← Chapters

အလောင်းဝိညာဥ်ရောက်လာခြင်း။ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ စတင်ခြင်း။

Vol. 8 Ch. 106

အလောင်းဝိညာဥ်ရောက်လာခြင်း။ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ စတင်ခြင်း။

Vol. 8 Ch. 106

ကောင်ကလေး ငါးယောက်နှင့် ကောင်မလေးသုံးယောက်တို့ ထပ်မံထွက်ပေါ်လာကြသည်။သူတို့အားလုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့်၌သာ ရှိကြသည်။

''မင်းတို့အားလုံးဒီရောက်လာတာ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံမှာ ပါဝင်ယှဥ်ပြိုင်မလို့မလား?'' မဟာနတ်ဆိုးရွှမ်ရှက မေးလိုက်သည်။

''ဟုတ်ကဲ့!'' လူငယ်လေးရှစ်ယောက်သည် တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်သည်။

''ခဏစောင့်ဦး။လူတိုင်း အဆင်သင့်ဖြစ်ရင် ညီလာခံကို တရားဝင်စတင်မယ်!''

မဟာနတ်ဆိုးရွှမ်ရှက ခေါင်းညိမ့်ကာ ကျေနပ်အားရစွာ ပြောလိုက်သည်။

ဘုရားရေ။တစ်ခါတစ်ရံမှာ ကံတရားက ဆန်းကြယ်တာပဲ။

မည်သူမှရောက်မလာဘူးလို့ တစ်ထစ်ချထင်ထားပြီး စိတ်အားပျက်နေချိန်မှာ လူတစ်ချို့ရောက်လာတာကြောင့် မဟာနတ်ဆိုးရွှမ်ရှရင်ထဲက ဒေါသတရားများသည် ပျောက်ခြင်းမလှ ပျောက်သွားကာ အပျော်များအစားထိုး ဝင်ရောက်လာသည်။

သို့သော်လည်း ဤမျှလောက်သော လူနည်းစုသာ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ရောက်လာတာကြောင့် အနည်းငယ်တော့ ရှက်ဖို့ကောင်းနေဆဲပင်။

သို့သော်လည်း ရွှမ်ရှသည် ကျေနပ်နေမိပါသည်။အနည်းဆုံးတော့ လူတစ်ချို့သည် မြို့စားကြီးများ၏ပိတ်ပင်တားဆီးမှုကို ဆန့်ကျင်၍ သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းဆီ အရောက်လာကြသေးသည် မဟုတ်ပါလော။

ဤရှုထောင့်မှကြည့်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းသည် အောင်မြင်ခဲ့လေသည်။

ရှန်ရှန့်ကျုံဂိုဏ်းသည် လူထု၏နှလုံးသားအတွင်း နှစ်ပေါင်းများစွာကြီးစိုးနေသည့် ယောင်ရီအင်ပါယာတည်းဟူသော အကြောက်တရားကြီးကို တစ်စိတ်တစ်ဒေသအားဖြင့် တုန်ခါစေခဲ့ပြီဖြစ်သည်။

ဤသို့လူထု၏အမြင်ကို တစ်ရွေ့တစ်ရွေ့ချင်း တိုက်စားပြောင်းလဲသွားပါက ယောင်ရီအင်ပါယာသည် ဆက်လက်မြဲမြံနိုင်တော့မည်မဟုတ်ဘဲ ရှန်ရှန့်ကျုံဂိုဏ်း၏ဂုဏ်သရေကို လူထုက လက်သင့်ခံလာကြမှာဖြစ်သည်။

တစ်နာရီခန့်အကြာတွင် တစ်ဒါဇင်ကျော်ခန့်ရှိသော လူငယ်လေးများ တဖြည်းဖြည်းရောက်ရှိလာကြသည်။ပြီးတော့ သူတို့အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့်၌သာ ရှိကြသည်။

ဤကနေ့တွင် စင်မြင့်ကြီး၏အရှေ့ မြေကွက်လပ်၌ နှစ်ဆယ်ကျော်ခန့်ရှိသော လူငယ်လေးများ စုဝေးရောက်ရှိလာကြသည်။ဤသည်မှာ သုံးပြည်ထောင်အတွင်းရှိ အဓိကဂိုဏ်းကြီးများ၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံပွဲများနှင့် မယှဥ်နိုင်ခဲ့သော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏မျက်နှာကိုတော့ ပြန်အဖက်ဆည်နိုင်ခဲ့ပြီဖြစ်သည်။

ယောင်ရီအင်ပါယာအတွင်းရှိ မြို့အရှင်များစွာ၏ အဆင့်ဆင့်ပိတ်ဆို့မှုများကို ကျော်ဖြတ်၍ လူငယ်အယောက်နှစ်ဆယ်ကျော်က ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံသို့ ရောက်လာခဲ့ကြသည်။ဤသည်ကို အဓိကဂိုဏ်းကြီးများကတောင် လုပ်ကိုင်နိုင်စွမ်းရှိမှာ မဟုတ်ပါ!

ဤကနေ့အဖြစ်အပျက်သာ သတင်းပျံ့နှံ့သွားပါက အင်ပါယာ၏ဖိနှိပ်မှုကြောင့် ရှန်ရှန့်ကျုံဂိုဏ်းမှာ ပိုမိုမှေးမှိန်မသွားသည့်အပြင် တိုး၍တိုး၍ပင် တောက်ပလာကြောင်းကို ပြည်သူပြည်သားများ သိရှိသွားပါလိမ့်မည်။

ရှန်ရှန့်ကျုံတောင်ကြားနှင့် ဆယ်မိုင်အကွာတွင် ယောင်ဖုန်းမြို့ သူလျိုခေါင်းဆောင်မှာ အကြီးအကျယ် ဒေါသထွက်နေသည်။

''သေချင်နေတာပဲ! အဲ့ဒီကောင်တွေက သေချင်နေကြတာပဲ! အဓိကမြို့စားတွေအားလုံးက သူတို့ကို သွားလာခွင့်တွေပိတ်ထားတာတောင် သူတို့က ရှန်ရှန့်ကျုံဂိုဏ်းဆီ အရောက်လာရဲကြသေးတယ်ပေါ့လေ။ ''

''ရဲတင်းလိုက်ကြတာ!''

''သူတို့က အဓိကမြို့စားတွေကိုတောင် ဂရုမစိုက်ကြတော့ဘူးလား? ဒါခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုပဲ! ဒါရာဇဝတ်မှုပဲကွ!''

ဆဲဆိုသံတစ်သီတစ်တန်းကြီးသည် သူလျှိုခေါင်းဆောင်၏ပါးစပ်မှ ထွက်ပေါ်လာသည်။ သူသည် လူငယ်အယောက်နှစ်ဆယ်ကျော်ကို သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။

သူ၏ဘေးတွင် ယောင်ဖုန်းမြို့မှ သူလျှိုများစွာရှိနေကြသည်။ သူတို့အားလုံးက တုန်လှုပ်နေကြကာ စကားမပြောရဲကြပေ။

''ခုချက်ချင်း အဲ့ဒီကောင်တွေရဲ့ ဇစ်မြစ်ကိုစုံစမ်းပြီး မိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်ကြ! မြို့စားအရှင်တွေရဲ့ အမိန့်ကိုဖီဆန်သူမှန်သမျှ သေရမယ်!''

သူလျှိုခေါင်းဆောင်သည် ထိုလူငယ်လေးများကို လှမ်းကြည့်နေရင်း အော်ပြောလိုက်သည်။

အကြည့်များကသာ လူသတ်နိုင်ပါက ထိုလူငယ်လေးအယောက်နှစ်ဆယ်ကျော်မှာ သူလျှိုခေါင်းဆောင်၏ အေးစက်သောအကြည့်များအောက်တွင် အကြိမ်ကြိမ် သေနှင့်ပြီးဖြစ်ကြပေလိမ့်မည်။

ဟုတ်တာပေါ့။သူလျှိုခေါင်းဆောင်၏ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ထိုလူငယ်လေးများကို အကြည့်များနှင့်တောင် သတ်ပစ်နိုင်သည်။သို့သော် သူ မလုပ်ရဲပါ။

ရယ်ဖွယ်တော့ကောင်းပါဘိ။ အင်ပါယာရှိမြောက်မြားစွာသော စွမ်းအားရှင်များသည် ရှန်ရှန့်ကျုံဂိုဏ်းကို အစဥ်အမြဲလှောင်ပြောင်ရှုံချနေကြသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်များနှင့်တော့ ထိပ်တိုက် ရင်မဆိုင်ရဲကြပါပေ။

''မင်းနားကန်းနေလား? မင်းတို့ဘာလို့ သွား မစုံစမ်းသေးတာလဲကွ!?''

သူ့လူများဆီက ဘာအဖြေစကားမှ မကြားရတာကြောင့် သူလျှိုခေါင်းဆောင်သည် ဒေါသတကြီးဟိန်းဟောက်ကာ နောက်လှည့်ကြည့်လိုက်သည်။

ယင်းနောက် သူသည် တုန်လှုပ်သွားကာ အေးခဲသွားသည်။

ချီမိန်ချွှေရွှယ်၊အင်ပါယာတစ်ခွင် ကျော်ကြားနေသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲသည် သူ့နောက်မှာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေလေ၏။

ချီမိန်ချွှေရွှယ်သည် ဘာစကားမှ မပြောလာသလို သူ့ထံမှ အသက်ရှုသံကိုတောင် မကြားရပါ။သို့သော် သူလျှိုခေါင်းဆောင်အပါအဝင် သူလျှိုများအားလုံး၏ ခန္ဓာကိုယ်များသည် တုန်ရင်လာကာ စိတ်ဝိညာဥ်သည်ပင် တုန်လှုပ်လာချေသည်။

''မင်း.....!''

သူလျှိုခေါင်းဆောင်သည် တစ်ခုခုပြောချင်ခဲ့သည်။သို့သော်သူ့စကားမဆုံးခင်မှာပဲ ဓါးအလင်းတစ်ချက် လက်ခနဲဖြစ်သွားကာ သူလျှိုခေါင်းဆောင်အပါအဝင် သူလျှိုများအားလုံး၏ဦးခေါင်းများသည် သေသပ်စွာ ပြတ်တောက်သွားကြတော့သည်။

အစမှအဆုံးအထိ ချီမိန်ချွေရွှယ်သည် ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါ။

သူသည် တိတ်တဆိတ်လာ၍ တိတ်တဆိတ်ပြန်လည်ထွက်ခွာသွားသည်။

စင်မြင့်ပေါ်က မဟာနတ်ဆိုးရွှမ်ရှသည်လည်း အခင်းဖြစ်ရာနေရာဘက်ကို အထင်အမြင်သေးသော မျက်လုံးများဖြင့်ကြည့်လိုက်လေသည်။

သူသည် လူငယ်လေးများကို ပြန်ကြည့်လိုက်သည်။ကြည့်ရတာ နောက်ထပ်ရောက်လာမယ့်လူ မရှိတော့ဘူးထင်တယ်။သူသည် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို စတင်ရန်ဟန်ပြင်လိုက်သည်။

သေစမ်း!ဒါက သုံးပြည်ထောင်မှာ ညဘက်ကြီးကျင်းပတဲ့ ပထမဆုံးဂိုဏ်းသားစုဆောင်းခြင်းညီလာခံပဲ ဖြစ်ရမယ်!

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှ စတင်ရန်ကြေညာတော့မည့် အချိန်မှာပဲ ညင်သာသော အသံတစ်သံသည် အဝေးရှိတောအုပ်တစ်နေရာမှ ထွက်ပေါ်လာသည်။

မဟာနတ်ဆိုးရွှမ်ရှသည် သူ့မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ကာ ထိုနေရာကို လှမ်းကြည့်လိုက်သည်။

ထို့အပြင် လင်းဖေးဝူနှင့်လူငယ်လေးများသည်လည်း ထိုနေရာဘက်ကို ရုတ်တရက်လှမ်းကြည့်လိုက်ကြသည်။

လီဟေး၏ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းသွားသည်။သူသည် ထိုနေရာဆီမှ သန်မာသောအရှိန်အဝါတစ်ခုကို ခံစားမိနေသည်။

အမှန်တကယ်တော့ ထိုနေရာထံမှ မည်သည့် အရှိန်အဝါမှထွက်ပေါ်နေခြင်းမရှိဘဲ လီဟေး၏မသိစိတ်က ကြောက်လန့်စရာအရှိန်အဝါကြီးကို ခံစားမိနေတာဖြစ်သည်။ ထိုနေရာတွင် ပြိုင်ဘက်ကင်း စွမ်းအားရှင်ကြီးတစ်ယောက် ရှိနေတာဖြစ်နိုင်သည်။

လူတိုင်း၏အကြည့်များအောက်မှာပဲ ပြောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထူးဆန်းသည်မှာ ထိုလူသည် ကျောကုန်းပေါ်တွင် ပိန်းပိတ်အောင်နက်မှောင်သော ခေါင်းတလားကြီးကို သယ်ဆောင်ထားခြင်းပင်။

ရောက်လာသူမှာ ယောင်လဲ့မြို့တော်၏ အလောင်းတာအိုကိုကျင့်ကြံသူ အလောင်းဝိညာဥ်ဖြစ်သည်။

သူသည်ရှုပ်ထွေးရှည်လျားသော ဆံပင်ရှည်ကြီးများနှင့်အတူ စင်မြင့်ရှိရာကို တရွေ့ရွေ့ချဥ်းကပ်လာသည်။

သူချဥ်းကပ်လာသည့်အခါ လူငယ်လေးများသည် အနောက်ကို ထိတ်လန့်တကြား တစ်လှမ်းချင်းဆုတ်မိလိုက်ကြသည်။

ထိုသို့သော ထူးဆန်းသည့်ဖြစ်တည်မှုကြီးက ရင့်ကျက်တည်ငြိမ်မှုမရှိသေးသော လူငယ်လူရွယ်လေးများအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။

ကျောင်းသားများက ဌာနမှူးကိုတွေ့လိုက်ကြရသည့်အလားပင်။ ဌာနမှူးမှာ အိုမင်းနေရင်တောင် ကျောင်းသားများကို ထိတ်လန့်စေနိုင်သလို ထိုလူဟာလည်း လူငယ်လေးများကို ထိတ်လန့်လာစေသည်။

''အလောင်းဝိညာဥ်က မြင့်မြတ်တဲ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို လာရောက်တက်ရောက်ပါတယ်!''

စင်မြင့်ရှေ့ကိုရောက်လာပြီး အလောင်းဝိညာဥ်သည် မဟာနတ်ဆိုးရွှမ်ရှကို လှမ်းကြည့်ကာ အမူအရာမဲ့စွာပြောလိုက်သည်။

သူ၏အသံသည် အက်ရှကာ ခြောက်သွေ့နေသည်မှာ အသက်အရွယ်နှင့် မလိုက်ဖက်ပေ။

မဟာနတ်ဆိုးရွှမ်ရှသည် စိတ်လှုပ်ရှားသွားကာ ခေါင်းညိမ့်ပြလိုက်သည်။

ဒီတစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို တက်ရောက်လာတဲ့နောက်ဆုံးသောလူ ဖြစ်ရမယ်။

''ဒီအကြီးအကဲ ကြေညာလိုက်တယ်။ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံ တရားဝင်စတင်ပါပြီ!''

''ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းသားရွေးချယ်ရာမှာ ပါရမီကိုမကြည့်ပါဘူး။ ဇွဲလုံ့လ၊နားလည်နိုင်စွမ်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့ဥာဏ်ပညာကိုပဲ စစ်ဆေးရွေးချယ်မှာပါ။ မင်းတို့သာ ဒီစစ်ဆေးမှုလေးခုကိုကျော်ဖြတ်နိုင်ရင် ငါ့တို့ဂိုဏ်းရဲ့တပည့် ဖြစ်ခွင့်ရမယ်!''

မဟာနတ်ဆိုးရွှမ်ရှသည် လူငယ်လေးများနှင့် အလောင်းကောင်ကို စိုက်ကြည့်ကာပြောလိုက်သည်။

........

တစ်ဖက်မှာတော့ အနက်ရောင်ဝတ်စုံဝတ်ထားကြသော လူတစ်စုသည် ရှင်းယောင်တောင်တန်းအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာကြသည်။

ထိုအုပ်စုတွင် လူတစ်ရာခန့်ပါဝင်ပြီး ခေါင်းဆောင်မှာ မဟာလေအင်ပါယာရှိကျင့်ကြံသူများကိုတောင် ထိတ်လန့်သွားစေနိုင်သော ပါးကွက်အာဏာသား ဖြစ်သည်။

သူတို့၏ဦးတည်ရာမှာ ရှန်ရှန့်ကျုံဂိုဏ်းဖြစ်၏။

တစ်ချိန်တည်းမှာပဲ သွေးနီရောင်ဝတ်ရုံ၊အရုပ်ဆိုးဆိုးမျက်နှာဖုံးများကို ဝတ်ဆင်ထားကြသော လူတစ်စုမှာလည်း ရှန်ရှန့်ကျုံဂိုဏ်းကို ဦးတည်သွားနေကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းအတွက် ပျော်စရာပွဲတော်ကြီး တရားဝင်စလေပြီ!

All Chapters