← Chapters

ကြီးမြတ်သောလေအင်ပါယာမင်းသား

Vol. 8 Ch. 100

ကြီးမြတ်သောလေအင်ပါယာမင်းသား

Vol. 8 Ch. 100

အစိမ်းရောင် အမွှေးရှည်များနှင့် ထိုလက်က ဆန့်တန်းလိုက်သည့်အခါ ယင် နှင့် မွန်းကျပ်စေသည့် အငွေ့အသက်တစ်ခု ချက်ချင်းပင် လွင့်စင်သွားသည်။ ထိုအချိန်တွင် လင်းဖန်းချန် အပါအဝင် မြို့တော်သခင်၏အဆောက်အဦးရှိ စွမ်းအားကြီးပုဂ္ဂိုလ်ငါးဦးသည် အလွန်အမင်း ထိတ်လန့်သွားကာ သူတို့၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များလည်း လွင့်ထွက်ကုန်၏။ ဤအခိုက်အတန့်တွင် အားလုံး ငြိမ်သက်နေကြသည်။

ထိုဆန်းကြယ်သောလက်သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် လင်းဖန်ချန်း နှင့် အခြားသူများကို ဖမ်းဆုပ်လိုက်သည်။ လက်၏ အရှိန်သည် အလွန်လျှင်မြန်လွန်းသဖြင့် လင်းဖန်ချန်းနှင့် အခြားသူများသည် လှုပ်ရှားချိန်ပင် မရလိုက်ပဲ ချက်ချင်း အဖမ်းခံခဲ့ရသည်။

ထို့နောက် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ လင်းဖန်ချန်း နှင့် အခြားသူများသည် အော်ဟစ်ချိန်ပင် မရလိုက်ချေ။

အချိန်တစ်ခဏအတွင်း၌ လင်းဖန်ချန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်တွင် အရိုးများသာ ကျန်ခဲ့သည်။

လင်းဖန်ချန်း နှင့် အခြားသူများ၏ လတ်ဆတ်သည့် အသွေးအသားကို စုပ်ယူပြီးနောက်၊ လက်သည် လျင်မြန်စွာ အနောက်သို့ပြန်ဆုတ်သွားပြီး အနက်ရောင် ခေါင်းတလားအဖုံးကို ပြန်ပိတ်သွားခဲ့သည်။ ထိုဖြစ်ရပ်တစ်ခုလုံးသည် အသက်ရှူသံ အနည်းငယ်ကိုသာ ခေါ်ဆောင်သွားခဲ့သည်။

ဤအသက်ရှူသံများသည် စိတ်မချမ်းမြေ့စရာကောင်းသောနည်းဖြင့် သေဆုံးသွားသည့်တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်ငါးဦးသေဆုံးခြင်းသို့ ဦးတည်သည်။တစ်စုံတစ်ယောက်က ဤကဲ့သို့ မြင်ကွင်းအား မြင်လျှင် သူတို့သည် အလွန်ပင် တုန်လှုပ်ချောက်ချားသွားလိမ့်မည်။

ရုပ်အ‌ေလာင်းဝိဉာဉ်သည် ထိုအရိုးစုငါးခုကို စိတ်မဝင်စားစွာ ကြည့်လိုက်ပြီး သူ၏မျက်နှာတွင်လည်း အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ သူသည် အနက်ရောင် ခေါင်းတလားကို ညင်သာစွာ ဆွဲယူလိုက်ပြီး အနောက်သို့ ပြန်လှည့်ကာ ရှန်ရှန့်ကျုံဂိုဏ်းဆီသို့ လျှောက်သွားခဲ့သည်။

နေရောင်အောက်တွင် သူ၏အရိပ်သည် ရှည်မြောမြောဖြစ်နေလေ၏။

............

ကြီးမြတ်သောလေအင်ပါယာမြို့တော်၏ ခမ်းနားထည်ဝါသောနန်းတော်တွင် မင်းသား မူရှင်းချန် သည် စားပွဲ၌ထိုင်ကာ စာအုပ်ဖတ်နေလေသည်။သူသည် အသက် နှစ်ဆယ့်ငါးနှစ်ဖြစ်ပြီး အလွန်ချောမောလှသည်။ သူဝတ်ဆင်သည့် ဝတ်ရုံကို ကျောက်စိမ်းပုတီးမျိုးစုံဖြင့် စီခြယ်ထားပြီး အဖိုးတန်ဟန်ပန်နှင့် ဘုန်းတစ်ခိုးအာနုဘော်တို့ဖြင့် ပေါင်းစပ်ထား၏။

ချွန်ထက်လှသည့် မျက်ခုံးနှစ်ဖက်အောက်ရှိ သူ၏မျက်လုံးများသည် လက်ထဲမှ စာအုပ်ကို အာရုံစူးစိုက်စွာဖြင့် ဖတ်နေပြီး သူ၏ဘေးရှိ လှပသည့် နန်းတွင်းအစေခံ နှစ်ယောက်သည် သူ၏ပုခုံးများကို ပွတ်သပ်ကာ ကျောကို နှိပ်နှယ်ပေးနေသည်။

သူဖတ်ရှုနေသော စာအုပ်သည် ''အင်ပါယာမဂ္ဂဇင်း၊ ကောလဟာလများ'' ဖြစ်သည်။ ထိုစာအုပ်သည် မင်းသားတစ်ယောက်အတွက် အကျိုးမရှိသည့်စာအုပ်တစ်အုပ်ဖြစ်သော်လည်း သူသည် ထိုစာအုပ်ကို လေးနက်စွာဖတ်၏။

"မင်းသား၊ ခေါင်းဖြတ်စက်က အရှင်မင်းသားကိုတွေ့ဖို့ တောင်းဆို နေပါတယ်။"

ငယ်ရွယ်သည့်အမှုထမ်းတစ်ယောက်သည် ပြေးဝင်လာကာ ညှင်သာစွာဖြင့် ပြောလိုက်သည်။

မုရှင်းချန်သည် အနောက်သို့ လှည့်မကြည့်ဘဲ သူ၏လက်ကို ဝှေ့ယမ်းကာ "သူ့ကို ဝင်ခွင့်ပြုလိုက်ပါ!"

ခေါင်းဖြတ်စက်ဆိုသည့် ဤစကားလုံးသုံးလုံးသည် ကြီးမြတ်သောလေ အင်ပါယာတွင် မကြားဝံ့သည့်စကားလုံးများဖြစ် သည်။

ထိုအရာသည် ဓားမဟုတ်ပါ။ လူတစ်ဦး၏ နာမည်ပြောင်သာဖြစ်သည်။ ထိုသူသည် ဆန်းကြယ်အင်ပါယာအဆင့်ရှိ စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူသည်မီးရှို့ခြင်း၊သတ်ခြင်း၊ လုယက်ခြင်း စသည့်မကောင်းမှုအမျိုးမျိုးကို ကျူးလွန်သူဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် လုပ်ကြံသတ်ဖြတ်မှု တာဝန်များကို လက်ခံပြီး ဓားကို အပူပေးပြီးသည်နှင့် ချက်ချင်းခေါင်းဖြတ်သတ်သည့် ခေါင်းဖြတ်အဖွဲ့အစည်း အမည်ရှိ သတ်ဖြတ်သူများအဖွဲ့ကိုလည်း ထူထောင်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှု၏ အောင်မြင်မှုမှာ၉၀% ကျော်ရှိပြီး ထိုအဖွဲ့သည် ကြီးမြတ်သောလေအင်ပါယာတစ်ဝန်းတွင် လူသိများသည်။

သို့သော် ထိုအဖွဲ့အစည်းသည် ကြီးမြတ်သောလေ အင်ပါယာမင်းသား မုရှင်းချန် ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို မည်သူကမျှ မသိကြပေ။

ခဏအကြာ၌၊ ခေါင်းဖြတ်စက်သည် ဂုဏ်ယူဝံ့ကြွားသောခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။သူသည် သွေးများစွန်းနေသကဲ့သို့ နီရဲနေသည့် အနီရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူ၏ရှည်လျားလှပ သောအနက်ရောင်ဆံပင်များ၏အောက်တွင် ခက်ထန်သည့် မျက်နှာတစ်ခု ရှိပြီး သူ၏မျက်နှာတစ်ခုလုံးကို အမာရွတ်တစ်ခုက ဖုံးလွှမ်းထားကာ သူ့အား အလွန်ရက်စက်သည့်ပုံစံပေါက်စေသည်။

သူ၏ခါးတွင် လူတစ်ဦးကဲ့သို့ ရှည်လျားသည့် တောခုတ်ဓားတစ်လက်လည်းရှိသည်။ သူသည် နန်းတော်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် အအေးဓာတ်တစ်ခု ပေါ်ထွက်လာပြီး နန်းတော်ထဲမှ အစေခံနှစ်ယောက်အား တုန်လှုပ်သွားစေခဲ့သည်။

" အရေးကြီးတာ ဘာတစ်ခုမှ မရှိရင် ဒီခန်းမကို မလာပါနဲ့" မုရှင်းချန် သည် ခေါင်းဖြတ်စက်ကို ကြည့်ကာ ပြောလိုက်သည်။

ခေါင်းဖြတ်စက် သည် ဒူးတစ်ဖက်ထောက်ကာ "အရှင်မင်းသား၊ ပဉ္စမ‌မြောက်မင်းသားရဲ့ သတင်းရရှိခဲ့ပါတယ်" ဟု လေးနက်စွာပြောခဲ့သည်။

ထိုစကားကိုကြားသည့်အခါ မုရှင်းချန် သည်လက်ထဲမှ စာအုပ်ကို ချက်ချင်း ဘေးသို့ချထားလိုက်ပြီး ခေါင်းဖြတ်စက်အား အေးစက်စက်မျက်လုံးများဖြင့်ကြည့်ကာ မျက်မှောင်ကြုတ်၍မေးလိုက်သည်။ "ပြောစမ်း၊ပဉ္စမမြောက်ညီ‌တော်က ဘယ်မှာတဲ့လဲ"

ကြီးမြတ်သောလေ အင်ပါယာ၏ ပဉ္စမမြောက်မင်းသားသည် ကြီးမြတ်သောလေအင်ပါယာတစ်ခုလုံးတွင် ကျော်ကြားသည်။သို့သော် သူ၏အမည်မှာ ဂုဏ်ထူးဆောင်အမည် မဟုတ်ပဲ ရယ်မောဖွယ်‌ရာအမည်တစ်ခုဖြစ်သည်။

ကြီးမြတ်သောလေအင်ပါယာ၏ ပဉ္စမမြောက်မင်းသား၏ ကျင့်ကြံစဉ်စွမ်းရည်မှာ အလွန်နိမ့်ကျသောကြောင့် သူသည် အမှိုက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ လူအများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။

တော်ဝင်မိသားစုတွင် ကျင့်ကြံစဉ်စွမ်းရည် အနည်းငယ်မျှပင်မရှိပါက ၎င်းသည် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်လိမ့်မည်။

သူ၏မယ်တော်မဟုတ်သည့် လက်ရှိမိဖုရားသည် ပဉ္စမမြောက်မင်းသားကို တော်ဝင်မိသားစုထဲမှ နှင်ထုတ်လိုက်သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

ပဉ္စမမြောက်မင်းသား၏ ကျင့်ကြံစဥ်နိမ့်ကျမှုကြောင့်သာမဟုတ်ပါက မုရှင်းချန် သည် မင်းသားရာထူးကို လုံးဝ ပိုင်ဆ်ိုင်ထားနိုင်မည်မဟုတ်ကြောင်းကြီးမြတ်သောလေအင်ပါယာတစ်ခုလုံးရှိ လူများက သိကြသည်။

"ပဉ္စမမြောက်မင်းသားက ရှန်ရှန့်ကျုံဂိုဏ်းထဲကို ရောက်သွားပါပြီ"

ခေါင်းဖြတ်စက် သည် စကားကို လျှင်မြန်စွာ ပြောလိုက်သည်။

"ရှန်ရှန့်ကျုံဂိုဏ်း ဟုတ်လား။ ယောင်ရီအင်ပါယာရဲ့ ထိပ်တန်းတပ်ကြီးနှစ်ခုနဲ့ ယောင်ရီအင်ပါယာရဲ့စစ်သူကြီးကိုသတ်ဖြတ်ပြီး နာမည်ကျော်ကြားလာတဲ့ ရှန်ရှန့်ကျုံဂိုဏ်းလား"။

မုရှင်းချန် သည် ထိုင်နေရင်းဖြင့် မျက်ခုံးများကို တွန့်လိုက်ပြီး သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ မေးမြန်းလိုက်ချိန်၌ ခန်းမတစ်ခုလုံးတွင် နားလည်ရခက်သည့် အေးစက်မှုတစ်ခု ထွက်ပေါ်လာသည်။

ခေါင်းဖြတ်စက် နှင့် နန်းတော်အ‌စေခံနှစ်ယောက်လုံး သည်လည်း မတုန်လှုပ်ပဲ မနေနိုင်ကြပေ။

မင်းသား မုရှင်းချန် သည် ကြီးမြတ်သောလေအင်ပါယာ၏မင်းသားများ အားလုံးထဲတွင် ကြောက်စရာအကောင်းဆုံး ကျင့်ကြံမှုစွမ်းရည်ရှိသည်။ အခြားသော အင်ပါယာကြီးနှစ်ခု၏ မင်းသားများပင်လျှင် မုရှင်းချန် နှင့် မယှဉ်နိုင်ပေ။

ယခု သူသည် အသက် ၂၅ နှစ်ရှိပြီဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုသည် ဆန်းကြယ်အင်ပါယာအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီးဖြစ်ပြီး သူ၏ ခွန်အားသည်ပင် နားလည်၍မရလောက်သည်အထိ နက်နဲသွား၏။ သူသည်သူ၏လက်အောက်ရှိ အရာများကို လုပ်သည့်အခါ ခေါင်းဖြတ်စက်ကဲ့သို့သော လူသည်ပင် ပါးလွှာ‌သောရေခဲပြင်‌ပေါ်၌ လမ်းလျှောက်နေရသည်။

မုရှင်းချန်သည် သူ့ကို မေးခြင်းမဟုတ်ပဲကိုယ်တိုင် တွေးနေခြင်းသာဖြစ်သည်ကို ခေါင်းဖြတ်စက်က သိသဖြင့် ပြန်မဖြေခဲ့ပါ။

"ဒီသတင်းအပြင် အခြားသတင်းရှိသေးလား" မုရှင်းချန် သည် မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

"ပဉ္စမမြောက်မင်းသားက ယောင်ရီအင်ပါယာရဲ့ နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံမှာ ပါဝင်ဖို့ ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်များအနောက်ကိုလိုက်သွားခဲ့ပြီးတော့ တော်ဝင်မင်းသားအဆင့် ကျင့်ကြံမှုကိုပြသခဲ့ပြီး နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံရဲ့ ထိပ်တန်းနာမည်သုံးခုကို အနိုင်ရရှိခဲ့ပါတယ်"

ခေါင်းဖြတ်စက်သည် သူ၏ခေါင်းကိုငုံ့၍ အလျှင်အမြန်ပြောကာ သူ၏တစ်ကိုယ်လုံးလည်း အလွန်ရိုသေသမှုပြု‌နေ၏။

ခေါင်းဖြတ်စက်၏ စကားကို ကြားသည့်အခါ နန်းတော်အစေခံ နှစ်ဦး၏ အမူအရာများ ပြောင်းလဲသွားပြီး နှိပ််နယ်နေသည့် လက်များသည် အလွန် ပျော့‌ပျောင်းလာသည်။

ယခုအချိန်တွင် မုရှင်းချန် ၏အမူအရာသည် ပြောင်းလဲခြင်းမရှိသော်လည်း အရိုးဖောက်မတတ်‌ အေးသည့် အအေးဓာတ်သည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားကာ အခန်းအတွင်းရှိ အပူရှိန်သည်လည်း အလွန်ကျဆင်းသွားခဲ့သည်။

ထိုဖြစ်ရပ်သည် ခေါင်းဖြတ်စက် နှင့် နန်းတော်အစေခံနှစ်ယောက်ကိုလည်း အသက်ရှူမဝလုနီးပါးဖြစ်စေခဲ့သည်။

" ညီအကိုငါးယောက်က ကံကောင်းကြတာဘဲ။"

မုရှင်းချန် သည် လှောင်ပြုံးပြုံးကာ ခံစားချက်အနည်းငယ်မျှမရှိဘဲ ပြောလိုက်သည်။

"လျို့ဝှက်လေအိမ်တော်ကရော သတင်းရသွားသေးလား?''

ကြီးမြတ်သောလေအင်ပါယာ၏ အကြီးဆုံးထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်သော လျို့ဝှက်လေအိမ်တော် သည် ကြီးမြတ်‌သောလေအင်ပါယာ၏ဧကရာဇ်၊ ယောင်ရီအင်ပါယာ၏ သိမ်းငှက်စံအိမ်နှင့် ချင်းယွင် အင်ပါယာ၏ မိုးတိမ်စံအိမ်တို့၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ၎င်းကိုအင်ပါယာသုံးခုရှိ ကြောက်စရာအကောင်းဆုံးထောက်လှမ်းရေးအဖွဲ့အစည်းဟု ခေါ်ကြပါသည်။

"ဟုတ်ပါတယ်!"

ခေါင်းဖြတ်စက်သည် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသကဲ့သို့ ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။ မင်းသားသည် သူ တွေးထင်ထားသကဲ့သို့ ဒေါသများ မပါရှိသော်လည်း ပို၍ပင် ကြောက်စရာကောင်းနေလေ၏။

"အချိန်အတော်ကြာ ‌မင်းကို မြှင့်တင်‌ ပေးခဲ့ပြီးပြီ၊အခုတော့ မင်း ဆောင်ရွက်ရမယ့်အချိန်ရောက်လာပြီ" မုရှင်းချန် သည် ခေါင်းဖြတ်စက် ကို စိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

'ဒီငယ်သားနားလည်ပါပြီ။ ဒီငယ်သားက သွမ့်ဟန်အဖွဲ့နဲ့သွမ့်မင်အဖွဲ့ကို လှုပ်ရှားခိုင်းလိုက်ပါ့မယ်။ ဒါ့အပြင် ဒီငယ်သားက ငွေကုန်ကြေးကျခံပြီး ကောင်းကင်ပြိုကွဲခြင်းအဖွဲ့အစည်းကိုလည်း ငှားရမ်းလိုက်ပါ့မယ်။'' ခေါင်းဖြတ်စက်သည် လေးစားစွာပြောလိုက်သည်။

(ခေါင်းဖြတ်စက်ကို နောက်ပိုင်းတွင် ပကွက်အာဏာသားဟု ပြောင်းလဲသုံးစွဲထပါသည်။)

All Chapters