← Chapters

ဂိုဏ်းချုပ်ကတော်၏သာလွန်ထူးခြားမှု။

Vol. 9 Ch. 119

ဂိုဏ်းချုပ်ကတော်၏သာလွန်ထူးခြားမှု။

Vol. 9 Ch. 119

ဝမ်ဖုန်းသည် ကြီးမြတ်သောလေအင်ပါယာသို့ခရီးစဉ်တွင် လူအများကြီးခေါ်ဆောင်သွားရန် ရည်ရွယ်ထားခြင်းမရှိပေ။ သူ၏စိတ်နှလုံးအတွင်းမှ ထင်မြင်မှန်းဆချက်သည် ဝမ်ဖုန်းအတွက် ယောင်ရီအင်ပါယာ၏အရေးပါမှုကို ပုံစံအသစ်သို့ပြောင်းလဲသွားစေခဲ့သည်။

ဤအချိန်အတောအတွင်း၌ ယောင်ရီအင်ပါယာသည် အံ့ဩချောက်‌ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ အင်ပါယာ၏မင်းသားကြီးကိုခေါ်ဆောင်ရန် စေလွှတ်လိုက်သော နှစ်ဆယ့်တစ်ယောက်မှလွဲ၍ အခြားသောစွမ်းအားမြင့်ကျင့်ကြံသူများ ထပ်မံပေးပို့လာခြင်းမရှိတော့ချေ။

၎င်းသည် ဝမ်ဖုန်းမျှော်မှန်းထားခဲ့သည်ကို ကျော်လွန်သွားခဲ့၏။

ပုံမှန်အားဖြင့် ဝမ်ဖုန်းမှ ဧကရာဇ်၏ဂုဏ်သိက္ခာကို ဤကဲ့သို့စော်ကားလိုက်ပါလျှင် ယောင်ရီအင်ပါယာဧကရာဇ်သည် ဒေါသမာန်ဟုန်ထကြွ၍ ရှန်ရှန့်ကျုံဂိုဏ်းအား ဖိနှိပ်ခြေမှုန်းပစ်ရန် စစ်သည်ရာထောင်ချီ စေလွှတ်သင့်သည်ဖြစ်၏။

ဝမ်ဖုန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို လိုလားနေခြင်း မဟုတ်ရပါ။

သင့်တော်သည့်တုံ့ပြန်မှုကို မျှော်မှန်းခြင်းသာဖြစ်၏။

သက်ရှိသတ္တဝါများ၏အရှင်သခင် ဧကရာဇ်သည် ချမ်းသာကြွယ်ဝသည် မဟုတ်ပါလော။

တောက်ပထွန်းလင်းသည့်နေမင်းကြီးကဲ့သို့ ခမ်းနားကြီးမြတ်သောတည်ရှိမှုသည် အရပ်လေးမျက်နှာကို အလင်း‌ပေးလမ်းညွှန်ပြီး လောကကြီးသည် သူ၏လမ်းညွှန်မှုကို နာခံကြရသည်။

ထိုကဲ့သို့သောတည်ရှိမှုအတွက် စာတစ်ကြောင်းစာမျှသော သိမ်ငယ်မှုသော်မှ ကြီးလှစွာသော အရှက်ရမှုကြီးဖြစ်သည်။ သာမန်လူများမှ သူ၏နာမည်ကို ဘွင်းဘွင်းရှင်းရှင်းခေါ်တွင်ခြင်းသည်ပင် ရိုင်းပျခြင်းတစ်မျိုးဖြစ်၏။

ဝမ်ဖုန်းသည်တော့ ၎င်းပြစ်မှုများထက်ကျော်လွန်၍ ဧကရာဇ်၏မျက်နှာတော်ကို အကြိမ်ကြိမ်အခါခါ တက်နင်းခဲ့ပြီးဖျက်ဆီးခဲ့သေးသည်။

သို့သော်ငြား ခမ်းနားကြီးမြတ်လှစွာသောထိုပုဂ္ဂိုလ်သည် စိုးစဉ်းမျှကြိမ်းမောင်းဟစ်ကြွေးခြင်းမရှိ တိတ်ဆိတ်နေခဲ့၏။ စစ်တပ်တစ်တပ်စာမျှသော လှုပ်ရှားမှုလေးပင် မရှိလေရာ လျှို့ဝှက်ကြံစည်နေသည်ဟု ဝမ်ဖုန်းအား ခံစားရစေသည်။

ရုတ်တရက်တိုက်ခတ်လာသည့်မုန်တိုင်း မတိုင်မီ၌ အလွန်အမင်း တိတ်ဆိတ်တည်ငြိမ်နေတတ်မြဲဖြစ်သည်။

ထိုသို့သောအခြေအနေတွင် ဝမ်ဖုန်းသည် အဘယ်သို့များ ကြီးမြတ်သောလေအင်ပါယာသို့ လူအများကြီး ခေါ်သွားရဲပါမည်နည်း။ ဝမ်ဖုန်းမှ ကြီးမြတ်သောလေအင်ပါယာသို့ သွားရောက်နေစဉ်တွင် ခမ်းနားကြီးမြတ်လှသောဧကရာဇ်ကြီးမှ ရှန်ရှန့်ကျုံဂိုဏ်းအား ရုတ်တရက်တိုက်ခိုက်လာခဲ့ပါလျှင် အဘယ်သို့ရင်ဆိုင်ပါ့မည်နည်း။

ထို့ကြောင့် ဝမ်ဖုန်းသည် ဤတစ်ကြိမ်ခရီးစဉ်တွင် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူဖြစ်သည့် တုံ့ဖန်းပုပိုင်၊ မဟာနတ်ဆိုးရွှမ်ရှနှင့် မုယွင်ဖေးတို့ကိုသာ ခေါ်ဆောင်ခဲ့ပြီး ကျန်သူများကို ရှန်ရှန့်ကျုံဂိုဏ်းအား‌ စောင့်ရှောက်ရန် ချန်ထားရစ်ခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းက ငါဂိုဏ်းချုပ်ရဲ့ အမြစ်ပဲ!

ကျန်းစန်းဖုန့်နှင့် အခြားသောအကြီးအကဲများမှလွဲ၍ ဝမ်ဖုန်းထွက်ခွာသွားသည်ကို မည်သူမျှ မသိကြပေ။

လင်းဖေးဝူနှင့်အခြားတပည့်များသည် ဝမ်ဖုန်း ချမှတ်ထားခဲ့သည့် စည်းမျဉ်းနှင့်အညီ ရှန်ရှန့်ကျုံဂိုဏ်းသို့ အသစ်ဝင်ရောက်လာသည့် ဂိုဏ်းတပည့်အသစ်များကို အလှည့်ကျသင်ကြားပေးနေခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏အကြီးဆုံးတပည့်ဖြစ်သူ လီချင်းသည်တော့ အကြီးအကဲယောင်ယွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံယူနေရဆဲဖြစ်သည်။ ထိုဂိုဏ်းတပည့်သစ်များသည်တော့ သူတို့၌ သေမျိုးဆရာတစ်ဦး ရှိနေသည်ကိုပင် မသိကြချေ။

သို့သော်ငြား လီချင်း၏ဆရာဖြစ်သူ ယောင်ယွဲ့မှာ အလွန်အံ့ဩထိတ်လန့်မိခဲ့ရသည်။

ယောင်ယွဲ့သည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံမှုအလုံးစုံကို အသုံးပြု၍ လီချင်းကို ပစ်လွှတ်တိုက်ခိုက်ပါသော်ငြား လီချင်းသည်တော့ ထိခိုက်မှုကင်းစင်မြဲဖြစ်သည်။

ဘယ်လိုတောင်လား!

ရေခဲတောင်ထွဋ်၏နတ်ဘုရားမကဲ့သို့သော ယောင်ယွဲ့သည်ပင် စိတ်တွင်း၌ အံ့အားသင့်သွားခဲ့ရသည်။ ထိုပြိုင်ဘက်ကင်းခန္ဓာဟူသည် တကယ်ကြီး ထိုမျှထိ စွမ်းအားကြီးမားပါသည်လော။

“ဆရာ ကျွန်တော်ဘယ်တော့စပြီး ‌ကျင့်ကြံလို့ရနိုင်မလဲ”

လီချင်းမှ ဖျော့တော့စွာဖြင့်မေး၏။

ယောင်ယွဲ့၏တိုက်ခိုက်မှုသည် သူ့ကို ထိခိုက်မှုမဖြစ်စေသော်ငြား လီချင်းသည် ယောင်ယွဲ့ကို‌ ကြောက်ရွံ့မြဲဖြစ်သည်။ စာမေးပွဲတွင် မည်မျှကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ပါစေ ဆရာမအား ကြောက်ရွံ့နေမြဲဖြစ်သည့် ကျောင်းသားတစ်ယောက်ကဲ့သို့ပင်ဖြစ်၏။

ယောင်ယွဲ့သည် လီချင်းအား တစ်ချက်သာကြည့်၍ အာရုံမစိုက်လိုပါချေ။ လီချင်းသည် ကျင့်ကြံမှုမရှိသေး‌သည်သော်မှ စွမ်းအားကြီးမားလွန်းလှသည်။ ကျင့်ကြံလိုက်ပါလျှင် ဆရာဖြစ်သူထက် သာလွန်သွားမည်မဟုတ်ပါလော။

ယောင်ယွဲ့သည် အရှက်မဲ့ရန်ရွေးချယ်ခဲ့၏။

“အရှင်မကိုဂါရဝပြုပါတယ်”

ယောင်ယွဲ့မှ လီချင်းအား ဆူတော့မည်တွင် မျက်လုံးထောင့်စွန်းမှ ချောမောလှပသည့်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်၍ အလျင်အမြန် ဂါရဝပြုလိုက်၏။

လီချင်းသည်လည်း အနည်းငယ်ထိတ်လန့်သွားလျက် ‌လှည့်ကြည့်လိုက်ပြီးနောက် အလျင်အမြန် ဂါရဝပြုလိုက်သည်။

“အရှင်မကိုဂါရဝပြုပါတယ်”

ရှန်ရှန့်ကျုံဂိုဏ်းသားများအားလုံး ယဲ့မုချင်၏သရုပ်ကို သိကြပါ၏။ သူမသည် ဂိုဏ်းချုပ်၏ဇနီးဖြစ်သည်။ ဂိုဏ်းချုပ်ကတော်မှာ ကျင့်ကြံမှုမရှိသော်ငြား မည်သူမျှ ရိုင်းပျစွာမဆက်ဆံဝံ့ပေ။

“မင်းတို့ဆက်လုပ်ကြပါ။ ကျွန်မက ဒီတိုင်းပျင်းလို့ လာကြည့်ရုံပဲ”

ယဲ့မုချင်မှ ပြုံးလိုက်၏။

ယဲ့မုချင်သည် ဝမ်ဖုန်းမှ သူမအား အပြင်သို့ခေါ်မသွားသည်ကြောင့် ပြစ်တင်လို၍ စိတ်မကောင်းဖြစ်နေခဲ့သော်ငြား အပြင်လူများရှေ့တွင်တော့ ပြုံးရယ်မြဲဖြစ်သည်။

ယဲ့မုချင်၏အတွေးတို့ကို ဝမ်ဖုန်းသိခဲ့ပါလျှင် မတရားဟု ခံစားရနိုင်ပေသည်။ ဝမ်ဖုန်းမှာ သူ၏ချောမောလှပသောဇနီးလေးနှင့် အချိန်တိုင်းအတူရှိမနေလို၍ မဟုတ်ရပါ။ ဤတစ်ကြိမ်မှာ လူကယ်ရန်ဖြစ်၏။ ထို့ပြင် ကယ်တင်ရမည့်သူမှာ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မိမိမှာ အပြင်ထွက်၍ ပျော်ပါးကစားခြင်း မဟုတ်ရချေ။

“ကောင်းပါပြီ”

ယောင်ယွဲ့သည် ခေါင်းညိတ်ပြီးနောက် လီချင်းအား ကြည့်လာခဲ့သည်။ သူမ၏လှ‌ပသောမျက်လုံးအကြည့်များတွင် ‘ဒီကလေးက အရိုက်ခံရဖို့ထိုက်တယ်'ကဲ့သို့သော အေးစက်မှုအချို့ ဖြတ်ပြေးသွားခဲ့သည်။

ယောင်ယွဲ့သည် သူမ၏သွယ်လျသောလက်တို့ကိုဆန့်ထုတ်၍ လီချင်းသို့ တုံ့ဆိုင်းမှုမရှိ တစ်ဟုန်ထိုးဦးတည်သွား၏။ သူမသည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံမှုအလုံးစုံကို အသုံးပြုခဲ့သည်။

ဘုန်း!

ကြောက်မက်ဖွယ်ရိုက်ချက်သည် လီချင်းအား ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ကာ လီချင်းသည်တော့ အံ့ဩတုန်လှုပ်မှုမရှိစွာ အဝေးသို့လွင့်ထွက်သွားခဲ့သည်။

ဤကာလများအတွင်းတွင် ရှန်ရှန့်ကျုံဂိုဏ်း၏အနောက်ဘက်တောင်၏မြေပြင်အား အကြိမ်ကြိမ်အခါခါ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

အချိန်ခဏကြာမျှ လီချင်းသည် အထက်အောက်ခုန်ပေါက်နေပြီးနောက် လမင်းကြီးနှင့်ဝင်တိုက်ကာ အရှေ့အနောက်သို့လည်း အကြိမ်ဒါဇင်ခန့်မျှ ဝင်တိုက်ရိုက်မိခဲ့သေးသည်။

ယဲ့မုချင်သည် အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့၏။ ဤကျင့်ကြံမှုနည်းလမ်းမှာ ထူးဆန်းလှပေသည်။

'ဒါပေမဲ့ အကြီးအကဲယောင်ယွဲ့က ဘာလို့ သူ့ရဲ့ခါးအထက်သုံးလက်မနေရာကို မရိုက်တာပါလိမ့်?’

ထိုသို့အတွေးဖြင့် ယဲ့မုချင်မှ ‌ထပြော၏။

“အကြီးအကဲယောင်ယွဲ့ သူ့ရဲ့ခါးအထက်သုံးလက်မနေရာကိုရိုက်လိုက်”

ယဲ့မုချင်၏အသံကိုကြားလိုက်ရသည်တွင် လီချင်းနှင့်ယောင်ယွဲ့တို့နှစ်ဦးမှာ ကြောင်အသွားခဲ့လျက် ယဲ့မုချင်အား လှည့်ကြည့်လိုက်ကြသည်။

ယောင်ယွဲ့၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည်တွင် ယဲ့မုချင်၏ ဝိုင်းစက်ရွှန်းလဲ့သောမျက်လုံးရွဲကြီးများမှာ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်‌လေသည်။ ထိုအကြည့်များမှာ ‘ရှင်တို့နှစ်ယောက် ဘာလို့မတိုက်ခိုက်ကြသေးတာလဲ'ဟု မေးခွန်းထုတ်နေပေသည်။

ယောင်ယွဲ့ သက်ပြင်းချလိုက်၏။ မည်သို့ပင်ဖြစ်စေ ဂိုဏ်းချုပ်ကတော်၏စကားကို နားထောင်ရပေမည်။ ‘ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာသွားသွား တိုက်ခိုက်မှုတွေဆိုတာ ကြုံနေရမှာပဲဟာ’

သို့ဖြင့် ယောင်ယွဲ့သည် ခန္ဓာကိုယ်ကိုလှုပ်ရှား၍ သူမ၏စွမ်းအားများကို လှည့်ပတ်စီးဆင်းစေလိုက်ကာ လီချင်း၏ခါးအထက်သုံးလက်မနေရာသို့ ရိုက်ပစ်လိုက်လေသည်။

“အဟွတ်!”

ယောင်ယွဲ့၏ရိုက်ချက်ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် လီချင်း၏မျက်နှာမှာ ရုတ်ချည်းရှုံ့မဲ့သွားရကာ လေဟာပြင်ဟို့ ဦးတည်ပစ်လွှတ်လိုက်သည့်မြှားတစ်ချောင်းသည် အထက်သို့ဆန်တက်သွားပြီးနောက် မြေပြင်သို့ အပြင်းအထန်ပြန်လည်ပြုတ်ကျသည့်အလား အထက်အောက်လွင့်ပျံထွက်သွားခဲ့လေသည်။

ဤတစ်ကြိမ်တွင်တော့ လီချင်းမှာ ပြန်ထမလာနိုင်တော့ပေ။

အရိုးများအပိုင်းပိုင်းကြေမွကွဲထွက်သွားသည်ကဲ့သို့ ဝေဒနာပြင်းထန်လှစွာသောနာကျင်မှုကို ခံစားနေရ၏။

လီချင်းသည် ထိုကဲ့သို့ ပြင်းထန်လှသောနာကျင်မှုကိုခံစားခဲ့ရသည်မှာ မည်မျှကြာမြင့်ခဲ့သည်ကို မသိတော့ပါချေ။

အသက်မရှူနိုင်လောက်သည်အထိ နာကျင်နေရသော်ငြား လီချင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ရာ ပွင့်ဟသွားသည်ကဲ့သို့ ခံစားလိုက်ရ၏။

တစ်ဖက်တွင်တော့ ယောင်ယွဲ့သည် သူမ၏အပြစ်အနာအဆာကင်းမဲ့လှ‌ပသောလက်တို့ကို ကြည့်ရင်းဖြင့် ယဲ့မုချင်ကို ရုတ်တရက်ကြည့်လိုက်ပြန်ကာ မျက်လုံးများတွင် မယုံကြည်နိုင်သည့်အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ယောင်ယွဲ့သည် အားကုန်သုံး၍ လီချင်းကိုရိုက်ခဲ့သော်ငြား လီချင်းသည် တစ်ကြိမ်သော်မှ သွေးအန်ခဲ့ခြင်း မရှိခဲ့ပေ။ အဝေးသို့လွင့်ပျံထွက်သွားပြီးနောက် ပြန်ထလာခဲ့သည်သာဖြစ်၏။

ယောင်ယွဲ့သည် လီချင်းအား ရိုက်နှက်ရန် ဘုန်းတော်ကြီးကိုပင် ‌ခေါ်ယူရမည်လားဟု တွေးတောခဲ့မိသေးသည်။

သို့သော် သေမျိုးတစ်ဦးဟုမြင်ရသော ဂိုဏ်းချုပ်ကတော်သည် စကားတစ်ခွန်းဖြင့်ပင် ယောင်ယွဲ့မှ လီချင်းအား သွေးပွက်ပွက်အန်၍ ပြန်မထနိုင်သည်အထိ ရိုက်ပစ်နိုင်စေခဲ့သည်။

တူညီသောစွမ်းအားဖြစ်သော်ငြား အကျိုးသက်ရောက်မှုကွာခြား၏။

ပထမဆုံးအကြိမ်အဖြစ် ယောင်ယွဲ့သည် ဂိုဏ်းချုပ်ကတော်၏ ထူးခြားသာလွန်မှုကို ခံစားလိုက်ရပေသည်။

“အရှင်မ ခုနက ဒီတိုင်းစိတ်ထဲရှိရာပြောလိုက်တာလား ဒါမှမဟုတ် တစ်ခုခုမြင်တွေ့လိုက်လို့လား”

ယောင်ယွဲ့မှ မထိန်းချုပ်နိုင်စွာ မေးလိုက်၏။

“အားနည်းချက်လေ သူ့မှာအားနည်းချက်တွေ အများကြီးရှိနေသေးတယ်။ အဲဒီ့အားနည်းချက်တွေကို ပြုပြင်မွန်းမံပေးမှပဲ သူ့ရဲ့ပြိုင်ဘက်ကင်းခန္ဓာက အမှန်တကယ်နိုးထလာနိုင်မှာ”

ယဲ့မုချင်သည် မျက်တောင်လေးတဖျတ်ဖျတ်ဖြင့် သိမ်မွေ့နူးညံ့စွာပြန်ဖြေခဲ့၏။

ယောင်ယွဲ့မှာ အံ့အားသင့်သွားရသည်။ သူမသည် ယဲ့မုချင်အား အမူအရာကင်းမဲ့စွာဖြင့်ကြည့်လျက် သတိကြီးစွာဖြင့်မေးလိုက်၏။

“ဂိုဏ်းချုပ်ကတော်က သေမျိုးမဟုတ်ဘူးလား။ ဒါတွေကို ဘယ်လိုသိနေတာလဲ”

“ကျွန်မလည်း မသိဘူး။ ကျွန်မသူ့ကိုမြင်တာနဲ့ အဲဒီ့အချက်ကို စိတ်ထဲမှာတွေးမိသွားတာပဲ”

ယဲ့မုချင်မှ ရိုးသားဖြူစင်လှပါသောမျက်နှာအမူအရာဖြင့် ပြန်ပြောခဲ့သည်။

All Chapters