။

“ငါ ဘာလို့ မလုပ်ရဲရမှာလဲ”

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ကူစုချီကို သတ်ပြီးနောက် သူ့လှုပ်ရှားမှုက ရပ်တန့်သွားခြင်း မရှိပေ။ ခြေတစ်လှမ်းတည်းနှင့် သူက ပကတိအရှင်ထျန်ချန်ရှေ့သို့ ရောက်လာပြီး အော်ပြောလိုက်၏။

“မင်းလဲ သေရတော့မယ့် ကောင်ပဲ”

ထိုစကားသံကို ကြားချိန်တွင် ပကတိအရှင်မင်းကျီ၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်သွား၏။

ဘုန်းကြီးက စစ်ကျွင်းယုကို ဓါးစာခံလုပ်ခဲ့ရသည့် အကြောင်းမှာ ညှိုနှိုင်းဆွေးနွေးချင်သောကြောင့် မဟုတ်ပေ။

စစ်ကျွင်းယုကို အသက်ရှင်လျက် ဖမ်းပြီးကတည်းက သူက အစီအစဉ်များကို ချမှတ်ပြီးသွားပြီဖြစ်၏။

အစကတည်းက သူသည် နိုးထဝိညာဉ်နှစ်ယောက်ကို လက်လွှတ်ပေးလိုက်ဖို့ စိတ်ကူးမရှိပေ။

ဤသူက တစ်ကယ့်ကို အာဂသတ္တိနှင့် ယောက်ျားဖြစ်လေသည်။

တိုက်ပွဲကွင်းပြင်တွင်..

ပကတိအရှင်ထျန်ချန်သည် သူ့ဓါးကို လှည့်ပြီး သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နှလုံးကို ချိန်ရွယ်ကာ ပစ်သွင်းလိုက်၏။

“မင်းက ကိုယ့်အကန့်ကိုယ် မသိဘူးပဲ”

ဓါးအလင်းက အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်သည့်အလား အေးစက် ထက်ရှနေ၏။

အဲ့ဒါက နိုးထဝိညာဉ်တစ်ယောက်၏ ဓမ္မလက်နက်ပင်။

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ ခန္ဓာကိုယ်က အလွန်တရာ ကြံ့ခိုင်သော်လည်း ဓမ္မလက်နက်တစ်ခု၏ ထက်ရှမှုကိုတော့ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဓါးသမားတစ်ယောက်၏ ထက်ရှမှုနှင့် ရင်ဆိုင်တွေ့လျှင်တော့ သူက နောက်သို့သာ ဆုတ်ရပေလိမ့်မည်။

သို့သော်လည်း သူနောက်ဆုတ်လိုက်လို့ သူနှင့် နိုးထဝိညာဉ်ကြား အကွာအဝေးတစ်ခု ကွာဟသွားလျှင်လည်း သူက ထိုသူကို မည်သို့မှ သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။

“ဥုံ!”

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ မျက်လုံးများက ပြတ်သားထက်ရှနေပြီး ဂါထာမန္တန်ကို ရွတ်ဖတ်လိုက်၏။

လေထုက တုန်ခါသွား၏။

ချက်ချင်းပင် ပကတိအရှင်ထျန်ချန်၏ ဓါးကလည်း လေထဲမှာ ခဏလေးမျှ ရပ်တန့်သွား၏။

သို့သော်လည်း ထိုခဏလေးက အရမ်းကို တိုတောင်းလွန်းပြီး လုံးဝ မသိသာပေ။

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့အရှိန်ကို လုံးဝ လျှော့ချခြင်း မရှိဘဲ ဘေးဘက်သို့သာ အနည်းငယ် တိမ်းစောင်း၍ ပကတိအရှင်ထျန်ချန်ဆီသို့ ပစ်ဝင်ချသွား၏။

ဗျစ်..

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ဘေးဘက်သို့ အနည်းငယ် တိမ်းစောင်းလိုက်သော်ကြောင့် အစက သူ့နှလုံးကို ချိန်ရွယ်သော ဓါးဦးက သူ့ညာဘက်ရင်အုပ်ကို ထိုးဖောက်သွား၏။

သွေးများက ဖြာထွက်လာ၏။

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ဓါးကို သူ့ကိုယ်ထဲသို့ ဝင်ရောက်စေကာ ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ ရှေ့သို့ ဆက်လက်တိုးဝင်လိုက်၏။

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နောက်ကျောကနေ သွေးသံရဲရဲ ဓါးဦးက ဖောက်ထွက်လာသည်ကို ပကတိအရှင်မင်းကျီနှင့် လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ရ၏။

ထိုဓါးက သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နှလုံးကို မထိုးဖောက်နိုင်ခဲ့ပေ။

သို့သော်လည်း ဓါးသွား၏ ထက်ရှမှုက နှလုံးမှ တစ်လက်မတောင် မကွာဝေးချင်ပေ။

ပကတိအရှင်ထျန်ချန်က သူ့လက်ကို ဆွဲလှည့်လိုက်နိုင်သည်နှင့် ဓါးသွား၏ ထက်ရှမှုက ဘုန်းကြီး၏ နှလုံးကို ထိုးဖောက်သွားပေလိမ့်မည်။

ထိုစဉ်မှာပင် သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ပကတိအရှင်ထျန်ချန်၏ ရှေ့တည့်တည့်သို့ ရင်ဘတ်မှာ စိုက်ဝင်နေသော ဓါးတန်းလန်းနှင့်အတူ ရောက်လာပြီး သူ့လက်ကို လွှဲရမ်းလိုက်၏။

ထိုလက်က အပေါ်ယံမှာ နူးညံ့ပျော့ပျောင်းနေပုံရသော်လည်း ဆင်နှာမောင်းတစ်ခုကဲ့သို့ ပကတိအရှင်ထျန်ချန်၏ ဦးခေါင်းကို ပြင်းထန်သောအားဖြင့် ဖြတ်ရိုက်ချလိုက်၏။

ဖျောင်း.. ဗျစ်.. ဗျစ်.. ဗျစ်..

ပကတိအရှင်ထျန်ချန်၏ ဦးခေါင်းက နှစ်ပတ်လောက်လည်ပြီးမှ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ရပ်တန့်သွား၏။ သူက အသက်မရှူတော့လေပြီ။

အနိုင်ရရှိသူက ပေါ်ထွက်လာလေပြီ။

ထိုရိုက်ချက်အားဖြင့် ပကတိအရှင်ထျန်ချန်၏ လည်ပင်းက ကျိုးကျေသွားပြီဖြစ်၏။

သူ့ဦးနှောက်များက ကြေမွ၍ သူ့၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားပြီဖြစ်၏။

သူ့သေသွားသည့်တိုင် သူ့လက်ထဲရှိ ဓါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်၏။

သို့သော်လည်း သူ၏ လှုပ်ရှားမှုက အနည်းငယ် နောက်ကျသွားဆဲဖြစ်ပြီး သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နှလုံးကို မလှီးဖြတ်နိုင်ခဲ့ပေ။

အနီးကပ်တိုက်ခိုက်ခြင်းဆိုတာ အဲ့ဒါပင်။

တစ်ချက်တိမ်းစောင်းသွားသည်နှင့် တစ်သက်တာ နှုတ်ဆက်သွားရပေမည်။

စောစောက တိုက်ပွဲမှာ သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ဘယ်လိုခံစားခဲ့ရသလဲ ပကတိအရှင်မင်းကျီ မစဉ်းစားနိုင်ပေ။

သို့သော် ဘေးကနေ စောင့်ကြည့်နေသော သူကတော့ ချွေးများရွှဲနေပြီဖြစ်၏။

အဲ့ဒါက တစ်ကယ့်ကို အသက်ချင်းထပ်၍ အလောင်းအစား ပြုရခြင်းပင်။

ပကတိအရှင်ထျန်ချန်က ခြေတစ်လှမ်းပိုမြန်နိုင်ခဲ့သည်နှင့် ယခုမြေပြင်မှာ လဲကျနေသောသူက သက်လတ်ပိုင်းရွယ်ဘုန်းကြီး ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ၏ ရွေးချယ်မှု၊ ပြတ်သားမှု၊ တွက်ဆနိုင်မှုတို့ဖြင့် ပကတိအရှင်ထျန်ချန်ကို သတ်ဖြတ်နိုင်ခဲ့လေသည်။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဘုန်းကြီးလဲ.. သူက ဒီကမ္ဘာမှာ ဘယ်သူပါလိမ့်..

သက်လတ်ပိုင်းရွယ်ဘုန်းကြီး၏ နောက်ကျောကို ကြည့်ရင်း ပကတိအရှင်မင်းကျီသည် ကြောက်ရွံ့တုန်လှုပ်လာလေသည်။

All Chapters