ပထမမျိုးဆက်သတ်ဖြတ်သူဟာ ကြမ်းပြင်ကိုတံမြက်လှည်းတဲ့ လူအိုကြီးတစ်ယောက်ဖြစ်သွားခဲ့။
Vol. 9 Ch. 113
ကောင်းကင်ခွဲဖြာအရှင်သည် အလွန်ပွင့်လင်းပေသည်။
သူသည် လူတစ်ယောက်၏ဘဝတွင် အသက်သည်သာ အရေးအကြီးဆုံးဖြစ်ပြီး အခြားအရာများမှာ ထိုမျှအရေးမပါဟု တွေးတောသူဖြစ်၏။
အသက်သေလျှင် အရာအားလုံး ပျောက်ဆုံးသွားပေမည်။ အသက်ရှိနေသေးပါလျှင် ဖြစ်နိုင်ခြေများစွာရှိသေး၏။
ထို့ကြောင့် ကောင်းကင်ခွဲဖြာအရှင်သည် အလုံးစုံ ဒူးထောက်အရှုံးပေးခဲ့ပြီး ပါးကွက်အာဏာသားအား အလုံးစုံ ရောင်းစားပစ်ခဲ့သည်။
သေဆုံးနေသောကျင့်ကြံသူသည် သနားစဖွယ်သောကျင့်ကြသူ မဟုတ်။
ကောင်းကင်ခွဲဖြာအရှင်သည် ထိုစာကြောင်း၏အနက်အဓိပ္ပာယ်ကို ကောင်းစွာနားလည်ပါ၏။
“ကြီးမြတ်သောလေအင်ပါယာရဲ့ ဒုတိယအကြီးမားဆုံး သတ်ဖြတ်သူအဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကောင်းကင်ခွဲဖြာအရှင်အနေနဲ့ မင်းက တကယ်ကို အသုံးမကျတာပဲ။ မင်းက သတ်ဖြတ်သူတွေကို အရှက်ရစေတယ်!”
ကောင်းကင်ခွဲဖြာအရှင်၏ထိုပုံစံကို မြင်တွေ့နေရသည့် ပါးကွက်အာဏာသားမှာ ဒေါသမာန်ဟုန်ပေါက်ကွဲလာခဲ့ကာ ကောင်းကင်ခွဲဖြာအရှင်အား စူးရဲစွာကြည့်နေလျက် ကြိမ်းမောင်းပြောဆိုတော့သည်။
ပါးကွက်အာဏာသားမှာ စိတ်ကူးယဉ်ကြည့်၍ပင် မရခဲ့ချေ။ သတ်ဖြတ်သူနယ်ပယ်တွင် သူ၏အကြီးမားဆုံးပြိုင်ဘက်အဖြစ် သဘောထားခဲ့သည့် အမြဲလိုလို အရှိန်အဝါကြီးမား၍ အထက်စီးဆန်တတ်သူသည် ယခုတွင် အသက်ကိုတပ်မက်လွန်း၍ သေဆုံးခြင်းကို အလွန်တရာ ကြောက်ရွံ့သူဖြစ်နေခဲ့သည်။
ကောင်းကင်ခွဲဖြာအရှင်သည်တော့ ပါးကွက်အာဏာသား၏ဒေါသကို ဂရုမစိုက်ပါချေ။ သူသည် လေဟာပြင်တွင် ဒူးထောက်ထားလျက်ဖြင့် ဝမ်ဖုန်းကို ရိုကျိုးစွာကြည့်နေခဲ့သည်။
ဝမ်ဖုန်းသည်တော့ ထိုအဖြစ်ကြောင့် အံ့အားသည့်အမူအရာအချို့ ဖြတ်ပြေးသွားခဲ့ပြီး ကောင်းကင်ခွဲဖြာအရှင်အား စိတ်ဝင်တစား ကြည့်လိုက်သည်။ ဝမ်ဖုန်းသည် ကောင်းကင်ခွဲဖြာအရှင်၏ ဖွင့်ဟတောင်းပန်ခြင်းကို စက်ဆုပ်ခြင်းမရှိပါ။ အသိအမှတ်ပြုပါ၏။
ဝမ်ဖုန်းသည်လည်း ကောင်းကင်ခွဲဖြာအရှင်ကဲ့သို့ အသက်သည် အရေးအကြီးဆုံးသောအရာဟု တွေးပါ၏။ ဂုဏ်သိက္ခာဟူသောအရာမူကာ တစ်ခါတစ်ရံတွင် စွန့်ပစ်နိုင်ပေသည်။
လှောင်ပြောင်စော်ကားမှုများကို သည်းခံ၍ ဝန်ထုပ်ဝန်ပိုးများကို သယ်ပိုးမည်။ ထို့နောက် ရဲဆေးတင်မည်။
၎င်းမှာ အပြောလွယ်သော်ငြား လုပ်ဆောင်ရန်ခက်ခဲ၏။ ၎င်းအခြင်းအရာကို လုပ်ဆောင်နိုင်သူမှာ ဇွဲနပဲကြီးစွာသောအလျှော့မပေးတတ်သည့် စိတ်နှလုံးရှိရပေလိမ့်မည်။
ထိုလူသည် ဝမ်ဖုန်းဖြစ်၏။ ဝမ်ဖုန်း ဝန်ခံပါသည်။ သို့သော် ဤလောကတွင် ဝမ်ဖုန်းမှ အသိအမှတ်ပြုရန် လုပ်ဆောင်နိုင်သူကား မရှိပေ။
တစ်ခုသာရှိ၏…
“ငါဂိုဏ်းချုပ် မင်းကို အသက်ချမ်းသာပေးလို့ရတယ်။ ဒါပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းအတွက် အဲဒီ့သတ်ဖြတ်သူတွေရဲ့အသက်လောက်နဲ့ မလုံလောက်ဘူး”
ဝမ်ဖုန်းသည် ကောင်းကင်ခွဲဖြာအရှင်အား အရေးမထားဟန်ဖြင့်ကြည့်လျက် အေးစက်စွာပြောခဲ့သည်။
ဝမ်ဖုန်းသည် ကောင်းကင်ခွဲဖြာအရှင်၏စိတ်သဘောထားကို အသိအမှတ်ပြုသည်မဟုတ်ပါ။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းအား ပြစ်မှားကျူးလွန်မိခဲ့သည့်အပြစ်ကို ဝန်ခံခဲ့ခြင်းအတွက် သူ၏အသက်ကိုချမ်းသာပေးခြင်းသည် အလွန်တရားမျှတသည့်ဂုဏ်သရေဖြစ်၏။
“ကျွန်တော်နားလည်ပါတယ်”
“ဒီကောင်းကင်ခွဲဖြာအရှင်မှာ တောင်းဆိုမှုလေးရှိပါတယ်။ ဂိုဏ်းချုပ်ဝမ် လက်ခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ဝမ်ဖုန်း၏စကားကြောင့် ကောင်းကင်ခွဲဖြာအရှင်သည် တုန်လှုပ်နေခဲ့ပြီး လူတစ်ကိုယ်လုံးမှာ ယိုယွင်းနေခဲ့ပေပြီ။ သ
ကောင်းကင်ခွဲဖြာအရှင်သည် ဝမ်ဖုန်းကိုကြည့်လျက် ကွဲအက်နေသည့်အသံဖြင့် ပြောခဲ့သည်။
“ပြောကြည့်”
ဝမ်ဖုန်းသည် ချက်ချင်း လက်ခံမည့်အစား ခပ်သာသာရယ်မောလိုက်၏။
“ကျွန်တော့်ရဲ့ ကျင့်ကြံမှုအခြေခံကိုဖျက်ဆီးပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့မကျေချမ်းမှုကို အဆုံးသတ်ပေးလိုပါတယ်! ဒါပေမဲ့ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ကျွန်တော့်ကို ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခွင့်ပြုရပါမယ်။ အစေခံတစ်ဦးအဖြစ် ဝင်ရမယ်ဆိုရင်တောင်မှ ကျွန်တော့်ရဲ့ကျန်သက်တမ်းတစ်လျှောက်ကို အေးချမ်းစွာနေသွားဖို့ ဆန္ဒရှိပါတယ်..”
ကောင်းကင်ခွဲဖြာအရှင်၏ စကားကိုကြားလိုက်ရသည်တွင် ပါးကွက်အာဏာသားနှင့် အခြားသူများမှာ အံ့ဩထိတ်လန့်သွားကြသည်။ ဝမ်ဖုန်းသည်လည်း အံ့အားသင့်သွားရ၏။
ဝမ်ဖုန်းသည် ကောင်းကင်ခွဲဖြာအရှင်ကို အပြစ်ပေးလိုပါသော်ငြား သူပေးလိုသည့်အပြစ်မှာ အများဆုံးမှ လက်တစ်ဖက်၊ သို့မဟုတ် ခြေထောက်တစ်ဖက် ဆုံးရှုံးရုံမျှသာဖြစ်သည်။ ကျင့်ကြံမှုအခြေခံကိုဖျက်ဆီးရန် စိုးစဉ်းသော်မှ မတွေးမိခဲ့ပါချေ။
ကျင့်ကြံသူများအတွက် ကျင့်ကြံမှုဆုံးရှုံးရခြင်းမှာ သေဆုံးရခြင်းထက် ပို၍နာကျင်ခံစားရ၏။
ကျင့်ကြံမှုဖြင့် အင်အားကြီးမားခြင်း၏အရသာနှင့် သက်တမ်းတိုးပွားလာခြင်းတို့ကို ခံစားဖူးပြီးသည်နှင့် သက်တမ်းတစ်ရာမျှသာရှိသော သေမျိုးတစ်ဦးအဖြစ်သို့ မည်သူမျှ ပြန်သွားလိုကြမည်မဟုတ်ပေ။
ဤကောင်းကင်ခွဲဖြာအရှင်သည် မိမိကိုယ်ကို ရက်စက်လွန်း၏။ သို့သော် ချင့်ချိန်စဉ်းစားတတ်သူတစ်ဦးဖြစ်သည်။
အနည်းဆုံးတော့ ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်းကို ပြစ်မှားစော်ကားခဲ့ခြင်းအတွက် မကျေချမ်းသော ဂိုဏ်းချုပ်ဝမ်၏စိတ်တွင်းမှ အစိုင်အခဲမှာ ပြေလျော့သွားခဲ့ပေသည်။
သူ၏ရှန်ရှန့်ကျုံဂိုဏ်း၏ မကျေချမ်းမှုကို အဆုံးသတ်ပေးရန်အတွက် မိမိ၏ကျင့်ကြံမှုကိုဖျက်ဆီးရန် ဆန္ဒရှိသူတစ်ဦးကို အဘယ်ကြောင့်များ ခွင့်မလွှတ်နိုင်ရမည်နည်း။
“ကောင်း.. ကောင်းကင်ခွဲဖြာအရှင် မင်းရူးနေပြီလား?!”
ပါးကွက်အာဏာသားသည် ကောင်းကင်ခွဲဖြာအရှင်ကို မယုံကြည်နိုင်စွာကြည့်လျက် အံ့အားခြင်းကြီးစွာ ပြောလာခဲ့သည်။
ပါးကွက်အာဏာသားမှာ ကောင်းကင်ခွဲဖြာအရှင်ကို အမှန်တကယ်ကြောက်လန့်သွားရ၏။ ကောင်းကင်ခွဲဖြာအရှင်သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် မကျေလည်မှုများ တည်ရှိနေရခြင်းထက် သူ၏ကျင့်ကြံမှုကိုသာ ဖျက်ဆီးလိုခဲ့သည်။ ၎င်းမှာ ယုတ္တိမတန်လွန်းပေ။
ရှန်ရှန့်ကျုံဂိုဏ်းက အဲ့လောက်ကြီး ကြောက်ဖို့ကောင်းနေလို့လား?
တုံ့ဖန်းပုပိုင်မှ ပြသခဲ့သည့်အင်အားသည် ပါးကွက်အာဏာသားနှင့် အခြားသူများအားလုံးကို တုန်လှုပ်စေနိုင်သည်အထိ အလွန်ကြောက်မက်ဖွယ်ကောင်းပါသော်ငြား ပါးကွက်အာဏာသားသည် ရှန်ရှန့်ကျုံဂိုဏ်းကို မကြောက်ရွံ့ခဲ့ပါ။ သူ၏နောက်တွင် ကြီးမြတ်သောလေအင်ပါယာ၏အိမ်ရှေ့မင်းသား ရှိနေသည်မဟုတ်ပါလော။
ကြီးမြတ်သောလေအင်ပါယာ၏ အိမ်ရှေ့မင်းသား၏အင်အားသည် အင်ပါယာကြီးသုံးခုတွင် ထိပ်တန်း၁၀နေရာ၌ ရပ်တည်ရန်လုံလောက်၏။ ထိုမျှအင်အားကြီးမားသည့်ပုဂ္ဂိုလ်မှ ကျောထောက်နောက်ခံအဖြစ် ရှိနေသည်ဖြစ်ရာ ရှန်ရှန့်ကျုံကဲ့သို့ သာမန်ဂိုဏ်းလေးသည် အဘယ်သို့များ သူ့အား ထိပါးဝံ့ပါမည်နည်း။
ထို့သို့အတွေးဖြင့် ပါးကွက်အာဏာသား၏မျက်လုံးများမှာ တောက်ပလာခဲ့သည်။ ကောင်းကင်ခွဲဖြာအရှင်အားကြည့်လျက် ပြော၏။
“ကောင်းကင်ခွဲဖြာညီနောင် မကြောက်နဲ့။ ငါ့ရဲ့နောက်မှာ ဘယ်သူရှိနေလဲဆိုတာ မင်းသိသင့်တယ်။ မင်းအနေနဲ့ အဲဒီ့လူကိုအလုပ်အကျွေးပြုဖို့ ငါ့ရဲ့ခေါင်းပြတ်အဖွဲ့အစည်းကို ဝင်မယ်ဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းက မင်းကို လုံးဝထိရဲမှာမဟုတ်ဘူး”
ဟုတ်ပါသည်။ ပါးကွက်အာဏာသားသည် ကောင်းကင်ခွဲဖြာအဖွဲ့အစည်းကို သိမ်းယူလိုခြင်းဖြစ်ပါ၏။
ကောင်းကင်ခွဲဖြာအရှင်၏ အသက်ကိုမက်မော၍ သေခြင်းကိုကြောက်ရွံ့သည့်အချက်ကို ထည့်မကြည့်ပါလျှင်
သတ်ဖြတ်သူများ၏သတ်မှတ်ချက်အရ ကောင်းကင်ခွဲဖြာအရှင်၏ပါရမီစွမ်းရည်သည် ပါးကွက်အာဏာသားထက် ပို၍ထူးချွန်ကောင်းမွန်သည်။ ပါးကွက်အာဏာသားကိုယ်တိုင်သည်လည်း မိမိမှာ ကောင်းကင်ခွဲဖြာအရှင်ကို အနိုင်ယူနိုင်သည်ဟု တပ်အပ်မပြောနိုင်ပါချေ။
သို့ဖြစ်ရာ ကောင်းကင်ခွဲဖြာအရှင်ကို သူ၏ခေါင်းပြတ်အဖွဲ့အစည်းသို့ သွတ်သွင်းနိုင်ပါလျှင် အိမ်ရှေ့မင်းသားကို ခစားရာ၌ စိတ်ကျေနပ်စေနိုင်ပေလိမ့်မည်။ သူ၏ဤတစ်ကြိမ်ကျရှုံးမှုအတွက် ကျေအေးနိုင်လိမ့်မည်ဖြစ်ပြီး အိမ်ရှေ့မင်းသားမှ အပြစ်ပေးခြင်းကို ရှောင်တိမ်းနိုင်ပေလိမ့်မည်။
ထို့ပြင် သတ်ဖြတ်သူနယ်ပယ်တွင် အကြီးမားဆုံးပြိုင်ဘက်ဖြစ်သူအား မိမိ၏လက်အောက်သို့ သွတ်သွင်းနိုင်ခြင်းသည် ခဲတစ်လုံဖြင့်ငှက်နှစ်ကောင်ပစ်နိုင်လိုက်ခြင်း ဖြစ်ပါ၏။
ပါးကွက်အာဏာသား၏စကားကို ကြားလိုက်ရသည်တွင် ဝမ်ဖုန်းမှာ ပါးကွက်အာဏာသားကို ထူးဆန်းစွာ အကြည့်ရောက်သွားရသည်။ အမှန်အတိုင်းပြောရပါလျှင် ဝမ်ဖုန်းသည် ထိုမျှတုံးအသည့်လူကို တစ်ခါမျှ မတွေ့ဖူးပါချေ။
ကောင်းကင်ခွဲဖြာအရှင်သည်တော့ ပါးကွက်အာဏာသားကို လျစ်လျူရှုလျက် ဝမ်ဖုန်းကိုသာ အကြည့်မလွှဲတမ်းကြည့်နေခဲ့သည်။
ကောင်းကင်ဘုံအရှင်သည် အိမ်ရှေ့မင်းသားဟူသောသရုပ်မှာ အဆင့်အတန်းမြင့်မားလှသည်ကို သိပါ၏။ သို့သော် အကြွင်းမဲ့အင်အား၏ရှေ့မှောက်တွင် မည်သို့သောအဆင့်အတန်းဖြစ်စေ အားလုံးမှာ သောက်ရေးမပါသည့်အရာများသာ ဖြစ်၏။
ထိုအမျိုးသမီးသည် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူ ဖြစ်နိုင်ကောင်းသည်။ ထိုသို့သောကျင့်ကြံသူအမျိုးသမီး၏ ရှေ့မှောက်တွင် ကြီးမြတ်သောလေအင်ပါယာ၏ အိမ်ရှေ့မင်းသားဟူသည်လည်း နှိုင်းယှဉ်၍မရနိုင်ပါချေ။
ထို့ပြင် ယခုအချိန်ကာလအထိ ရှန်ရှန့်ကျုံဂိုဏ်း၏ သရုပ်မှန်အသေးစိတ်ကို မည်သူမျှ မသိကြပေ။ သို့ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်း၏ကြောက်မက်ဖွယ်ကောင်းမှုကို စိတ်ကူးမှန်းဆကြည့်နိုင်ပါ၏။
“ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းမှာ ကြမ်းပြင်ကို တံမြက်လှည်းဖို့လူ မရှိသေးဘူး”
နောက်ဆုံးတွင်တော့ ဝမ်ဖုန်းသည် ကောင်းကင်ခွဲဖြာအရှင်ကို ပြန်ကြည့်လာခဲ့ပြီး ပေါ့ပြက်လှစွာ ပြောခဲ့လေသည်။
“ကောင်းကင်ခွဲဖြာအရှင် ဂိုဏ်းချုပ်ဝမ်ကို ကျေးဇူးတင်ပါတယ်”
ဝမ်ဖုန်း၏စကားအဆုံးတွင် ကောင်းကင်ခွဲဖြာအရှင်သည် ဦးညွှတ်အရိုအသေပေး၍ ကျယ်လောင်စွာပြောခဲ့သည်။
ထို့နောက်တွင် ကိုယ်ကိုမတ်၍ အံကိုတင်းတင်းကြိတ်လျက် သူ၏လက်ဖဝါးတို့တွင် ကြောက်မက်ဖွယ်စွမ်းအင်တို့ ရုတ်ချည်းပေါ်ထွက်လာခဲ့ပြီး သန့်ထျန်းသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဖူးး!
ကောင်းကင်ခွဲဖြာအရှင်၏အာခံတွင်းမှ လေးကြိုးမှမြားတံပစ်လွှတ်လိုက်သည့်အလား သွေးတစ်ပွက်ပန်းထွက်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံးတွင် ကြီးကျယ်ခမ်းနားသောချီစွမ်းအင်များ ရုတ်ချည်းထွက်လာခဲ့ကာ သူ၏ကျင့်ကြံမှုအရှိန်အဝါသည် ကြောက်မက်ဖွယ်အရှိန်နှုန်းဖြင့် အားနည်းဖျော့တော့လာခဲ့သည်။
ခဏတာအချိန်အတွင်းတွင် ကြီးထွားသန်မာသော ကောင်းကင်ခွဲဖြာအရှင်သည် ချိနဲ့စွာသော ဆံဖြုအဘိုးအိုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ကျစ်!”
ထိုမြင်ကွင်းကိုမြင်တွေ့ရသည်တွင် ပါးကွက်အာဏာသားနှင့် အခြားသူများသည် မထိန်းချုပ်နိုင်စွာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြ၏။ ထိုကောင်းကင်ခွဲဖြာအရှင်သည် ထိုမျှတိကျပြတ်သားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
တစ်ပြိုင်နက်တည်းပင် ပါးကွက်အာဏာသားနှင့် အခြားသူများသည် ကြောက်ရွံ့မှုအချို့ခံစားလိုက်ရ၏။ မိမိကိုယ်ကို ရက်စက်ကြမ်းကြုတ်ခြင်းသည် အမှန်တကယ် ကြောက်ရွံ့ဖွယ်ကောင်းလှပါ၏။
“ဘာလို့လဲ! ဘာလို့ ငါ့ရဲ့ခေါင်းပြတ်အဖွဲ့အစည်းကိုဝင်ပြီး အိမ်ရှေ့မင်းသားကို ခစားရမှာထက် ကိုယ့်ကိုယ်ကိုကျင့်ကြံမှုဖျက်ဆီးဖို့ လိုလားခဲ့ရတာလဲ?!”
အံ့ဩထိတ်လန့်နေပြီးနောက်တွင် ပါးကွက်အာဏာသားသည် ကောင်းကင်ခွဲဖြာအရှင်အား အပြင်းအထန် ကြိမ်းမောင်းပြောဆိုတော့သည်။ ကောင်းကင်ခွဲဖြာအရှင်သည် သူ၏အဖွဲ့အစည်းသို့ဝင်ရောက်ခြင်းထက် မိမိ၏ကျင့်ကြံမှုကို ဖျက်ဆီးလိုခဲ့သည်ကို သူနားမလည်နိုင်ပါချေ။
ထိုကြိမ်းမောင်းပြောဆိုသံအဆုံးတွင် ကောင်းကင်ခွဲဖြာအရှင်သည် မည်သည့်စကားမျှမဆိုဘဲ ပါးကွက်အာဏာသားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းဘက်သို့ပြန်လှည့်၍ ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
ထိုမြင်ကွင်းသည် ပါးကွက်အာဏာသား၏နှလုံးအိမ်တစ်ခုလုံးကို ချောက်ချားသွားစေခဲ့သည်။
ထိုအကြည့်၏အဓိပ္ပာယ်ကို သူသိပါ၏။ ၎င်းအကြည့်မှာ သူမကြာခဏ သုံးလေ့ရှိသည့်အကြည့်မျိုးဖြစ်သည်။ ၎င်းအကြည့်သည် လူမသတ်မီတွင် သူအမြဲကြည့်လေ့ရှိသည့်အကြည့်ဖြစ်သည်။ သေလူအားကြည့်သည့် အကြည့်ဖြစ်၏။
“အခုကစပြီး မင်းက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တံမြက်လှည်းတဲ့သူဖြစ်သွားပြီ”
ဝမ်ဖုန်းသည် လက်ကိုဆန့်ထုတ်ဝှေ့ယမ်း၍ ကောင်းကင်သို့ စွမ်းအင်တစ်ခုပျံတက်သွားစေခဲ့ရင်းဖြင့် ကျယ်လောင်စွာပြောခဲ့သည်။