← Chapters

ဗုဒ္ဓဝါဒနှင့် တစ္ဆေစစ်တပ်။

Vol. 8 Ch. 108

ဗုဒ္ဓဝါဒနှင့် တစ္ဆေစစ်တပ်။

Vol. 8 Ch. 108

အင်ပါယာရှိသန်မာသောလူတိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို အသေအလဲမုန်းတီးကြပြီး၊ယင်းဂိုဏ်းကို တိုက်ခိုက်ချေမှုန်း၍ သူတို့၏သစ္စာစောင့်သိမှုကို ဧကရာဇ်အား ပြသလိုကြသည်။

သို့ပေစိ တကယ့်တကယ်တွင်တော့ လူတိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို သားရဲကြီးတစ်ကောင်လို့ ကြောက်လန့်နေကြပါ၏။

ရှန်ရှန့်ကျုံဂိုဏ်းသည် နှစ်ပေါင်းများစွာကာလအတွင်း အင်ပါယာကို အာခံရဲသည့် ပထမဆုံးဂိုဏ်းပဲဖြစ်သည်။ ထိုသို့အာခံပြီးတာတောင် မပျက်မသုန်းဘဲ ဆက်လည်တည်မြဲနေသေးသည်။

အပြင်ပန်းမှာတော့ လူတိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို အလေးမထားဟန်ပြုမူနေကြသော်လည်း လက်တွေ့တွင်တော့ ရှန်ရှန့်ကျုံဂိုဏ်းအား ကြောက်လန့်နေကြသည်။

တစ္ဆေဘုရင်ချင်ကွမ်းကိုပဲ ကြည့်ပါလေ။သူသည် အစောက ရှန်ရှန့်ကျုံဂိုဏ်းကို ချေမှုန်းလိုသော်လည်း၊ ဝမ်ဖုန်းတို့နှင့် လက်တွေ့ရင်ဆိုင်လိုက်ရသည့်အခါ တုန်လှုပ်နေပြီဖြစ်သည်။

တခြားသူများက မသိသော်လည်း၊ ဝမ်ဖုန်းက ဆန်းကြယ်အဓိပတိအဆင့်ကိုတောင် ရောက်သွားပြီးသော စစ်သူကြီးချန်းလီကို သတ်ဖြတ်ပစ်ခဲ့ကြောင်းကို သူ သိထားသည်။

သူ၏ခွန်အားက ချန်းလီထက် သန်မာသော်လည်း သူသည် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်၌သာ ရှိပါသေးသည်။

''ကြည့်ရတာ ဒီဂိုဏ်းချုပ်က အင်ပါယာရဲ့စွမ်းအားကို အထင်သေးခဲ့မိပုံပဲ။'' ဝမ်ဖုန်းသည် တစ္ဆေဘုရင်ချင်ကွမ်းနှင့် သူ့နောက်က ချင်ကွမ်းအဖွဲ့ကိုကြည့်လျက် ပြောလိုက်သည်။

ဝမ်ဖုန်းသည် တကယ့်ကို အံ့သြသွားသည်။

သူ့တို့ဂိုဏ်းဆီရောက်လာကြသော စွမ်းအားရှင်အယောက်နှစ်ဆယ်လုံးမှာ ဆန်းကြယ်အင်ပါယာအဆင့်များဖြစ်ကြသည်။ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ကိုရောက်နေသော ချင်ကွမ်းတစ္ဆေဘုရင် အပါအဝင် ဆန်းကြယ်အင်ပါယာနှောင်းပိုင်းအဆင့် ငါးယောက်ရှိပြီး၊ဆန်းကြယ် အင်ပါယာ အလယ်အလတ်အဆင့် ဆယ်ယောက်နှင့် ကနဦးအဆင့် ငါးယောက်တို့ဖြစ်ကြသည်။

ဤသို့သော အင်အားက တကယ့်ကိုကြောက်လန့်ဖွယ်ကောင်းပါပေ၏။

စစ်သူကြီးချန်းလီနှင့် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် ငါးယောက်ကို သူ သတ်ဖြတ်ခဲ့တာတောင် မကြာလိုက်သေး၊အင်ပါယာက ဤမျှလောက်သော အင်အားကို ထပ်မံပို့လွှတ်ခဲ့သည်။အင်ပါယာ၏အုတ်မြစ်က တကယ့်ကို နက်ရှိုင်းလှပေသည်။

''ဂိုဏ်းချုပ်ဝမ်၊ အရှင်မင်းကြီးက ကျုပ်ကို စေလွှတ်လိုက်တာပါ။ ကျုပ်က မင်းသမီးကြီးကို လာရောက်ခေါ်ဆောင်ရုံပါပဲ။ ဂိုဏ်းထဲဝင်ပြီး တော်ဝင်မင်းသမီးကြီးကို ခေါ်ဆောင်ခွင့်ပြုပါလို့ ဂိုဏ်းချုပ်ကို တောင်းဆိုပါတယ်။''

တစ္ဆေဘုရင်ချင်ကွမ်းသည် ဝမ်ဖုန်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အေယ်ဆဲချင်ပါသော်လည်း သူ့နှုတ်ဖျားမှထွက်လာသည့်အခါ လေသံများက နှလုံးသားဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သွားရသည်။

တစ္ဆေဘုရင်ချင်ကွမ်းသည် လူပေါင်းများစွာကို ခေါင်းဖြတ်ပြီးသတ်ခဲ့ဖူးသည်။

သို့သော် ဝမ်ဖုန်းနှင့်ရင်ဆိုင်ရသည့်အခါ သူသည် စိတ်ရင်းအမှန်ကိုတောင် ထုတ်မပြဝံ့တော့ဘဲ မုသားချိုချိုများ သုံးနေရပေပြီ။

''တော်ဝင်မင်းသမီးလား? ငါရှန်ရှန့်ကျုံဂိုဏ်းမှာ ဘယ်တော်ဝင်မင်းသမီးမှ မရှိဘူး''

ဝမ်ဖုန်းသည် ရွှတ်တီးရွှတ်နောက် အမူအရာဖြင့် ပြောလိုက်သည်။

''ဂိုဏ်းချုပ်ဝမ်၊ ကျုပ်တို့ ကွေ့ပတ်ပြီး မပြောတော့ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းထဲရောက်လာပြီး ပြဿနာရှာခဲ့တယ်လို့ ကြားတယ်။ အဲ့ဒီလူက တော်ဝင်မင်းသမီးကြီးပါပဲ။ မင်းသမီးကြီးကို ပြန်ခေါ်သွားခွင့်ပြုပါ ဂိုဏ်းချုပ်ဝမ်"

''ဂိုဏ်းချုပ်ဝမ် လိုချင်တဲ့အရာကိုပြောပါ။ အရမ်းမလွန်လာသေးသရွေ့ ဘာပဲတောင်းဆိုတောင်းဆို ကျုပ်ဖြည့်ဆည်းပေးမှာပါ''

တစ္ဆေဘုရင်ချင်ကွမ်းသည် ဒေါသကိုမြိုသိပ်ကာ ပြောလိုက်သည်။

သူ့လို လူသတ်သမားကြီးတစ်ယောက်က ဤမျှလောက်အထိ ပျော့ပြောင်းစွာ ပြောဆိုနေရသည်။ဒါက သူ၏အကန့်အသတ်ပင်။

''အိုး...အဲ့တစ်ယောက်ပေါ့။ဘယ်အခြေအနေဖြစ်ဖြစ် တောင်းဆိုလို့ရတာလား?'' ဝမ်ဖုန်းက မေးလိုက်သည်။

တစ္ဆေဘုရင်ချင်ကွမ်းသည် ခေါင်းညိမ့်လိုက်ကာ ဝမ်ဖုန်းကိုမျက်ထောင့်နီကြီးများဖြင့် စိုက်ကြည့်လိုက်သည်။သူသာ ဝမ်ဖုန်း၏စွမ်းအားကိုကြောက်နေ၍ မဟုတ်လျှင် ထိုသကောင့်သား၏ ခွေးခေါင်းကို ကြေမွအောင် ရိုက်ပစ်မိမှာဖြစ်သည်။

ဘယ်လောက်တောင် မောက်မာလိုက်လဲ? သူဆိုတဲ့ တစ္ဆေဘုရင် အသက်ရှင်လာတာကြာလှနေပြီ။ဘယ်ကောင်မှ သူ့ရှေ့မှာ မလေးမစားမလုပ်ရဲခဲ့ဘူးကွ!

အတိတ်တွင် သူသာ မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပါက လူတိုင်းဒူးထောက်ကြရသည်။

သေရမယ်!

ရှန်ရှန့်ကျုံဂိုဏ်း သေရမယ်ကွ!

အရှင်မင်းကြီးက ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးမည့်အချိန်တွင် သူဆိုသည့် တစ္ဆေဘုရင်ချင်ကွမ်းကိုယ်တိုင် တပ်ကိုဦးဆောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသားတွေကို တဝကြီးနှိပ်စက်ပစ်လိုက်မယ်။ ဒီကနေ့အရှက်ရမှုအတွက် လက်စားပြန်ချေပစ်ဦးမယ်!

''ဒါဆို မင်းကိုယ်မင်း သတ်သေလိုက်။မင်း သေသွားရင် ငါ အဲ့ဒီလူကို လွှတ်ပေးမယ်! ''

'' ဒီတောင်းဆိုမှုက အဆင်ပြေရဲ့ မဟုတ်လား? အင်ပါယာရဲ့ အကြီးဆုံး တော်ဝင်မင်းသမီးကြီး၊သူမရဲ့လက်အောက်မှာ လူပေါင်းများစွာ ခစားရတယ်။ မင်းတို့ကတော့ အစေခံသာသာပဲ။ မင်းတို့ရဲ့အသက်က မင်းသမီးကြီးရဲ့အသက်လောက်တောင် တန်ဖိုးရှိမှာမဟုတ်ဘူး။ဟုတ်တယ်မလား?''

ဝမ်ဖုန်းသည် တစ္ဆေဘုရင်ချင်ကွမ်းကို စိုက်ကြည့်လျက် ပြုံးတုံ့တုံ့အမူအရာဖြင့် ပြောလိုက်သည်။

'' မင်း သေချင်နေတာလား!?''

တစ္ဆေဘုရင်ချင်ကွမ်းမှာ ဆက်လက် သည်းမခံနိုင်တော့ပါ။ သူသည် ဟိန်းဟောက်လိုက်ပြီး ဆန်းကြယ်အင်ပါယာအထွတ်အထိပ် စွမ်းအားများမှာ ရုတ်ချည်းပေါက်ကွဲထွက်လာသည်။ သူ့ထံမှ အနက်ရောင်မြူခိုးများထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ပြိုင်ဘက်ကင်းသော အမှောင်အရှိန်အဝါများ ကြီးစိုးသွားသည်။

သူ့အနောက်ဘက်မှာရှိနေသော ချင်ကွမ်းအဖွဲ့ကလည်း အမှောင်အရှိန်အဝါများ ထုတ်လွှတ်လိုက်ရာ ကမ္ဘာတစ်ခုလုံး တုန်ခါသွားလေသည်။

ဤတဒင်္ဂတွင် ကမ္ဘာကြီးတစ်ခုလုံးသည် မြေအောက်ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပုံရကာ လူအများကို တုန်ရင်လာစေ၏။

တစ္ဆေဘုရင်ချင်ကွမ်းသည် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ကြီးမားသော အနက်ရောင်လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာကာ အနှီနေမင်းနဲ့ကောင်းကင်ကို ဖုံးကာနိုင်သည့် လက်ဖဝါးကြီးသည် ဝမ်ဖုန်းတို့ရှိရာကို ပြိုဆင်းသွားသည်။

ချင်ကွမ်းအဖွဲ့ဝင်အယောက်နှစ်ဆယ်သည်လည်း ခံစစ်အင်အားတပြိုင်တည်းဖွင့်လိုက်ရာ သိပ်သည်းသော စွမ်းအားများက ဝန်းကျင်အနှံ့ပျံ့နှံသွားသည်။

လေထုတစ်ခုလုံးသည် ပကတိမျက်စိဖြင့် မြင်သာသည်အထိ တုန်ခါလာပြီး၊ပတ်ဝန်းကျင် အပူချိန်သည်လည်း သုညအခြေအနေအထိ လျော့ကျသွားသည်။

''အမိတ္တဗုဒ္ဓ။ သင်တို့ရဲ့ မကောင်းမှုတွေက များလှပြီ။ ဒီနိမ့်ပါးတဲ့ ဘုန်းတော်ကြီးက အသင်တို့ရဲ့ဒုစရိုက်တွေကို ကူညီဆေးကြောပေးပါရစေလေ။''

တစ္ဆေဘုရင်ချင်ကွမ်းနှင့် ချင်ကွမ်းအဖွဲ့၏ ကြောက်စရာတိုက်ခိုက်မှုကြီးကို ရင်ဆိုင်လိုက်ရသည့်အခါ ဘုန်းတော်ကြီးဝူရှန်းသည် ဝမ်ဖုန်းတို့အရှေ့ကို ထွက်လာပြီး လက်အုပ်ချီကာ ပြောလိုက်သည်။

သူ၏ လေးနက်သောလေသံက ပတ်ဝန်းကျင်အတွင်း ပဲ့တင်ထပ်သွားသည်။

ဘုန်းတော်ကြီးဝူရှန်း၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်သော အလင်းရောင်များဖြာထွက်လာသည်။ဤသည်က ဗုဒ္ဓဝါဒ၏ လင်းရောင်ခြည်များပင်တည်း။ရှေးဆန်သော ဗုဒ္ဓဝါဒနှင့်တာအိုဝါဒ သင်္ကေတစကားလုံးများသည် ဘုန်းတော်ကြီးဝူရှန်းထံမှ ထွက်ပေါ်လာသည်။

လက်ရှိအချိန်တွင် ဘုန်းတော်ကြီးဝူရှန်းသည် အဆုံးအစမဲ့ ဗုဒ္ဓဝါဒအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ဘုန်းတော်ကြီးဝူရှန်း၏ စွမ်းဆောင်ရည်ကို မြင်သည့်အခါ ဝမ်ဖုန်းသည် ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်သည်။သူသည် ရှောင်လင်၏မြင့်မြတ်သော ဘုန်းတော်ကြီးဖြစ်ပါ၏။ ဤသို့သော ဗုဒ္ဓနှင့်တာအိုဝါဒ နှစ်ခုတွဲစပ်ထားသော ကျင့်ကြံခြင်းမျိုးကို အလွယ်တကူ ကျင့်ကြံ၍ မရနိုင်ပါ။

ဝမ်ဖုန်းသည် တစ္ဆေဘုရင်ချင်ကွမ်းနှင့်သူ့လူများကို လက်ဝါးတစ်ချက်ဖြင့် အသာအယာသတ်ပစ်နိုင်သည်။သို့သော် ဘုန်းတော်ကြီးဝူရှန်းက ကိုင်တွယ်ချင်နေလေရာ သူ ဝင်မပါတော့ပေ။

သူသည် ဂိုဏ်းချုပ်ဖြစ်တာကြောင့် နေရာတကာ ဝင်ပါမနေဘဲ အကြီးအကဲများကိုလည်း အစွမ်းပြခွင့် ပေးရပေမည်။

''ဗုဒ္ဓဝါဒနဲ့တာအိုဝါဒလား!!''

ဘုန်းတော်ကြီးဝူရှန်း၏ ပေါက်ကွဲထွက်လာသော စွမ်းအားများကို တွေ့မြင်ရသည့်အခါ တစ္ဆေဘုရင်ချင်ကွမ်းသည် အံ့အားတသင့်ရေရွတ်လိုက်မိသည်။ သူ့မျက်ဝန်းများအတွင်း အကြောက်တရားတို့ ထင်ဟပ်နေသည်။သူသာမက အနောက်ဘက်ရှိ တစ္ဆေအဖွဲ့သားများသည်လည်း တုန်ရင်ထိတ်လန့်နေကြပါပြီ။ သူတို့သည် ဝမ်ဖုန်းကိုတောင် ထိုမျှလောက် မကြောက်လန့်မိခဲ့ပါ။

သူတို့ကျင့်ကြံသော လမ်းစဥ်မှာ ယင်လမ်းစဥ်(ဝါ) နတ်ဆိုးလမ်းစဥ်ဖြစ်ပြီး၊သူတို့၏ သဘာဝရန်ဖက်မှာ ဗုဒ္ဓနှင့်တာအိုဝါဒပဲဖြစ်သည်။

သန်မာသော ဗုဒ္ဓဝါဒကျင့်ကြံသူ၊တာအိုဝါဒ ကျင့်ကြံသူတို့နှင့် ရင်ဆိုင်ရပါက သူတို့၏တိုက်ပွဲဝင်စွမ်းအားသည် သုံးဆယ်ရာခိုင်နှုန်းလောက် အနည်းဆုံးလျော့ကျသွားရသည်။

ဒီရှန်ရှန့်ကျုံဂိုဏ်းတွင် ဗုဒ္ဓနှင့်တာအိုဝါဒနှစ်မျိုးလုံးကို ကျင့်ကြံသူ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် စွမ်းအားရှင်ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပါ။

ဘုန်း!

ဝူရှန်းဘုန်းတော်ကြီးသည် တစ္ဆေဘုရင်ချင်ကွမ်းတို့ ကြောက်လန့်နေသည်ကို လျစ်လျူရှုထားပြီး၊ လက်အုပ်ချီကာ လေထုအတွင်း တင်ပုလ္လင်ခွေထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ တရကြမ်းလှည့်ပတ်လာကာ သူ့နောက်ကျောဘက်၌ ကြီးမားသော ဗုဒ္ဓပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အဆိုပါ ဗုဒ္ဓပုံတော်သည် လှုပ်ရှားမှုတစ်စုံတစ်ရာ မပြုဘဲ တည်ငြိမ်စွာထိုင်နေ၏။ သို့သော် တစ္ဆေဘုရင်ချင်ကွမ်းတို့ကမူ ယမမင်းနှင့်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရလေသည်။

All Chapters