← Chapters

ရှန်ရှန့်ကျုံဂိုဏ်းကိုသာဝင်လိုက်ပါက သင်သည် ဧကန်မုချ မသေမျိုးတစ်ပါးဖြစ်လာပေအံ့။

Vol. 8 Ch. 105

ရှန်ရှန့်ကျုံဂိုဏ်းကိုသာဝင်လိုက်ပါက သင်သည် ဧကန်မုချ မသေမျိုးတစ်ပါးဖြစ်လာပေအံ့။

Vol. 8 Ch. 105

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံကြီး စတင်လေပြီ!

ရှန်ရှန့်ကျုံတောင်ကြား၏အရှေ့တွင် မြင့်မားသော စင်မြင့်ကြီးတစ်ခုကို ယာယီတည်ဆောက်ထားသည်။စင်မြင့်ပေါ်တွင် များစွာသော ကုလားထိုင်များရှိနေသည်။ မဟာနတ်ဆိုးရွှမ်ရှသည် ထိပ်ဆုံးတွင်ထိုင်နေပြီး လင်းဖေးဝူစသော ဂိုဏ်းတပည့်များကတော့ ဘေးတစ်ဖက်တစ်ချပ်စီတွင် ထိုင်နေကြသည်။

ဂိုဏ်းချုပ်ဝမ်သည်တော့ လူကိုယ်တိုင်ရောက်မလာခဲ့ပေ။သူ၏ဂိုဏ်းသည် သုံးပြည်ထောင်ရှိ စွမ်းအားကြီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်နေလေပြီ။ ဤသို့သော သာမန်ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံလေးကို သူကိုယ်တိုင် တက်ရောက်ဖို့ သင့်တော်ပါမည်လား? လူကိုယ်တိုင်ရောက်မလာသော်လည်း ဝမ်ဖုန်းသည် တိတ်တဆိတ်စောင့်ကြည့်နေခဲ့လေသည်။

ရှန်ရှန့်ကျုံဂိုဏ်းကြီးတစ်ခုလုံးသည် တည်ငြိမ်အေးဆေးနေပုံပေါ်သော်လည်း ဂိုဏ်းအစောင့်အရှောက်အကြီးအကဲများ အပါအဝင် ရှိရှိသမျှဂိုဏ်းအကြီးအကဲများအားလုံးသည် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။ တစ်စုံတစ်ယောက်ကသာ ညီလာခံကို နှောင့်ယှက်ဖျက်စီးဝံ့ပါက ဝမ်ဖုန်းသည် ထိုလူ့ကို တမလွန်ဘုံသို့ ပို့ပေးလိုက်မှာဖြစ်သည်!

စင်မြင့်ထက်တွင် လင်းဖေးဝူနှင့်တခြားလူများသည် တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြသည်။ ဤသည်က ရှန်ရှန့်ကျုံဂိုဏ်းကြီး၏ ပထမဆုံးတပည့်စုဆောင်းသည့်ပွဲဖြစ်သည်။ သူတို့သည်လည်း ဂိုဏ်းတူညီအကို မောင်နှမအသစ်များ ရရှိလာတော့မည်။

လင်းဖေးဝူတို့သည် သူတို့၏မောင်နှမ အသစ်လေးများ မည်သို့မည်ပုံရှိမည်၊ပါရမီရောရှိမည်လား? ရုပ်ရည်ရောကြည့်ကောင်းကြမည်လား စသည်ဖြင့် အဘက်ဘက်မှ ဆွေးနွေးပြောဆိုနေကြသည်။

တစ်နာရီကျော်ကြာသွားသည်။

မည်သူမှ ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံသို့ ရောက်မလာခဲ့ကြပေ။

ထိပ်ဆုံးမှာထိုင်နေသော မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာသည် မည်းမှောင်သွားသည်။ သို့သော်သူသည် မလှုပ်ရှားဝံ့ဘဲ တိတ်ဆိတ်စွာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

လင်းဖေးဝူတို့တပည့်များ၏ စိတ်အားထက်သန်နေသော အမူအရာသည်လည်း တစ်စတစ်စ ပျက်ယွင်းလာ၏။

နှစ်နာရီကြာသွားသည်။

ဘယ်သူမှ ရောက်မလာသေး။

မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာသည် အရုပ်ဆိုးလာသော်လည်း ဆက်လက်စောင့်ဆိုင်းနေဆဲပင်။

သုံးနာရီကြာသွားပြန်သည်။

မည်သူမှ ရောက်မလာကြသေးပေ။

မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာကြီးတစ်ခုလုံး မည်းမှောင်အုံ့ဆိုင်းလာသည်။

လင်းဖေးဝူနှင့်တခြားလူများသည်လည်း လေးနက်သောအမူအရာများဖြင့် ခါးမတ်လာကြသည်။

စင်မြင့်ကြီးတစ်ခုလုံးသည် သုသာန်တစ်စပြင်အလား တိတ်ဆိတ်ခြောက်ကပ်နေ၏။

မဟာနတ်ဆိုးရွှမ်ရှမှာ ဆက်လက်သည်းမခံနိုင်တော့ပါ။ သူ လှုပ်ရှားတော့မည့်အချိန်မှာပဲ အသံတစ်သံက သူ့ကိုတားဆီးလိုက်သည်။

''မလှုပ်နဲ့! ဆက်စောင့်နေ!''

ထိုလေသံမှာ တိတ်တဆိတ်စောင့်ကြည့်နေသော ဝမ်ဖုန်း၏လေသံပဲဖြစ်သည်။

ဝမ်ဖုန်းသည် ဒီလိုဖြစ်လာမှာကို ကြိုတွေးထားပြီးသားဖြစ်သည်။ သူ ပြောမပြထားသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းသားများမှာလည်း ငတုံးများမဟုတ်ကြပါ။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို လူငယ်ပါရမီရှင်များရောက်လာမှာကို သူဆက်စောင့်နေခဲ့သည်။

ဒီလို ကျရှုံးမှုမြင်ကွင်းသေးသေးလေးက ဝမ်ဖုန်းကို စိတ်ထိခိုက်အောင် အဘယ့်ကြောင့် လုပ်နိုင်မည်နည်း?

အရှေ့မှခေါင်းပြူထွက်လာခဲ့သော သူရိန်နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းတစ်လျှောက် လှည့်ပတ်ရွေ့လျားရင်း နောက်ဆုံးအနောက်စူးစူးအရပ်သို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

မဟာနတ်ဆိုးရွှမ်ရှနှင့်တခြားလူများသည် ရှစ်နာရီကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း ဘယ်သူကမှ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံသို့ ရောက်မလာခဲ့ကြပါ။

အခုအချိန်တွင် ရွှမ်ရှနှင့်လင်းဖေးဝူတို့တစ်သိုက်သည် ပေါက်ထွက်ခါနီးမီးတောင်များအလား ဒေါသထွက်နေကြသည်။

စင်မြင့်တစ်ခုလုံး၏လေထုမှာ လေးလံ၍ စိတ်ဓာတ်ကျစရာကောင်းနေ၏။

ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော အင်ပါယာသူလျှိုများစွာနှင့် တော်ဝင်သူလျှိုများက လှောင်ပြုံးပြုံးလိုက်ကြသည်။ဤသည်က အင်ပါယာကို ဆန့်ကျင်မိခြင်း၏ အကျိုးဆက်ပင်။

အရှင်မင်းကြီး၏အမိန့်တော်ကြောင့် မဟုတ်လျှင်သော်မှ ရှန်ရှန့်ကျုံဂိုဏ်းသည် လူသစ်စုဆောင်းဖို့ ခက်ခဲနေမှာပဲဖြစ်သည်။ ဤသည်မှာ ယောင်ရီအင်ပါယာပြည့်ရှင်မင်း၏ အာဏာစက်ဖြစ်သည်။ ထိုသူ၏ဘုန်းတန်ခိုးကြောင့် မည်သူက ရှန်ရှန့်ကျုံဂိုဏ်းဆီ လာဝံ့မည်နည်း?

သူတို့သည် တစ်ယောက်ကို တစ်ယောက် ပိုပိုလိုလို ဖားလျားလျှောက်တင်ကြရင်း နောက်ဆုံး၌ ရှန်ရှန့်ကျုံဂိုဏ်းကြီး မည်သို့မည်ပုံပြိုလဲသွားပြီဆိုသော သတင်းသည် အထက်သို့ အဆင့်ဆင့် ရောက်ရှိသွားသည်။နာရီပေါင်းများစွာဆက်လက်စောင့်ဆိုင်းခဲ့သော်လည်း ဘယ်သူမှ ရှန်ရှန့်ကျုံဂိုဏ်းဆီ ရောက်မလာကြပါ။

ဤသည်က သုံးပြည်ထောင်ရှိ ရှက်စရာအကောင်းဆုံး ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံသာဖြစ်ရပေမည်။

ရှန်ရှန့်ကျုံဂိုဏ်းသာ ဤကနေ့တွင် တပည့်တစ်ယောက်မှ လက်ခံမရရှိပါက လူအများ၏ဟာသ လုံးလုံးဖြစ်သွားမှာပဲ ဖြစ်သည်။

အမှောင်ထုအတွင်းပုန်းကွယ်နေကြသော တော်ဝင်မိသားစု၏သူလျှိုများမှာ ကြိတ်ရယ်လိုက်ကြသည်။

သင်တို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက သန်မာတယ်၊အံ့ဖွယ်ကောင်းတယ်၊ အင်ပါယာရဲ့ဂုဏ်သတင်းတောင် သင်တို့ကြောင့် ညှိုးနွမ်းခဲ့ရတယ်။ သို့သော် အခုတော့ မည်သို့နည်း? အင်ပါယာ၏ဘုန်းတန်ခိုးကြောင့် ဒုက္ခလှလှတွေ့နေပြီ မဟုတ်လော?

အရှင်မင်းကြီး၏တားမြစ်အမိန့်ကြောင့် မဟုတ်လျှင်တောင် ရှန်ရှန့်ကျုံဂိုဏ်း၏အခြေအနေက ထူး၍ကောင်းလာမည်မထင်။ အာဏာစက်၏ရှေ့မှောက်၌ ခွန်အားသည်ပင် တစ်ခါတစ်ရံ ကျရှုံးရတတ်သည်။

ရှပ်...ရှပ်!

သူလျှိုများလှောင်ရယ်နေကြချိန်မှာပဲ ပေါ့ပါးသောခြေသံတချို့က တိတ်ဆိတ်နေသော ရှန်ရှန့်ကျုံတောင်ကြားတစ်ခွင် ပဲ့တင်ထပ်သွားသည်။

မဟာနတ်ဆိုးရွှမ်ရှနှင့်တခြားလူများသည် မတ်တပ်ထရပ်လိုက်ကြကာ ခြေသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

မဟာနတ်ဆိုးရွှမ်ရှ၏အမြင်အာရုံအတွင်းသို့ စုတ်တိစုတ်ပဲ့ကောင်လေးတစ်ယောက် ဝင်ရောက်လာလေသည်။

ထိုကောင်လေးသည် အခြေခံတည်ဆောက်ခြင်းအဆင့်၌သာ ရှိနေလေသည်။

တခြားသောဂိုဏ်းကြီးများတွင်ဆိုပါက အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုသည်မှာ နိမ့်ပါးလွန်း၍ အစေခံဖြစ်ဖို့တောင် အဆင့်မမီပါ။

သို့သော်လည်း လက်ရှိမှာတော့ အဆိုပါကောင်လေး၏ပေါ်ပေါက်လာမှုက မဟာနတ်ဆိုးရွှမ်ရှနှင့် လင်းဖေးဝူတို့တတွေ အတွက်တော့ အမှောင်ယံမှာပေါ်သော မျှော်လင့်ခြင်းလင်းရောင်ခြည်သာ။

''ဟို...ဟိုဟာလေ...ဒါက ရှန်ရှန့်ကျုံဂိုဏ်းလားဗျ...?''

ဖျင်ကြမ်းအင်္ကျီဝတ်ထားသော ကောင်လေးသည် မဝံ့မရဲ မေးလိုက်သည်။

သူသည် ကျင့်ကြံဆင့်နိမ့်နေရုံသာမက စကားလည်းထစ်နေသေးသည်!

အစက ဒီကောင်လေးပေါ်ထွက်လာတာကြောင့် အင်ပါယာသူလျှိုများသည် ဒေါသထွက်နေခဲ့ကြသည်။

တစ်ယောက်ယောက်က အရှင်မင်းကြီးရဲ့အမိန့်ကို ဆန့်ကျင်ပြီး ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို လာရဲတယ်ပေါ့လေ!?

သို့သော်လည်း ဤတဒင်္ဂမှာ သူတို့သည် ရယ်ချင်စိတ်ကို အတင်းအောင့်အီးလျက် မဟာနတ်ဆိုးရွှမ်ရှတို့ကို လှောင်ပြောင်ကြည့်ရှုလိုက်ကြတော့သည်။

စကားထစ်တဲ့အမှိုက်ကောင်၊ဒါကပဲ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ထိုက်တန်တာ!

ရှန်ရှန့်ကျုံဂိုဏ်းသာ ဒီအရူးကို လက်ခံလိုက်ပါက မြောက်မြားစွာသော ဆရာသခင်တို့၏ လှောင်ပြောင်ခြင်းကို ခံရပေတော့မည်!

''အင်း၊ဒါက မြင့်မြတ်တဲ့ရှန်ရှန့်ကျုံဂိုဏ်းပဲ။ငါကတော့ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံကို ဦးစီးဆောင်ရွက်တဲ့လူပဲ။မင်းဒီကိုရောက်လာတာ ညီလာခံမှာ ပါဝင်ချင်လို့လား?''

မဟာနတ်ဆိုးရွှမ်ရှသည် ဒေါသထွက်မသွားဘဲ ကောင်လေးကို ပြုံးကြည့်ကာ ပြောလိုက်သည်။

ဘာမှမရတာထက်တော့ တော်ပါသေးတယ်လေ။

ဒါ့အပြင် ဂိုဏ်းချုပ်ကြီးကလည်း ပါရမီကို မကြည့်ရဘူးလို့ပြောထားတော့ ဒီကောင်လေးသာ စမ်းသပ်မှုတွေကို ဖြတ်ကျော်နိုင်ရင် ရှန်ရှန့်ကျုံဂိုဏ်း၏စံသတ်မှတ်ချက်နှင့် ကိုက်ညီသည်ဟု ဆိုနိုင်သည်။

သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် လူငယ်မျိုးဆက်ပါရမီရှင်များကိုသာ ခေါ်ယူချင်မဟုတ်။ အကြင်ပုဂ္ဂိုလ်သာ စမ်းသပ်ချက်များကို ကျော်ဖြတ်နိုင်ပါက ရှန်ရှန့်ကျုံဂိုဏ်းသည် ထိုလူ့ကို ပါရမီရှင်များ၏ထိပ်ဆုံးထိရောက်အောင် လေ့ကျင့်ပေးနိုင်စွမ်းရှိပါ၏။

အမှိုက်တစ်စဆိုလျှင်တောင် ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်ရောက်နိုင်ပါက အစစ်အမှန်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်လိမ့်မည်!

ရှန်ရှန့်ကျုံဂိုဏ်းကိုသာဝင်လိုက်ပါက သင်သည် ဧကန်မုချ မသေမျိုးတစ်ပါးဖြစ်လာပေအံ့။

ဂိုဏ်းချုပ်ကြီးဝမ်ပြောခဲ့သည့် စကားလုံးတိုင်းကို မဟာနတ်ဆိုးရွှမ်ရှသည် ပြန်လည်ကြားယောင်မိလိုက်သည်။သူ၏စိတ်အစဥ်သည် ပြန်လည်တည်ငြိမ်လာကာ သူ၏မျက်ဝန်းများကလည်း ကြင်နာနွေးထွေးလာသည်။

ဤသည်က ရှန်ရှန့်ကျုံဂိုဏ်း၏ တမူထူးခြားသော မူဝါဒဖြစ်သည်။

ဤကမ္ဘာပေါ်က ဆရာသခင်တိုင်းသည် ကောင်းကင်ကိုပျံဝဲနိုင်သည့် ပြောင်မြောက်သော ပါရမီရှင်များကိုသာ ဖွေရှာကြသည်။ မောက်မာသော ထိုပါရမီရှင်များကိုသာ မြှောက်စားကြသည်။သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းကသာ လူသားတိုင်းကို သာတူညီမျှ ဆက်ဆံပါ၏။

ဖျင်ကြမ်းအင်္ကျီအစုတ်နှင့်ကောင်လေးသည် ခေါင်းညိမ့်လိုက်ကာ တိတ်တဆိတ် မတ်တပ်ရပ်နေလိုက်သည်။

''မင်း ခဏစောင့်နေဦး။လူတိုင်းအဆင်သင့်ဖြစ်ရင် စမ်းသပ်မှုစမယ်!''

မဟာနတ်ဆိုးရွှမ်ရှက ကြင်နာစွာပြောလိုက်သည်။

လူငယ်လေးသည် ဘာစကားမှ ထပ်မပြောတော့ဘဲ စင်မြင့်ပေါ်တက်ကာ မတ်တပ်ရပ်နေလိုက်သည်။သူ၏မျက်နှာမှာ မှင်သေသေဖြစ်နေသော်လည်း သေသေချာချာကြည့်ပါက သူ့မျက်လုံးအတွင်းရှိ စိတ်ပိုင်းဖြတ်မှု သန်ဒိဌာန်များကို တွေ့မြင်ရပေလိမ့်မည်။

ဖျင်ကြမ်းဝတ်ရုံနှင့်ကောင်လေးသည် တွန်းအားတစ်ရပ်ဖြစ်လာပုံပင်။ ထိုကောင်လေးထွက်လာပြီး သိပ်မကြာခင်မှာပဲ လူငယ်ကလေးတစ်ချို့သည် အလျှိအလျှို ထွက်ပေါ်လာကြသည်။

All Chapters