← Chapters

သေမင်း၏ပန်း။

Vol. 8 Ch. 102

သေမင်း၏ပန်း။

Vol. 8 Ch. 102

ဝမ်ဖုန်းသည် မျက်မှောင်ဖွဖွကြုတ်လိုက်သည်။ ယုရွှမ်း၏စကားများမှ တစ်ဆင့် သူသည် အင်ပါယာတွင်လျို့ဝှက်ချက်တစ်ချို့ ရှိနေကြောင်း ခန့်မှန်းမိလိုက်သည်။

''အင်ပါယာရဲ့အကြီးဆုံးမင်းသမီး ဖြစ်နေတာကို မင်းကို ဘယ်သူက ဖမ်းချုပ်ရဲမှာလဲ?''

ဝမ်ဖုန်းသည် ယုရွှမ်းကို စိုက်ကြည့်ကာ နက်ရှိုင်းသောလေသံဖြင့် မေးလိုက်သည်။

သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် လက်ရှိတွင် ယောင်ရီအင်ပါယာနှင့် အတိုက်အခံဖြစ်နေတာမှန်သော်လည်း ယောင်ရီအင်ပါယာ၏ဂုဏ်သတင်းမှာ အမှန်တကယ်လွှမ်းမိုးမှုကြီးမားလှကြောင်းကိုတော့ ဝမ်ဖုန်း ဝန်ခံရပါလိမ့်မည်။

ရှန်ရှန့်ကျုံဂိုဏ်းသည် လတ်တလောတွင်ကျော်ကြားလာပြီဖြစ်သော်လည်း ယောင်ရီအင်ပါယာ၏ဂုဏ်သတင်းနှင့် နှိုင်းယှဥ်လျှင်တော့ အနည်းငယ်နိမ့်ကျနေသေးသည်။

ယုရွှမ်းသည် ယောင်ရီအင်ပါယာ၏အကြီးဆုံးမင်းသမီးကြီးဖြစ်ကာ ဧကရာဇ်၏နှမတော်ဖြစ်သည်။သူမ၏အဆင့်အတန်းမှာ မြင့်မားလှပြီး ဧကရာဇ်သည်သာ သူမ၏အထက်တွင်ရှိသည်။ဒီလိုရာထူးရာခံမျိုးနဲ့ မင်းသမီးကြီးယုရွှမ်းကို ဘယ်သူက ထိဝံ့မှာလဲ?

''အင်ပါယာရဲ့မင်းသမီးကြီးတဲ့လား? ဟမ့် ငါ့မှာသာ ရွေးချယ်စရာရှိရင် ဒီရာထူးကို ယူကိုမယူဘူး!'' ဝမ်ဖုန်း၏စကားများကိုကြားတော့ ယုရွှမ်းသည် လှောင်ရယ်လိုက်ကာ ဝမ်းနည်းစွာပြောလိုက်သည်။

ဤသည်ကိုကြားတော့ ဝမ်ဖုန်းသည် ယုရွှမ်းကိုစူးစိုက်ကြည့်လိုက်မိသည်။ သူ့နှလုံးသားအတွင်း၌ ရိုးတိုးရိပ်တိပ်ခံစားနေမိသည်။ အဲ့ဒါက ယောင်ရီတော်ဝင်မိသားစုရဲ့ လျို့ဝှက်ချက်ကြီးများလား?

''ကျွန်မ ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်ချင်တယ်!''

သို့သော်လည်း ယုရွှမ်းက ဆက်လက်ရှင်းပြမလာတော့ပါ။သူမက ဝမ်ဖုန်းကို တောက်ပသောမျက်ဝန်းများဖြင့် စိုက်ကြည့်ပြီး ကျယ်လောင်စွာအော်ပြောလာသည်။

ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားကာ မင်းသမီးကြီးယုရွှမ်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

တကယ့်ကို စိတ်ဝင်စားစရာပဲ။ရှန်ရှန့်ကျုံဂိုဏ်းချုပ်နဲ့တောင် ညှိနှိုင်းဖို့ကြိုးစားရဲသတဲ့လား?

'' ဒီဂိုဏ်းချုပ်က မင်းပြောတဲ့ လျို့ဝှက်ချက်ဘာညာဆိုတာတွေကို စိတ်မဝင်စားသလို မင်းရဲ့သေခြင်းရှင်ခြင်းကိုလည်း ဂရုမစိုက်ဘူး။ ငါ့ရှန့်ရှန့်ကျုံဂိုဏ်းကို ဝင်နိုင်ရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ?

''ကျွန်မက ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားရှင်ပဲ။ပြီးတော့ကျွန်မရဲ့ ပုံရိပ်ကလည်း ရှန်ရှန့်ကျုံဂိုဏ်းကို ကျော်ကြားလာစေဦးမှာ။''

ဝမ်ဖုန်း၏စကားများက ယုရွှမ်း၏ခန္ဓာကိုယ်လေးကို တုန်ရင်လာစေသည်။သို့သော်လည်း သူမက နောက်တွန့်ခြင်းမရှိဘဲ ပြောလိုက်သည်။သူမ၏မျက်လုံးများက စိတ်ပိုင်းဖြတ်မှုများနှင့်ပြည့်နေပြီး နောက်တွန့်မည့်ပုံ မရှိပေ။

''ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်လား? ဒီဂိုဏ်းချုပ်က မင်းကို လက်တစ်ဖက်တည်းနဲ့သတ်နိုင်တယ်ကွ! ပြီးတော့ မင်းရဲ့ပုံရိပ်နဲ့အဆင့်အတန်းကိုလည်း ဒီဂိုဏ်းချုပ်က စိတ်မဝင်စားဘူး။''

သာမန်ဂိုဏ်းတစ်ဂိုဏ်းသာဆိုပါက အင်ပါယာ၏မင်းသမီးကြီးနှင့် လိုလိုလားလားပူးပေါင်းမိမှာဖြစ်သည်။ ထိုသို့ပူးပေါင်းခွင့်ရသည့်အတွက်လည်း ဘိုးဘေးများကို ကျေးဇူးတင်နေမိဦးမည်။

ယခုအချိန်တွင် ေယာင်ရီအင်ပါယာနှင့်ရှန်ရှန့်ကျုံဂိုဏ်းက ရန်သူတွေဖြစ်နေလေပြီ။ မင်းသမီးကြီးယုရွှမ်း၏အဆင့်အတန်းက ရှန်ရှန့်ကျုံဂိုဏ်းအတွက် တချို့အရာတွေကို လွယ်ကူစွာလုပ်ဆောင်နိုင်အောင် ကူညီနိုင်မှာဖြစ်သော်လည်း၊ မဖြစ်မနေလိုအပ်သည့်အရာတော့ မဟုတ်ပေ။

သို့သော် ဝမ်ဖုန်း၏စကားဆုံးသည်နှင့် သူ၏မျက်လုံးသူငယ်အိမ်များသည် တုန်လှုပ်သွားတော့သည်။မယုံနိုင်သော အမူအရာတစ်ခုက ဝမ်ဖုန်း၏မျက်နှာထက်၌ ဖြစ်ပေါ်လာသည်။

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် မင်းသမီးကြီးယုရွှမ်းသည် အနောက်လှည့်လိုက်သည်။

ယင်းနောက် သူမက အဝတ်အစားများကို စချွတ်တော့သည်။

သေစမ်း။ဝမ်ဖုန်း ကြောင်အသွားသည်။သူမ သူ့ကို မြှူဆွယ်နေတာလား?

''ဟေး၊ဒီဂိုဏ်းချုပ်က မင်းရနိုင်မယ့် ယောက်ျားမျိုးမဟုတ်ဘူး။စိတ်ကူးယဥ် မနေနဲ့!'' ဝမ်ဖုန်းသည် ပြူးကျယ်နေသော မျက်လုံးများဖြင့် ဆူပူမာန်မဲလိုက်သည်။

အင်ပါယာရဲ့မင်းသမီးကြီးက အရှက်မဲ့လှချည်လား? သူ သဘောမတူတာနဲ့တင် အဝတ်အစားတွေဆွဲချွတ်နေပြီလား?

ဝမ်ဖုန်း၏စကားများက ယုရွှမ်းကို မတားဆီးနိုင်ခဲ့ပါ။သူမသည် ဆက်လက်ချွတ်နေခဲ့သည်။ရှည်လျားသော ချည်သားဂါဝန်က တစ်ဝက်တိတိဖယ်ရှားခံလိုက်ရသည်။သူမ၏ အပြစ်ကင်းစင်သော ပုခုံးသားလေးများ၊ယင်းနောက် ကျောက်စိမ်းသားလို ဝင်းပသော ကျောကုံးကလေး...တစ်စတစ်စ ထွက်ပေါ်လာသည်။

ဟုတ်တာပေါ့။ အောက်ဘက်က အရာများကိုတော့ ဝမ်ဖုန်း မမြင်ရသေးပါ။ ဇာပုဝါပါးလေးနှင့်ဖုံးကာထားသော မင်းသမီးကြီးယုရွှမ်၏မျက်နှာသည်လည်း လက်ရှိတွင် ရဲရဲနီနေပြီဖြစ်သည်။

ဤသည်က ယောက်ျားတစ်ယောက်အရှေ့မှာ သူမ၏အလှတရားကို လှစ်ဟပြဖူးသည့် ပထမဆုံးအကြိမ်ပဲဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်နိုင်ဖို့၊အဲ့ဒီအကျဥ်းခန်းထဲက လွတ်မြောက်ဖို့ သူမလည်း တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ်သည်။

အစက ဝမ်ဖုန်းသည် ယုရွှမ်၏နောက်ကျောအလှ၌ နစ်မြောနေခဲ့သည်။သို့သော် သူမ၏ကျောကုံးတစ်ပြင်လုံးကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများသည် တုန်လှုပ်သွားသည်။

''ဒါက ဘာလဲ?''

ယုရွှမ်း၏ခါးနေရာတစ်ဝိုက်တွင် ထူးဆန်းသော ရုပ်ပုံများနှင့် စာသားများရှိနေသည်။ ချိန်းကြိုးသဏ္ဌာန်တစ်ခုနှင့်တစ်ခု ရစ်ပတ်လျက်ရှိသော သင်္ကေတများသည် သူမ၏ခါးပတ်ပတ်လည်၌ ရှိနေသည်။ ထိုနေရာတွင် ဖူးပွင့်တော့မည့် ပန်းအဖူးလေးတစ်ခုပုံလည်းရှိနေသည်။

အစကတော့ ထိုအရာသည် သာမန်ပုံတစ်ပုံနှင့်သာ တူလှသည်။ဝမ်ဖုန်းအရင်ဘဝက တက်တူးတွေလိုမျိုးပေါ့။သို့သော် နောက်တစ်ကြိမ်စိုက်ကြည့်လိုက်သည့်အခါ ထိုသင်္ကေတများက အသက်ဝင်လာပုံပေါ်ကာ နေရာများရွှေ့ပြောင်းသွားကြသည်။ယင်းနောက် မွှေးရနံ့တစ်မျိုးကိုလည်း ခံစားရလိုက်သည်။ အဆိုပါရနံ့သည် ပန်းဖူးကလေးဆီမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

ထိုမွှေးရနံ့ကဘာလဲဆိုတာကို ဝမ်ဖုန်းလည်းမသိပါ။ထိုရနံ့ကို သူ၏နှာခေါင်းမှ ခံစားရခြင်းမဟုတ်ဘဲ နှလုံးသားက ခံစားသိရှိနေခြင်းဖြစ်သည်။ ဤသို့သော ခံစားချက်မျိုးက တစ္ဆေတစ်ကောင်နှင့် တွေ့လိုက်ရသလိုပင်။

ဤတဒင်္ဂတွင် ဝမ်ဖုန်းတောင်မှ အနည်းငယ်တုန်လှုပ်သွားမိသည်။

''ဒါက ကျွန်မရဲ့ကံတရားနဲ့ ကျွန်မရဲ့အကျဥ်းခန်းပဲ။ဒီပန်းလေးပွင့်လာတဲ့အခါ ကျွန်မသေရလိမ့်မယ်!'' ယုရွှမ်း၏မျက်နှာပေါ်တွင် ဝမ်းနည်းစရာအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ယောင်ရီအင်ပါယာအကြီးဆုံး မင်းသမီးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသောအရာတစ်ခုရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း?

''ဒီထူးထူးဆန်းဆန်းအရာက ဘယ်လိုဖြစ်လာတာလဲ? အဲ့ဒါက ဘာလဲ?'' ဝမ်ဖုန်း၏မျက်နှာက အမူအရာမဲ့နေဆဲပင်။သူသည် ယုရွှမ်း၏မျက်နှာကို တိုက်ရိုက်ကြည့်ကာ မေးလိုက်သည်။

''အဲ့ဒါက နေကြတ်ခြင်း မှော်ဝင်ပန်းပဲ။ အဲ့ဒီသင်္ကေတတွေက နေကြတ်ခြင်းမှော် သင်္ကေတတွေပဲ။ ''

''ကျွန်မတို့ယုမိသားစုက ရှေးဟောင်းယောင်ရီမျိုးနွယ်စုက ဆင်းသက်လာကြတာ။ ကျွန်မတို့က ယောင်ရီမျိုးနွယ်စုက ဆင်းသက်လာတဲ့ ယောင်ထျန်းကျင့်စဥ်နဲ့ရိဖူထျန်းကျဲ ကျင့်စဥ်တွေကို လေ့ကျင့်ခဲ့ကြရတယ်။''

''ရှေးဟောင်းယောင်ရီမျိုးနွယ်စုကို မျိုးနွယ်နှစ်ခုထပ်ခွဲထားတယ်။ တစ်ခုကို ယောင်မိန်လို့ခေါ်ပြီး၊နောက်တစ်ခုကိုတော့ စန်းမိန်လို့ခေါ်တယ်။ ကျွန်မက ယောင်မိန်သွေးကြောပိုင်ဆိုင်ထားပြီး၊ ယောင်ရီဧကရာဇ်ကတော့စန်းမိန်သွေးကြော ပိုင်ဆိုင်ထားတယ်။''

ယုရွှမ်း၏စကားကိုကြားတော့ ဝမ်ဖုန်း၏မျက်လုံးများသည် သင်္ကါမကင်းဖြစ်လာသည်။သူက မေးလိုက်သည်။

''မင်းနဲ့ ဧကရာဇ်ယောင်ရီက မောင်နှမတွေမဟုတ်ဘူးလား? ဒါဆိုမင်းတို့မှာ ဘာလို့မတူညီတဲ့သွေးကြောတွေ ရှိနေတာလဲ?''

''ယောင်မိန်နဲ့စန်းမိန်ကို သွေးပေါ်မူတည်ပြီးခွဲခြားတာမဟုတ်ဘူး။တစ်ဦးတစ်ယောက်နဲ့ ကိုက်ညီတဲ့သွေးမျိုးဆက်ပေါ် မူတည်ပြီးခွဲခြားထားတာပါ''

ဤသည်ကိုကြားတော့ ဝမ်ဖုန်းသည် နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။

''အရင့်အရင်တုန်းကပေါ့။ နှစ်ပေါင်းဘယ်လောက်အကြာကလည်းဆိုတာ ကျွန်မလည်း မသိတော့ဘူး။ကျွန်မတို့ယောင်ရီမျိုးနွယ်စုက စီနီယာတစ်ယောက်က နတ်ဆိုးမင်းသမီးတစ်ပါးနဲ့ချစ်ကျွမ်းဝင်ခဲ့တယ်။သူတို့ကို ကမ္ဘာကသာမက ယောင်ရီမျိုးနွယ်စုကလည်း လက်မခံခဲ့ကြဘူး။''

''ယောင်ရီမျိုးနွယ်စုက နတ်ဆိုးမင်းသမီးလေးကို လူရှေ့သူရှေ့ အဲ့ဒီစီနီယာရဲ့မျက်လုံးအရှေ့မှာပဲ ရိုက်သတ်ခဲ့ကြပြီး၊စီနီယာကိုလည်း မျိုးနွယ်စုက စွန့်ပစ်ထုတ်ပယ်ခဲ့တယ်။''

''ဒီအဖြစ်အပျက်က ပြီးသွားပြီလို့ လူတိုင်းကတွေးမိခဲ့ကြတယ်။ အဲ့ဒီစီနီယာရဲ့ကျင့်ကြံမှုတွေအကုန်လုံး ပျက်စီးသွားပေမယ့် သူ့မှတ်ဥာဏ်နဲ့အသိပညာတွေကတော့ ကျန်နေခဲ့သေးတယ်။ ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ အဲ့ဒီစီနီယာက လက်စားချေဖို့အပြင်းအထန် ကြိုးစားခဲ့တယ်။သူက စန်းမိန်သွေးကြောကို မှော်လမ်းစဥ်တစ်ခုနဲ့ပေါင်းစပ်နိုင်ခဲ့တယ်။''

''အဲ့ဒီနောက်မှာတော့ လူသားဆန်မှုကိုတောင် ဖျက်စီးနိုင်တဲ့ နေကြတ်ခြင်းမှော်ပညာရပ်ကို ဖန်တီးခဲ့တယ်!''

ထိုအထိပြောပြပြီးနောက် ယုရွှမ်း၏မျက်လုံးများသည် အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။သူမသည် ထိုစီနီယာကိုပဲ မုန်းတီးတာလား? ဘယ်သူ့ကိုမုန်းတီးနေတာလဲဆိုတာကို သူမဘာသာတောင် မသိတော့ပေ။

''နေကြတ်ခြင်းမှော်ပညာလား?''

ဝမ်ဖုန်းသည် တီးတိုးရေရွတ်လိုက်သည်။ ဤသည်က ယုရွှမ်းခန္ဓာပေါ်ရှိ သင်္ကေတများ၏ဇစ်မြစ်ဖြစ်ရမည်ဟု ဝမ်ဖုန်း ရိပ်စားမိလိုက်သည်။

''နေကြတ်ခြင်းမှော်ပညာရပ်က အဆင့်မဲ့တဲ့ကျင့်စဥ်တစ်ခုပဲ။ အဲ့ဒါကို ယောင်ရီမျိုးနွယ်စုရဲ့သန့်စင်တဲ့မျိုးဆက်တွေသာ ကျင့်ကြံနိုင်တယ်။တခြားသူတွေ ကျင့်မယ်ဆိုရင် အကျိုးမရှိနိုင်ဘူး။ ဒီမှော်ပညာက ယောင်ရီမျိုးနွယ်ကို တိုက်ခိုက်ဖို့ဖြစ်တည်လာတာလို့ ပြောလို့ရတယ်။''

''ဒီနည်းစနစ်က တကယ့်ကိုနတ်ဆိုးဆန်ပြီးရက်စက်ပေမယ့် ကျင့်ကြံမယ်ဆိုရင် တခြားနည်းစနစ်တွေထက် အကျိုးအရများတယ်။''

ယုရွှမ်းက အေးစက်စွာပြောလိုက်သည်။ထိုကျင့်စဥ် ဒီကမ္ဘာကြီးကတားမြစ်ထားသောနတ်ဆိုးကျင့်စဥ်တစ်ခုသာ မဟုတ်ပါက သူမသည်လည်း ဘယ်လိုလုပ် ပိတ်မိနေမည်နည်း?

All Chapters