← Chapters

ပြန်လှည့်မရနိုင်သော။

Vol. 9 Ch. 117

ပြန်လှည့်မရနိုင်သော။

Vol. 9 Ch. 117

မဟာနတ်ဆိုးရွမ်ရှ၏ အပြုအမူစိတ်ထားကို မြင်တွေ့ရသည်တွင် ဝမ်ဖုန်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ မဟာနတ်ဆိုးရွှမ်ရှသည် နှလုံးသား၏နက်ရှိုင်းလှစွာသောအောက်ခြေမှ သူ့အား အပ်နှံထားခဲ့ပြီကို ခံစားနိုင်ပေသည်။

“ဇွဲရှိရှိနဲ့အဆက်မပြတ် အားထုတ်ပါ။ ဒါက မင်းရဲ့တစ်ချိန်တုန်းက အထွတ်အထိပ်အဆင့်ဖြစ်နိုင်ပေမယ့် လက်ရှိကာလရဲ့ အထွတ်အထိပ်မဟုတ်ဘူး။ ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်တဲ့အတွက် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ဆိုတာ အစပဲရှိသေးတယ်”

ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်သာသာရယ်မောလိုက်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် တုန်လှုပ်သွားခဲ့ပြီး မည်သည့်စကားမျှမဆိုဘဲ ရိုသေလေးစားစွာ အရိုအသေပြုခဲ့သည်။ သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများ ထင်ဟပ်နေခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှသည် မိမိမှာ နတ်ဆိုးတစ်ကောင်အဖြစ် အဆုံးမဲ့သောအထီးကျန်မှုကို ခံယူရမည့်ကံကြမ္မာဟု တွေးထင်ထားခဲ့သည်။ သို့ရာတွင် ချိပ်ပိတ်မှုကိုဖြိုဖျက်နိုင်ခဲ့ပြီးနောက်၌ စစ်မှန်သည့်အိမ်ကို ရှာဖွေတွေ့ရှိခဲ့မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

ယခုအချိန်မှစတင်၍ ရှန်ရှန့်ကျုံဂိုဏ်းသည် မဟာနတ်ဆိုးရွှမ်ရှ၏အိမ် ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးအိမ်၌ ဝမ်ဖုန်း၏စကားများမှာ ကျမ်းသစ္စာကဲ့သို့ ခံစားနေရ၏။

“ဂိုဏ်းချုပ်!”

ဝမ်ဖုန်းမှ တစ်စုံတစ်ရာပြောတော့မည်တွင် မုယွင်ဖေးမှ အလောတကြီး ဝင်ရောက်လာခဲ့သည်။ မုယွင်ဖေးသည် ဝမ်ဖုန်းရှေ့တွင် ‌ရုတ်ချည်း ဒူးထောက်ချလိုက်၏။

ထိုအခိုက်တွင် ဝမ်ဖုန်း၏မျက်နှာမှာ တောင့်ခဲသွားလျက် မုယွင်ဖေးအား စူးစိုက်ကြည့်လိုက်သည်။ ဝမ်ဖုန်းသည် မုယွင်ဖေးအား ပျာယာခတ်နေခြင်းအတွက် ပြစ်တင်ပြောဆိုခြင်းမပြုဘဲ နူးညံ့စွာပြောလိုက်၏။

“ထိတ်ပျာမနေနဲ့။ ပြောစရာရှိတာကို ဖြေးဖြေးချင်းပြော။ အရာအားလုံးမှာ အကြောင်းရင်းမြစ်ရှိစမြဲပဲ’

ဘေးရှိမဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာအမူအရာသည်လည်း လေးနက်နေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် မုယွင်ဖေးနှင့် စကားများစွာပြောဆိုလေ့မရှိသော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏အကြီးအကဲများထဲတွင် မဟာနတ်ဆိုးရွှမ်ရှသည် မုယွင်ဖေးနှင့် အခြားတပည့်များကို အချိန်ကာလ အကြာမြင့်ဆုံး ထိတွေ့ခဲ့ရသူမဟုတ်ပါလော။

မုယွင်ဖေး၏အကျင့်စရိုက်ကို သူ သေချာသိပါ၏။ အမှန်တကယ် ကိစ္စကြီးမဟုတ်ပါလျှင် မုယွင်ဖေးသည် ဤသို့စိတ်အခြေအနေမျိုး ဖြစ်နေလိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် မုယွင်ဖေး၏မျက်လုံးများမှာ ဝိဉာဉ်ထုတ်ခံထားရသည့်အလား လစ်ဟာ၍ ခံစားချက်ကင်းမဲ့နေခဲ့သည်။ သူ၏ခန္ဓာကိုယ်သည်တော့ တုန်လှုပ်နေခဲ့သည်။

“အရမ်းစိတ်မလှုပ်ရှားနဲ့. ငါဂိုဏ်းချုပ် ဒီမှာရှိနေတယ်လေ။ ဘာဖြစ်လို့လဲ”

‌ဝမ်ဖုန်းသည် ရှေ့သို့လျှောက်သွား၍ မုယွင်ဖေး၏ပခုံးကို ခပ်ဖွဖွပုတ်ပေး၍ ညင်သာနူးညံ့စွာပြောခဲ့သည်။

ဝမ်ဖုန်း၏စကားလုံးများမှာ နွေးထွေးသည့်စီးကြောင်းကဲ့သို့ မုယွင်ဖေး၏စိတ်ကို အားအင်ဖြည့်စွက်ပေးနိုင်ခဲ့သည်။ မုယွင်ဖေး၏ ထိတ်လန့်ပျာယာနေသည့်စိတ်အခြေအနေနှင့် နှလုံးသားနာကျင်နေမှုများမှာ အနည်းငယ်ပြောလျော့သွားရ၏။

“ဂိုဏ်းချုပ်မှာ ကောင်းကင်ဘုံရဲ့ချို့ယွင်းချက်ကြီးငါးခုရဲ့ဖျက်ဆီးခြင်းခံလိုက်ရတဲ့သူကို ကုသနိုင်မယ့်နည်းလမ်းရှိလား”

မုယွင်ဖေးသည် မျှော်လင့်ချက်ကြီးစွာသောမျက်လုံးများဖြင့် ဝမ်ဖုန်းကိုမော့ကြည့်နေခဲ့သည်။

“ကောင်းကင်ဘုံရဲ့ချို့ယွင်းချက်ကြီးငါးခုလား”

“ကောင်းကင်ဘုံရဲ့ချို့ယွင်းချက်ကြီးငါးခု!”

ပထမမေးခွန်းမည်သည့်စကားသံမှာ ဝမ်ဖုန်းပြောလိုက်ခြင်းဖြစ်၏။ ဝမ်ဖုန်း ဤကမ္ဘာကိုရောက်လာခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသည်။ ဝမ်ဖုန်းသည် လက်ရှိကာလတွင် ဆန်းကြယ်အဓိပတိကနဦးအဆင့်ဟူသော ကြောက်မက်ဖွယ်ကျင့်ကြံဆင့်သို့ ရောက်ရှိနေပါသော်ငြား ဤကမ္ဘာ၏ကျင့်ကြံမှုအသိပညာဗဟုသုတများတွင် လူသစ်အဆင့်သာ ရှိသေးပေသည်။

အံ့အားသင့်ဟန်သောစကားသံမှာ မုယွင်ဖေးအား တင်းမာသောမျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည့် မဟာနတ်ဆိုးရွှမ်ရှမှ ပြောလိုက်ခြင်းဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံမှုသာ ရှိသေးသော်ငြား သူသည် အချိန်ကြာမြင့်စွာတည်ရှိခဲ့သည့် မျိုးဆက်ဟောင်းကျင့်ကြံသူကြီးတစ်ဦးဖြစ်လေရာ သူ၏အသိပညာဗဟုသုတသည် ဝမ်ဖုန်းထက် များစွာသာလွန်ပေသည်။

ဝမ်ဖုန်းသည် မေးခွန်းထုတ်နေသည့်အကြည့်တို့ဖြင့် မဟာနတ်ဆိုးရွှမ်ရှအား ကြည့်လိုက်သည်။

မဟာနတ်ဆိုးရွှမ်ရှသည်လည်း ဝမ်ဖုန်း၏အကြည့်တို့ကို သတိထားမိပါ၏။ မဟာနတ်ဆိုးရွှမ်ရှသည် မျက်နှာအမူအရာ စိုးစဉ်းသော်မျှ မပြောင်းလဲသော်ငြား စိတ်နှလုံး၌ ထူးဆန်းသည့်ခံစားချက်အချို့ ခံစားလိုက်ရပေသည်။

“ဂိုဏ်းချုပ် ကောင်းကင်ဘုံရဲ့ချို့ယွင်းချက်ကြီးငါးခုဆိုတာက ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတွေအတွက်ပါ။ ဆန်းကြယ်သူတော်စင်အဆင့်ကို ကျော်ဖြတ်ထိုးဖောက်နိုင်ဖို့အတွက် ရင်ဆိုင်ကြုံတွေ့ရတဲ့ အတိဒုက္ခတစ်မျိုးပါပဲ။ ကောင်းကင်နဲ့ပထဝီမြေကြီးကိုထိုးဖောက်တဲ့ ဆန်းကြယ်သူတော်စင်အဆင့်အတွက် အဲဒါကိုမကျော်ဖြတ်နိုင်ရင် သေဆုံးပျောက်ကွယ်သွားရပါလိမ့်မယ်”

၎င်းအကြောင်းအရာသည် နားလည်ရန်ခက်ခဲသော်ငြား မဟာနတ်ဆိုးရွှမ်ရှသည် ရှင်းပြခဲ့၏။

“ဆန်းကြယ်သူတောင်စင်အဆင့်က တကယ်စစ်မှန်တဲ့စွမ်းအားပါ။ ဆန်းကြယ်အင်ပါယာအဆင့်ကိုရောက်ရှိနိုင်တဲ့ကျင့်ကြံသူဟာ တောင်တန်းမြစ်ပင်လယ်တွေကို ချိုးဖျက်နိုင်ပြီး လေဟာပြင်ကို ဖျက်ဆီးနိုင်တယ်။ အင်ပါယာကြီးသုံးခုမှာ ရှေးအချိန်တွေတည်းက အခုလက်ရှိအချိန်အထိ ဆန်းကြယ်သူတော်စင်အဆင့်ကျင့်ကြံသူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး”

“ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုဆိုတာက ရုပ်ခန္ဓာချွင်းချက်၊ ချီချွင်းချက်၊ ဝိဉာဉ်ချွင်းချက်၊ အသက်စွမ်းအင်ချွင်းချက်နဲ့ ကောင်းကင်ဘုံချွင်းချက်တွေကို ဆိုလိုတာပါ။ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုဆိုတာရဲ့ သရုပ်သကန်အတိအကျကို ဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ရပြီဆိုတာနဲ့ အောင်မြင်တာနဲ့သေဆုံးတာကလွဲပြီး တခြားရလဒ်မရှိနိုင်ဘူး”

မဟာနတ်ဆိုးရွှမ်ရှမှ ထပ်မံပြောခဲ့သည်။ ပြောနေစဉ်အတွင်း မုယွင်ဖေးအားကြည့်နေသည့် မဟာနတ်ဆိုးရွှမ်ရှ၏အကြည့်များတွင် အံ့ဩထိတ်လန့်မှုများ ထင်ဟပ်နေခဲ့၏။

မဟာနတ်‌ဆိုးရွှမ်ရှသည် မုယွင်ဖေးမှာ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ရသည့် အင်အားကြီးနောက်ခံမျိုးရှိနေသည်အထိ ဇာစ်မြစ်မရိုးရှင်းသူဟု မျှော်လင့်မထားခဲ့ပါချေ။ မုယွင်ဖေး၏အခြေအနေကိုကြည့်ခြင်းအားဖြင့် ထိုလူမှာ မုယွင်ဖေးအတွက် အလွန်အရေးပါသည့်သူ ဖြစ်ပေမည်။

ဝမ်ဖုန်းသည် ခေါင်းညိတ်၍ မုယွင်းဖေးအား မေးခဲ့သည်။

“ဒါနဲ့ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကျရှုံးခဲ့ရတာက မင်းရဲ့အုပ်ထိန်းသူလား”

“ယွင်ဖေးက ကြီးမြတ်သောလေအင်ပါယာရဲ့ မင်းသား၅ဖြစ်ပြီး ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာက ကျွန်တော့်ရဲ့ခမည်းတော်ဧကရာဇ်ပါ”

မုယွင်ဖေးမှ ခေါင်းညိတ်၍ပြောခဲ့သည်။

ဤသည်မှာ အလွန်တရာလျှို့ဝှက်သော အကြောင်းအရာဖြစ်၏။ သတင်းစကား တစ်စွန်းတစ်စပင် ပေါက်ကြားသွားပါလျှင် ကြီးမြတ်သောလေအင်ပါယာကြီးတစ်ခုလုံး တုန်လှုပ်ယိမ်းခါသွားစေနိုင်သည့် အကြောင်းအရာကို မုယွင်ဖေးသည် ဝမ်ဖုန်းအား သံသယအလျဉ်းမရှိ ပြောပြခဲ့သည်။

မုယွင်ဖေးသည် ဝမ်ဖုန်းအား အနှိုင်းမဲ့ယုံကြည်ပေသည်။ မိမိကိုယ်ကို ယုံကြည်သည်ထက်ပင် ဝမ်ဖုန်းကိုပို၍ယုံကြည်ပါ၏။

“ဘာရယ်?”

မဟာနတ်ဆိုးရွှမ်ရှသည် မျက်လုံးများမှေးကျဉ်းသွားလျက် အံ့အားသင့်စွာပြောလာခဲ့သည်။ မဟာနတ်ဆိုးရွမ်ရှသည် ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်သည် ဆန်းကြယ်အဓိပတိအဆင့်ကိုရောက်ရှိနိုင်ပြီးနောက် ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့နိုင်သည်အထိသော ရဲရင့်မှုမျိုးရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အားလုံးသိထားကြသည်မှာ အင်ပါယာကြီးသုံးခု၏ဧကရာဇ်များသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံမှုသာ ရှိကြသည်ဟူ၍ဖြစ်သည်။

ဂိုဏ်းချုပ်ဝမ်သည်လည်း အံ့အားသင့်သွားခဲ့သည်။ မုယွင်ဖေးသည် ကြီးမြတ်သောလေအင်ပါယာ၏ မင်းသားတစ်ပါးဖြစ်နေခြင်းကြောင့်မဟုတ်ပါလျှင် ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်သည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်ကို သိနိုင်မည်မဟုတ်ချေ။

ထို့ပြင် ‌ကြီးမြတ်သောလေအင်ပါယာနှင့်အပြိုင် ကျော်ကြားသည့် အခြားအင်ပါယာကြီးနှစ်ခု၏ဧကရာဇ်များသည်လည်း သူတို့၏ကြောက်မက်ဖွယ်ကျင့်ကြံဆင့်များကို ဖုံးကွယ်ထားနိုင်ကြသည်မဟုတ်ပါလော။

ကနဦးတွင် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏လက်ရှိအင်အားအပေါ် ယုံကြည်မှုအပြည့်ရှိခဲ့သည်။ သို့သော် ယခုတွင်မူ သူ၏စိတ်နှလုံးအတွင်း၌ စိုးရိမ်ပူပန်မှုအချို့ ကြီးထွားလာခဲ့ပေသည်။ မိမိမှာ အင်ပါယာကြီးသုံးခုအား အထင်မြင်သေးခဲ့မိသည် ထင်ပါ၏။

အင်ပါယာကြီးသုံးခု၏ဧကရာဇ်များမှ ပြသထားသည့်အင်အားများသည် ရေခဲတောင်ကြီး၏ထိပ်ဖျားလေးသာ ဖြစ်နိုင်ပေသည်။

“မင်းရဲ့အဖေကို ကယ်ပေးစေချင်တာလား”

ဝမ်ဖုန်းသည် သူ၏စိတ်တွင်းမှအတွေးများကိုဖိနှိပ်၍ မုယွင်ဖေးအားကြည့်လျက် မေးလိုက်သည်။

မုယွင်ဖေးသည် ခေါင်းညိတ်၍ ဝမ်ဖုန်းအား မျှော်လင့်တကြီးပြန်ကြည့်၏။

“မဖြစ်နိုင်ဘူး!”

အခြားတစ်ဖက်မှ မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏စကားကိုကြားလိုက်ရပြီးနောက် ခိုင်မာစွာပြောလာခဲ့၏။

“ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုက ကျင့်ကြံသူတွေအတွက် အထက်ကောင်းကင်နဲ့ပထဝီမြေကြီးက ချမှတ်ပေးတဲ့အတိဒုက္ခပဲ။ အဲဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့စည်းမျဉ်းတွေကနေ အလိုအလျောက်မွေးဖွားဖြစ်တည်လာခဲ့တာ။ လူတစ်ယောက်က ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ရပြီဆိုတာနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ထိန်းချုပ်မှုကိုကျော်လွန်ပြီး ဒြပ်စင်စွမ်းအားတွေကိုဖိနှိပ်ရတော့မှာ.. အဲဒီ့အခြေအနေကိုကျရောက်သွားပြီဆိုရင် ဖြိုခွင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

“အဲဒါက လူသားဆိုတဲ့တည်ရှိမှုတွေ သိမြင်နိုင်တာထက် အများကြီးသာလွန်တဲ့ စွမ်းအားအဆင့်ပဲ။ ရှေးအချိန်တွေတည်းက အခုချိန်အထိ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ခဲ့ရတဲ့သူကို ကယ်တင်နိုင်ခဲ့တာမျိုး တစ်ယောက်မှမရှိသေးဘူး”

ဂိုဏ်းချုပ်သည် အလွန်ကြောက်မက်ဖွယ်သော ကျင့်ကြံသူဖြစ်ပြီး သူ၏ကျင့်ကြံမှုအင်အားသည် နက်နဲလှပြီး ရှန်ရှန့်ကျုံဂိုဏ်းကြီးသည် အလွန်တရာလျှို့ဝှက်ဆန်းကြယ်လှသည်မှာ မှန်ပါသော်ငြား ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ခဲ့ရသည့်လူအား ကယ်တင်နိုင်လိမ့်မည်ဟူသော အဆိုကိုမူ မဟာနတ်ဆိုးရွှမ်ရှ မယုံကြည်နိုင်ပါ။

ဤအခြင်းအရာမှာ လူသားတစ်ဦးမှ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ ကောင်းကင်ဘုံ၏စွမ်းအားဖြစ်ပြီး ကျင့်ကြံသူများအတွင် ကောင်းကင်ဘုံမှ ပေးအပ်သည့်အပြစ်ဒဏ်ဖြစ်သည်။ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုအား ဖြိုခွင်းလိုပါလျှင် ၎င်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ခြင်းသာ ဖြစ်ပေမည်။

သို့သော် ၎င်းမှာ အဘယ်သို့များဖြစ်နိုင်ပါမည်နည်း။

ကျင့်ကြံသူတစ်ဦးသည် မည်မျှစွမ်းအားကြီးမားသည်ဖြစ်စေ ကောင်းကင်ဘုံနှင့်ဖက်ပြိုင်ခြင်းငှာ မတတ်နိုင်ပေ။ ‘ကောင်းကင်ဘုံအား ဆန့်ကျင်ခြင်း'ဟူသော ထိုအဆိုသည် ကျင့်ကြံသူများမှ အခြားသူများနှင့် မိမိကိုယ်ကို လိမ်လည်လှည့်ဖျားခြင်းသာ ဖြစ်သည်။ ဤလောကကြီးရှိ တည်ရှိမှုအားလုံးသည် ကောင်းကင်ဘုံ၏လက်အောက်မှ တည်ရှိမှုများသာဖြစ်၏။

All Chapters