← Chapters

ကောင်းကင်နဂါး၏မျိုးနွယ်စုငါးခု...

Vol. 53 Ch. 733

ကောင်းကင်နဂါး၏မျိုးနွယ်စုငါးခု...

Vol. 53 Ch. 733

တစ်လတာအချိန်တိုလေးအတွင်းမှာပဲ၊ အရင်က စည်ကားနေတဲ့ ရှမြို့တော်ဟာ သေမင်းမြို့အဖြစ် ပြောင်းလဲသွားခဲ့သည်။

အေးခဲပြီး ပုပ်ပွနေသော အမှောင်စွမ်းအင်များသည် လွတ်နေသော လမ်းများနှင့် အဆောက်အအုံများကို ဖုံးအုပ်ထားသည်။အမှောင်စွမ်းအင်ကူးစက်ခံထားရသော နွယ်ပင်များအတွင်း၌ ငြိမ့်ညောင်းသော အရာတစ်ခုရှိ၍ အနီးကပ်ကြည့်မည်ဆိုလျှင် နွယ်ပင်များသည် အသွေးအသားဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရမည်ဖြစ်သည်။

၎င်းတို့သည် အသက်ဝိဉာဉ်ကို ပိုင်ဆိုင်ထားပုံရပြီး အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေသော သွေးပိုးကောင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ပျက်စီးနေသော အဆောက်အဦအတွင်းမှ အသံတစ်ခု ပဲ့တင်ထပ်လာသည်။ ပုံပျက်နေသော အရာဝတ္ထုတစ်ခု အမှောင်ထဲတွင် ဖြတ်သွားသည်။

ထိုဒေသရှိ အမှောင်စွမ်းအင်ကူးစက်မှုက အလွန်ထူထပ်သဖြင့် နေရောင်ခြည်သည်ပင် ၎င်းကိုဖြတ်၍ မဝင်ရောက်နိုင်ပေ။

ရှမြို့တော်သည် ကမ္ဘာခြားသက်ရှိများအတွက် ကစားကွင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အပြန်အလှန်အားဖြင့် လူသားမျိုးနွယ်အတွက် တားမြစ်ထားသော နေရာတစ်ခုဖြစ်လာခဲ့သည်။ မြို့စားအဆင့်များပင်လျှင် ဤနေရာသို့ ပေါ့ပေါ့တန်တန် ခြေချလိုစိတ်မရှိပေ။

လော့လန်အိမ်တော်၏ ဌာနချုပ်ကို သေချာကြည့်လိုက်လျှင် မရေမတွက်နိုင်သော သွေးစွန်းနေသည့်နွယ်ပင်များက အဆောက်အဦများကို ဖုံးအုပ်ထားကာ နေရာတိုင်းတွင် သပ်သပ်ရပ်ရပ် ကြီးထွားလာသောကြောင့် ယခုအခါ လုံး၀ ပျက်စီးနေပြီဖြစ်သည်။

လက်ရှိအချိန်မှာတော့ မြေအောက်နန်းတော်ထဲမှာ အမှောင်စွမ်းအင်တွေ အများအပြား ပြည့်နှက်နေပြီး အနက်ရောင် ရေကန်ကြီးအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။

ဖန်းကျွမ်အဖွဲ့အစည်း၏ ရွှမ်းချန်သည် လက်ရှိတွင် မြင့်မားသော ပလက်ဖောင်းတစ်ခုပေါ်တွင် ရပ်နေပြီး မကောင်းသော အတွေးများဖြင့် ဖန်တီးထားသည့် အနက်ရောင် ရေကန်ထဲကို သေချာကြည့်နေသည်။

"ရှန်ကျင်းရှောင်....မင်းက အားသာချက်တစ်ခုရဖို့ ကြိုးစားခဲ့ပေမယ့် ပိုဆိုးသွားခဲ့တယ်.... အလင်းနှလုံးသားကို စားသုံးခွင့်မရခဲ့ဘဲ မင်းရဲ့ မြို့စားရဲတိုက်တွေအားလုံး ကွဲအက်သွားခဲ့တယ်ဆိုတော့ မင်းပေးရတဲ့တန်ကြေးက တော်တော်ကြီးတယ်....."

ရွှမ်းချန် စကားပြောပြီးနောက်၊ အမှောင်စွမ်းအင်ဖြင့် ဖန်တီးထားသော ရေကန် ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။

ထိုရေကန်ထဲတွင်ရှိနေသူကတော့ ရှန်ကျင်းရှောင်ပင်....

သူသည် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားပြီး အနက်ရောင် အရည်များဖြင့် တစ်သားတည်း ဖြစ်သွားပုံရသည်။ ပျက်စီးနေသော မြို့စားရဲတိုက် ပေါ်ပေါက်လာသောအခါ သူ့နောက်ကွယ်မှ လေဟာနယ် တုန်ခါသွားသည်။ ပတ်ဝန်းကျင်ရှိ အနက်ရောင်အရည်များသည် ဖျက်ဆီးခံရသော မြို့စားရဲတိုက်များအတွင်းသို့ တဖြည်းဖြည်းစုပ်ယူနေသည်။

တဖြည်းဖြည်းနဲ့ မြို့စားရဲတိုက်တစ်ခုစီတိုင်းဟာ အမည်းစက်တွေ စွန်းထင်းစပြုလာသည်။

"ရှန်ကျင်းရှောင်....မင်းရဲ့ မြို့စားရဲတိုက်တွေကို ပြန်ရဖို့အတွက် အမှောင်စွမ်းအင်အာဏာကို ချေးယူဖို့ တကယ်စီစဉ်နေတာလား.... အရိပ်ကမ္ဘာထဲမှာ ရှိနေတဲ့အရာက မင်းကို အကောင်းမြင်ပုံရတယ်"

ရွှမ်းချန်က ရှန်ကျင်းရှောင် ကိုကြည့်ရင်း အံ့သြတကြီးနဲ့ ပြောလိုက်သည်။

အမှောင်စွမ်းအင်ဟာ လူသားတွေအတွက် အဆိပ်တစ်ခုလိုပင်။ ရွှမ်းချန်သည်ပင် သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် မဝံ့ရဲခဲ့ပေ။ တစ်ဖက်တွင်၊ ရှန်ကျင်းရှောင်သည် ၎င်း၏ မြို့စားရဲတိုက်များကို ပြန်လည်ထိန်းသိမ်းရန် အမှောင်စွမ်းအင်ကို ရှင်းရှင်းလင်းလင်း အသုံးပြုနေပြီး ၎င်းသည် သဘာဝအလျောက် အရိပ်ကမ္ဘာတွင် ရှိနေသည့်အရာက သူ့အပေါ် ပေးအပ်ထားခြင်း ဖြစ်ပေလိမ့်မည်။

တစ်ခုတည်းသောမေးခွန်းမှာ နောက်ဆုံးတွင် ရဲတိုက်များကို မြို့စားရဲတိုက်အဖြစ် သတ်မှတ်နိုင်မလား။ ဒါမှမဟုတ် နတ်ဆိုးရဲတိုက်အဖြစ်သတ်မှတ်ရမည်လော....

"အရင်က ဒါကိုလုပ်ဖို့ နည်းနည်း ချီတုံချတုံဖြစ်နေပေမယ့် အခုအချိန်မှာ တခြားရွေးချယ်စရာရှိသေးလို့လား" ရှန်ကျင်းရှောင် က ဘာသိဘာသာ ရယ်မောလိုက်သည်။

"ဟုတ်ပါတယ်လေ...." ရွှမ်းချန် ပြုံးလိုက်သည်။

ရှန်ကျင်းရှောင် ပြောခဲ့တာက မမှားပေ။ သူ၏ မြို့စားရဲတိုက် ခြောက်ခုစလုံး ဖျက်ဆီးခံရခြင်းသည် သူ၏အခြေခံအုတ်မြစ်အတွက် နစ်နာလှသည်။ အကယ်၍ဤ အခြေအနေတိုင်းသာ ဆက်လက်ရှိနေပါက ပြန်လည်ကောင်းမွန်ရန် နည်းလမ်းရှာဖွေဖို့ ခက်ခဲမည်ဖြစ်ကာ အခြားရွေးချယ်စရာများကို ရှာဖွေရမည်ဖြစ်ပါသည်။

သို့သော် ဤသည်မှာ ပြန်လှည့်၍မရသောလမ်းဖြစ်သည်။

တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ဤအရာသည် ဖန်းကျွမ်အဖွဲ့အစည်းက အမြဲအောင်မြင်လိုသော အရာဖြစ်သည်။ ဒါဟာ ကွဲပြားတဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပေမယ့် အားလုံးအတူတူပင်....

"ကျန်းချင်းအာနဲ့ လီလော့တို့နှစ်ယောက်လုံး ရှပြည်ထောင်စုကနေ ထွက်ခွာသွားကြပြီဆိုတာ လာပြောတာ... ကျန်းချင်းအာက တောက်လောင်နေတဲ့ အလင်းနှလုံးသားကို ငြိမ်းသတ်ဖို့အတွက် မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်ကိုသွားပြီ....လီလော့ကတော့ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်မို့ မူလကောင်းကင်တိုက်ကြီးဆီ ဦးတည်သွားနေပြီ..... ဟားးဟားးးးငါတို့သာ အခုနေ ပြသာနာသွားရှာရင် ဖန်းကျွမ်အဖွဲ့အစည်းတောင်မကူညီနိုင်ခင်အသတ်ခံရလိမ့်မယ်...."

ရှန်ကျင်းရှောင် ၏အကြည့်သည် တောက်ပသွားပြီး သူ၏အမူအရာမှာ များစွာပြောင်းလဲမှုမရှိဘဲ ဘာမှမထူးခြားပေ။

"ဒီနှစ်ယောက်က အရည်အချင်းရှိကောင်းရှိနိုင်ပေမယ့် နှစ်အနည်းငယ်ကြာရင် ငါ့ကိုလာဖမ်းမယ်ဆိုတာက အရူးအိပ်မက်တစ်ခုပဲ.... ငါတကယ်စိုးရိမ်တာက လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ပဲ.... သူတို့နှစ်ယောက် ရှပြည်ထောင်စု ပြန်ရောက်တာနဲ့၊ ဖန်းကျွမ်အဖွဲ့အစည်းရဲ့ ကြိုတင်ပြင်ဆင်မှုတွေက သူတို့ကို ရပ်တန့်ဖို့ မလုံလောက်မှာကိုပဲစိုးရိမ်တယ်.."

ရွှမ်းချန်က ပြုံးလိုက်ပြီး...."သူတို့ ပြန်လာဖို့ သိပ်လွယ်မှာ မဟုတ်ဘူး.... အရိပ်ကမ္ဘာထဲမှာ သူတို့ကို အနီးကပ် စောင့်ကြည့်နေတဲ့ အရာတွေရှိတယ်....."

ရှန်ကျင်းရှောင် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်...ဖန်ချန်ယွမ်က မကောင်းဆိုးဝါးမြစ်ကို ခေတ္တပိတ်ထားပေမယ့် ယွီလဲ့ဘုရင်နဲ့ အလောင်းကောင်ဘုရင်ကို နှစ်အနည်းငယ်လောက်ပဲ ထိန်းထားနိုင်လိမ့်မယ်... အဲဒီအချိန်ထိ ကျန်းချင်းအာနဲ့လီလော့တိူ့ ပြန်မလာသေးရင် ကိစ္စမရှိဘူး... ငါ ကိုယ်တိုင် လော့လန်ကို သန့်ရှင်းရေးလုပ်ပြီး အားလုံးကို ကမ္ဘာခြားသက်ရှိတွေဆီ လက်ဆောင်အဖြစ် ပြောင်းပေးလိုက်မယ်...."

ရှန်ကျင်းရှောင်၏ စကားများသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ကာ သူ၏ ရည်ရွယ်ချက်အမှန်ကိုထုတ်ပြောနေမှန်းသိသာလှသည်။

သူသည် အလင်းနှလုံးသားကို ခိုးယူရန် ပျက်ကွက်ခဲ့ပြီး ထိုကဲ့သို့သော ဆိုးရွားသော အခြေအနေသို့ပင် တွန်းပို့ခံခဲ့ရသည်။

နောက်တော့ ရှန်းကျင်းရှောင် စကားမပြောတော့ဘဲ မျက်စိမှိတ်ကာ ပုပ်ပွနေတဲ့ ရေကန်ထဲမှာ ပြန်မြုပ်သွားလေတော့သည်။

ရွှမ်းချန် ဒါကိုမြင်သောအခါ၊ ဘေးဘီကို လှည့်ကြည့်ကာ လော့လန်အိမ်တော်၏ မြေအောက်နန်းတော်ကို ကြည့်ရှုစစ်ဆေးသည်။

"ဒီကောင်...တကယ်ပဲ အမှောင်စွမ်းအင်တွေကို စုပ်ယူဖို့ ဒီနေရာကို ရွေးခဲ့တယ်... ကောက်ကျစ်လိုက်တဲ့ကောင်..."

…….........................

အစိမ်းရောင်လှေပျံသည် အဆုံးမဲ့ကောင်းကင်ကိုဖြတ်သန်းကာ ကြယ်တံခွန်ကဲ့သို့ လျင်မြန်စွာရွေ့လျားနေသည်။

အစပိုင်းတွင်စိတ်လှုပ်ရှားနေခဲ့သော်လည်း လီလော့ တဖြည်းဖြည်း ငြီးငွေ့လာသည်။ ဤခရီးသည် သူ့ဘဝအတွက် အရှည်ကြာဆုံးခရီးဖြစ်ပြီး လီရုန်ယွင့်ပြောခဲ့သည့်စကားအပေါ် အခြေခံ၍ ၎င်းတို့၏ လက်ရှိအရှိန်အဟုန်နှင့်နေရာကူးပြောင်းခြင်းအစီအရင်များကို အသုံးပြုနေသည့်တိုင် ထိုနေရာကို ရောက်ရန် တစ်လနီးပါး အချိန်ယူရပေမည်။

သူမ၏စကားကြောင့် လီလော့ စိတ်ထဲကနေ

ကျေးဇူးတင်နေမိတော့သည်။ကျန်းချင်းအာ ကို ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်များဆီ ပြန်မခေါ်ခဲ့ခြင်းမှာ ကံကောင်းသည်ဟုဆိုရမည်။ မဟုတ်ရင် ခရီးသွားဖို့ အချိန်ကုန်သွားရုံနဲ့ သူ့ကို ပူပင်သောက ရောက်စေလိမ့်မည်။

မြင့်မြတ်သောအလင်းတော်ရှေးဟောင်းကောလိပ်သည် အလားတူ ဝေးကွာသော်လည်း ထိုနေရာတွင် ခိုင်မာသော အဖြေတစ်ခု ရှိခဲ့ပါသည်။

လီရုန်ယွင့်သည် ပျံသန်းနေသော လှေကို ထိန်းချုပ်နေစဉ် လီလော့ ပျင်းရိငြီးငွေ့စွာ ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့်....

"လီလော့....လီတိုင်ရွှမ်က ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်အကြောင်း တစ်ခုခုပြောပြဖူးလား....."

လီလော့ ခေါင်းယမ်းလိုက်ကာ.... "ဖေဖေ အဲ့အကြောင်းဘာမှမပြောပြခဲ့ဘူး..."

တကယ်တော့ သူသည် ကျောင်းအုပ်ကြီးဖန်ဆီမှတဆင့်သာ သိခဲ့ရသည်။

"မင်း အဲဒီနှစ်တွေတုန်းက ဒီအတိုင်းနေခဲ့တာပဲမဟုတ်လား.... လီတိုင်ရွှမ် ဘယ်လောက်ပဲ သည်းခံနေပါစေ သူ့မှာ နာကြည်းမှုတွေ ပြည့်နှက်နေတယ်... သူဘာလို့ လီလော့ကို ဒီအကြောင်းကိုပြောပြရမှာလဲ... လီလော့သာ ကောင်းကင်ဧကရာဇ်စာချွန်တော်ကို အသက်မသွင်းခဲ့ရင် မင်းလည်း လီတိုင်ရွှမ်ရဲ့သတင်းစကားကိုရခဲ့မှာမဟုတ်ဘူး...." ဟု နွားသိုးကြီးပေါင်ပေါင်က မှတ်ချက်ပေးခဲ့သည်။

" နွားသိုးကြီးပေါင်ပေါင်... ရှင့် ပါးစပ်ပိတ်ထား....ရှင့်ကိုလှေပေါ်က ကန်မချရဲဘူးထင်နေလား...." လီရိုယွင်က သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"အိုး.. ဒီကောင်မလေးတောင် ငါ့ကို ပြန်ပြောရဲနေပြီပေါ့....."

လီရုန်ယွင့် နှုတ်ခမ်းစူလိုက်ကာ.... "ရှင်က စတုတ္ထအဆင့် မြို့စားကြီးရဲ့ စွမ်းပကားကို သရုပ်ပြဖို့ ကြိုးစားနေတာလား...ကျွန်မက ရှင့်ထက်သာနေပြီ.... အရင်ကလိုငြိမ်ခံနေမှာမဟုတ်ဘူး....."

နှစ်ယောက်သား ရန်ဖြစ်နေကြစဉ် လီလော့ က ကူကယ်ရာမဲ့စွာ ကြားဖြတ်လိုက်သည်။ "ဒေါ်လေးယွင့်... အဲဒီနှစ်က ကျွန်တော့်

မိဘတွေ ဘာဖြစ်သွားတာလဲ" ဟု မေးလိုက်သည်။

တရားမျှတအောင်ပြောရမယ်ဆိုရင် သူ့မိဘတွေ ဝေးလံခေါင်သီတဲ့ ရှပြည်ထောင်စုကို ဘာကြောင့်ပြေးလာတာလဲဆိုတာကို သူ သိချင်နေခဲ့ပြီး သူ့ရင်ထဲမှာ အမြဲလိုလို မေးခွန်းတွေ ရှိနေခဲ့သည်။

လီရုန်ယွင့် အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်......

"ဒါတွေအားလုံးကို မပြောခင် ကောင်းကင်ဧကရာဇ်လီရဲ့ သွေးမျိုးဆက် အခြေအနေကို အရင် ရှင်းပြရမယ်..... အဲ့ဒါကို ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့ ဘိုးဘေး လီကျွင်းက ဖန်တီးထားတာ....သူက လူ့လောက၏ အထွတ်အထိပ်မှာရပ်တည်နိုင်ခဲ့သူပါ.... တချိန်တုန်းကငါတို့ရဲ့ဘိုးဘေးတွေက နဂါးမျိုးနွယ်နဲ့သွေးစာချုပ် ချုပ်ဆိုခဲ့ကြတယ်...ဒါကြောင့်မို့ ငါတို့ရဲ့သွေးကြောတွေထဲမှာ ကောင်းကင်နဂါးမျိုးနွယ်ရဲ့ဝိညာဉ်တွေကိန်းအောင်းနေပြီး နဂါးပဲ့တင်ထပ်သံတွေပိုင်ဆိုင်ထားကြတယ်......ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိူးဆက်မှာ မျိုးနွယ်စုငါးခုရှိတယ်.....အဲ့တာတွေက နဂါးသွေး၊နဂါးစွယ်၊နဂါးကြေးခွံ၊နဂါးအရိုး၊နဂါးဉီးချိုဆိုတဲ့မျိုးနွယ်စုတွေပဲ....တကယ်တော့ ငါတို့က နဂါးစွယ်မျိုးနွယ်စုကပါ....."

လီရုန်ယွင့်၏ ရှင်းပြမှုကြောင့် လီလော့၏ လျှို့ဝှက်ဆန်းကြယ်သော မျိုးရိုးအကြောင်းတဖြည်းဖြည်း သိလာခဲ့ချေပြီ။

All Chapters