← Chapters

မြို့တော်ကြီးသုံးမြို့။

Vol. 9 Ch. 120

မြို့တော်ကြီးသုံးမြို့။

Vol. 9 Ch. 120

ယောင်ယွဲ့သည် ယဲ့မုချင်အား လေးနက်စွာကြည့်၍ စကားမဆိုခဲ့ချေ။ ဤအမျိုးသမီးသည် သေမျိုးကဲ့သို့မြင်ရသော်ငြား သူမ၏ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်လှစွာသော ဖုံးကွယ်ကာဆီးထားမှုများ ရှိနေသည်။

ယောင်ယွဲ့သည် ဆန်းကြယ်အင်ပါယာပထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သော်ငြား လီချင်း၏ခန္ဓာကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ သို့သော် ဂိုဏ်းချုပ်ကတော်သည် တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ခဲ့သည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းလှ၏။

ယောင်ယွဲ့၏စိတ်နှလုံးတွင်း၌ ဤဂိုဏ်းချုပ်ကတော်သည် အနာဂတ်တွင် လောကကြီးကိုကိုင်လှုပ်လိမ့်မည်ဟု ခပ်ရေးရေးထင်မြင်မိ၏။

“အကယ်၍ ဂိုဏ်းချုပ်ကတော်မှာ အခုတလော ဘာမှလုပ်စရာမရှိရင် ကျွန်မရဲ့ညံ့ဖျင်းတဲ့တပည့်လေးအတွက် လာပြီးလမ်းညွှန်ပေးနိုင်မလား”

ယောင်ယွဲ့သည် ယဲ့မုချင်အားကြည့်၍ ‌ရိုသေးလေးစားစွာ တောင်းဆိုလိုက်၏။

လီချင်း၏ခန္ဓာရှိအားနည်းချက်အားလုံးကို ဂိုဏ်းချုပ်ကတော်မှ ညွှန်ပြပေးနိုင်ပါလျှင် သူမ၏တပည့်သည် အထက်ကောင်းကင်သို့တက်လှမ်းနိုင်လိမ့်မည်ဟု ယောင်ယွဲ့ထင်မြင်မိ၏။

“ကောင်းပြီ”

ယဲ့မုချင်သည် မျက်လုံးများကို လ‌ခြမ်းကွေးသဏ္ဍာန်ဖြစ်‌သည်အထိ ပြုံးလိုက်၏။

‘အဲဒီ့ဝမ်ဖုန်းက ငါ့ကိုအပြင်ကိုပျော်ပါးဖို့ ခေါ်မသွားချင်ဘူး! ဒါပေမဲ့ ငါယဲ့မုချင်ကလည်း သူနဲ့စကားပြောနေချင်ရလောက်အောင် အချိန်အားမနေပါဘူးနော် ငါလည်းအလုပ်များပါတယ်!’

…..

ကြီးမြတ်သောလေအင်ပါယာ၏ပိုင်နက်နယ်မြေသည် မြောက်အရပ်စွန်းစွန်းတွင် တည်ရှိသည်။

ဝမ်ဖုန်းတို့သည် ရှေးဟောင်းနတ်ဘုရားနယ်မြေကိုဖြတ်သန်း၍ ရှင်းယောင်တောင်တန်း၏အခြားတစ်ဖက်ရှိ ‌ကြီးမြတ်သောလေအင်ပါယာသို့ ခရီးနှင်ခဲ့ကြသည်။ ခရီးသည်ရှည်ကြာသော်ငြား သူတို့၏အရှိန်နှုန်းသည်တော့ မြန်ဆန်ခဲ့သည်။

သုံးရက်အတွင်း၌ပင် ဝမ်ဖုန်းတို့သည် ကြီးမြတ်သောလေအင်ပါယာ၏ မြို့တော်သို့ရောက်ရှိခဲ့ကြသည်။

ဤကမ္ဘာလောကတွင် မြို့တော်ကြီးသုံးမြို့ရှိ၏။ ယောင်ရီမြို့တော်၊ ကြီးမြတ်သောလေမြို့တော်နှင့် ချင်းယွင်မြို့တော်တို့ဖြစ်ကြသည်။

ထိုမြို့ကြီးသုံးမြို့ကို ဦးစားပေးအဆင့် သတ်မှတ်၍မရပေ။ ထိုမြို့တော်ကြီးသုံးမြို့မှာ တစ်လောကလုံးတွင် ထူးခြားခမ်းနားဆုံးသော မြို့ကြီးများဖြစ်ကြ၏။ တစ်လောကလုံး၌ ထိုသုံးမြို့သာလျှင် အင်ပါယာ၏မြို့တော်ကြီးဟုခေါ်ဆိုရန် အရည်အချင်းပြည့်မီပေသည်။

ပြောရန်ရှက်ရွံ့ဖွယ်ဖြစ်သော်ငြား ဂိုဏ်းချုပ်ဝမ်သည် ယောင်ရီဧကရာဇ်၏မျက်နှာကို အကြိမ်ကြိမ်ဖြတ်ရိုက်ခဲ့ဖူးသော်ငြား လောက၏အင်အားကြီးခမ်းနားစွာသော ယောင်ရီမြို့တော်ကြီးကိုမူ မရောက်ဖူးသေးချေ။

ယခုတွင် ဝမ်ဖုန်းသည် ယောင်ရီမြို့တော်နှင့် များစွာမကွာခြားနိုင်လောက်မည့် ကြီးမြတ်သောလေမြို့တော်သို့ ရောက်ရှိခဲ့ဖူးပြီဖြစ်ရာ အမှန်တကယ်ပင် ခမ်းနားလွန်းလှပါ၏။

မြို့တော်ကြီးတစ်ခုလုံးမှာ အံ့ချီးဖွယ်ခမ်းနားကြီးကျယ်လွန်းလှပြီး အလုံးစုံမှာမည်းနက်နေ၏။ ၎င်းသည် အရှိန်အဝါကို ကျဆင်းဖျော့တော့ မသွားစေဘဲ ပို၍လွှမ်းမိုးနိုင်စွမ်းရှိကာ အင်အားကြီးမားမှုကို ခံစားမိစေသည်။

ဝမ်ဖုန်းသည် ‌ဤလောကရှိအင်ပါယာ၏မြို့တော်ကြီးများ၏ ပုံပန်းသဏ္ဍာန်ကို အကြိမ်များစွာစိတ်ကူးကြည့်ခဲ့ဖူးသော်ငြား ‌ကြီးမြတ်သောလေမြို့တော်ကြီးကို အထက်လေဟာပြင်မှ လွမ်းမိုးကြည့်လိုက်ရချိန်တွင် အံ့ဩထိတ်လန့်သွားရဆဲဖြစ်သည်။

အလွန်အံ့ချီးဖွယ်ဖြစ်၏! အလွန်ကြီးကျယ်ခမ်းနား၏!

မြို့တော်ကြီး၏ နေထိုင်သူလူဦးရေမှာ ဆယ်သန်းခန့်ရှိနိုင်ပေမည်။ မြို့တံတိုင်းအဝန်းမှာ မိုင်တစ်သောင်းကျော်အထက် ရှိနိုင်၏။

မြေပြင်သို့ဆင်းသက်လိုက်ချိန်တွင် မျက်နှာသို့ဦးတည်လာနေသည့် ဧကရာဇ်၏ပြိုင်ဘက်ကင်းအရှိန်အဝါကို ဝမ်ဖုန်း ခံစားလိုက်ရသည်။ မြင့်မားသည့်မြို့တံခါးရှေ့တွင် ရပ်နေရသည်မှာ မိမိကိုယ်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားရစေ၏။

ဝမ်ဖုန်းသည် ကြီးကျယ်ခမ်းနားလှသောမြို့တော်ကြီးကို ငေးစိုက်ကြည့်လျက် သက်ပြင်းဖျော့ဖျော့ချလိုက်၏။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် လက်ရှိတွင် အမှန်တကယ် အင်အားကြီးမားပါ၏။ သို့သော် နောက်ခံအင်အားကိုတွက်ချက်ကြည့်ပါလျှင်မူ အင်ပါယာကြီးသုံးခုနှင့် မယှဉ်နိုင်ပေ။ ဤမြို့တော်တစ်ခုသည်ပင် ရှန်ရှန့်ကျုံဂိုဏ်းနှင့် များစွာကွာခြားလှ၏။

မည်သို့ပင်ဖြစ်စေ ဝမ်ဖုန်း စိတ်ဓာတ်မကျမိပါ။ သူဤလောကသို့ရောက်လာသည်မှာ လအနည်းငယ်သာရှိသေး၏။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် အင်ပါယာကြီးသုံးခုထက် သာလွန်သွားမည်မှာ အနှေးနှင့်အမြန်ဖြစ်၏။ ထို့ကြောင့် ယခု သူ၏ရှေ့မှောက်ရှိမြို့တော်ကြီးသည်လည်း ဂိုဏ်းချုပ်ဖြစ်သူမိမိအား ဦးညွှတ်လာရပေမည်။

ဝမ်ဖုန်း၏ဘေးတွင်ရပ်နေသည့် မုယွင်ဖေးသည် ရင်းနှီးဟန်ဖြင့် စိမ်းသက်နေပြန်သောမြို့တော်ကြီးကို ငေးစိုက်ကြည့်နေလျက် ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်နေခဲ့သည်။

နောက်ဆုံးတော့ သူပြန်ရောက်လာခဲ့လေပြီ။

လွန်ခဲ့သည့်၅နှစ်တွင် အသုံးမကျသူတစ်ယောက်အဖြစ် ဤမြို့တော်မှ သူထွက်လာခဲ့သည်။ ယခု၌ မုယွင်ဖေးသည် အမြင့်သို့တက်လှမ်းနိုင်ခဲ့ပြီးနောက် ပြန်လာခဲ့သည်ဖြစ်ရာ အနည်းငယ်စိတ်လှုပ်ရှားမှုနှင့်အတူ တည်ငြိမ်အေးဆေးမှုလည်း တစ်ပြိုင်နက်တည်းရှိနေခဲ့သည်။

မုယွင်ဖေး၌ ဧကရာဇ်တစ်ပါးကဲ့သို့စိတ်ထား၍ မြို့တော်ကြီးတစ်ခုလုံးအား ငါမုယွင်ဖေး ပြန်လာခဲ့ပြီဟုသိစေမည်ဟူသော စိတ်ကူးဆန္ဒများလည်း မရှိပါချေ။

မုယွင်ဖေး စိတ်လှုပ်ရှားရသည့်အကြောင်းရင်းမှာ သူပြန်ရောက်လာခဲ့ခြင်းနှင့် မျက်နှာကိုဖြတ်ရိုက်ခံခဲ့ရသူကဲ့သို့ ဟန်ဆောင်ရန်မဟုတ်ပါဘဲ မိမိ၏မွေးရပ်မြေသို့ပြန်လာခဲ့ရခြင်းနှင့်အတူ ဖခင်ဖြစ်သူအတွက် မျှော်လင့်ချက်ကိုပါ သယ်ဆောင်လာခဲ့သည်ကြောင့် စိတ်လှုပ်ရှားနေရခြင်းဖြစ်ပါ၏။

တစ်ဖက်တွင်တော့ မဟာနတ်ဆိုးရွှမ်ရှနှင့် တုံ့ဖန်းပုပိုင်တို့သည် အလွန်တရာတည်ငြိမ်နေကြ၏။ သူတို့နှစ်ဦးသည် အတွေ့အကြုံရင့်သန်သူများဖြစ်ကြရာ ဤမြို့တော်ဟူသောတည်ရှိမှုဘေးသည် သူတို့၏စိတ်ကိုလှုပ်ရှားစေခြင်းငှာ မတတ်နိုင်ပေ။

ဝမ်ဖုန်းသည် ခရီးနှင်ချိန်တွင် တုံ့ဖန်းပုပိုင်အား မျက်နှာလွှားဇာဝတ်ဆင်ခဲ့ရန် မှာကြားထားခဲ့သည်။ သို့သော်ငြား ဖြတ်သွားဖြတ်လာများသည် တုံ့ဖန်းပုပိုင်အား အရောင်စုံတောက်ပသောမျက်လုံးတို့ဖြင့် မကြာမကြာ ကြည့်သွားကြမြဲပင်။

ထိုမြင်ကွင်းသည်လည်း ဝမ်ဖုန်း၏မျက်လုံးအကြည့်အောက်မှ မလွတ်မြောက်ခဲ့ပါ။ ဝမ်ဖုန်းသည် နှုတ်ခမ်းထောင့်တို့တွန့်ကွေးလျက် လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်လိုက်သည်။ ငါဂိုဏ်းချုပ်သည် ပြိုင်လက်ကင်းအလှလေးမှ အဖော်ပြုပေးခြင်းကို ခံယူရသူမဟုတ်ပါလော။

လောကကြီး၏လေးစားအားကျမှုများကို အချိန်ခဏမျှခံယူလိုက်ပြီးနောက် ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်း၍ မုယွင်ဖေးတို့ကို မြို့ထဲသို့ဝင်ရန် အချက်ပြလိုက်၏။

‌ယခင်အတိတ်ကာလများတွင် မုယွင်ဖေးသည် ကြီးမြတ်သောလေမြို့တော်တစ်ခွင်တွင် နာမည်ကျော်ကြားသော်ငြား တကယ်တမ်းတွင် မုယွင်ဖေးကို တွေ့မြင်ဖူးသူမှာ မများလှပါချေ။ ထို့ကြောင့် မုယွင်ဖေး၏ပြန်လည်ရောက်ရှိလာမှုသည် မည်သည့်ရိုက်ခတ်မှုမျိုးမှ မဖြစ်ပေါ်စေခဲ့ပါ။

သေချာပေါက်ပင် ကြီးမြတ်သောလေအင်ပါယာဧကရာဇ်၏ အခြေအနေကြောင့်မဟုတ်ပါလျှင် မုယွင်ဖေးသည် ဧကရာဇ်တစ်ပါးပြန်လာသည်ကဲ့သို့ ပိုပိုကဲကဲဇာတ်ခင်းရန်အတွက် အရေးထားနေမည်မဟုတ်ချေ။ သို့သော် ယခုအခြေအနေတွင် မုယွင်ဖေးသည် ထိုသို့ဇာတ်ခင်းနေရန်စိတ်အခြေအနေ ရှိမနေပါချေ။ သူ၏အာရုံအလုံးစုံမှာ ကြီးမြတ်သောလေဧကရာဇ်သို့ ကျရောက်နေခဲ့သည်။

မုယွင်ဖေးမှ ဦးဆောင်လမ်းပြ၍ သူတို့အဖွဲ့သည် သက်ဝင်လှုပ်ရှားနေသည့် ကြီးမြတ်သောလေလမ်းမကြီးကို လျစ်လျူရှုလျက် နန်းတော်သို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ကြသည်။

ကြီးမြတ်သောလေမြို့တော်ကြီးသည် ကြီးမားကျယ်ဝန်း၍ ကြီးမြတ်သောလေလမ်းမကြီးသည် ရှည်လျားလှသည်။ ဝမ်ဖုန်းတို့သည် လျင်မြန်စွာလမ်းလျှောက်နေခဲ့သော်ငြား နန်းတော်သို့ရောက်ရန် တစ်နာရီနီးပါးမျှ လျှောက်ခဲ့ရသည်။

နန်းတော်ကြီးသည် အလွန်တရာကြီးမား၍ မြို့တံတိုင်းမှာ ကျန်းထောင်ချီမြင့်မား၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

“ရပ်ကြစမ်း ဒါက နန်းတော်ရဲ့အရေးကြီးနေရာပဲ။ အနားကပ်မသွားနဲ့!”

ဝမ်ဖုန်းတို့မှ နန်းတော်တံခါးဝနှင့် မီတာတစ်ရာခန့်အကွာအဝေးသို့ ရောက်ရှိသည်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာတို့ဖြင့်စစ်သည်တစ်စုမှ ဟန့်တားခံလိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူမှာ မျက်နှာခက်ထန်‌သည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။ သူ၏မျက်လုံးများမှာစူးရှ၍ ခန္ဓာကိုယ်မှ အသက်ရှူနှုန်းကို အနည်းငယ်မျှပင် မခံစားမိချေ။ သူ၏ပုံစံမှာ ‌ကြည့်လိုက်ရုံဖြင့်ပင်‌ ကြောက်မက်ဖွယ်ဖြစ်၏။

ဤလူကြီးသည် သေချာပေါက် များပြားသည့်လူအရေအတွက်တို့ကို သတ်ဖူးပေလိမ့်မည်။

ဝမ်ဖုန်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသက်လတ်ပိုင်းလူကြီး၏ကျင့်ကြံမှုသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ဖြစ်ကြောင်းကို သိလိုက်၏။

ဤမျှစွမ်းအားကြီးမားသော တည်ရှိမှုသည်ပင် နန်းတော်၏အပြင်ဘက်တံခါးစောင့်တစ်ဦးသာ ဖြစ်နေခဲ့သည်။ အင်ပါယာ၏အင်အားသည် အမှန်တကယ်နက်နဲလွန်းလှပေသည်။

“စစ်သူကြီးလန်လင် ကျန်းမာပါစ”

ထိုအခိုက်တွင် မု‌ယွင်ဖေးသည် ဝမ်ဖုန်း၏နောက်မှထွက်လာ၍ သက်လတ်ပိုင်းအရွယ်လူကြီးအား ပြုံးရယ်လျက်နှုတ်ဆက်လိုက်သည်။

ကြီးမြတ်သောလေအင်ပါယာနန်းတော်ကြီး၏ နန်းစောင့်တပ်ခေါင်းဆောင်စစ်သူကြီးလန်လင်သည် မုယွင်ဖေးအား ကနဦးတွင် သံသယဖြင့်ကြည့်နေခဲ့ကာ ထို့နောက်တွင် မျက်လုံးများမှေးကျဉ်းသွားလျက် လက်သီးဆုပ်၍ပြောလာခဲ့သည်။

“ဒီစစ်သူကြီးက မင်းသား၅ကို ဂါရဝပြုပါတယ်”

“မင်းသား၅ကို ဂါရဝပြုပါတယ်”

အစောင့်စစ်သည်များသည် မယုံကြည်နိုင်ဖြစ်နေကြသော်ငြား မုယွင်ဖေးသို့ မရေမရာဟန်ဖြင့် ပျံသန်းလာခဲ့ကြလျက် အရိုအသေပြုခဲ့ကြသည်။

ထိုမြင်ကွင်းသည် ဝမ်ဖုန်းအား မျက်လုံးအနည်းငယ် မှေးကျဉ်းသွားစေခဲ့သည်။ စစ်သူကြီလန်လင်သည် မုယွင်ဖေးကို ရိုသေးလေစားဟန် မြင်ရသော်ငြား တကယ်တမ်းတွင် သူ၏မျက်နှာအမူအရာနှင့် မျက်လုံးတို့၌ စိုးစဉ်းမျှသော ရိုသေလေးစားမှုမျိုး ရှိမနေချေ။

ထိုမှာ ‘မင်းက အထက်တန်းပုဂ္ဂိုလ်တစ်ယောက်ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ငါလည်း မင်းကိုရိုသေလေးစားမှုထားပေးဖို့ မတတ်နိုင်ဘူး။ ဒါပေမဲ့လည်း မင်းကို အထင်သေးသလိုပြုမူလို့လည်း မရနေဘူးလေ'ဟူသော ခံစားချက်မျိုးဖြစ်သည်။

“ငါဧကရာဇ်ကြီးနဲ့တွေ့မလို့။ စစ်သူကြီး ငါ့ကိုတားမှာလား”

မုယွင်ဖေးသည် ခေါင်းညိတ်လိုက်ပြီး စစ်သူကြီးလန်လင်အားကြည့်၍ အရေးမထားဟန်ပြော၏။

“ကျွန်တော် မတားဝံ့ပါဘူး ဒါပေမဲ့ ဒီလူတွေက…?”

စစ်သူကြီးလန်လင်သည် စကားဆုံးသည်အထိ မပြောခဲ့သော်ငြား သူ၏ဆိုလိုရင်းမှာ သိသာလှပါ၏။ သူ့အနေဖြင့် မုယွင်ဖေးကို မဟန့်တားဝံ့ပေ။ သို့သော် ဝမ်ဖုန်းနှင့်အခြားသူများကိုတော့ နန်းတော်ထဲသို့ခြေချရန် ခွင့်မပြုလိုပေ။

“သူတို့က ငါ့ရဲ့မိတ်ဆွေတွေ။ ခမည်းတော်ရဲ့လျှို့ဝှက်အမိန့်နဲ့ ဒီကိုလာခဲ့ကြတာပဲ။ မင်းတားချင်တယ်ဆိုရင်ရတယ်။ ဒါပေမဲ့ ငါခမည်းတော်ကိုပြန်လျှောက်တင်လိုက်မယ်။ ခမည်းတော်ရဲ့ အရေးကြီးအရေးကိစ္စတွေနှောင့်နှေးသွားလို့က‌ေတာ့ မင်းရဲ့တစ်မိသားစုလုံးသုတ်သင်ခံရမှာပဲ”

All Chapters