ဧကရာဇ်ကြီး သေဆုံးတော့မည်။
Vol. 9 Ch. 116
မုယွင်ဖေးသည် တပည့်အသစ်များကို နေထိုင်ရန်နေရာရွေးချယ်ရန် ခေါ်ဆောင်လာခဲ့သည်။ မုယွင်ဖေးသည် တပည့်များကို အိမ်တစ်ဆောင်ရှေ့တွင် ရပ်စေ၍ ပြောခဲ့သည်။
“မင်းတို့နေဖို့ နေရာရွေးလိုက်ကြပါ”
လူငယ်လေးတစ်ဦးသည် ခေါင်းညိတ်ပြီးနောက် စာတစ်စောင်ထုတ်ကာ မုယွင်ဖေးကိုပေးရင်းဖြင့် ပြော၏။
“ဂိုဏ်းတူအစ်ကိုမု လူတစ်ယောက်က ဂိုဏ်းတူအစ်ကိုမုကို စာတစ်စောင်ပေးပေးဖို့ တောင်းဆိုထားပါတယ်”
မုယွင်ဖေးမှ စာလက်ခံယူရန် လက်ကိုဆန့်ထုတ်လိုက်သည်။ စာအိတ်ပေါ်ရှိ ထူးခြားသည့်တံဆိပ်ကို မြင်လိုက်ရသောအခါတွင် မုယွင်ဖေး၏မျက်နှာအမူအရာမှာ လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။
“မင်းကို ဒီစာဘယ်သူပေးလိုက်တာလဲ”
“ကျွန်တော် မသိပါဘူး။ အဲဒီ့လူက ကျွန်တော့်ကို စိတ်စွမ်းအင်ကျောက်တုံးတစ်ခုပေးပြီး အခွင့်အရေးရှာပြီး ဂိုဏ်းတူအစ်ကိုမုကို ပေးခိုင်းလိုက်တာပါ”
“ကောင်းပြီ။ အစ်ကိုသိပြီ။ မင်းသွားလို့ရပြီ။ ကောင်းကောင်းအနားယူပြီး မနက်ဖြန်ကစ ကြိုးကြိုးစားစားလေ့ကျင့်ပါ”
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကို”
ထိုလူငယ်လေး၏နောက်ကျောပြင်ကိုကြည့်ရင်းဖြင့် မုယွင်ဖေးမှာ စိတ်များလေးလံလာရသည်။ မုယွင်ဖေးသည် သူ၏အဆောင်သို့ အလျင်အမြန် ပြန်လာခဲ့၏။
အဆောင်ခန်းသို့ပြန်ရောက်သောအခါ မုယွင်ဖေးမှာ ထိုစာအိတ်ကို ဖွင့်ဖောက်ကြည့်ရင်းဖြင့် လက်များတုန်ရီနေပေသည်။
“မင်းသား၅ မင်းကျင့်ကြံနိုင်ပြီဆိုတာကို ကြားသိရလို့ ငါကိုယ်တော် အရမ်းပဲဝမ်းမြောက်မိပါတယ်”
“မင်းရဲ့အရည်အချင်းနဲ့ မင်းသားတစ်ပါးဖြစ်ဖို့ မသင့်တော်ဘူးလို့တွေးပြီး မင်းက တော်ဝင်မိသားစုကို အရှက်ရစေလိမ့်မယ်လို့ အမြဲတွေးနေခဲ့တာကို ငါသိပါတယ်။ အဲဒါကြောင့်ပဲ မင်းကို ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုလျော့ကျစေတဲ့ ဒီနန်းတော်ကြီးကနေ ထွက်ပြေးသွားခဲ့တာမဟုတ်လား”
“ဒါပေမဲ့ မင်းက ကျင့်ကြံနိုင်စွမ်းမရှိတာကြောင့်နဲ့ ငါကိုယ်ေတာ်က မင်းကို လက်လျှော့လိုက်မှာမဟုတ်ဘူးဆိုတာကို မင်းသိပါတယ်။ မင်းက ငါကိုယ်တော်ရဲ့သားတော်ပဲ။ မင်းက ဘယ်လောက်ပဲ အသုံးမကျတဲ့လူဖြစ်နေပါစေဦးတော့ ငါကိုယ်တော်ရဲ့ သားတော်ဖြစ်နေတုန်းပါပဲ”
“ငါ့ကို အသာထားဦး.. ကျားအဆိပ်ဆိုတာမျိုးက ကလေးတွေကို မစားသုံးဘူးလေ! ဒီနှစ်တွေအတွင်းမှာ ငါမင်းကို အရေးမထားဘဲဆက်ဆံခဲ့တယ်။ အဲဒါက ငါကိုယ်တော် မင်းကိုဂရုမစိုက်လို့ မဟုတ်ပါဘူး။ အမှန်တော့ ငါကိုယ်တော်ရဲ့ များစွာသောသားတော်တွေထဲမှာ ငါကိုယ်တော်မင်းကို ဂရုအစိုက်ဆုံးပါ”
“ဒါပေမဲ့ မင်းအတွက် ပိုပြီးအန္တရာယ်များသွားမှာ စိုးရိမ်တာကြောင့် အဲဒီ့စိတ်ကို ထုတ်ဖော်မပြသနိုင်ခဲ့ဘူး”
“မင်းက မကျင့်ကြံနိုင်မှတော့ မင်းကို သာယာလှပတဲ့ဘဝလေးနဲ့ပဲ ရှင်သန်သွားစေမယ်လို့ ငါကိုယ်တော် အရင်က တွေးထားခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ မင်းက အမြင့်ကိုတက်လှမ်းနိုင်ခဲ့တယ်”
“ဟွမ်းအာ ပြန်လာခဲ့ပါ။ ရှင်းချန်က ဧကရာဇ်တစ်ပါးဖြစ်ဖို့ မသင့်တော်ဘူး။ သူက နိုင်လိုမင်းထက်ပြုမူလွန်းတယ်”
မုယွင်ဖေး၏မျက်လုံးများမှာ စိုစွတ်လာရသည်။ သူ၏ခမည်းတော်သည် သူ့အား အမြဲနားလည်နေခဲ့၏။ သို့သော် သူသည်တော့ သူ၏ခမည်းတော်မှာ ခက်ထန်သည်ဟု တွေးထင်ခဲ့သည်။ မိမိမှာ ကျင့်ကြံမှုစွမ်းရည်မရှိသောကြောင့် မိမိကိုအလေးမထားဟု တွေးထင်ခဲ့သည်။
“ခမည်းတော် ဒီသားတော် မှားသွားပါတယ်”
မုယွင်ဖေးသည် မထိန်းချုပ်နိုင်စွာ အရှေ့အရပ်သို့မျက်နှာမူလျက် ကိုယ်ကို ၉၀ဒီဂရီကိုင်းညွှတ်လျက် ဦးညွှတ်အရိုအသေပြုခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှာ တုန်ရီနေ၏။
အချိန်အတော်ကြာပြီးနောက်တွင်မှ မုယွင်ဖေးသည် မျက်ရည်များကိုသုတ်၍ စိတ်တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ စာလွှာထက်ရှိ စကားလုံးများကို နက်နက်နဲနဲ တစ်ကြိမ်ပြန်ဖတ်ရှုရင်းဖြင့် ထို့နောက်တွင် စာလွှာကို မီးအိမ်အထက်တွင် ထားကြည့်လိုက်၏။
ထူးခြားမှုမရှိပါချေ။ စာလွှာသည် ရုတ်ချည်းလောင်ကျွမ်းသွားခဲ့၏။ သို့သော် အလုံးစုံလောင်ကျွမ်းပြီးနောက်တွင် လေဟာပြင်၌စာလုံးအချို့ ပေါ်ထွက်လာခဲ့သည်။
ဘုန်း!
ထိုစာကြောင်းအနည်းငယ်ကို မြင်တွေ့လိုက်ရသည်တွင် မုယွင်ဖေး၏တစ်ကိုယ်လုံးမှာ အားနည်းချည့်နဲ့သွားရလျက် မြေပြင်သို့ပစ်လဲကျသွားခဲ့သည်။ သူ၏ဦးခေါင်းမှာ လစ်ဟာနေခဲ့၏။
“ငါကိုယ်တော် ကျရှုံးခဲ့ပြီ။ ကောင်းကင်ဘုံရဲ့ချို့ယွင်းချက်ကြီးငါးခုနဲ့လူက ငါကိုယ်တော်ရဲ့အသက်ကို ယူဆောင်သွားခဲ့ကြပြီ။ ငါကိုယ်တော် မကြာခင်မှာ သေရတော့မယ်။ မင်းမှာ လုံလောက်တဲ့အင်အားရှိရင် ပြန်လာပြီး ငါကိုယ်တော်အတွက် တိုက်ခိုက်ပေးပါ”
“မင်းမှာ အင်အားမလုံလောက်ခဲ့ရင်တော့ ရှန်ရှန့်ကျုံဂိုဏ်းမှာပဲ ဆက်နေရစ်ပါ။ မင်းရဲ့မယ်တော်အတွက် ငါကိုယ်တော် စီစဉ်ထားပြီးပြီ။ မင်းပြန်မလာခဲ့ရင် လူတစ်ယောက်ကိုစေခိုင်းပြီး သူမကို ရှန်ရှန့်ကျုံဂိုဏ်းကို ပို့ဆောင်ခိုင်းလိုက်မယ်။ မင်းရဲ့မယ်တော်အတွက်ရော မင်းအတွက်ရော ငါကိုယ်တော် ကိုယ့်ကိုယ်ကို ရှက်ရွံ့မိပါတယ်”
ထိုစာလုံးများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်ငြား မုယွင်ဖေး၏စိတ်ထဲတွင်တော့ ထိုစကားများမှာ အဖန်တလဲလဲ ပဲ့တင်ထပ်နေခဲ့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ? ခမည်းတော်က ဘယ်လိုလုပ်ပြီးသေနိုင်မှာလဲ ဘယ်လိုလုပ်ပြီးသေနိုင်မှာလဲလို့!”
မုယွင်ဖေး စိတ်ပျက်အားငယ်စွာဖြင့် ရေရွတ်နေမိသည်။ သူ၏ကောင်းကင်ကြီးမှာ ပြိုကျသွားခဲ့လေပြီ။
အထူးသဖြင့် မုယွင်ဖေးသည် မိမိမှာ ခမည်းတော်အား မှားယွင်းပြစ်တင်နေမိခဲ့ကြောင်းနှင့် ခမည်းတော်မှာ သေဆုံးရတော့မည့်အကြောင်းတို့ကို တစ်ပြိုင်နက်တည်း သိရှိခဲ့ရသည်။ မိမိကိုယ်ကို အပြစ်တင်စိတ်နှင့် မရင့်ကျက်သည့်ကလေးတစ်ယောက်၏စိတ်ထားမှ အရွယ်ရောက်လာသည်အထိ ကြာမြင့်စွာအချိန်ယူခဲ့ခြင်းအတွက် နာကျင်မှုသည် မုယွင်ဖေးကို အဆက်မပြတ် ညှဉ်းဆဲနေခဲ့သည်။
ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်ကြီးသည် ကြီးမြတ်သောလေအင်ပါယာကြီး၌ ဧရာမနေမင်းကြီးကဲ့သို့ အချိန်ကာလကြာမြင့်စွာ ထွန်းတောက်ခဲ့သည်။ သူ၏ခမည်းတော်ဧကရာဇ်ကြီးမှ နတ်ရွာစံကွယ်လွန်သွားပါလျှင် ကြီးမြတ်သောလေအင်ပါယာကြီးမှာ မည်သို့မည်ပုံ ဖြစ်ပျက်သွားလိမ့်မည်ကို မုယွင်ဖေး စိတ်ကူးမှန်းဆခြင်း မပြုဝံ့ပါချေ။
မုယွင်ဖေး၏စိတ်နှလုံး၌ ထိုစာကြောင်းနှစ်ကြောင်းကို အဆက်မပြတ် ပြန်လည်တွေးတောနေခဲ့သည်။ ပြန်လည်စဉ်းစားတွေးတောသည်နှင့်အမျှ နာကျင်မှုသည်လည်း ပို၍နက်ရှိုင်းပြင်းထန်လာရသည်။
ငယ်ရွယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ကြီးပြင်းသည်အထိ မိမိမှာ ကျင့်ကြံနိုင်စွမ်း မရှိလျှင်သော်မှ၊ စော်ကားပြုမူခြင်းများ ခံရလျှင်သော်မှ ထိုမျှသော နာကျင်မှုမျိုးကို မခံစားခဲ့ရပေ။ ဤတစ်ကြိမ်တွင်တော့ မုယွင်ဖေးမှာ အမှန်တကယ် ဝမ်းနည်းကြေကွဲနေရပေသည်။
“ရှန်ရှန့်ကျုံဂိုဏ်း! ဟုတ်တယ် ရှန်ရှန့်ကျုံဂိုဏ်း”
“ဂိုဏ်းချုပ်က အရမ်းအင်အားကြီးတာ.. သေချာပေါက် နည်းလမ်းရှိမှာပါ”
ရုတ်တရက်ပင် မုယွင်ဖေးသည် တစ်စုံတစ်ရာကို တွေးတောမိသွားသည့်အလား ကျယ်လောင်စွာထပြော၏။ ထို့နောက် အဆောင်ခန်းတံခါးကို အလောတကြီးဖွင့်၍ ဂိုဏ်းချုပ်ခန်းမဆောင်သို့ အလွန်လျင်မြန်လှသောအရှိန်နှုန်းဖြင့် ပြေးလွှားသွားခဲ့သည်
တံမြက်လှည်းနေသည့် ကောင်းကင်ခွဲဖြာအရှင်သည် အလောတကြီးဖြစ်နေသည့်မုယွင်ဖေးအား တစ်ချက်လှမ်းကြည့်လိုက်၏။ လူငယ်လေးအားကြည့်၍ ခေါင်းခါရမ်းလိုက်ပြီးနောက် လူအိုကြီးသည် တံမြက်လှည်းခြင်းကိုသာ အာရုံပြန်လည်စုစည်းလိုက်တော့သည်။
တစ်ညတာကုန်လွန်ပြီးနောက်တွင် ကောင်းကင်ခွဲဖြာအရှင်၌ ထိပ်တန်းသတ်ဖြတ်သူဟူသော အငွေ့အသက်များ မရှိတော့ပေ။
ဂိုဏ်းချုပ်ခန်းမဆောင်ကြီးတွင် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကိုကြည့်၍ ပြုံးရယ်နေသည့်မျက်နှာအမူအရာဖြင့် ပြောခဲ့သည်။
“ဂိုဏ်းသားစုဆောင်းခြင်းညီလာခံပြီးရင် မင်းရဲ့ကျင့်ကြံမှုအခြေခံကို ပြန်ပြီးမွမ်းမံပြင်ဆင်ပေးမယ်လို့ ငါဂိုဏ်းချုပ် ကတိပေးထားခဲ့တယ်။ အဆင်သင့်ဖြစ်ပြီလား?”
ဝမ်ဖုန်း၏စကားတွင် မဟာနတ်ဆိုးရွှမ်ရှသည် စိတ်လှုပ်ရှားလျက် လျင်မြန်စွာပြော၏။
“ဂိုဏ်းချုပ် ဒီတပည့် အဆင်သင့်ဖြစ်ပါပြီ”
“စနစ်! ဂိုဏ်းအမှတ်တစ်သောင်းသုံးပြီး ကျပန်းမဲဆယ်ခုဖွင့်မယ်!”
ဝမ်ဖုန်းသည် ပြုံး၍ခေါင်းညိတ်ပြီး စိတ်ထဲမှပြောလိုက်သည်။
“ဒင်! တုံ့ဖန်းပုပိုင်ရဲ့ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကိုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်! နေကြာစုဆောင်းမှုကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်….!”
ဝမ်ဖုန်း၏စိတ်တွင်းထဲ၌ စနစ်၏အချက်ပေးသံများ တစ်ခုပြီးတစ်ခုပေါ်ထွက်နေ၏။ နေကြာစုဆောင်းမှုမှလွဲ၍ အခြား၉ခုမှာ ကျင့်ကြံမှုအခြေခံများဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ဝမ်ဖုန်းသည် နေကြာစုဆောင်းမှုဖြင့် မိမိကိုယ်ကို ကောင်းချီးမပေးရဲပါတော့ချေ။
သောက်ကျိုးနည်းစနစ်မှ အရင်ဘဝ၏ဆောင်ပုဒ်တစ်ခုဖြစ်သည့် စွမ်းရည်ကိုလေ့ကျင့်လိုလျှင် ဦီးစွာ ကျိန်စာကဲ့သို့နန်းတော်မှ လာရောက်ရမည်ဟူသော စာကြောင်းသည် ဝမ်ဖုန်း၏စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ရိုက်နှိပ်ထား၏။
ဤနေကြာစုဆောင်းမှုကို စနစ်မှာ ပြီးပြည့်စုံစွာပြင်ဆင်ထားမည်ကို သိပါသော်ငြား ဝမ်ဖုန်းသည် မသုံးဝံ့ပါချေ။
“စနစ် ရယူထားတဲ့ကျင့်ကြံမှုအခြေခံတွေကိုသုံးပြီး မဟာနတ်ဆိုးရွှမ်ရှကို ကောင်းချီးပေးလိုက်ပါ။ သူရဲ့အထွတ်အထိပ်အခြေအနေအထိ ပြန်ကောင်းမွန်သွားပြီဆိုရင် ရပ်လိုက်လို့ရပြီ။ ကျန်တဲ့ကျင့်ကြံမှုအခြေခံတွေကို ယောင်ယွဲ့နဲ့ ရှောင်းရှီရိလင်ကို ကောင်းချီးပေးလိုက်ပါ”
ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။
တုံ့ဖန်းပုပိုင်သည် ဆန်းကြယ်အဓိပတိနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏ကျင့်ကြံမှုအခြေခံ၏ ဆယ်ပုံတစ်ပုံဆိုလျှင်သော်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအား ဖြစ်ပါ၏။
မဟာနတ်ဆိုးရွှမ်ရှ၏ လက်ရှိအထွတ်အထိပ်ကျင့်ကြံမှုသည် ဆန်းကြယ်အကြီးအကဲအထွတ်အထိပ်အဆင့်သာ ဖြစ်ပြီး ထုတ်လွှတ်နိုင်သည့် ကျင့်ကြံမှုအခြေခံသည် အလုံးစုံအသုံးမပြုနိုင်ပေ။
အကြီးအကဲယောင်ယွဲ့နှင့် ရှောင်းရှီရိလင်မှလွဲ၍ ရှန်ရှန့်ကျုံဂိုဏ်း၏ အခြားသောအကြီးအကဲများအားလုံးသည် ဆန်းကြယ်အင်ပါယာအထွတ်အထပ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်ရယူလိုက်သည့် ကျင့်ကြံမှုအခြေခံသည် မဟာနတ်ဆိုးရွှမ်ရှ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရယူထိန်းသိမ်းခဲ့ရုံမျှမက ယောင်ယွဲ့နှင့် ရှောင်းရှီရိလင်တို့နှစ်ဦးကိုလည်း ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေခဲ့သည်။
ဘုန်း!
ဝမ်ဖုန်း၏အသံအဆုံးတွင် ကောင်းကင်ဘုံ၏မြစ်တစ်စင်းမှ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်စီးဆင်းသည့်အလား လေဟာပြင်မှ ကြောက်မက်ဖွယ်စွမ်းအားကြီး ပေါ်ထွက်လာခဲ့ပြီး မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှ၏ကိုယ်တွင်းမှ ချိပ်ပိတ်စည်းကို ကသုတ်ကရက် သက်ရောက်စေရင်းဖြင့် ခန္ဓာကိုယ်မှ ဒဏ်ရာဟောင်းအချို့ကိုလည်း ကုသပေးသွားခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှသည် တုန်ယင်လာခဲ့ပြီးနောက် လျစ်လျုမရှုရဲစွာ စီးဝင်လာသည့်ချီစွမ်းအင်များကို အသားကျစေရန် အလျင်အမြန် လေ့ကျင့်လိုက်ရသည်။
ခဏအကြာတွင် မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်မှ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်၏ အရှိန်အဝါများထွက်ပေါ်လာခဲ့သည်။ တစ်ပြိုင်နက်တည်း၌ပင် ယောင်ယွဲ့နှင့် ရှောင်းရှီရိလင်တို့၏အဆောင်ခန်းတို့မှလည်း ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်၏ အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပေသည်။
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်!”
မဟာနတ်ဆိုးရွှမ်ရှသည် စိတ်လှုပ်ရှားနေမှုကိုဖိနှိပ်၍ ဝမ်ဖုန်းကို ရိုသေလေးစားစွာ အရိုအသေပေးခဲ့သည်။ ဝမ်ဖုန်းအား ကျေးဇူးတင်သောအကြည့်တို့ဖြင့်ကြည့်လျက် ကျယ်လောင်စွာပြော၏။
မဟာနတ်ဆိုးရွှမ်ရှမှာ သူ၏ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းဖြင့် သူ၏အထွတ်အထိပ်ကာလကို ပြန်လည်ရယူလိုပါလျှင် မြင်းလ၊ မျောက်နှစ်သို့ရောက်ရှိချိန်အထိ စောင့်ဆိုင်းရမည်ကို မသိနိုင်ပါချေ။