တစ္ဆေဘုရင် ချင်ကွမ်း။
Vol. 8 Ch. 107
''အခုပထမဆုံး စစ်ဆေးမှုဖြစ်တဲ့ ဇွဲလုံ့လစစ်ဆေးမှုကို စတင်မယ်!''
ရှန်ရှန့်ကျုံတောင်ကြားအပြင်ဘက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် လူငယ်လေးများကို ဝေ့ကြည့်လျက်ပြောလိုက်သည်။
''ဒီစစ်ဆေးမှုကို ဂိုဏ်းတူအမကြီး လင်းဖေးဝူက ကူညီစစ်ဆေးပေးမှာဖြစ်တယ်။သူမက အပြောင်းအလဲသို့ ဝင်ရောက်ခြင်း အထွတ်အထိပ်အဆင့် ပညာရှင်ပဲ။ မင်းတို့သာ သူမရဲ့တိုက်ခိုက်မှုဖိအားတွေကို ဆယ်မိနစ်ပြည့်အောင်တောင့်ခံနိုင်ရင် ဒီစစ်ဆေးမှုကိုအောင်မြင်ပြီပဲ!''
မဟာနတ်ဆိုးရွှမ်ရှသည် ဇွဲလုံ့လကိုစစ်ဆေးရန် နည်းလမ်းမျိုးစုံရှိကြောင်း၊ထိုအထဲကမှ အကြမ်းတမ်းဆုံးနှင့် အရိုးရှင်းဆုံးနည်းလမ်းကို သူရွေးချယ်ထားတာဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။
လင်းဖေးဝူ၏ကျင့်ကြံမှုသည် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်၏ အထွတ်အထိပ်၌ဖြစ်ပြီး၊ လူငယ်လေးများထက်အဆင့်ကြီးလေးဆင့် ပိုမြင့်သည်။ ဤအခြေအနေတွင် အင်မတန်ဇွဲကောင်းသူများမှ လွဲ၍ လင်းဖေးဝူ၏ဖိအားပေးမှုကို ဘယ်သူကမှ သည်းခံနိုင်ကြမှာမဟုတ်ပါ။
မဟာနတ်ဆိုးရွှမ်ရှ၏စကားများကို ကြားသည့်အခါ လူငယ်လေးများ၏အမူအရာများမှာ ပြောင်းလဲသွားကြသည်။ တချို့လူငယ်လေးများက အရှုံးပေးလိုက်ဖို့တောင် တွေးမိလိုက်ကြပြီး၊တချို့ကတော့ မြဲမြံသောစိတ်ထားနှင့် ဆက်လက်တိုက်ပွဲဝင်လိုကြသည်။
ခွန်အားကြီးသူတစ်ယောက်၏ ဖိအားများနှင့်ရင်ဆိုင်ရခြင်းမှာ အင်မတန်ခက်ခဲသော စမ်းသပ်မှုကြီးဖြစ်ပြီး၊ ခွန်အားကွာခြားမှု ကြီးမားပါက အသက်ပင်သေစေနိုင်သည်။
အချို့သောလူငယ်လေးများက အရှုံးပေးနောက်ဆုတ်ဖို့ တွေးခဲ့ကြသော်လည်း သူတို့က ထွက်မသွားကြသေးပါ။သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ရောက်လာရန်အတွက် တန်ဖိုးကြီးကြီးမာမား ပေးဆပ်ခဲ့ကြရသည်။
သူတို့သာ စစ်ဆေးပွဲကို ဝင်ရောက်ကြိုးစားမကြည့်ဘဲ ပြန်သွားလိုက်ပါက သူတို့ကိုယ်တိုင်အတွက်သာမက သူတို့ကိုအားပေးထောက်ခံခဲ့ကြသော မိသားစုများကိုပါ အရှက်ရစေလိမ့်မည်။
ဤသည်က ကမ္ဘာမြေကြီးရှိ တရုတ်ပြည်ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့် အလားသဏ္ဌာန်တူသည်။မင်းက ဆန်ကုန်မြေလေးတစ်ယောက်၊စာမေးပွဲအောင်မှာ မဟုတ်ဘူးဆိုတာကို မင်းသိနေရင်တောင် မိသားစုနှင့်တချို့သော အရာများကို ငဲ့ညှာသောအားဖြင့် စာမေးပွဲဝင်ဖြေရဦးမှာပဲဖြစ်သည်။ဤပုံဤနှယ်ပင်။
မင်းသာ စာမေးပွဲကို ဝင်ဖြေမကြည့်ဘူးဆိုပါက မင်းငယ်ငယ်က နှစ်ပေါင်းများစွာ သင်ခဲ့ရသည့်ပညာရပ်တွေ၊မင်းမိဘတွေရဲ့ မျှော်လင့်ချက်တွေကို အမှုမထားရာကျပေလိမ့်မည်။
ဤသည်ကိုတွေးမိသွားတော့ အစက အရှုံးပေးဖို့တွေးမိလိုက်ကြသော လူငယ်လေးတချို့သည် အံ့ကိုတင်းတင်းကြိတ်လိုက်ပြီး အရဲစွန့်ဖို့ဆုံးဖြတ်လိုက်ကြသည်။
''မင်း၊ မင်းကိုတော့ သီးခြားစစ်ဆေးပေးဖို့ ဂိုဏ်းအကြီးအကဲတွေကို ငါတောင်းဆိုပေးမယ်'' မဟာနတ်ဆိုးရွှမ်ရှက အလောင်းဝိညာဉ်ကို ကြည့်ကာပြောလိုက်သည်။
အလောင်းဝိညာဉ်၏ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် လီဟေးနှင့်တခြားသူများသာမက သူကိုယ်တိုင်တောင် စစ်ဆေးပေးဖို့ အဆင်မပြေပေ။ ဆန်းကြယ်အင်ပါယာအဆင့် အကြီးအကဲများကသာ အလောင်းဝိညာဉ်ကို စမ်းသပ်ပေးနိုင်မှာဖြစ်သည်။
အလောင်းဝိညာဉ်သည် ခေါင်းညိမ့်လိုက်ပြီး တိတ်ဆိတ်စွာသာ မတ်တပ်ရပ်နေလိုက်သည်။
ဤသည်ကိုမြင်တော့ မဟာနတ်ဆိုးရွှမ်ရှ၏ နှုတ်ခမ်းများသည် အနည်းငယ်လှုပ်ရှားသွားသည်။
တစ်ခဏအကြာတွင် ကမ္ဘာက်ိုတုန်လှုပ်စေနိုင်သော လှပလွန်းသည့့် ပုံရိပ်လေးတစ်ခုက လေထုအတွင်းမှ ရုတ်ချည်းထွက်ပေါ်လာသည်။ ကောင်းကင်ဘုံကိုးလွှာထက်ဆီက နတ်မိမယ် မိန်းမပျိုလေးအလားပင်။သူမရောက်လာသည်နှင့် လူငယ်လေးများအားလုံးသည် ခေါင်းမော့ကြည့်မိလိုက်ကြပါ၏။
အလောင်းဝိညာဉ်၏ မျက်နှာကတော့ မှင်သေသေသာဖြစ်နေဆဲ။ ယောင်ယွဲ့၏အလှတရားက ကမ္ဘာကိုတောင် အံ့အားသင့်စေနိုင်သော်လည်း သူ့ကိုတော့ဖြင့် ဘာအမူအရာမှ ဖြစ်မလာစေခဲ့ပါ။
ယောင်ယွဲ့သည်ကား မတူညီသော ကမ္ဘာမှအလှနတ်သမီးအလား တင့်တယ်ပေ၏။
လူငယ်လေးများအားလုံး ယောင်ယွဲ့၏အလှတရားကြောင့် တုန်လှုပ်နေစဉ်မှာပဲ လင်းဖေးဝူ၏ပုံရိပ်လေးက အရှေ့ကိုထွက်ပေါ်လာပြီး အပြောင်းအလဲသို့ဝင်ရောက်ခြင်း အထွတ်အထိပ်အဆင့်၏ ဖိအားများကို ဖြန့်ကျက်လိုက်သည်။
''ဘုန်း!''
သတိလက်လွတ်ဖြစ်နေကြသော ကောင်လေး၊ကောင်မငယ်လေးများအားလုံးတို့ မြေကြီးပေါ် ဘုန်းခနဲပစ်လဲသွားကြသည်။ လင်းဖေးဝူထံမှ ထုတ်လွှတ်နေသော ဖိအားများက တန်ထောင်ချီလေးသော တောင်တန်းကြီးအလား လေးလံလှကာ သူတို့ကို အသက်ရှုမဝ ဖြစ်လာစေသည်။
သို့သော်လည်း လူငယ်လေးတချို့ကတော့ အံ့ကိုတင်းတင်းကြိတ်လျက် တုန်တုန်ရင်ရင်နှင့် မတ်တပ်ပြန်ရပ်လာကြသည်။ သူတို့၏မျက်လုံးများအတွင်း၌မူ စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင်များ ထင်ဟပ်နေကြပါ၏။
သူတို့၏နှလုံးသားများအတွင်း၌ တူညီသော အတွေးတစ်ခုသာရှိကြသည်။ သူတို့သည် မြို့စားအရှင်များ၏ ပိတ်ပင်တားဆီးမှုများကို ဖြတ်ကျော်လျက် ရှန်ရှန့်ကျုံဂိုဏ်းဆီ အရဲစွန့်ရောက်လာခဲ့ကြပြီးပြီ။ ဤအခြေအနေထိ ရောက်လာခဲ့ပြီးမှတော့ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ကိုဝင်ရစေမည်။ သူတို့အသက်များသေဆုံးသွားလျှင်တောင်မှ မရရအောင် ဝင်ရမည်!
ဤနည်းအားဖြင့်သာ သူတို့ကို အားပေးထောက်ခံနေကြသော မိဘများ၏ ကျေးဇူးတရားကို ပေးဆပ်နိုင်မှာဖြစ်သည်။
တစ်ဖက်မှာတော့ ယောင်ယွဲ့သည် အလောင်းဝိညာဉ်ထံ နွဲ့နှောင်းသောအမူအရာဖြင့် လမ်းလျှောက်လာသည်။
ယောင်ယွဲ့သည် အလောင်းဝိညာဉ်နှင့် တစ်မီတာအကွာတွင် မတ်တပ်ရပ်လိုက်ပြီး၊ ဆန်းကြယ်အင်ပါယာတစ်ပါး၏ စွမ်းအားဖိအားများသည် သူမကိုယ်မှ ဖြာထွက်လာသည်။
ထိုကြောက်မက်ဖွယ်ဖိအားများကြောင့် အလောင်းဝိညာဉ်၏အမူအရာသည် နောက်ဆုံးမှာ ပြောင်းလဲသွားသည်။သူ၏ခန္ဓာကိုယ်သည် စတင်တုန်ခါလာသော်လည်း သူသည် ကြံ့ခိုင်သော စိတ်ဓာတ်ခွန်အားဖြင့် ထိုဖိအားကြီးကို ရင်ဆိုင်သည်းခံနေလေသည်။
ယောင်ယွဲ့သည် အလောင်းဝိညာဉ်ကို လေးစားစွာစိုက်ကြည့်လိုက်ပြီး၊ သူမထုတ်လွှတ်နေသော ဖိအားများကလည်း ဆတိုးပြင်းထန်လာသည်။
....
ဂိုဏ်းချုပ်ခန်းမအတွင်း ရှိနေသော ဝမ်ဖုန်းသည် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံသို့ ကိုယ်တိုင်မသွားရောက်ခဲ့သော်လည်း ညီလာခံကို တွေ့မြင်နိုင်လေသည်။
သူသည် အသိအမှတ်ပြုစွာ ခေါင်းညိမ့်လိုက်မိသည်။အလောင်းဝိညာဉ်ပဲဖြစ်ဖြစ်၊လူငယ်လေးများပဲဖြစ်ဖြစ်၊ သူတို့ထုတ်ဖော်ပြသခဲ့သော ဇွဲလုံ့လတို့သည် ပြောင်မြောက်လှပေသည်။သူတို့၏ဇွဲလုံ့ကြောင့်ပဲ သူတို့သည် အင်ပါယာ၏ဖိနှိပ်ထားမှုများကို ဖြတ်ကျော်၍ ဤနေရာသို့ရောက်လာနိုင်ခဲ့ကြပုံပင်။
သူတို့သည် အင်ပါယာ၏ချုပ်ချယ်မှုများကို ဖြတ်ကျော်၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ အရောက်လာနိုင်ကြသူများ ဖြစ်လေရာ ဂိုဏ်းအတွင်း ဝင်ရောက်ရန် အရည်အချင်းရှိသူများ ဖြစ်ကြပေသည်။
''ဂိုဏ်းချုပ်၊ကြွက်တချို့ လာနေကြပြီ'' ထိုအချိန်မှာပဲ ကျန်းစန်ဖုန်းသည် လေထုအတွင်းမှ ထွက်ပေါ်လာကာ ဝမ်ဖုန်းကို ပြောလိုက်သည်။
''နောက်ဆုံးတော့ ရောက်လာကြပြီပေါ့။လာစမ်းပါ၊ ဒီဂိုဏ်းချုပ်ကို ဖျေဖျော်ကြစမ်းပါကွာ!'' ကျန်းစန်ဖုန်း၏စကားများကိုကြားတော့ ဝမ်ဖုန်းသည် လှောင်ပြောင်ပြောဆိုလိုက်သည်။ စကားများဆုံးသည်နှင့်တပြိုင်နက် သူနှင့်ကျန်းစန်ဖုန်းတို့သည်လည်း ရုတ်ချည်းပျောက်ကွယ်သွားကြပါ၏။
ရှန်ရှန့်ကျုံတောင်ကြား အနောက်ဘက်တွင် လူအယောက်နှစ်ဆယ်ခန့် ရှိနေကြသည်။အနီရောင် အနက်ရောင် ရောစပ်ထားသောဝတ်စုံများနှင့် အရုပ်ဆိုးဆိုးမျက်နှာဖုံးများကို ဝတ်ဆင်ထားသော ထိုလူတို့သည် ယောင်ရီဧကရာဇ်၏အမိန့်အရ မင်းသမီးကြီးယုရွှမ်းကို လာရောက်ရှာဖွေကြခြင်းဖြစ်သည်။သူတို့သည်ကား မြေအောက်တစ္ဆေစစ်တပ်ပဲဖြစ်၏။
ဤတစ်ကြိမ်တွင် မြေအောက်ကမ္ဘာတစ္ဆေစစ်တပ်၏ အစောင့်အကြပ်ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ချင်ကွမ်းကိုယ်တိုင် ဦးစီးလာခြင်းဖြစ်သည်။
တစ္ဆေဘုရင်ချင်ကွမ်းသည် တောင်ကြားအတွင်းတည်ရှိသော ရှန်ရှန့်ကျုံဂိုဏ်းကို အေးတိအေးစက်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။မင်းသမီးကြီးကိုသာ ကယ်တင်ရမည်ဆိုသော ဧကရာဇ်မင်း၏အမိန့်တော်ကြောင့်သာ မဟုတ်ပါက သူသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပစ်မိမှာပဲဖြစ်သည်။
အင်ပါယာ၏ထိပ်တန်းစစ်တပ် ငါးခုအနက် လေးခုမှာ အင်ပါယာကြီးတစ်ခုလုံး၏စစ်တပ်များဖြစ်ကြပြီး တစ္ဆေစစ်တပ်တစ်တပ်ကတော့ တော်ဝင်မိသားစု (ဝါ) အရှင်မင်းကြီးတစ်ဦးတည်း၏ မူပိုင်စစ်တပ်ဖြစ်သည်။
(ဝါ=သို့တည်းမဟုတ်)
သူတို့သည် ကြီးမြတ်သော ယောင်ရီဧကရာဇ်တစ်ဦးတည်းအပေါ်၌သာ သစ္စာစောင့်သိကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံတွင် အရှင်မင်းကြီးပေးသော ဆုလာဒ်ကိုငြင်းပယ်ခဲ့ရုံမက မင်းတရားကြီးကိုပါ ရန်စခဲ့သည်။ ထိုအချိန်မှစ၍ တစ္ဆေစစ်တပ်၏နှလုံးသားအတွင်း၌ ရှန်ရှန့်ကျုံဂိုဏ်းကို မဟာရန်သူကြီးအဖြစ် မှတ်ယူထားသည်။
တစ္ဆေဘုရင် ချင်ကွမ်းသည် လက်ကိုဝှေ့ရမ်းလိုက်ကာ ချင်ကွမ်းစစ်တပ်ကို ရှန်ရှန့်ကျုံဂိုဏ်းထဲခိုးဝင်ပြီး မင်းသမီးကြီးကို ကယ်တင်ခိုင်းဖို့ အသင်ပြင်ခိုင်းလိုက်သည်။
သို့သော်လည်း ဤတဒင်္ဂတွင် တစ္ဆေဘုရင်ချင်ကွမ်း၏မျက်လုံးများသည် ပြူးကျယ်သွားပြီး လေထုအတွင်းမှ ထွက်ပေါ်လာသော ပုံရိပ်များကို စူးစိုက်ကြည့်လိုက်သည်။
''ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက အစဥ်အမြဲဧည့်ဝတ်ကျေပြွန်ပါတယ်ကွ။မင်းတို့တွေ လာရောက်လည်ပတ်ချင်တယ်ဆိုရင်လည်း အရှေ့တံခါးမကြီးက လာလည်မှပေါ့။ ဘာလို့ခိုးကြောင်ခိုးဝှက် လာရတာလဲကွာ?'' ရယ်မောပြောဆိုသံကြီးတစ်သံ ဟိန်းထွက်လာသည်။
ပြောကြားလိုက်သူမှာ ဂိုဏ်းချုပ်ဝမ်ဖြစ်လေသည်။
ကျန်းစန်ဖုန်း၊ဝူရှန်းဘုန်းတော်ကြီး၊ ရှောင်းရှီရိလင်နှင့် ယဲ့ကူချန်တို့သည် သူ့ဘေးမှာရှိနေကြသည်။ဝမ်ဖုန်းသည် တစ္ဆေဘုရင်ချင်ကွမ်းကို စနောက်သော အမူအရာဖြင့် ပြုံးတုံ့တုံ့စိုက်ကြည့်လိုက်သည်။
တစ္ဆေဘုရင်ချင်ကွမ်းသည် ဘာစကားမှပြန်မပြောဘဲ ဝမ်ဖုန်းကိုသာ စိုက်ကြည့်နေမိသည်။သူ့နှဖူးမှာ ချွေးသီးချွေးပေါက်များ ထွက်နေပြီး၊ခန္ဓာကိုယ်ဟာလည်း တောင့်တင်းနေသည်။