← Chapters

တိမ်မည်းတွေက ဘာကြောင့် အလင်းရောင်ကို ပိတ်ကာနေရသလဲ?

Vol. 8 Ch. 104

တိမ်မည်းတွေက ဘာကြောင့် အလင်းရောင်ကို ပိတ်ကာနေရသလဲ?

Vol. 8 Ch. 104

ယုရွှမ်းကို လက်ခံပေးပြီးနောက် ဝမ်ဖုန်းသည် သူမကို ဆက်လက်ချုပ်နှောင် မထားတော့ပါ။

''မင်း ယောင်ရီအင်ပါယာရဲ့ ခွန်အားအစစ်အမှန်ကို သိသလား?'' ဝမ်ဖုန်းသည် ယုရွှမ်းကိုကြည့်ကာ မေးလိုက်သည်။

ယုရွှမ်းသည် ခေါင်းခါပြီး ပြောလိုက်သည်။

'' သူ့မျက်လုံးထဲမှာ ကျွန်မက သေလူပဲလေ။သူက ကျွန်မကို အင်ပါယာရဲ့ခွန်အားအစစ်အမှန်အကြောင်း ဘယ်ပြောပြပါ့မလဲ? သူတစ်ယောက်တည်းပဲ အင်ပါယာကြီးရဲ့ အစစ်အမှန်ခွန်အားကို သိထားတာ''

''ဟင့်အင်း၊ မဟုတ်သေးဘူး။ အင်ပါယာရဲ့ လက်ဝဲနဲ့လက်ယာ အမတ်ကြီးနှစ်ပါးရှိသေးတယ်!''

''ဟမ်? ယောင်ရီအင်ပါယာမှာ အမတ်ချုပ်ကြီးတွေ ရှိသေးတာလား?''

ယုရွှမ်း၏စကားများကိုကြားတော့ ဝမ်ဖုန်း၏မျက်လုံးများသည် တွေဝေသွားကာ အံ့အားတသင့်မေးလိုက်သည်။

သူသည် အင်ပါယာ၏အမတ်ချုပ်ကြီးများအကြောင်း လုံးဝမကြားဖူးခဲ့ပါ။ သူသည် စစ်သူကြီးချန်းလီကို အင်ပါယာ၏ရာထူးအကြီးဆုံး လူတစ်ယောက်ဟု ထင်ခဲ့မိသည်။

''အင်ပါယာရဲ့ လက်ဝဲနဲ့လက်ယာ အမတ်ချုပ်ကြီးနှစ်ပါးက ယောင်ရီအင်ပါယာတစ်ခုလုံးရဲ့ အလျို့ဝှက်အဆန်းပြားဆုံး ဖြစ်တည်မှုကြီးတွေပဲ။ သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်း ထောင့်ငါးရာလောက်က အငြိမ်းစားယူသွားကြတာ။ သူတို့ဘယ်မှာလဲ ဘာလုပ်နေလဲ သူတို့ရဲ့ကျင့်ကြံမှုကရော ဘယ်အဆင့်မှာလဲ ဆိုတာကို ဘယ်သူမှမသိကြဘူး။''

ယုရွှမ်းက ပြောပြလိုက်သည်။သူမလို အင်ပါယာ၏အကြီးဆုံးမင်းသမီးကြီးကတောင် အမတ်ချုပ်ကြီးနှစ်ပါးနှင့် မျက်နှာချင်းဆိုင် မတွေ့ဆုံဖူးပါပေ။

ယုရွှမ်း၏စကားများကိုကြားတော့ ဝမ်ဖုန်း၏မျက်ဝန်းများသည် ကျဥ်းမြောင်းသွားသည်။ ကြည့်ရတာ ယောင်ရီအင်ပါယာ၏ခွန်အားကို သူ လျော့တွက်မိခဲ့ပုံပင်။

ယုရွှမ်းသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ သူမ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူမသည် ဝမ်ဖုန်းကို တွန့်ဆုတ်ဆုတ်အမူအရာဖြင့် ကြည့်လိုက်သည်။

''အခုမင်းက ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားဖြစ်နေပြီပဲ။ပြောစရာရှိတာကို ပြောသာပြော။'' ဝမ်ဖုန်းက သူမကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

'' ကျွန်မစိုးရိမ်တာ သူ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ သတင်းတွေကို သိပြီးလောက်ပြီ။နောက်ထပ်.....''ယုရွှမ်း၏မျက်လုံးများသည် မတည်မငြိမ်ဖြစ်လာသည်။

ဤသည်ကိုကြားတော့ ဝမ်ဖုန်းသည် ရွှတ်နောက်နောက်ပြုံးလိုက်မိသည်။ဒီမိန်းမက သူနဲ့ ကစားနေသေးတာလား?

''မစိုးရိမ်ပါနဲ့။မင်းက ငါ့ရဲ့ဂိုဏ်းသားဖြစ်နေပြီပဲ။ မင်းကို သေချာပေါက် ဘေးကင်းအောင်ထားမှာပါ။ဘယ်သူမှ မင်းကို ရှန်ရှန့်ကျုံ ဂိုဏ်းကနေ ခေါ်မသွားနိုင်စေရဘူး!''

''ကျေးဇူးပါ၊ဂိုဏ်းချုပ်!''

ဝမ်ဖုန်း၏အတည်ပြုသံကိုကြားတော့ ယုရွှမ်းသည် အပျော်လွန်သွားကာ တောက်တောက်ပပ ပြုံးလျက်ပြောလိုက်သည်။

''ဒီမှာထိုင်ပြီး အေးအေးဆေးဆေး စောင့်နေဦး။ ခဏနေကျ ရွှမ်ရှရောက်လာပြီး မင်းကို ဂိုဏ်းထဲလိုက်ပြပေးရင်း အကိုအမတွေနဲ့ မိတ်ဆက်ပေးလိမ့်မယ်။'' ဝမ်ဖုန်းသည် ခေါင်းခါကာ ရယ်မောရင်း ပြောလိုက်သည်။

''ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!''

ဝမ်ဖုန်းသည် လက်ကို ညင်သာစွာ ဝေ့ရမ်းနှုတ်ဆက်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။

''ဒင်၊ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိ ယုရွှမ်းကို ဂိုဏ်းအတွင်းသွတ်သွင်း နိုင်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ဂိုဏ်းအမှတ် သုံးသောင်း ဆုချလိုက်ပါတယ်!''

''ဒင်၊ လာရောက်လာသော ရန်သူကို သတ်ဖြတ်ရန် တာဝန်ကို ပြီးဆုံးခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။တာဝန်ကို ပြီးမြောက်ပြီးသည့်အတွက် ဂိုဏ်းလေ့ကျင့်ရေး ခန်းမ၊ဂိုဏ်း သန့်စင်မှုခန်းမနှင့် အထူးဆင့်ခေါ်ခွင့်တစ်ကြိမ် ဆုချလိုက်ပါတယ်!''

ဝမ်ဖုန်း အခန်းပြင်ထွက်လာသည်နှင့်တပြိုင်နက် စနစ်၏အေးစက်စက်အသံကို ကြားလိုက်ရသည်။

ယုရွှမ်းခန့်မှန်းတာ မှန်ပေသည်။ထိုပုဂ္ဂိုလ်က တစ်ယောက်ယောက်ကို တကယ်ပဲစေလွှတ်ခဲ့၏။

သူ့ရှန်ရှန့်ကျုံဂိုဏ်းက်ု လာချင်တိုင်းလာ၊သွားချင်တိုင်း သွားလို့ရမတဲ့လား?

သူ့ရှန်ရှန့်ကျုံဂိုဏ်းကို အထင်သေးမည်ဆိုပါက ထိုသူ့မှာ ထိုသို့လုပ်နိုင်မည့် အရည်အချင်းနှင့်ခွန်အား ရှိမရှိ အရင်ကြည့်ရမည်ဖြစ်သည်။

ဂိုဏ်းချုပ်ခန်းမကို ပြန်ရောက်လာပြီးနောက် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကို လှမ်းခေါ်လိုက်သည်။

''ဂိုဏ်းချုပ်!''

မဟာနတ်ဆိုးရွှမ်ရှမှ တရိုတသေ ဂါရဝပြုလိုက်သည်။

''ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံအတွက် ပြင်ဆင်နေတာ ဘယ်လိုအခြေအနေရှိလဲ? ''ဝမ်ဖုန်းသည် ခေါင်းညိမ့်ပြကာ မေးလိုက်သည်။

''ဂိုဏ်းချပ်ကိုအစီအရင်ခံပါတယ်။ အကြီးအကဲတုံ့ဖန်းရဲ့ ကျေးဇူးကြောင့် အရာအားလုံးအဆင်သင့်ဖြစ်နေပါပြီ! ဒီတစ်ကြိမ်ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို အဆင့်သုံးဆင့်နဲ့ကျင်းပသွားမှာပါ။ ပါရမီစစ်ဆေးခြင်း၊လုံ့လဝီရိယစစ်ဆေးခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အား စစ်ဆေးခြင်းဆိုပြီးတော့ပါ!''မဟာနတ်ဆိုးရွှမ်ရှက အလျင်အမြန်ပြန်ဖြေလိုက်သည်။

''ပါရမီစစ်ဆေးခြင်းဆိုတာကို ဖြုတ်လိုက်၊နားလည်နိုင်မှုစစ်ဆေးခြင်းနဲ့ အစားထိုးလိုက်!'' ဝမ်ဖုန်းသည် တဒင်္ဂတွေးတောပြီးနောက် အမူအရာမဲ့စွာ ပြန်ပြောလိုက်သည်။

သူ့မှာစနစ်ရှိနေမှတော့ တပည့်တွေရဲ့ ပါရမီဆိုတာကို ဘာဂရုစိုက်ရဦးမှာလဲ? သူသာ အလိုရှိပါက မည်သည့်တပည့်ကိုမဆို တိုးတက်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။

သို့သော်ငြားလည်းသဘောပေါက်နားလည်နိုင်စွမ်းနှင့် ဇွဲလုံ့လတို့ကိုတော့ သူကူညီမပေးနိုင်ပါ။ စနစ်၏အကူအညီနှင့်ဆိုလျှင်တောင် ပါရမီနှင့်သွေးမျိုးဆက်ကိုသာ ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး၊ထိုအရာနှစ်ခုကိုတော့ဖြင့် ပြောင်းလဲမပေးနိုင်ပါ။

ထို့ကြောင့် တပည့်စုဆောင်းရာ၌ ဝမ်ဖုန်းသည် သဘောပေါက်နားလည်နိုင်စွမ်းနှင့် ဇွဲလုံ့လတို့ကို အသားပေးသည်။

''ဂိုဏ်းချုပ်၊ပါရမီကို စစ်ဆေးတာကလည်း တကယ့်ကို အရေးကြီးပါတယ်။ ပါရမီစစ်ဆေးခြင်း၊ဇွဲလုံ့လစစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာခွန်အားစစ်ဆေးခြင်း အဲ့သုံးခုအပြင်ကိုမှ နားလည်နိုင်စွမ်းစစ်ဆေးခြင်းကို ထပ်ပေါင်းထည့်လိုက်ရင်ရော? ''

မဟာနတ်ဆိုးရွှမ်ရှသည် တွန့်ဆုတ်ဆုတ်အမူအရာဖြင့် အံ့ကြိတ်လျက် ပြောလာသည်။ ကျင့်ကြံရေးကမ္ဘာကြီးတွင် ပါရမီဆိုသည်က အရေးအပါဆုံးအရာကြီးတစ်ခု မဟုတ်သော်လည်း အရေးအပါဆုံးတွေထဲကမှ တစ်ခုဖြစ်သည်။

ပါရမီသာမရှိပါက မင်းဘယ်လောက်ကြိုးစားကြိုးစား ထိပ်ရောက်မှာ မဟုတ်ပေ။

''ပါရမီတဲ့လား? ဒီဂိုဏ်းချုပ်က အထုံပါရမီကိုလည်း မွေးထုတ်ပေးနိုင်တယ်။ငါဟာ နေ၊လ၊ကြယ်တွေကိုတောင် အလိုရှိရင် ခူးဆွတ်ယူနိုင်တယ်။ရွှမ်ရှ၊ မင်းရဲ့အမြင်အာရုံက ကျဥ်းမြောင်းနေသေးတယ်!''

ဝမ်ဖုန်းသည် မဟာနတ်ဆိုး ရွှမ်ရှကို စိုက်ကြည့်ကာ ညင်သာစွာပြောလိုက်သည်။

ဝမ်ဖုန်း၏အသံက မဟာနတ်ဆိုးရွှမ်ရှ၏ နားစည်အတွင်း၌ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည်။သူ၏နှလုံးသားအတွင်း၌ မုန်တိုင်းထန်သွား၏။

လက်ရှိအချိန်တွင် မဟာနတ်ဆိုးရွှမ်ရှ၏အမြင်၌ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ဖြူလွှလွှဝတ်ရုံဖြင့် ကြော့ရှင်းစွာမတ်တပ်ရပ်နေသော ဂိုဏ်းချုပ်ဝမ်သည် ကောင်းကင်ဘုံမှ မသေမျိုးနတ်ဘုရားတစ်ပါးအလားပင်။ တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိလှ၏။

''ကျွန်တော် နာခံပါ့မယ်!''

မဟာနတ်ဆိုးရွှမ်ရှသည် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းအော်ပြောလိုက်လေသည်။

သူသည် ဂိုဏ်းချုပ်၏စကားများကို အပြည့်အဝ မယုံကြည်သော်ငြားလည်း ထိုသူမှာ ဂိုဏ်းချုပ်ပဲဖြစ်သည်။ သူသည် ဂိုဏ်းချုပ်ကို တစ်ကြိမ်ဝေဖန်ထောက်ပြပြီးဖြစ်ရာ နောက်တစ်ကြိမ်ထပ်ပြောပါက ဂိုဏ်းချုပ်၏ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရာရောက်မည်။

''ဒီတစ်ကြိမ်ညီလာခံက မငြိမ်းချမ်းမှာကို ငါစိုးရိမ်မိတယ်။ မင်းအကြီးအကဲတွေကို သတင်းပို့ပြီး ဂိုဏ်းစုဝေးကွင်းကို ညီလာခံကျင်းပနေချိန် အတောအတွင်း စောင့်ကြပ်ခိုင်းလိုက်!''

ဝမ်ဖုန်းသည် မျက်မှောင်ဖွဖွကြုတ်ကာ ပြောလိုက်သည်။

ဤသည်ကိုကြားတော့ မဟာနတ်ဆိုးရွှမ်ရှမှာ ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

''ကျွန်တော် အကြီးအကဲတွေကို ခုပဲ အကြောင်းကြားလိုက်ပါ့မယ်!''

''သိပ်လည်း မစိုးရိမ်နဲ့။မင်းလုပ်စရာရှိတာတွေကိုပဲ အေးဆေးလုပ်။ ညီလာခံပြီးသွားရင် မင်းရဲ့အထွတ်အထိပ် ကျင့်ကြံဆင့်ကိုပြန်ရဖို့ ဒီဂိုဏ်းချုပ်က ကူညီပေးမယ်!'' ဝမ်ဖုန်းသည် နန်းဆောင် အပြင်ဘက်နားကို လမ်းလျှောက်သွားလိုက်ကာ ကောင်းကင်ကြီးကို မော့ကြည့်လျက် ပြောလိုက်သည်။

ထိုစကားများက မဟာနတ်ဆိုးရွှမ်ရှကို တုန်ရင်သွားစေ၏။ သူက စိတ်အားတက်ကြွနေသော အမူအရာဖြင့် ဝမ်ဖုန်းကို ဦးညွှတ်ကာ ပြောလိုက်သည်။

''ဒီတပည့်က ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်!''

မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏စကားများကို သံသယမဝင်ခဲ့ပါ။ ဆန်းကြယ်အဓိပတိအဆင့်ကိုတောင် သတ်ဖြတ်နိုင်ခဲ့သည့် ဂိုဏ်းချုပ်ကြီးအတွက်တော့ သူ့ကို ကူညီပေးရခြင်းက ပါးမွှားသာဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှကို အမှန်တကယ် ပျော်ရွှင်သွားစေသည်က ကျင့်ကြံဆင့်ပြန်ရမှာကြောင့်မဟုတ်ဘဲ ဝမ်ဖုန်း၏အသိအမှတ်ပြုမှုကို ရလိုက်တာကြောင့်ဖြစ်သည်။

ဤမျှလောက်သန်မာသော ဂိုဏ်းချုပ်ဝမ်သည် သူ့ကို ယခင်ကတည်းက အထွတ်အထိပ်အခြေအနေပြန်ရောက်အောင် ကူညီပေးနိုင်သော်လည်း ယခုမှ ကူညီပေးရခြင်းမှာ အဘယ်ကြောင့်နည်း? အကြောင်းအရင်းမှာ ယခင်က သူ့ကို ဂိုဏ်းချုပ်ဝမ်က အပြည့်အဝမယုံကြည်ခဲ့သောကြောင့်ပင်။

''နတ်ဆိုးအိုကြီး၊ မင်းရဲ့သက်တမ်းကလည်း နှစ်ထောင်ချီကြာမြင့်လှပြီ။အခု မင်း ရှန်ရှမ့်ကျုံဂိုဏ်းကို ဝင်ရောက်လာပြီဆိုမှတော့ ဒီဂိုဏ်းကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထား။ အနာဂတ်မှာ ဒီဂိုဏ်းကြီး ပိုမိုတိုးတက်လာလေလေ မင်းအတွက်လည်း အကျိုးရှိလေလေပါပဲ။'' ဝမ်ဖုန်းက ခပ်ဖွဖွရယ်လိုက်သည်။

''ဒီတပည့် နားလည်ပါပြီ!''

မဟာနတ်ဆိုးရွှမ်ရှသည် တုန်ရင်နေသော ခန္ဓာကိုယ်နှင့်ကြမ်းပြင်ပေါ် ဒူးထောက်ချကာ ပြောလိုက်သည်။

သူရှန်ရှန့်ကျုံဂိုဏ်းကို စတင်ဝင်ရောက်လာစဥ်က မဟာနတ်ဆိုးရွှမ်ရှသည် အစ၌ ကူကယ်ရာမဲ့သလိုခံစားခဲ့ရသည်။ သို့သော် ယခုအချိန်မှာတော့ ရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်း၌ နေရသည်ကို ပျော်ပိုက်လာပြီး ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားနေမိပြီဖြစ်သည်။ သူသည် နောက်ဆုံးမှာ ဝမ်ဖုန်း၏အသိအမှတ်ပြုမှုကိုလည်း ရခဲ့လေပြီ။သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမလဲ?

''ကောင်းပြီ၊အလုပ်သွားလုပ်တော့!''

''ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!'' မဟာနတ်ဆိုးရွှမ်ရှက ဦးညွှတ်ကာ ထွက်ခွာသွားသည်။

ဝမ်ဖုန်းသည် အဝေးတစ်နေရာက ကောင်းကင်ကြီးကို ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

'' ဒီတိမ်မည်းတွေက ဘာကြောင့် ငါ့ရှန်ရှန့်ကျုံဂိုဏ်းကို အလင်းမရအောင် ပိတ်ပင်နေရသလဲ!?''

All Chapters