လူငယ်တို့၏အားမာန်၊ ဓားလက်နက်ကိုဆွဲကိုင်
Vol. 8 Ch. 111
ကမ္ဘာလောကကြီးတစ်ခုလုံးမှာ လျှပ်စီးမိုးကြိုးများဖြင့် ပြောင်းလဲသွား၏။
အလွန်တရာ စိတ်မချမ်းမြေ့ဖွယ်သောလေထုသည် လောကတစ်ခွင် လွှမ်းခြုံသွားခဲ့သည်။
မြေပြင်ထက်တွင် ကြိုးစားနေကြသည့် ယောကျာ်းလေး၊ မိန်းကလေး လူငယ်အားလုံးတို့မှာ တုန်လှုပ်ကုန်ကြလေသည်။ သူတို့သည် အထက်ကောင်းကင်သို့ မော့ကြည့်လိုက်၏။ အထက်ကောင်းကင်တွင် မြို့အား ဖြိုခွင်းနေသည့် ကြောက်မက်ဖွယ်တိမ်တိုက်မည်းကြီး တည်ရှိနေပေသည်။
ရုပ်အလောင်းဝိဉာဉ်သည်တော့ ကောင်းကင်ရှိ တိမ်တိုက်မည်းကြီးကို စူးစိုက်ကြည့်ရင်းဖြင့် သူ၏မျက်လုံးအစုံတွင် အလင်းတစ်စ ဖြတ်ပြေးသွားခဲ့သည်။ ထိုတိမ်တိုက်မည်းကြီးတွင် ကြောက်မက်ဖွယ်အရှိန်အဝါများ စူးဝင်ပျံ့နှံ့နေသည်ကို သူခံစားနိုင်ပါ၏။
“လန့်မသွားနဲ့။ အဲဒါ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ ကြွက်တစ်အုပ်ကို မောင်းထုတ်နေတာပါပဲ။ ကျေးဇူးပြုပြီး စစ်ဆေးမှုကိုဆက်လုပ်ပါ”
မိန်းကလေးငယ်လေးများ တုန်လှုပ်နေကြသည်တွင် ခေါင်းလောင်းသံကဲ့သို့အသံတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူတို့၏စိတ်နှလုံးကို အနည်းငယ်တည်ငြိမ်သွားစေခဲ့သည်။
သို့သော်ငြား ထိုမိန်းမငယ်လေးများနှင့် ရုပ်အလောင်းဝိဥာဥ်သည် အခြေအနေအချို့ကို ရုတ်ချည်းတွေးမိလိုက်ကြ၏။ အချို့လူများသည် ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်များစုဆောင်းနေသည်ကို မမြင်ကြမည်ကို စိုးရိမ်မိပါ၏။
သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းချုပ်နှင့် အကြီးအကဲတို့၏စွမ်းအားကို မြင်တွေ့လိုကြသော်ငြား လက်ရှိအချိန်တွင် သူတို့အတွက် အရေးကြီးဆုံးမှာ ဒုတိယစစ်ဆေးမှုကို အောင်မြင်ရန်ဖြစ်သည်။
ဦးခေါင်းထက်ရှိ အကြီးအကျယ်ပျက်စီးနေသောမြင်ကွင်းသည် မိန်းမငယ်လေးများကို သက်ရောက်မှုရှိခဲ့သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ရောက်ရန် ယုံကြည်မှုကိုလည်း ပို၍ခိုင်မာသွားစေခဲ့သည်။
အားလုံးသည် သူတို့အား ရှန်ရှန့်ကျုံဂိုဏ်းကို မဝင်ရောက်စေချင်ကြပေ။ သူတို့သည်တော့ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လို၏။
ဤသည်မှာ လူငယ်တို့၏ပုန်ကန်ထကြွခြင်းတစ်မျိုးဖြစ်ပြီး လူငယ်တို့၏မာနလည်းဖြစ်သည်။
အခြားသူများ မဝံ့ရဲလျှင်သော်မှ ငါဝံ့ရဲ၏! အခြားသူများမှ ဟန့်တားသော်ငြား ငါရအောင်လုပ်ဆောင်၏! ငါသည် ငါကိုယ်တိုင်သာဖြစ်ပြီး ကမ္ဘာလောကအားတုန်လှုပ်မည့် သာလွန်ထူးကဲသည့် ကိုယ်ပိုင်လမ်းကြောင်းတွင် လျှောက်လှမ်းမည့်သူဖြစ်သည်!
ဤသည်မှာ ဆယ်ကျော်သက်အရွယ်လူငယ်များ၏အားမာန် ဖြစ်သည်။
ကနဦးတွင် တောင့်ခံရန်ခက်ခဲနေသည့် လူငယ်များသည် ထိုစိတ်ဆန္ဒ၏ကောင်းချီးမှုအောက်တွင် သူတို့၏စွမ်းရည်အကန့်အသတ်ကိုကျော်လွန်၍ ၁၀မိနစ်ကို အောင်မြင်စွာတောင့်ခံနိုင်ခဲ့သည်။
ထိုမြင်ကွင်းသည် စင်မြင့်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှကို အလွန်ကျေနပ်နှစ်သက်စေခဲ့သည်။ ထိုလူငယ်များမှာ အထုံပါရမီ နည်းပါးနိုင်ကောင်း၏။ သို့သော် သူတို့၏စိတ်ဆန္ဒသည် မျိုးဆက်သစ်ဟူသည်ထက် ပို၍သာလွန်ပေသည်။
သူတို့သည် အခက်အခဲများကို အမှန်တကယ်ကြုံတွေ့ဖြတ်ကျော်ခဲ့ဖူးသည့် ကလေးများဖြစ်ကြပြီး အချိတ်ပိုးထည်၊ ကျောက်စိမ်းဝတ်ရုံတို့ထက်တွင် မွေးဖွားလာခဲ့သည့်လူငယ်များနှင့် ကွာခြားပေသည်။
မြေပြင်ထက်တွင် လူငယ်များမှာ လူငယ်တို့၏အားမာန်တက်ကြွမှုဖြင့် သူတို့၏စွမ်းရည်အကန့်အသတ်ကို ကျော်လွန်ဖြတ်ကျော်နေကြပြီး အထက်ကောင်းကင်တွင်မူ ဓားလက်နက်ကိုဆွဲကိုင်၍ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပျံ့နှံ့လွှမ်းခြုံနေ၏။
ကောင်းကင်ဘုံနတ်စစ်သည်၊ စစ်သူကြီးများကိုဦးဆောင်သည့် အမတအရှင်ကဲ့သို့ ကြီးကျယ်မြင့်မြတ်လှသောစွမ်းအားများမတိုင်မီ၌ပင် ပါးကွက်အာဏာသားသည် တည်ရှိနေခဲ့လေပြီ။ နောက်ခံစွမ်းအားမှာ အင်အားကြီးမားလွန်းသောကြောင့် ပေါက်ကွဲလျှံထွက်လာခဲ့၏။
ထိုပါးကွက်အာဏာသားသည် ဝမ်ဖုန်းကို လျင်မြန်ဖျတ်လတ်သည့်အကြည့်တို့ဖြင့် ကြည့်နေခဲ့၏။ သူ၏အကြည့်တို့ကျရောက်နေခဲ့သည်မှာ အခြားသူဖြစ်ပါက ကြောက်ရွံ့ထိတ်လန့်ကြမည်ဖြစ်သည်။ သို့သော် ဝမ်ဖုန်းသည်တော့ တည်ငြိမ်အေးဆေးနေဆဲပင်။
သေလူတစ်ယောက်ရဲ့မျက်လုံးအကြည့်လေးက သူလို ကြီးမြတ်တဲ့ဂိုဏ်းချုပ်အရှင်ကို ဟန့်တားနိုင်မတဲ့လား?
“သတ်!”
ပါးကွက်အာဏာသားသည် လက်ကိုဆန့်ထုတ်၍ အေးစက်စွာအော်ပြော၏။
ထိုအော်ဟစ်သံနှင့်အတူ သူ၏နောက်ရှိ ခေါင်းပြတ်အဖွဲ့အစည်းသည်လည်း ရုတ်ချည်းလှုပ်ရှားလာခဲ့သည်။
ဓားတိုများ၊ လှံတံများ၊ ဓားရှည်များနှင့် အခြားသောလက်နက်မျိုးစုံတို့ သူတို့၏လက်မှ လွင့်ပျံထွက်လာခဲ့ကြသည်။ ပြင်းထန်သည့်အေးစက်သည့်အလင်းမှာ လောကတစ်ခွင်ကို တုန်လှုပ်နိုင်စွမ်း၏။
သူတို့၏လက်နက်များကို ကိုယ်စီကိုင်ဆောင်လျက် ရုတ်ချည်းထွက်လာခဲ့ကြပြီး လက်ထဲရှိလက်နက်များကို ဝှေ့ယမ်းလျက် ကြောက်မက်ဖွယ်တိုက်ကွက်များဖြင့် ဝမ်ဖုန်းတို့ကို တိုက်ခိုက်ကြလေသည်။
မြင်ကွင်းမှာ မြင်တွေ့ရသူများအတွက် ခြောက်ခြားကြောက်လန့်ဖွယ်ဖြစ်ပြီး ကြားရသူများအတွက် တုန်လှုပ်စေနိုင်သည်။
ထိုခေါင်းပြတ်အဖွဲ့အစည်း၌ အားအနည်းဆုံးမှာ တော်ဝင်မင်းသားအဆင့်ဖြစ်ပြီး အင်အားအကြီးဆုံးမှာ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံမှု ရှိကြသည်။ ပါးကွက်အာဏာသားနှင့် သူ၏ဘေးရှိ ဝတ်ရုံနက်ဖြင့်လူကြီးနှစ်ဦးတည်းသာ မလှုပ်ရှားဘဲရှိနေပေသည်။
ထိုဝတ်ရုံနက်ဖြင့်လူကြီးနှစ်ဦးမှာ ခေါင်းပြတ်အဖွဲ့အစည်းအား အမိန့်ပေးနိုင်သည့် ဒုတာဝန်ခံများဖြစ်ကြသည်။ သူတို့သည် ဝိဉာဉ်ချိုးဖျက်ဓားနှင့် သက်နုတ်ဓားတို့ကို ကိုင်ဆောင်သည့် ကြီးမြတ်သောလေအင်ပါယာမှ သတ်ဖြတ်သူများဖြစ်ကြသည်။
ကျိုးပျက်ဝိဉာဉ်အစောင့်အရှောက်၊ ကျိုးပျက်သက်တမ်းအစောင့်အရှောက်နှင့် ပါးကွက်အာဏာသားအစောင့်အရှောက်တို့ဦးဆောင်သည့် ထိုအဖွဲ့အစည်းအား ခေါင်းပြတ်အဖွဲ့အစည်းဟုခေါ်သည်။
“ကောင်းကင်ခွဲဖြာအဖွဲ့အစည်း! အခုမင်းတို့ လှုပ်ရှားရမယ့်အချိန်ပဲ”
ခေါင်းပြတ်အဖွဲ့အစည်းကို လှုပ်ရှားစေပြီးနောက်တွင် ပါးကွက်အာဏာသား၏မျက်နှာထက်တွင် စဉ်းလဲသောအပြုံးတစ်ခု ပေါ်ထွက်လာခဲ့လျက် ကျယ်လောင်စွာပြော၏။
သူသည် ရှန်ရှန့်ကျုံဂိုဏ်းကို အလုံးစုံဖြိုခွင်းဖျက်ဆီးပစ်လိုသည်။ သို့မှသာ ဖုန်မှုန့်များကြားမှ ပုရွက်ဆိတ်များဖြစ်သည့် ရှန်ရှန့်ကျုံဂိုဏ်းသားများအနေဖြင့် အင်အားမရှိလျှင် လောက၌ကျော်ကြားရန် ဆန္ဒမထားသင့်ကြောင့် နားလည်သွားပေလိမ့်မည်။
“ဟားဟားဟား ပါးကွက်အာဏာသားညီနောင်က ဒီလိုပြောလာမှတော့ ဒီလူကလည်း ဒီတိုင်းရပ်ကြည့်မနေနိုင်ဘူးပေါ့”
ပါးကွက်အာဏာသား၏အသံထွက်ပေါ်လာခြင်းနှင့်အတူ အားရပါးရရယ်မာသံတစ်ခုသည် အထက်ကောင်းကင်နှင့် ပထဝီမြေကြီး၌ ပဲ့တင်ထပ်သွားခဲ့သည်။ ထို့နောက်တွင် လေဟာပြင်မှ ဒါဇင်ကျော်ေသာပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။
“သွားကြ... ခေါင်းပြတ်ညီနောင်တို့ကို သေချာလေး ကူညီတိုက်ခိုက်ပေးလိုက်ပါဦး!”
ပုံရိပ်များစတင်ပေါ်ထွက်လာသည်နှင့် ကောင်းကင်ခွဲဖြာအရှင်သည်လည်း လက်ကိုဝှေ့ယမ်းလျက် ကျယ်လောင်စွာပြောလာခဲ့သည်။
သူ၏အသံအဆုံးတွင် သူ၏နောက်ရှိပုံရိပ်များသည် တုံ့ဆိုင်းခြင်းမရှိ ခုန်ပျံထွက်လာခဲ့ကြပြီး အရေအတွက်၁၀၀ကျော်သည့် ခေါင်းပြတ်အုပ်စုကြီးနှင့်အတူ ဝမ်ဖုန်းတို့ကို တရစပ်တိုက်ခိုက်ကြတော့သည်။
ကြီးမြတ်သည့်လေအင်ပါယာရှိ သတ်ဖြတ်ရေးအဖွဲ့အစည်းဖြစ်သည့် ကောင်းကင်ခွဲဖြာအဖွဲ့အစည်းသည် ခေါင်းပြတ်အဖွဲ့အစည်းနှင့် နှိုင်းယှဉ်ပါလျှင် ဒုတိယနေရာသာဖြစ်သော်ငြား ကြီးမြတ်သောလေအင်ပါယာရှိ ဂိုဏ်းများစွာတို့ကို ကြောက်ရွံ့ထိတ်လန့်စေနိုင်စွမ်းသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကောင်းကင်ခွဲဖြာအဖွဲ့အစည်းဖြစ်စေ၊ ခေါင်းပြတ်အဖွဲ့အစည်းဖြစ်စေ ရှန်ရှန့်ကျုံဂိုဏ်းသည်တော့ မျက်လုံးထဲထည့်မနေပါချေ။
သူတို့မှ ထိုမျှကြောက်မက်ဖွယ်အင်အားစုကြီးကို စေလွှတ်ခဲ့ခြင်းမှာ ဧကရာဇ်ကြီး၏ပူပန်သောကကို ဖြေဖျောက်ရန်အတွက်ဖြစ်ပြီး ဒုတိယအချက်မှာ ရှန်ရှန့်ကျုံဂိုဏ်းအား အထက်သို့တက်လှမ်းရန် လှေကားထစ်တစ်ခုအဖြစ် နင်းလျှောက်ရန်ဖြစ်သည်။
သူတို့၏အဖွဲ့အစည်းနှစ်ခုမှာ အင်ပါယာကြီးသုံးခုတွင် ထင်ရှားကျော်ကြားခဲ့ဖူးခြင်း မရှိသည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းကဲ့သို့ သာမန်ဂိုဏ်းလေးတစ်ခုသည် အဘယ်အရည်အချင်းမျိုးဖြင့် အင်ပါယာကြီးသုံးခုတွင် ထင်ရှာကျော်ကြားရန် ထိုက်တန်ပါလိမ့်မည်နည်း။
သူတို့အဖွဲ့အစည်းကြီးနှစ်ခုမှ စတင်လှုပ်ရှားပါလျှင် ထိုရှန်ရှန့်ကျုံဂိုဏ်းဟူသည် အားနည်းသည့်ဂိုဏ်းငယ်လေးသာ ဖြစ်ချေရော့မည်။
“ပါးကွက်အာဏာသားညီနောင်က တကယ်ကို လက်ကြီးတာပဲဗျာ။ ပုရွက်ဆိတ်လေးတစ်အုပ်ကို သေအောင်ချနင်းဖို့အတွက်နဲ့များ ဒီလောက်များတဲ့အင်အားစုကြီးကို စေလွှတ်ရတယ်လို့။ ထိုက်တန်လို့လား?”
ကောင်းကင်ခွဲဖြာအရှင်သည် ပါးကွက်အာဏာသား၏ဘေးတွင် စိတ်အေးလက်အေးရပ်လျက် ကျယ်လောင်စွာရယ်မောရင်းဖြင့်ပြော၏။ ရလဒ်သိပြီးသားတိုက်ပွဲတွင် အဘယ်အရာကို ကြည့်ရှုရမည်ကို သူမသိပါချေ။
“မတတ်နိုင်ဘူးလေ။ ကောင်းကင်ခွဲဖြာညီနောင်လည်း သိမှာပါ။ အဲဒီ့သူရဲ့လက်အောက်မှာ အလုပ်လုပ်ရင် ဘာပဲလုပ်လုပ် အစွမ်းကုန်အားထုတ်လုပ်ဆောင်ရမယ်ဆိုတာကိုလေ.. ပုရွက်ဆိတ်တစ်ကောင်ကို သတ်တာဆိုရင်တောင်မှ အစွမ်းကုန်ကြိုးစားအားထုတ်ရမယ်။ မဟုတ်ရင် အဲဒီ့သူ စိတ်ချမ်းမြေ့လိမ့်မှာ မဟုတ်ဘူး”
ပါးကွက်အာဏာသားသည် ကူကယ်ရာမဲ့စွာ ပခုံးတွန့်၏။
ကောင်းကင်ခွဲဖြာအရှင်သည်လည်း မျက်နှာအမူအရာမှာ အနည်းငယ်တောင့်ခဲစွာဖြင့် ခေါင်းညိတ်ထောက်ခံလေသည်။ ထိုလုပ်ဖော်ကိုင်ဖက်အတွက် သူလုပ်ဆောင်ပေးနိုင်သည့်အရာ မရှိသော်ငြား ထိုပုဂ္ဂိုလ်၏စိတ်သဘောထားကို နားလည်ပါ၏။ သွေးသောက်ညီနောင်ကဲ့သို့ရှင်ဘုရင်ဟူသည် သွေးသောက်ကျားတစ်ကောင်ကဲ့သို့ ဖြစ်သည်။
တစ်ဖက်၌
ခေါင်းပြတ်အုပ်စုကြီးနှင့် ကောင်းကင်ခွဲဖြာအဖွဲ့အစည်း၏ စွမ်းအားမြင့်ကျင့်ကြံသူများစွာတို့သည် ဝမ်ဖုန်းတို့၏ရှေ့သို့ အပြေးရောက်နေခဲ့ကြပြီး ကြောက်မက်ဖွယ်စွမ်းအင်များထုတ်လွှတ်နေကြရာ ဝမ်ဖုန်းတို့၏ရှေ့ရှိလေဟာပြင်မှာ သာမန်မျက်လုံးဖြင့်မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်နေတော့သည်။
ထိုအဖွဲ့အစည်းနှစ်ခုလုံးတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် တစ်ဦးမျှမရှိသော်ငြား သူတို့အားလုံးမှ ပေါင်းစည်းထုတ်လွှတ်နေသောစွမ်းအင်သည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူများကို တုန်လှုပ်စေနိုင်ပါ၏။
ထိုမျှကြောက်ရွ့ထိတ်လန့်ဖွယ်သောစွမ်းအားကို ရင်ဆိုင်နေရသည်ဖြစ်သော်ငြား ဝမ်ဖုန်းသည် လှုပ်ရှားမလာသေးပေ။
ရိုင်းစိုင်းကြမ်းကြုတ်သော သတ်ဖြတ်သူများမှာ ဝမ်ဖုန်း၏ခံစားချက်ကင်းမဲ့သော အပြုအမူကြောင့် ဆွဲဆောင်ခံလိုက်ရပေသည်။
ထိုအခိုက်အတန့်တွင် တုံ့ဖန်းပုပိုင်၏နှုတ်ခမ်းများ တွန့်ကွေးတက်သွားလျက် လှပသည့်အပြုံးတစ်ခုဖြစ်တည်လာခဲ့ပြီး သူမ၏လက်သွယ်သွယ်တို့ကို ခြင်၊ယင်တို့ကိုမောင်းထုတ်သည့်အလား အသာအယာဝှေ့ယမ်းလိုက်၏။
တုံ့ဖန်းပုပိုင်၏လက်တစ်ချက်အဝှေ့တွင် ထိုသတ်ဖြတ်သူများထံသို့ မရေမတွက်နိုင်သည့် အေးစက်သည့်အလင်းတန်းများ ကျရောက်တိုက်ခိုက်လေသည်။ အရှိန်နှုန်းမှာ မြန်ဆန်လွန်းလှသောကြောင့် မမြင်တွေ့နိုင်လုနီးပါးဖြစ်၏။ သို့သော် ဝမ်ဖုန်းသည်တော့ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ခဲ့ပါ၏။
၎င်းမှာ တုံ့ဖန်းပုပိုင်၏ မူပိုင်အမှတ်အသားဖြစ်သည့် ပန်းထိုးအပ်တိုက်ကွက်ဖြစ်သည်။
ဝမ်ဖုန်းသည် ထိုသတ်ဖြတ်သူများအတွက် စိတ်မကောင်းဖြစ်စွာ ခေါင်းခါရမ်းမိလေသည်။ ထိုလူများမှာ မိမိကိုယ်မိမိ မည်သို့သေဆုံးသွားခဲ့သည်ကိုပင် မသိခဲ့ရရှာချေ။