ကျောက်ရွှမ်းမင်.....
Vol. 53 Ch. 741
ရွှေအလင်းခန်းမသခင် ကျောက်ရွှမ်းမင် ၏အသံသည် ဘိုးဘေးခန်းမတစ်လျှောက်လုံး ပဲ့တင်ထပ်ကာ လေထုကို ပြောင်းလဲသွားစေခဲ့သည်။
"ခန်းမသခင်ကျောက်...ကျုပ် အဖေက နဂါးစွယ်ကလန်ရဲ့အကြီးအကဲပါ... သူ့ ဆုံးဖြတ်ချက်ကို ဘယ်သူမေးခွန်းထုတ်ရဲမှာလဲ "
အေးစက်သောအပြုံးနှင့် ရိုင်းစိုင်းသောလေသံပိုင်ရှင်သည် လီလော့၏ ဒုတိယဦးလေးဖြစ်သည်။သူနှင့် ကျောက်ရွှမ်းမင်တို့ကြားတွင် မကောင်းသောဆက်ဆံရေးရှိပုံရသည်။
ကျောက်ရွှမ်းမင်ကို ခန်းမသခင်အဖြစ် လီကျင်းဇယ်က ရာထူးတိုးပေးထားခြင်းမဟုတ်ဘဲ တောင်သခင်ကလန်က တိုက်ရိုက်အဆိုပြုထားခြင်းဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရရင် နဂါးစွယ်ကလန်ထဲသို့ သပ်လျှိုထားခြင်းပင်.....
မည်သို့ပင်ဆိုစေ ကျောက်ရွှမ်းမင် ကတော့ တလေးတစား ပြုမူနေဆဲဖြစ်ပြီး စည်းမကျော်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင်၊ ၎င်းသည် ကလန်အဖွဲ့သားများကြားတွင် မသက်မသာခံစားချက်များကို တွန်းပို့နေဆဲဖြစ်သည်။
ထို့အပြင် ကျောက်ရွှမ်းမင်ကလည်း ထိုသို့ပြောဖို့ အရည်အချင်းပြည့်ဝသည်။ သူသည် နဂါးစွယ်ကလန် သို့ဝင်ရောက်ပြီးကတည်းက အပြင်မှလူများကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင် မြှင့်တင်ပေးခဲ့ပြီး လက်ရှိရွှေအလင်းခန်းမရှိ လူအများစုသည် အပြင်လူများဖြစ်ကြသည်။ လီမျိုးနွယ်စုမှ ဆင်းသက်လာသူများကတော့ လူနည်းစုဖြစ်သည်။
သို့သော်လည်း ရွှေအလင်းခန်းမသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မူလက အစိမ်းရောင်နယ်သာခန်းမကသာ အသန်မာဆုံးဖြစ်သော်လည်း လီတိုင်ရွှမ် ထွက်ခွာသွားခြင်းနှင့်အတူ ကြီးမားစွာခံစားခဲ့ရသည်။ ရွှေအလင်းခန်းက ဒါကို အခွင့်အရေးယူကာ ခန်းမလေးခုတွင် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ လီချင်းဖန် သည် သဘာဝအားဖြင့် ခုခံနိုင်စွမ်းမရှိသည့်အပြင် ကျောက်ရွှမ်းမင်နှင့်ထိပ်တိုက်တွေ့လိုခြင်းမရှိပေ။ တစ်ဖက်တွင် လီဂျင်းပန်သည် ပြင်းထန်ပြီး ရန်လိုသည်။ ထို့ကြောင့် ကျောက်ရွှမ်းမင်ကို အဆက်မပြတ် ဆန့်ကျင်ခဲ့သော်လည်း ထင်သလောက်မထိရောက်ခဲ့ပေ။ လီတိုင်ရွှမ်သည် လီကျင်းဇယ်၏သားသုံးယောက်တွင် အရည်အချင်းရှိဆုံးဖြစ်ပြီး ပထမနှင့် ဒုတိယသားတို့သည်ပင် လီတိုင်ရွှမ်နှင့်မယှဉ်နိုင်ပေ။
ကျောက်ရွှမ်းမင် မည်မျှပင် အရည်အချင်းရှိပါစေ ဘုရင်အဆင့် မရောက်မချင်း ပြသာနာမဖြစ်နိုင်သေးပေ။ နောက်ဆုံးတွင်၊ အဘိုးအိုသည် နဂါးအစွယ်ကလန်၏ အချုပ်အခြာအာဏာဖြစ်ပြီး အရာအားလုံးကို ၎င်း၏သံလက်သီးဖြင့် အုပ်ချုပ်ခဲ့ပြီး မကျေနပ်မှုများကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
သို့သော် အရေးအကြီးဆုံးမှာ၊ အဘိုးအိုသည် စည်းကမ်းတင်းကြပ်ပြီး စာအုပ်ကြီးအတိုင်း ရှေးရိုးဆန်သူဖြစ်သည်။ လီကျင်းပန်က သူ့သားဖြစ်သောကြောင့် ဘက်လိုက်နေမည်
မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ကျောက်ရွှမ်းမင်နှင့် လီကျင်းပန်တို့ကို ဆက်လက်ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့ပြီး ကျောက်ရွှမ်းမင်နှင့်ရွှေရောင်အလင်းခန်းမကို ဤနှစ်များတစ်လျှောက်လုံး လင်းလက်တောက်ပစေပြီး သူတို့၏အရှိန်အဟုန်ကို အားကောင်းစေခဲ့သည်။
ကျောက်ရွှမ်းမင်သည် လီကျင်းပန်၏ ချေပချက်နှင့် ရင်ဆိုင်ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့်....
“ကလန်အကြီးအကဲက ဒီလိုဆုံးဖြတ်မှတော့ ကျေကျေနပ်နပ်ကြီး နာခံပါ့မယ်....ဒါပေမယ့် ကလန်အကြီးအကဲ စည်းကမ်းတွေကို အမြဲတမ်း ဦးစားပေးခဲ့သူပါ....လီလော့က တတိယသခင်ရဲ့သားဖြစ်တာမို့ မျိုးနွယ်စုကို ပြန်ရောက်လာတာက ဂုဏ်ပြုထိုက်တဲ့ကိစ္စပါ....ဒါပေမယ့် အထက်တန်းအဆင့်မှတ်တမ်းထဲကို တိုက်ရိုက်ထည့်ဖို့ကျတော့ နဂါးစွယ်ကလန်ရဲ့ စည်းကမ်းတွေကို ချိုးဖျက်သလိုဖြစ်နေပြီ..... ဒီလိုသာဆို အထက်တန်းအဆင့်မှတ်တမ်းဝင်ဖို့ကြိုးစားနေကြတဲ့လူငယ်တွေအတွက် နစ်နာတယ်...ဒီသတင်းတွေပျံ့နှံ့သွားရင် လီလော့အတွက်လည်း ရေရှည်အဆင်ပြေမှာမဟုတ်ဘူး...."
ကျောက်ရွှမ်းမင်၏စကားများက အပြစ်ရှာမရအောင်အကွက်စေ့နေသည်။
လီကျင်းပန် ပင်လျှင် ဒေါသတကြီး စိုက်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။
နဂါးစွယ်ကလန်၏ အကြီးအကဲများကတော့ နှုတ်ဆိတ်နေကြ၏။ တစ်ချို့က ကျောက်ရွှမ်းမင်ရဲ့စကားက ကျိုးကြောင်းဆီလျော်လွန်းတယ်လို့တောင်တွေးနေကြသည်။
လီကျင်းဇယ်က လီလော့ ဘက်သို့ လှည့်ကာ.... "ရှောင်လော့... မင်းဘယ်လိုထင်လဲ"
" အဘိုးရဲ့ဆန္ဒအတိုင်းလိုက်နာပါ့မယ်...." ဟု လီလော့ က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် လီကျင်းဇယ် ပြုံးလိုက်ပြီး....
"ကျောက်ရွှမ်းမင် ပြောတဲ့စကားက ကျိုးကြောင်းဆီလျော်တယ်.... နဂါးစွယ်ကလန်က လူတွေက စည်းကမ်းတွေကို အမြဲလိုက်နာခဲ့ကြတာ... လီလော့ကြောင့် စည်းကမ်းချိုးဖောက်လိုက်ရင် နာကြည်းမှုတွေနဲ့ စိတ်ညစ်စရာတွေကိုသာ ဖိတ်ခေါ်သလိုဖြစ်ကုန်လိမ့်မယ်...."
"အဖေ!" လီကျင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။ တကယ်ဆို ကျောက်ရွှမ်းမင်ရဲ့ စကားကို လေးစားဖို့ မလိုပေ။
လီကျင်းဇယ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး....
" အထက်တန်းအဆင့်မှတ်တမ်းထဲဝင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုရှိသေးတယ်...."
ဤစကားကြောင့် လူတိုင်း အနည်းငယ် ထိတ်လန့်သွားကြသည်။
အကြီးအကဲအချို့က "ကလန်အကြီးအကဲ ရည်ညွှန်းတာက...."
လီကျင်းဇယ် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်....နဂါးခေါင်းလောင်းကိုပြောတာ...."
ဤအချက်ကို မည်သူမျှ မတွေးခဲ့မိသောကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။
နဂါးခေါင်းလောင်းသည် ဘိုးဘေးကိုယ်တိုင်ကိုယ်ကျ သန့်စင်ထားသော အရာဖြစ်သည်။ ကလန်ငါးခုစလုံးတွင် တစ်ခုစီပိုင်ဆိုင်ထားပြီး မျိုးနွယ်စုဝင်အားလုံးသည် ၎င်းတို့၏ကိုယ်ပိုင်အရည်အချင်းများကို ယုံကြည်ပါက ခေါင်းလောင်းတီးရန် အရည်အချင်းပြည့်မီကြောင်း တစ်ချိန်က အမိန့်ချမှတ်ခဲ့သည်။ သူတို့အောင်မြင်ရင် အထက်တန်းအဆင့်မှတ်တမ်းတွေကို တိုက်ရိုက်ဝင်နိုင်ကြပေမည်။
သို့သော် ဤသို့စွမ်းဆောင်နိုင်သူများက လူနည်းစုသာရှိခဲ့သည်။အောင်မြင်ရန်အတွက် အလွန်ထူးခြားသော အရည်အချင်းများ ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး နှစ်များတစ်လျှောက်တွင် လက်တစ်ဆုပ်စာမျှသာ စွမ်းဆောင်နိုင်ခဲ့ကြသည်။
"လီလော့....မင်းမှာ နဂါးပဲ့တင်ထပ်သံရှိလား.... ဘယ်အဆင့်လဲ...."
လီချင်းဖန်က ကမန်းကတန်း မေးလိုက်သည်။ ဒါက အခြေခံအကျဆုံး လိုအပ်ချက်ပင်မဟုတ်လော....
"ကျွန်တော့် နဂါးပဲ့တင်ထပ်သံက အဆင့်ခြောက်ပါ....."
ထိုအချိန်တွင် ခန်းမအတွင်းရှိ လေထုတစ်ခုလုံး အေးခဲသွားသည်။
လီချင်းဖန် ၏မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားသော်လည်း လီကျင်းပန်ကတော့ စိတ်ရှုပ်ထွေးနေပုံရသည်။
လီလော့သည် လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ၏သားဖြစ်သည်။ သူတို့နှစ်ယောက်လုံးဟာ ထူးခြားတဲ့စွမ်းရည်တွေနဲ့ ကောင်းချီးတွေရရှိထားတာကြောင့် သူတို့ရဲ့ကလေးဟာ မိဘတွေနဲ့အရည်အချင်း သိပ်မကွာသင့်ပေ။ သူတို့ရဲ့ ခန့်မှန်းချက်အရ လီလော့မှာ အနည်းဆုံး အဆင့်ရှစ် နဂါးပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားမည်ဟုထင်ခဲ့မိသည်။
လီကျင်းထောင်နှင့်လီဖန်းရိတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း ဘာပြန်ပြောရမှန်းမသိအောင် အနည်းငယ် ထိတ်လန့်သွားကြသည်။
အဆင့်ခြောက် နဂါးပဲ့တင်ထပ်သံသည် ကလန်ထဲတွင် ပျမ်းမျှသာဖြစ်သည်။
လူတစ်ယောက်၏ ပဲ့တင်ထပ်သံအဆင့်သည် စွမ်းရည်အားလုံးကို ကိုယ်စားမပြုသော်လည်း အဆင့်ခြောက်ပဲ့တင်ထပ်သံဖြင့် မြို့စားအဆင့်သို့တက်လှမ်းချင်လျှင် ခက်ခက်ခဲခဲကြိုးစားရပေမည်။
ကျောက်ရွှမ်းမင်ပင်လျှင် ဤတုံ့ပြန်မှုက သူ့မျှော်လင့်ထားသလိုမဟုတ်သည့်အတွက် နောင်တရနေပုံပေါ်သည်။ သို့သော်လည်း လီကျင်းဇယ်က ထင်မထားလောက်အောင် တည်ငြိမ်နေပြီး လီလော့၏ အဖြေက သူ့အပေါ် မည်သို့မျှ အကျိုးသက်ရောက်ပုံမပေါ်ပေ။
"နဂါးခေါင်းလောင်းကို အသံမြည်အောင်တီးခတ်ဖို့ မင်းမှာ ယုံကြည်ချက်ရှိလား"
လီလော့သည် ဥာဏ်ပညာနှင့်ပြည့်စုံသော လီကျင်းဇယ်ကို သေချာ စိုက်ကြည့်နေသည်။ ရှင်းနေသည်မှာ၊ သူ့အဖိုးသည် သူ၏ ပဲ့တင်ထပ်သံသုံးခုကို သတိပြုမိခဲ့ပြီး သူ၏စကားများက သူ့(လီလော့)အပေါ်ထားရှိသောမျှော်လင့်ချက်ကို ပြသခဲ့သည်။
လီလော့သည် သူ့အဘိုး၏ လျှို့ဝှက်ထားသော အဓိပ္ပါယ်ကို နားမလည်မီ အခြေအနေကိုသေချာ တွေးတောခဲ့သည်။အဘိုးဖြစ်သူက သူ့အရည်အချင်းတွေကို ထုတ်ဖော်ပြသစေချင်ပြီး သံသယအားလုံးကို ဖြေဖျောက်စေချင်တယ်....မည်သို့ပင်ဆိုစေ
သူသည် လီတိုင်ရွှမ်၏သားဖြစ်ပြီး အရင်းအမြစ်များမရှိသော အရပ်ဒေသတွင် ကြီးပြင်းလာသဖြင့် သူ့ကို သဘာဝအတိုင်း ရှုံ့ချကြမည်ဖြစ်သည်။ ဤအမည်းစက်ကို ဆေးကြော၍ ကျော်လွှားရမည်။ မဟုတ်ပါက၊ ၎င်းသည် နောက်ထပ် လှောင်ပြောင်မှုနှင့် သံသယများကိုသာ ဖိတ်ခေါ်မည်ဖြစ်သည်။
ထို့ကြောင့် လီလော့သည် နဂါးခေါင်းလောင်း ကို အသံမြည်စေပြီး လိုအပ်သော အရင်းအမြစ်များကို ရယူနိုင်လျှင် နောက်ထပ် ဘယ်သူမှ သူ့ကို သံသယဝင်နေမည်မဟုတ်တော့ပေ။
တိုက်ဆိုင်စွာပင်၊ ဤသည်မှာ လီလော့ လိုချင်သည့်အရာဖြစ်သည်။
အရိပ်ထဲမှာ ပုန်းပြီး အချိန်ဖြုန်းနေဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူသည် ပဲ့တင်ထပ်သံသုံးခုကို ယုံကြည်မှုရှိပြီး ယခုအခါတွင် ပါရမီရှင်ပေါများသော အလယ်ပိုင်းကုန်းမြေဆီရောက်နေပြီဖြစ်သောကြောင့် ပိုင်ဆိုင်ထားသမျှအရည်အချင်းများကို အများသိအောင် ထုတ်ပြရပေမည်။ထိုမှသာ သူသည် မြို့စားအဆင့်သို့တက်လှမ်းရန် လိုအပ်သော အရင်းအမြစ်အားလုံးကို ရရှိနိုင်ပေမည်။
ထို့ကြောင့် စိတ်ချလက်ချ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
" အဘိုး၊ ကျွန်တော် ကြိုးစားချင်ပါတယ်"
လီလော့၏အဖြေကြောင့် သူ့ဦးလေးနှစ်ယောက် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ လီဂျင်းပန်ကို သက်ပြင်းချလိုက်ပြီး လီလော့ကိုစိုက်ကြည့်နေသည်။
သူ့ကိုယ်သူ ယုံကြည်မှုရှိတာ ကောင်းပေမယ့် လူငယ်ပီပီသွေးဆူပြီး မနိုင်ဝန်ထမ်းခဲ့ရင် လုရယ်စရာတွေဖြစ်ကုန်လိမ့်မယ်....
လူများစွာသည် ခေါင်းလောင်းကို အသံမြည်အောင်မစွမ်းဆောင်နိုင်ကြသော်လည်း လီလော့ကတော့ လီတိုင်ရွှမ်၏သား ဖြစ်သည်။
လီတိုင်ရွှမ်သည် နဂါးစွယ်ကလန်အတွင်း မနှိုင်းယှဥ်နိုင်အောင်သြဇာလွှမ်းမိုးနိုင်ခဲ့သူပင်.... နှစ်တွေကြာညောင်းသည့်တိုင် အားလုံး၏စိတ်ထဲတွင် တလေးတစားအမှတ်ရနေကြဆဲပင်..
"အဖေ...သေချာပြန်စဉ်းစားပါဉီး... " ဟု လီချင်းဖန်က သတိပေးသည်။သို့သော်လျစ်လျူရှုခံခဲ့ရသည်။
လီကျင်းဇယ် မတ်တပ်ထရပ်ပြီး ဘိုးဘေးခန်းမနောက်ဘက်သို့ လျှောက်သွားတော့ အားလုံးကသူ့နောက်ကိုလိုက်သွားခဲ့ကြသည်။
လီလော့လည်း အလားတူ လိုက်သွားခဲ့ပြီး မကြာခင်မှာပဲ လီဖန်းရိ နဲ့ လီကျင်းထောင်က သူ့အနားမှာ ရှိနေတာကို သတိထားမိလိုက်သည်။
"ညီလေး... မင်းက စိတ်မြန်လွန်းတယ်.
.. အဆင့်ခြောက်ပဲ့တင်ထပ်သံနဲ့ နဂါးခေါင်းလောင်းကို ဘယ်လိုအသံမြည်အောင်လုပ်နိုင်မှာလဲ" လီကျင်းထောင် မချိပြုံး ပြုံးလိုက်သည်။
"ဟမ့် ...နင်က အသက်မပြည့်သေးပေမယ့် လွယ်လွယ်နဲ့ သွေးဆူနေပြီလား...? ကျရှုံးရင် မဆုံးနိုင်တဲ့ အရှက်တရားတွေကို ဖိတ်ခေါ်လသလိုဖြစ်လိမ့်မယ်!" လီဖန်းရိ သည် အေးစိမ့်သောအမူအရာဖြင့် မှတ်ချက်ပေးနေသည်။
သူတို့နှစ်ဦး၏ မှတ်ချက်များကို ရင်ဆိုင်ရသောအခါ လီလော့က ပြုံးပြသော်လည်း စကားများစွာ မပြောဘဲ ငြိမ်သက်စွာ နားထောင်နေရုံသာ ဖြစ်သည်။
သူတို့အားလုံး ဘိုးဘေးခန်းမကိုဖြတ်၍ မတ်စောက်သော ချောက်ကမ်းပါးကို အပေါ်စီးမှ ဖြတ်လျှောက်လာခဲ့ကြသည်။ ဧရိယာတခုလုံးတွင် တိမ်များဖုံးလွှမ်းနေပြီး ၎င်းတို့ရှေ့တွင် ကြီးမားပြီး ကွဲအက်နေသော ခေါင်းလောင်းကြီးတစ်လုံးနှင့်အတူ ကြီးမားသော အပြာရောင်ကျောက်တုံးကြီးတစ်ခု ရှိနေသည်။ ခေါင်းလောင်းပေါ်တွင် ရှေးဟောင်းနဂါးပုံဏ္ဍာန်များ ရေးထွင်းထားကာ လျှို့ဝှက်ဆန်းကြယ်ပြီး လေးလံသောဖိအားကို ထုတ်လွှတ်နေသည်။
“ ရှောင်လော့...သွားတော့”
လီကျင်းဇယ်က ဧရာမ ခေါင်းလောင်းကြီးကို ကြည့်ရင်း လီလော့ကိုလှမ်း ပြောလိုက်သည်။
လီကျင်းထောင်နှင့် လီဖန်းရိကို ပြုံးပြရင်း လီလော့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် လူတိုင်း၏အာရုံစူးစိုက်မှုအောက်တွင် ကျောက်တုံးကြီးတစ်တုံးပေါ်သို့ အေးဆေးစွာ တက်လှမ်းကာ ဘေးနားရှိ ကျောက်သားတူကြီးတစ်လက်ကို ကောက်ကိုင်လိုက်တော့သည်။