လီကျင်းဇယ်.....
Vol. 53 Ch. 740
မီးခိုးရောင်ဝတ်အဘိုးအို ရုတ်တရက်မတ်တပ်ထရပ် ရောက်တဲ့အခါ ခန်းမထဲက လူတိုင်း ထိတ်လန့်သွားကြသည်။ သူ့နောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ ကြည့်လိုက်သည်။ ဘယ်ဘက်ခြမ်းကအမျိုးသားက ခပ်ထွားထွား မျက်နှာဝိုင်းဝိုင်းလေးနဲ့ နွေးထွေးညင်သာတဲ့ အပြုံးလေးတွေ ချိတ်ဆွဲထားသည်။ တချက်ကြည့်လိုက်ရုံဖြင့် သူ့ကို ထူးချွန်တဲ့ စီးပွားရေးသမားတစ်ယောက်လို့ လွယ်လွယ်နဲ့ အထင်မှားသွားလိမ့်မည်။ ဤသည်မှာ လီလော့၏အကြီးဆုံးဦးလေး လီချင်းဖန် ဖြစ်သည်။
ညာဘက်တွင် အားကောင်းမောင်းသန် အမျိုးသားတစ်ဦးရှိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ ရက်စက်ကြမ်းကြုတ်မှုနှင့် ပြတ်သားသော စွမ်းအားများ ဖြာထွက်နေသည်။ သူ့မျက်ခုံးများက မီးတောက်များသဖွယ် နီမြန်းနေပြီး မျက်ဆံနှစ်ခုကနေ မီးခိုးငွေ့တလူလူ ထွက်နေပုံရသည်။
ဤသည်မှာ လီလော့၏ဒုတိယဦးလေး လီကျင်းပန် ဖြစ်သည်။
လီချင်းဖန်၏ ယဉ်ကျေးပျူငှာသော အမူအရာနှင့် နှိုင်းယှဉ်လျှင် သူသည် ရန်လိုပြီး အချိန်မရွေး ရန်ဖြစ်ရန် အသင့်ဖြစ်နေပုံရသည်။
အဘိုးအိုက လူငယ်ကို လီတိုင်ရွှမ်နှင့် မှားနေမှန်းသိလိုက်တာကြောင့် လီချင်းဖန် အလျင်အမြန် ချောင်းဟန့်လိုက်သည်။
ဒါပေမယ့် ဒါက လီတိုင်ရွှမ်ရဲ့သားလား....အဖေနဲ့တပုံစံတည်းတူနေတော့ အထင်မှားရင်လည်း မှားလောက်စရာပဲ.....
လီချင်းဖန်၏ စူးရှသော ချောင်းဟန့်သံကြောင့် အဘိုးအို သတိပြန်ဝင်လာခဲ့သည်။ သူသည် တံခါးဝရှိ လူငယ်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ လျင်မြန်စွာ ကြည်လင်လာသည်။ ထို့နောက် သူသည် အမြန်ထိုင်လိုက်ပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများရှိနေသော်လည်း ဆွဲဆောင်မှုရှိသော အပြုံးကို ညှစ်ထုတ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေရှာသည်။
ဤအပြုံးသည် လီကျင်းပန်နှင့်လီချင်းဖန်တို့ကို အနည်းငယ် အားကိုးရာမဲ့သလို ခံစားရစေသည်။ အဘိုးအိုသည် သာမာန်အားဖြင့် အလွန်စည်းကမ်းတင်းကြပ်သော ပုဂ္ဂိုလ်ဖြစ်သည်။ လီဖန်းရိနဲ့လီကျင်းထောင်ကို မျက်နှာချင်းဆိုင်ချိန်မှာတောင် ဒီလို အပြုံးမျိုးကို မတွေ့ရပေ။ ဒီကောင်လေး အိမ်ပြန်ရောက်တာနဲ့ ကြောက်လန့်တကြားမဖြစ်ရအောင် အလျင်စလို ပြုံးပြနေတာပဲဖြစ်ရမည်။
"လီလော့ မဟုတ်လား...မြန်မြန်ဝင်လာခဲ့"
အဘိုးအိုက လီလော့ကို အထဲဝင်လာဖို့ လက်ဟန်ပြနေသည်။
လီလော့သည် စိတ်သဘောထားရုတ်တရက်ပြောင်းလဲခြင်းမျိုးနှင့် ရင်ဆိုင်ရသောကြောင့် အကူအညီမဲ့သလိုခံစားနေရသည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်က တစ်ခါမှမတွေ့ဖူးတဲ့ အဘိုးကို ဘယ်လိုတုံ့ပြန်ရမယ်မှန်း မသိခဲ့ပေ။ သို့သော်လည်း လာမယ့်ဘေးပြေးတွေ့ရမည်သာ....ထို့ကြောင့် စ်တ်အေးအေးထားပြီးခန်းမအလယ်သို့ လျှောက်လာခဲ့လိုက်သည်။
ထို့နောက် ထိပ်ဆုံးတွင် ထိုင်နေသော မီးခိုးရောင်၀တ်အဘိုးအိုကို ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်သည် အသက်ကြီးနေပုံရသော်လည်း သူ့ဆီမှ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာကိုခံစားနေရသည်။ ထိုအဘိုးအိုသည် နဂါးစွယ်တောင်တန်းကြီးတစ်ခုလုံးနှင့် တစ်သားတည်းဖြစ်သွားပုံရပြီး၊ လုပ်ဆောင်ချက်တိုင်းကကောင်းကင်၏စွမ်းအားကို နှိုးဆွနိုင်ခဲ့သည်။
ဖော်မပြနိုင်သော ဤဖိအားမျိုးကို ဖန်ချန်းယွမ်ဆီမှသာခံစားခဲ့ဖူးသည်။
ဤအဘိုးအိုသည် သူကြားဖူးသော သတင်းအတိုင်းဆို ကလန်အကြီးအကဲ လီကျင်းဇယ် ဖြစ်ပေလိမ့်မည်။
"မြေးဖြစ်သူလီလော့က အဘိုးကို နှုတ်ဆက်ပါတယ်....."
သူ့ရှေ့က အဘိုးအိုကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ရင်း သူ့နှလုံးသား တုန်လှုပ်သွားသည်။
"မင်းရဲ့ မရင်းနှီးတဲ့အမူအရာတွေကို ကြည့်လိုက်တော့ လီတိုင်ရွှမ်က ငါ့အကြောင်း တစ်ခါမှ မပြောဖူးဘူးထင်တယ်" လီကျင်းဇယ်က အမျိုးအမည်မသိသော အပြုံးမျိုးပြုံးလိုက်သည်။
လီလော့သည် အစက သူ့အဖေကိုယ်စား စကားအချို့ကို ပြောချင်သော်လည်း စကားလုံးများက သူ့လည်ချောင်းထဲတွင် ဆို့နင့်နေခဲ့သည်။ထို့ကြောင့် ဆိတ်ဆိတ်နေဖို့သာ ရွေးချယ်ခဲ့သည်။
လီကျင်းဇယ်၏အကြည့်များ အနည်းငယ်နာကျင်သွားပုံရသည်။ လီတိုင်ရွှမ် သည် ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်အကြောင်း အမှန်ပင် မပြောခဲ့ဖူးပေ။ဤသည်ကိုကြည့်ချင်းအားဖြင့် မူလကောင်းကင်တိုက်ကြီးကနေ နှင်ထုတ်ခံရပြီးနောက် သူ၏နှလုံးသားထဲတွင် မကျေမနပ်ဖြစ်နေသေးသည်မှာ ထင်ရှားပါသည်။ မာနကြီးသောသူ့သား ဒါကို ဘယ်လိုလက်ခံနိုင်မလဲ......
လီတိုင်ရွှမ်သည် သူအတွက်အမြတ်နိုးရဆုံးနှင့် အရေးပါဆုံးသားဖြစ်သည်။
"အဟမ့်"
လီကျင်းဇယ် တိတ်ဆိတ်သွားသည်ကိုမြင်တော့ လီချင်းဖန် အလျင်အမြန် ချောင်းဟန့်ကာ လီလော့ ဆီသို့ နွေးထွေးသော အပြုံးဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။
"မင်္ဂလာပါ လီလော့....ငါက မင်းရဲ့အကြီးဆုံးဦးလေးလီချင်းဖန် ယပါ.... ဒါက မင်းရဲ့ဒုတိယဦးလေးလီကျင်းပန်...."
လီကျင်းပန်က လီလော့ကို ခေါင်းညိတ်ပြပြီး သူ့ညီငယ်နှင့် အလွန်ဆင်တူသည့် မျက်နှာကို သေချာကြည့်နေသည်။
"အကြီးဆုံးဉီးလေးနဲ့ ဒုတိယဉီးလေးတို့ကို နှုတ်ခွန်းဆက်ပါတယ်...."
လီချင်းဖန်က...."အဖေ၊ တတိယညီငယ်က လီလော့ကို ကျွန်တော်တို့အကြောင်း တစ်ခါမှ မပြောထားဘူးထင်တယ်... ကြည့်ရတာ အိမ်ပြန်လာဖို့အစီအစဉ်မရှိတဲ့ပုံပဲ... ဘာ့ကြောင့်များကလေးကို အလကားသက်သက်အချိန်ဖြုန်းခိုင်းခဲ့တာလဲမသိဘူး....?"
"သူငါ့ကိုစိတ်ဆိုးနေတာသေချာတယ်.... ဒါ ငါ့အပြစ်တွေပါ.." ဟု လီကျင်းဇယ်က ပြောလိုက်သည်။
လီကျင်းပန်က.... "အဖေ၊ တတိယညီငယ်သာ အဖေ့ကို တကယ်စိတ်ဆိုးနေတယ်ဆို လီလော့ကို ဘာလို့ ပြန်ပို့မှာလဲ..... ဒါက သူ အဖေ့က်ို ယုံကြည်နေတုန်းပဲဆိုတဲ့အဓိပ္ပါယ်ပဲလေ......"
လီကျင်းဇယ် သက်ပြင်းတစ်ချက်ချလိုက်ပြီး လီလော့ကိုကြည့်ကာ....
"လီလော့....အခုချိန်ကစပြီး နဂါးစွယ်ကလန်က မင်းရဲ့အိမ်ဖြစ်လာတော့မှာ သေချာတယ်.....ငါဒီမှာရှိနေသရွေ့ မင်းကို နစ်နာမှုတစ်စုံတစ်ရာခံစားခွင့်မပေးဘူးဆိုတာ စိတ်ချနိုင်ပါတယ်......"
"အဘိုးကြီးရဲ့ ညွှန်ကြားချက်ကို နားထောင်ပါ့မယ်"
လီလော့ ခေါင်းညိတ်လိုက်သည်။
လီကျင်းဇယ် ပြုံးပြီး လီလော့၏မျက်နှာကို အနီးကပ်စစ်ဆေးပြန်သည်။ သူ၏ အရွယ်မရောက်သေးသော အကြည့်သည် လီတိုင်ရွှမ် ကို ပြန်လည်သတိရစေသဖြင့် လီကျင်းဇယ်၏ အကြည့်များ နူးညံ့သိမ်မွေ့သွားကာ ပျော်ရွှင်မှုအသွင် ပေါ်လာသည်။
ထို့နောက် သူသည် ခန်းမအတွင်းရှိ များပြားလှသော အကြီးအကဲများဘက်လှည့်ကာ.....
" လျှို့ဝှက်နဂါးတစ်ကောင် နဂါးစွယ်ကလန်ဆီ ပြန်ရောက်လာခဲ့ပြီ....ဒါက အင်မတဝမ်းသာစရာကောင်းတဲ့သတင်းပဲ.... "
တစ်ချိန်တည်းမှာပင် အကြီးအကဲများက အလားတူ ဂုဏ်ပြုစကားများ ထုတ်ဖော်ခဲ့ကြသည်။
"လီလော့က တတိယညီငယ်ရဲ့ သွေးသားရင်းဖြစ်တယ်.... အခု ကလန်ကို ပြန်ရောက်နေပြီဖြစ်လို့ သူ့နာမည်ကို မျိုးနွယ်စုမှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားသင့်ပါတယ်" ဟု လီချင်းဖန်က ထောက်ပြခဲ့သည်။
မျိုးနွယ်စု မှတ်တမ်းများတွင် မှတ်တမ်းတင်ခြင်းသည် ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ဒါဟာ နဂါးစွယ်ကလန်၏ တရားဝင်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းကိုလည်း ကိုယ်စားပြုပါသည်။ အနာဂတ်တွင်၊ သူသည် ပြင်ပလူများကို မနာလိုစိတ်နှင့် မျက်ရည်ကျစေမည့် အရင်းအမြစ်များကို လက်ခံရင်း မျိုးနွယ်စုဝင်တစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်သည်။
လီကျင်းဇယ်က ခေါင်းညိတ်လိုက်ပြီး "သူ့နာမည်ကို အထက်တန်းအဆင့်မှတ်တမ်းထဲမှာ ထည့်လိုက်ပါ" ဟု ကြေညာလိုက်သည်။
ထိုအမိန့်ကြောင့် ခန်းမတစ်ခုလုံး ငြိမ်သက်သွားသည်။
နဂါးစွယ်ကလန်၏ မျိုးနွယ်စုမှတ်တမ်းများကို အထက်တန်းအဆင့်နှင့်အဆင့်နိမ့် မှတ်တမ်းများအဖြစ် ခွဲထားသည်။ လူအများစုသည် အဆင့်နိမ့်မှတ်တမ်းတွင်သာ ပထမဆုံးမှတ်တမ်းတင်ခံရပြီး ၎င်းတို့၏စွမ်းရည်နှင့် ခွန်အားကိုပြသခြင်းဖြင့် အထက်တန်းအဆင့်မှတ်တမ်းများထဲသို့ ဝင်ရောက်ကြမည်ဖြစ်သည်။ ၎င်းသည် အဆင့်အတန်းပြောင်းလဲမှုကိုသာမက ပံ့ပိုးပေးထားသည့် အရင်းအမြစ်များ တိုးတက်ကောင်းမွန်လာမှုကိုလည်း သက်သေပြခဲ့သည်။
လီကျင်းဇယ်၏အမိန့်မှာ လီလော့ကို အထက်တန်းအဆင့်တွင် တိုက်ရိုက်မှတ်တမ်းတင်ရန်ဖြစ်သည်။
လီချင်းဖန်နှင့် လီကျင်းပန်တို့က ဘာမှမှတ်ချက်မပေးခဲ့ကြပေ။ အဘိုးအိုသည် ပြင်ပနတ်ဘုရားတိုက်ကြီးတွင် နေထိုင်ခဲ့သည့်အချိန်အတွက် လီလော့ကို လျော်ကြေးပေးနေကြောင်း သူတို့သိသည်။ ထို့ကြောင့် သူသည် အခြားသူများကို အမီလိုက်နိုင်ရန် အရင်းအမြစ်များ ပိုမိုလိုအပ်မည်ဖြစ်သည်။ ဖြည်းဖြည်းချင်း လုပ်ရမယ်ဆိုရင် အချိန်ဖြုန်းနေသလိုဖြစ်နေလိမ့်မည်။
သို့သော် လူတိုင်းကတော့ ထိုသို့တွေးကြမည်မဟုတ်ပေ။
ထိုစဉ် စကားသံထွက်ပေါ်လာသည်။ "ကလန်အကြီးအကဲ....လီလော့ ပြန်ရောက်လာတာဟာ ကျုပ်တို့အားလုံးအတွက် ကံကောင်းတဲ့သတင်းတစ်ခုပါ.... ဒါပေမယ့်၊ သူ့ကို အထက်တန်းအဆင့်မှတ်တမ်းတွေထဲကို တိုက်ရိုက်ထည့်တာက နည်းနည်းများလွန်နေသလားလို့?"
လီလော့ ဤကန့်ကွက်သံကိုကြားသောအခါ အံ့သြခြင်းမရှိသော်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
နောက်ဆုံးတော့! အတားအဆီးတစ်ခု ပေါ်လာပြီ.....
အရာအားလုံး ချောမွေ့ပြီး ဆန့်ကျင်မှုမရှိရင် တစ်ခုခု လွဲချော်နေပုံပေါ်နေပေလိမ့်မည်။ သူ့စိတ်ထဲမှာ ဒီအတွေးတွေကို တွေးနေရင်းနဲ့ လီလော့က ခုနကပြောခဲ့တဲ့သူကို လှည့်ကြည့်လိုက်သည်။ထိုသူသည် ရွှေရောင် ၀တ်စုံဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူသည် ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေသော ခရမ်းရွှေရောင်ကျိုင်းတစ်ခုကိုကိုင်ထားပြီး လီချင်းဖန်ထက် တဆင့်နိမ့်သောနေရာတွင် ထိုင်နေသည်။
ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ဖုံးအုပ်ထားသည့် လီရုန်ယွင့်၏ အသံက လီလော့၏ နားထဲသို့ ပျံ့နှံ့လွင့်လာသည်။
"သူက နဂါးစွယ်ကလန်ရဲ့ ရွှေအလင်း ခန်းမသခင်ပဲ....သူ့နာမည်က ကျောက်ရွှမ်းမင်... နဂါးစွယ်မျိုးရိုးကနေ တိုက်ရိုက်ဆင်းသက်လာတာမဟုတ်တဲ့ တစ်ဉီးတည်းသော ခန်းမသခင်ပဲ...."
"ရွှေအလင်းခန်းမရဲ့ခန်းမသခင်...ကျောက်ရွှမ်းမင်???"
လီလော့၏ အကြည့်များ တောက်ပလာသည်။ နဂါးစွယ်ကလန်၏ ခန်းမလေးခုထဲတွင် သူ့အဘိုး၏သားသုံးယောက်က ခန်းမသခင် ရာထူးသုံးခုကို ချုပ်ကိုင်ထားသည်။ ဤပုဂ္ဂိုလ်သည် လက်ရှိခန်းမသခင်ရာထူးကို ချုပ်ကိုင်ထားခြင်းကြောင့် သြဇာကြီးမားသည်ဟု ဆိုနိုင်သည်။
တစ်ချိန်တည်းမှာပင်၊ ဤလူသည် လီကျင်းဇယ်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲသော သတ္တိရှိခြင်းကြောင့်လည်း ရိုးရှင်းသူမဖြစ်နိုင်ပေ။
ကြည့်ရတာ နဂါးစွယ်ကလန်ကလည်း ထင်သလောက်အေးချမ်းမနေဘူးပဲ......