← Chapters

ကြီးမြတ်သောလေအင်ပါယာသို့ထွက်ခွာခြင်း။

Vol. 9 Ch. 118

ကြီးမြတ်သောလေအင်ပါယာသို့ထွက်ခွာခြင်း။

Vol. 9 Ch. 118

တကယ်တမ်းတွင် ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသူကို ကယ်တင်ရန်မှာ မဖြစ်နိုင်သည်ကို မုယွင်ဖေးလည်း သိ‌နေခဲ့ပါ၏။ သို့သော် မုယွင်ဖေးသည် ကြိုးစားကြည့်ချင်ခဲ့သည်။

ဂိုဏ်းချုပ်သည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၍ နက်နဲလှသူဖြစ်သည်။ အကယ်၍များ… အကယ်၍များ ဂိုဏ်းချုပ်သည် ရှေးအချိန်များ၌ပင် မည်သူမျှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဖူးသည့်ဖြစ်ရပ်ကို လုပ်ဆောင်နိုင်ခြင်းဖြင့် အံ့ဖွယ်ဖြစ်ရပ်ကို အမှန်တကယ်ဆောင်ကြဉ်းနိုင်ခဲ့သည်လည်း ဖြစ်နိုင်သည်မဟုတ်ပါလော။

အနည်းငယ်မျှသော ဖြစ်နိုင်ချေ‌ဆိုလျှင်သော််မှ မုယွင်ဖေးသည် ကြိုးစားကြည့်ချင်ခဲ့သည်။

ဝမ်ဖုန်းသည် အပြင်ပန်းတွင် တွေးတောဆင်ခြင်နေဟန်ဖြစ်သော်ငြား စိတ်တွင်းမှာဖြင့် စနစ်အား မေးမြန်းနေခဲ့ပေသည်။

“စနစ် ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူကို ကယ်တင်နိုင်တဲ့နည်းလမ်းရှိလား”

“ဒင်! အဲဒါက အခြေအနေပေါ် မူတည်ပါတယ်။ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုရဲ့ ပဉ္စမမြောက်ကို ရောက်သွားခဲ့ပြီဆိုရင် သခင့်ရဲ့လက်ရှိစနစ်အဆင့်၊ လက်ရှိကျင့်ကြံဆင့်နဲ့ မကုသနိုင်ပါဘူး။ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကြောင့် ထိခိုက်မှုကို တိကျတဲ့တန်‌ကြေးကို ပေးဆပ်ပြီးတော့မှ ကုသနိုင်ပါတယ်”

“မကုသမီမှာ စေ့စပ်စစ်ဆေးတဲ့စနစ်ကို ဖွင့်ရပါမယ်”

သူ၏စိတ်တွင်းမှ ထွက်ပေါ်လာသည့် အေးစက်သည့်အသံသည် ဝမ်ဖုန်းကိုပျော်ရွှင်သွားစေ၏။ မိမိမှာ တကယ့်ကို စနစ်၏သခင်ပင်။ ရှေးအချိန်များတည်းက မည်သူမျှမကယ်တင်နိုင်ခဲ့သည့် ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကိုပင် ကုသနိုင်သည်တဲ့။

“စေ့စပ်စစ်ဆေးတဲ့စနစ်?”

သို့သော်ငြား ဝမ်ဖုန်းမှာ ရှုပ်ထွေးနေဆဲဖြစ်ပါ၏။

“ဒင်! စေ့စပ်စစ်ဆေးတဲ့စနစ်က ပုံမှန်အားဖြင့် စနစ်အဆင့်နံပါတ်သုံးထိ အဆင့်မြှင့်တင်ပေးမယ့် စနစ်ရဲ့ဆုလာဘ်တစ်ခုပါ။ ဒါပေမဲ့ အဲဒါကို ဂိုဏ်းအမှတ်တစ်သိန်းနဲ့ ကြိုတင်အသက်သွင်းနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင်ပဲ စနစ်ကိုအဆင့်သုံးအထိ တိုက်ရိုက်အဆင့်မြှင့်တင်နိုင်ပါတယ်”

“ဒါပေမဲ့ သိထားရမယ့်အချက်တစ်ခုရှိပါသေးတယ်။ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူက တစ်လအတွင်း သေဆုံးသွားမှာဖြစ်ပါတယ်”

“စနစ်ကိုအဆင့်သုံးကို တိုက်ရိုက်မြှင့်တင်ဖို့အတွက် ဘာတွေလိုအပ်လဲ”

ဝမ်ဖုန်း မျက်လုံးများကိုမှေးကျဉ်းလျက် မေးလိုက်သည်။

“ဒင်! ဂိုဏ်းအမှတ်နှစ်သိန်းနဲ့ ဂိုဏ်းတပည့်၅၀နဲ့အထက် လိုအပ်ပါတယ်”

စိတ်တွင်း၌ထွက်ပေါ်လာသည့် အေးစက်သည့်အသံသည် ဝမ်ဖုန်း၏မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ ယောင်ရီအင်ပါယာသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းအား အတင်းအကြပ်ဖိနှိပ်ထားသည်ဖြစ်ရာ ဂိုဏ်းတပည့် ထပ်မံခေါ်ယူရန်မှာ အလွန်ခက်ခဲ၏။ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်း၏ ပထမဆုံးအကြိမ်ဂိုဏ်းသားစုဆောင်းခြင်းညီလာခံသည်လည်း ဂိုဏ်းတပည့်၁၄ဦးသာ ခေါ်ယူနိုင်ခဲ့သည်။

ဝမ်ဖုန်းမှ ‌ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်ကို ကယ်တင်လိုပါသော်ငြား သတ်မှတ်ထားသည့်အချိန်မှာ တစ်လသာဖြစ်၏။ ထိုတစ်လအတွင်းတွင် ဂိုဏ်းတပည့်၅၀ခေါ်ယူရန်မှာ မဖြစ်နိုင်ပေ။

‘ကြိုတင်အသက်သွင်းတာပဲ လုပ်လိုက်တာပေါ့လေ’

“စနစ် စေ့စပ်စစ်ဆေးစနစ်ကို ဂိုဏ်းအမှတ်တစ်သိန်းသုံးပြီး ကြိုတင်အသက်သွင်းလိုက်ပါ”

ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။

ပုံမှန်အခြေအနေမျိုးတွင် ဂိုဏ်းအမှတ်တစ်သိန်းဟူသော များပြားသည့်ပမာဏကို တစ်ချီတည်းသုံးလိုက်ရပါလျှင် ဝမ်ဖုန်း သေ‌ချာပေါက် စိတ်သောကရောက်မိမည်ဖြစ်သည်။

သို့သော် ယခုသည် မုယွင်ဖေး၏ဖခင် ‌ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်ကို ကယ်တင်ရန်ဖြစ်သည်။ ဂိုဏ်းချုပ်ဝမ်သည် တွန့်တိုစေးနှဲတတ်သူဖြစ်ပါသော်ငြား အရေးကြီးကိစ္စရပ်များအတွက်မူ သုံးစွဲရခြင်းငှာ စိတ်မကောင်းမဖြစ်မိပါ။

ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်ကို ကယ်တင်နိုင်ခဲ့ပါလျှင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှာ ကြောက်မက်ဖွယ်သော စိတ်ကူးမှန်းဆရန်ခက်ခဲနက်နဲလှစွာသော မဟာမိတ်ကို ရရှိမည်ဖြစ်သည်။ ဝမ်ဖုန်း၏အမြင်အရ ဂိုဏ်းအမှတ်တစ်သိန်းသည် မဟာမိတ်နှင့် နှိုင်းယှဉ်လိုက်ပါလျှင် ဘာမျှမဟုတ်ပါတော့ချေ။

ဤအ‌ေကြာင်းရင်းမရှိလျှင်သော်မှ မုယွင်ဖေးသည် ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်တစ်ဦးဖြစ်ပြီး သူ၏ဖခင်သည် သေဘေးကျရောက်နေသည်ဖြစ်ရာ ဝမ်ဖုန်းသည် မိမိတတ်နိုင်ပါလျှင် သေချာပေါက် ကယ်တင်လိမ့်မည်သာဖြစ်ပါ၏။

“ဒင်! စေ့စပ်စစ်ဆေးစနစ်ကို အသက်သွင်းလိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်”

“စေ့စပ်စစ်ဆေးစနစ်ကို တစ်ကြိမ်အသုံးပြုတိုင်းမှာ ဂိုဏ်းအမှတ်တစ်သောင်း ကျသင့်ပါမယ်။ စေ့စပ်စစ်ဆေးစနစ်ကို အသုံးပြုရင် လူတစ်ယောက်ရဲ့အခြေအနေနဲ့ ခန္ဓာကိုယ်တွင်းချီစွမ်းအင်‌သွေးကြောကိုပါ ထိုးထွင်းသိမြင်နိုင်ပါတယ်။ ကန့်သတ်ချက်ကတော့ စစ်ဆေးခံရသူရဲ့ကျင့်ကြံဆင့်က သခင်ရဲ့ကျင့်ကြံဆင့်ထက် သာလွန်နေခဲ့ရင် ထိုးထွင်းသိမြင်နိုင်မှာ မဟုတ်ပါဘူး”

စနစ်၏သတိပေးသံသည် ဝမ်ဖုန်းကို စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်မိစေ၏။ တကယ့်ကို စနစ်၏လုပ်ဆောင်ချက်ဟု မဆိုရပေ။ စွမ်းအားကြီးမားလှပေသည်။

လူတစ်ဦး၏အခြေအနေနှင့် ခန္ဓာကိုယ်တွင်းချီစွမ်းအင်သွေးကြောကိုပါ ထိုးထွင်းသိမြင်နိုင်ခြင်းမှာ မည်သည်ကိုဆိုလိုပါသနည်း။ ဝမ်ဖုန်းမှ စေ့စပ်စစ်ဆေးစနစ်ကို ဖွင့်လှစ်အသုံးပြုလိုက်သည်နှင့် ထိုလူ၏အားနည်းချက်များနှင့် ကျင့်ကြံမှုနည်းလမ်းစဉ်၊လည်ပတ်ပုံများကို သိနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါလော။ ၎င်းသည် ဝမ်ဖုန်း၏အင်အားကို တိုက်ရိုက်တိုးတက်စေနိုင်ခြင်း မရှိသော်ငြား သွယ်ဝိုက်သောနည်းဖြင့် ဝမ်ဖုန်း၏ တိုက်ဖျက်ချေမှုန်းသည့်စွမ်းရည်ကို တိုးတက်စေနိုင်ပေသည်။

“ဒင်! ကြီးမြတ်သောလေအင်ပါယာ၏ဧကရာဇ်အား ကယ်တင်ခြင်းတာဝန်ကို ဖွင့်လှစ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ တာဝန်အောင်မြင်ပြီးမြောက်ခြင်းအတွက် ဆုလာဘ်: အထူးအဆင့်မြင့်ဆင့်ခေါ်ခွင့်၊ ဂိုဏ်းအမှတ်ငါးသောင်း”

ဝမ်ဖုန်းသည် စ်တ်တွင်းမှ စေ့စပ်‌စစ်ဆေးစနစ်အား အသက်သွင်းလိုက်သည်တွင် စနစ်၏အေးစက်သောအသံကြီး ထပ်မံထွက်ပေါ်လာခဲ့ရာ ဝမ်ဖုန်းမှာ ထိတ်လန့်သွားရ၏။

ကြည့်ရသည်မှာ ‌ကြီးမြတ်သောလေအင်ပါယာသို့ ဤခရီးစဉ်သည် မလွဲမသွေသွားရမည့် ခရီးစဉ်ဖြစ်ပုံရ၏။

“မင်းရဲ့ဖခင်ဧကရာဇ်ကြီးကို ကယ်တင်နိုင်ဖို့အတွက် ငါဂိုဏ်းချုပ် ၅၀ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်။ အထူးသဖြင့် မင်းရဲ့ဖခင်ဧကရာဇ်ရဲ့အခြေအနေကို သိရအောင်ကြည့်ဖို့လိုသေးတယ်”

ဝမ်ဖုန်းမှ မုယွင်ဖေးအားကြည့်၍ ပြောလိုက်သည်။ ဝမ်ဖုန်း အများကြီး မပြောလိုပါ။ အကယ်၍များ ဧကရာဇ်ကြီး၏အခြေအနေမှာ ပြင်းထန်ပါလျှင် ဝမ်ဖုန်းအနေဖြင့် ကယ်တင်နိုင်ရန် မသေချာပေ။

ဝမ်ဖုန်း၏ထိုစကားလုံးများသည် မုယွင်ဖေး၏နားထဲတွင် မိုးထစ်ချုန်းသည်ကဲ့သို့ မြည်ဟီးသွားခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှသည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

မုယွင်ဖေးသည် ဝမ်ဖုန်းမှ သူ၏ခမည်းတော်အား ကယ်တင်ပေးနိုင်ရန် မျှော်လင့်ထားခဲ့ပါ၏။ သို့သော် ဝမ်ဖုန်းမှ ၅၀ရာခိုင်နှုန်းဟု ပြောလာခဲ့သည်တွင် အိပ်မက်,မက်နေသည်ကဲ့သို့ ခံစားလိုက်ရပေသည်။

မဟာနတ်ဆိုးရွှမ်ရှမှာ မျက်လုံးအပြူးသားဖြင့် ဝမ်ဖုန်းအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတော့သည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုဖြစ်၏!

ဝမ်ဖုန်းသည် ထိုစကားကို အမှန်တကယ်ရည်ရွယ်ခဲ့ခြင်းလော။ ထိုစကားကို ပြောလာသူမှာ သာမန်လူတစ်ယောက်ဖြစ်ပါလျှင် မဟာနတ်ဆိုးရွှမ်ရှသည် သေချာပေါက် ကြိမ်းမောင်းအော်ငေါက်ပစ်လိုက်မည် ဖြစ်သည်။

နွားရိုင်းတစ်ကောင်သော်မှ ထိုသို့ကြွားဝါပြောဆိုခြင်းငှာ မသင့်ပေ။

“တကယ်… တကယ်ပြောတာလား”

မုယွင်ဖေးမှာ မျက်လုံးများပင် ပြူးကျယ်သွားရကာ ကြောက်ရွံ့မှုနှင့်စိတ်လှုပ်ရှားမှုများ ရောထွေးလျက် ဝမ်ဖုန်းအား ဗလုံး‌ဗထွေးဖြင့် မေးမြန်းနေခဲ့သည်။

မုယွင်ဖေးသည် မိမိမှာ စိတ်အာရုံချောက်ချား၍ ထင်ယောင်ထင်မှားများကြားနေခြင်းဖြစ်မည်ကို ကြောက်ရွံ့နေမိသည်။ ဂိုဏ်းချုပ်မှ နောက်ပြောင်ပြောဆိုခြင်းဖြစ်နေမည်ကိုလည်း စိုးရွံ့နေမိ၏။

ဝမ်ဖုန်းသည် စကားမဆိုဘဲ အသာအယာ ခေါင်းညိတ်ပြ၏။

“ကျွန်တော့်ရဲ့ခမည်းတော်ကို ကယ်တင်ပေးဖို့ ဂိုဏ်းချုပ်ကိုတောင်းဆိုပါတယ်! ကျွန်တော်ရဲ့ခမည်းတော်ကိုသာ ကယ်တင်နိုင်မယ်ဆိုရင် ကျွန်တော် ဂိုဏ်းချုပ်အတွက် နွားတစ်ကောင်၊ မြင်းတစ်ကောင်ဖြစ်ပေးဖို့ ဆန္ဒရှိပါတယ်။ ဒီသစ္စာစကားကိုဖောက်ဖျက်ခဲ့ရင် ဝိဉာဉ်ပြိုကွဲရပါစေ!”

မုယွင်ဖေးသည် ကြမ်းပြင်၌ပြားပြားဝပ်၍ ကျယ်လောင်စွာပြောနေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်ယင်နေ၏။

ခမည်းတော်ဖြစ်သူ သေဆုံးတော့မည်ကို သိလိုက်ရချိန်တွင် မုယွင်ဖေးသည် ကမ္ဘာလောကကြီးတစ်ခုလုံးမှာ အလင်းတစ်စပင် မကျန်ရှိ‌တော့ဘဲ မှောင်မိုက်သွားခဲ့သည်ကဲ့သို့ ခံစားခဲ့ရသည်။ ယခုတွင် ဝမ်ဖုန်း၏စကားများမှာ သူ၏မှောင်မိုက်နေသောနှလုံးအိမ်ကို ပုံဖော်လမ်းပြပေးနေသည့် တောက်ပသည့်အလင်းတန်းလေး ဖြစ်လာခဲ့သည်။

“မင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲကို သေချာပေါက် ဒီဂိုဏ်းချုပ်က တစ်ခုခုလုပ်ပေးရမှာပေါ့။ ငါဂိုဏ်းချုပ် ပြောခဲ့တယ်မဟုတ်လား. ရှန်ရှန့်ကျုံဂိုဏ်းတပည့် ဘယ်သူပဲဖြစ်စေ မတရားခံရတယ်ဆိုတာ မရှိစေရဘူးလို့လေ”

ဝမ်ဖုန်းမှ လက်ဆန့်ထုတ်လိုက်ရာ ချီစွမ်းအင်တချို့သည် မုယွင်ဖေးအား ညင်သာစွာ ထူမတ်ပေးလိုက်လေသည်။

ဝမ်ဖုန်း၏စကားလုံးများသည် ပေါ့ပါးသော်ငြား မုယွင်ဖေး၏နှလုံးအိမ်ကို လေးနက်စွာထိခတ်သွားခဲ့သည်။ မုယွင်‌ဖေးသည် စကားမဆိုခဲ့သော်ငြား သူ၏မျက်လုံး‌အစုံတွင် ခိုင်ကြည်‌ေသာသန္နိဌာန်များ ထင်ဟပ်သွားခဲ့၏။

ဤဘဝတွင်တော့ ရှင်သန်ချိန်၌ ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်ပြီး သေဆုံးပြီးချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏တစ္ဆေဝိဉာဉ် ဖြစ်ချေလိမ့်မည်!

ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းသည် မုယွင်ဖေးအတွက် ကံကောင်းမှုတစ်ရပ်ဖြစ်ပြီး ‌ကြီးမြတ်သောလေအင်ပါယာဧကရာဇ်အတွက် ကောင်းချီးတစ်ခုဖြစ်ပြီး ကြီးမြတ်သောလေအင်ပါယာကြီးအတွက် ကောင်းချီးတစ်ရပ်ဖြစ်ပေသည်။

“အရမ်းနောက်မကျရအောင် ငါဂိုဏ်းချုပ် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရင် ကြီးမြတ်သောလေအင်ပါယာဆီ ထွက်ခွာကြတာပေါ့”

ဝမ်ဖုန်း ပြောလိုက်သည်။

“ဂိုဏ်းချုပ် ဒီတပည့်လည်း အတူလိုက်ချင်ပါတယ်”

ထိုအခိုက်တွင် မဟာနတ်ဆိုးရွှမ်ရှမှ ပြောလာခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ဂိုဏ်းချုပ်မှ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ကို မည်သို့ကယ်တင်မည်ကို သိလိုစိတ်များ အလွန်ပြင်းပြနေခဲ့ပါ၏။

၎င်းမှာ ရှေးယခင်အချိန်များမှ ယခုအချိန်ထိတိုင် မည်သူမျှကယ်တင်နိုင်ခဲ့ဖူးခြင်းမရှိသော ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခု ဖြစ်သည်လေ!

ဝမ်ဖုန်းမှ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူအား ကယ်တင်မည်ဟူသော သတင်းစကားပျံ့နှံ့သွားခဲ့ပါလျှင် တစ်လောကလုံးသည် ဝမ်ဖုန်းအား မိမိကိုယ်ကို အထင်ကြီးလွန်းသည်ဟု လှောင်ပြောင်ခံရမည်စိုးရ၏။

၎င်းသည် မဖြစ်နိုင်‌သည်မှာ သေချာပါ၏။ ထိုကဲ့သို့သောစကားကို ထုတ်ပြောဝံ့သူသည် ကြွားဝါနေခြင်းသာဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ်

မဟာနတ်ဆိုးရွှမ်ရှသည်တော့ ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူအား ကယ်တင်ခြင်းကို မျက်မြင်တွေ့မြင်လိုခြင်းသာ ဖြစ်ပါ၏။

“ကောင်းပြီ။ မင်းလိုက်ခဲ့လို့ရတယ်”

ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် တုံ့ဖန်းပုပိုင်သို့ ကြီးမြတ်သောလေအင်ပါယာသို့လိုက်ပါရန် အသံပို့ဆောင်၍ ကျန်းစန်းဖုန့်အား ရှန်ရှန့်ကျုံဂိုဏ်းတွင်စောင့်ကြပ်နေခဲ့ရန် အသံပို့ဆောင်လိုက်သည်။

All Chapters