ယုံကြည်ခြင်းနှင့်မျှော်လင့်ချက်
Vol. 9 Ch. 122
တော်ဝင်မင်းသားအိမ်တော်တွင် အနက်ရောင်ဝတ်ထားသောစစ်သည်တစ်ယောက်က မင်းသားမုရှင်းချန်၏ရှေ့တွင် ဒူးထောက်ချလိုက်ပြီး လေးလေးစားစားပြောလိုက်သည် ။ " အရှင့်သား .. ပဉ္စမမြောက်မင်းသားရောက်လာပြီး အရှင်မင်းကြီးနှင့်သွားရောက်တွေ့ဆုံနေပါတယ် ။ "
ဤစကားကိုကြားလိုက်သောအခါ အစကစာအုပ်ဖတ်နေသောမင်းသားမုရှင်းချန်သည် သူ့လက်ထဲကစာအုပ်ကိုချလိုက်သည်။ သူသည်ခေါင်းမော့လိုက်ပြီး အနက်ဝတ်စစ်သားအားစိုက်ကြည့်ကာ ရယ်မောလိုက်သည်။
" စိတ်ဝင်စားစရာပဲ ။ တကယ့်ကိုစိတ်ဝင်စားစရာပဲ ။ ကိုယ်တော်သူ့ကိုသွားကြိုဖို့လူတွေလွှတ်လိုက်တာ သူက ကိုယ်တော့်ရဲ့လူတွေအကုန်လုံးကို သတ်ပြစ်လိုက်တယ်တဲ့လေ ။ အခုတော့သူကိုယ်တိုင် ကိုယ်တော့်ရဲ့တံခါးဝရှေ့ကို ရောက်လာတယ်တဲ့လား ။ "
အနက်ရောင်ဝတ်ထားသောစစ်သည်သည် ခေါင်းကိုငုံ့ချလိုက်ပြီး ဘာစကားတစ်ခွန်းမှမပြောရဲတော့ပေ။
" ပဉ္မမြောက်ညီတော်ကပြန်လာပြီပဲ ။ ကိုယ်တော်က အစ်ကိုကြီးတစ်ယောက်အနေနဲ့ သွားလည်ပေးရမှာပေါ့ ။ " မုရှင်းချန်သည်ပြုံးလိုက်ပြီး သူသည်စားပွဲပေါ်မှထကာ အဝတ်အစားလဲရန် အတွင်းဆောင်သို့ဝင်သွားလေတော့သည် ။
အနက်ရောင်ဝတ်ထားသောစစ်သည်ကား ဆက်လက်ဒူးထောက်နေဆဲပင်ဖြစ်သည် ။ တော်ဝင်မင်းသားက သူ့အားထခွင့်မပြုသေးပေ ။ ထို့ကြောင့်သူက ဆက်လက်၍သာ ဒူးထောက်နေရပေလိမ့်မည် ။
" ခမည်းတော် .. ဒီတစ်ကြိမ်မှာ သားတော်ပြန်လာပြီ ။ ပြီးတော့ ဂိုဏ်းချုပ်ကလည်း လိုက်ပါလာသေးတယ် ။ သူကခမည်းတော်ကိုကယ်တင်ဖို့ရန်အတွက်လည်း ငါးဆယ်ရာခိုင်နှုန်းလောက် သေချာတယ်လို့လည်း ပြောကြားထားသေးတယ် " ဟု မုယွင်ဖေးသည် မျက်ရည်များကိုသုတ်ရင်း ပြောလိုက်သည်။
သူ၏စကားဆုံးသွားသည့်အခါ မုယွင်ဖေးသည် နန်းတော်အတွင်းရှိလေထုက ရုတ်တရက်လှုပ်ရှားသွားသလို ခံစားလိုက်ရသည် ။ ဧကရီဘုရင်မကြီးကား သူ့အပေါ် မယုံကြည်နိုင်လောက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည် ။
တစ်ချိန်တည်းမှာပင် ပုံရိပ်ကြီးငါးခုက နန်းတော်ကြီးအတွင်း ပေါ်ထွက်လာလေသည် ။ သူတို့ငါးယောက်စလုံးသည် တူညီသောအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်သာမက သူတို့၏မျက်နှာများကိုလည်း ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ ။ သူတို့နန်းတော်အတွင်း မည်သို့မည်ပုံဝင်ရောက်လာသည်ကိုပင် မုယွင်ဖေးမသိလိုက်ချေ ။
" သားတော် .. ဒါ .. ဒါတကယ်အမှန်ပဲလား ။ "
လေအင်ပါယာ၏ ဧကရီမှ စကားဆိုလိုက်သည် ။ သူမ၏အသံသည်ကား တုန်ရင်နေပြီး သူမ၏လှပသောမျက်ဝန်းများဖြင့် မုယွင်ဖေးအားစိုက်ကြည့်နေသည် ။ ယခုစကားကိုဆိုလိုက်သူကား သူမ၏သားဖြစ်သူ မုရင်ဖေးမဟုတ်ပဲ အခြားသူတစ်ယောက်သာဆိုပါက သူမသည် နေရာတွင်ပင် သတ်ပစ်လိုက်မည်ဖြစ်သည် ။
ရှေးယခင်အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်ထိတိုင် မည်သူတစ်ဦးတစ်ယောက်ကမှ ကောင်းကင်ဘုံ၏ချို့ယွင်းချက်ငါးချက်ကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ ။
ထိုစကားလုံးများသည် အိမ်မက်ဆိုးတစ်ခုအလား လူတိုင်း၏စိတ်သန္တန်တွင် မြဲမြံစွာခတ်နှိပ်ပြီးဖြစ်ကြသည် ။
တစ်စုံတစ်ယောက်ကသာ ကောင်းကင်ဘုံ၏ချို့ယွင်းချက်ငါးချက် ကို ဖြေရှင်းကုသနိုင်သည်ဆိုပါက မည်သူကမှ ယုံကြည်စိတ်လှုပ်ရှားကြမည်မဟုတ်ပါပဲ ထိုလူ့အား အရူးတစ်ယောက်ဟုသာ သတ်မှတ်ပြောဆိုကြမည်ဖြစ်သည် ။
ဧကရီဘုရင်မကြီးကမေးမြန်းလိုက်သည့်အခါ အနက်ရောင်ဝတ်စုံနှင့်လူငါးယောက်သည်လည်း မုယွင်ဖေးကို အတူတကွစိုက်ကြည့်လိုက်ကြသည် ။ ထိုလူငါးယောက်၏အကြည့်စူးစူများကား မုယွင်ဖေး၏ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းလာစေသည် ။ ထိုလူငါးယောက်ကို မည်သူမည်ဝါမှန်း သူမသိသော်လည်း၊ သူသိသည်ကတော့ ထိုသူငါးယောက်၏ရှေ့တွင် သူသာ အရည်မရ အဖတ်မရသောစကားများပြောကြားရဲပါက တော်ဝင်မင်းသားပင်ဖြစ်လင့်ကစား သူသည်ဧကန်မုချ သေရပေလိမ့်မည်ဖြစ်သည် ။
" ဂိုဏ်းချုပ်က အဲ့လိုပြောခဲ့တာပဲ ။ သားတော်ကတော့ ဂိုဏ်းချုပ်ကို ယုံကြည်တယ် " ဟု မုယွင်ဖေးသည် ကျယ်လောင်စွာပြောဆိုလိုက်သည်။
ဧကရီ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရင်လာသည် ။ သူမသည် ကုတင်ညောင်စောင်းပေါ်တွင် လဲလျောင်းနေသော လေဧကရာဇ်ကိုကြည့်လိုက်သည်။ အနက်ဝတ်လူငါးယောက်ကလည်း လေဧကရာဇ်ကို စိုက်ကြည့်မိလိုက်ကြသည် ။
ပြောရပါလျှင် ဧကရီသာမက အနက်ဝတ်လူငါးယောက်ကပါ ဝမ်ဖုန်းတွင် ထိုကဲ့သို့ဆောင်ရွက်နိုင်မည့်စွမ်းရည် ရှိလိမ့်မည်မဟုတ်ဟု ထင်မြင်ယုံကြည်ထားကြဆဲသာ ။ သို့သော်လည်း မျှော်လင့်ခြင်းအလင်းရောင်တစ်စွန်းတစ်စရှိလျှင်ပင် သူတို့အနည်းဆုံးတော့ စမ်းသပ်လိုကြပေသည် ။
ကံတရားဆိုသည်ကား ဘာမဆိုဆောင်ကျဉ်းပေးလာနိုင်သည် မဟုတ်ပေလော ။
" သူကကြီးမြတ်သောဂိုဏ်းချုပ်ကြီးပဲ။ ဒီဧကရာဇ်က သူ့ကိုယုံကြည်ပါတယ်လေ ။ သူ့ကို ကြိုးစားကြည့်ခွင့်ပေးလိုက်ကြတာပေါ့ ။ " ဟု လေဧကရာဇ်သည် ဖျော့တော့သောလေသံဖြင့်ပြောဆိုလိုက်သည် ။ အမှန်တကယ်တော့ သူသည် မည်သည့်အရာကိုမှ မျှော်လင့်နေခြင်းမရှိတော့ပါပေ ။ သူသည် မုယွင်ဖေး၏မျှော်လင့်ချက်များကို ရိုက်မချိုးလိုသောကြောင့်သာ အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ်ကြိုးစားကြည့်ရုံပဲမဟုတ်လား။ ကြိုးစားကြည့်ရုံနှင့် ဘာများဖြစ်လာမှာမို့လို့လဲ ။
" ငါဧကရီ ဂိုဏ်းချုပ်ဝမ်ကို သွားတွေ့မယ် ။ "
ဧကရီသည် မတ်တပ်ထရပ်လိုက်ကာ ပြောဆိုလိုက်ပြီး ဂိတ်ပေါက်ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည် ။
မုယွင်ဖေးသည် မလှုပ်ရှားခဲ့ပေ ။ သူသည် ထိုနေရာတွင်သာ ဒူးထောက်လျက်ရှိနေခဲ့သည် ။ အနက်ဝတ်လူငါးယောက်ကလည်း အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိခဲ့ပါပေ ။
တံခါးအပြင်ဘက်တွင် လူအိုကြီး၂ယောက်ကား ဝမ်ဖုန်းနှင့် စကားလက်ဆုံကျနေကြသည် ။ ဝမ်ဖုန်းသည် စကားဝိုင်းအတွင်းမှ ထိုလူအိုကြီး၂ယောက်၏အမည်ကို သိရှိခွင့်ရခဲ့ပေသည် ။ သူတို့၏အမည်များကား အင်မတန်မှရိုးစင်းလှပေသည် ။ လက်ဝဲဘက်ရှိလူကြီးအမည်မှာကား မုယီဟုခေါ်ပြီး လက်ယာဘက်ရှိလူကြီးမှာတော့ မုအာ ဖြစ်သည် ။
" လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ယောင်ရီအင်ပါယာကြီးကို ဗြောင်ဆန်သွားစေခဲ့သည့် မဟာနတ်ဆိုးကြီးရွှမ်ရှကား တကယ်ကို ရှန်းရှန်းကျုံဂိုဏ်းကို ဝင်သွားလိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့ဘူး "မုယီသည် ဝမ်ဖုန်း၏ဘေးတွင်ရှိသော မဟာနတ်ဆိုးရွှမ်ရှအား စိုက်ကြည့်ပြီး အပြုံးတစ်ပွင့်နှင့်ပြောဆိုလိုက်သည် ။
သုံးပြည်ထောင်ရှိ အစစ်အမှန်စွမ်းအားရှင်တိုင်းသည် ယောင်ရီအင်ပါကြီးကို လွန်ခဲ့သောအနှစ်တစ်ထောင်ခန့်က ဗြောင်းဆန်သွားစေခဲ့သောမဟာနတ်ဆိုးရွှမ်ရှဆိုသော ပုဂ္ဂိုလ်အကြောင်းကို သိရှိထားကြပါသည်။
ထိုမဟာနတ်ဆိုးရွှမ်ရှသည် အလွန်တရာစွမ်းအားကြီးမားလှပြီး သာမန်ဆန်းကျယ်အင်ပါယာအဆင့်မှလူပုဂ္ဂိုလ်များ ယှဉ်ပြိုင်နိုင်သောသူမဟုတ်ပေ။
" ကျုပ်လို အိမ်ခြေရာမဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကို လက်ခံပေးခဲ့တဲ့ ဂိုဏ်းချုပ်ဝမ်ကိုပဲ ကျေးဇူးတင်ရမှာပါဗျာ ။ "မဟာနတ်ဆိုးရွှမ်ရှသည် ဂိုဏ်းချုပ်ဝမ်ကိုလေးလေးစားစား လှည့်ကြည့်လိုက်သည် ။
ဝမ်ဖုန်းကလည်းပြုံးကာ ဘာတစ်ခွန်းမျှ ပြန်ပြောခဲ့ခြင်းမရှိတော့ပေ။
ခရက် ....
ဤအချိန်တွင်တံခါးမကြီးပွင့်ဟလာခဲ့ပြီး ကျော့ရှင်းမြင့်မြတ်သော လေဧကရီသည် ဝမ်ဖုန်းနှင့်အခြားသူများအရှေ့သို့ ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့သည် ။
"ဧကရီကို ဂါဝရပြုပါတယ် " ။
မုယီနှင့် မုအာတို့သည် မုယွင်ဖေးကိုတောင် နှုတ်မဆက်ခဲ့ကြပေ။ သို့သော်လည်း လေဧကရီကိုတွေ့မြင်ရသည့်အခါတွင်တော့ သူတို့နှစ်ယောက်သည် အလွန်အမင်းရိုသေလေးစားသော ကိုယ်နေဟန်ထားဖြင့် နှုတ်ဆက်ဂါဝရပြုလိုက်ကြသည်။
" အကြီးအကဲနှစ်ယောက်တို့၊ အရမ်းကြီး ယဉ်ကျေးနေဖို့မလိုပါဘူး ။ " ဧကရီသည် နူးညံ့သောလေသံဖြင့် ပြောဆိုလိုက်ပြီးဝမ်ဖုန်းကိုစိုက်ကြည့်လိုက်သည်။
ရှန်းရှန်းကျုံဂိုဏ်းသည် သုံးပြည်ထောင်အတွင်း ကျော်ကြားလာပြီဖြစ်ရာ ဝမ်ဖုန်း၏အမည်နာမသည်လည်း သုံးပြည်ထောင်ရှိ အနယ်နယ်အရပ်ရပ်သို့ ဂုဏ်သတင်းပျံ့နှံ့ကျော်ဇော နေပြီဖြစ်သည်။
" ဂိုဏ်းချုပ်ဝမ်... ၊ ဂိုဏ်းချုပ်ဝမ်ကို ခမ်းခမ်းနားနားတောင်မကြိုဆိုလိုက်ရဘူး ။ ဂိုဏ်းချုပ်ဝမ်ကပဲ ဒီဧကရီကို ခွင့်လွှတ်ပေးဖို့့မျှော်လင့်ပါတယ် ။ " ဧကရီသည် ဂိုဏ်းချုပ်ဝမ်ကို အရိုအသေပေးကာ ပြောဆိုလိုက်ပါသည် ။
" ဒီဂိုဏ်းချုပ်ကသာ ဒီနေရာကို အကြောင်းမကြားပဲရောက်လာခဲ့တာပါလေ ။ " ဝမ်ဖုန်းကလည်း လေးလေးစားစား လက်သီးဆုပ်ကာ ရိုရိုသေသေဂါဝရပြုကာ ပြန်လည်ပြောဆိုလိုက်သည်။
" ကျေးဇူးပြုပြီးအထဲကိုကြွပါ ဂိုဏ်းချုပ်ဝမ် ။ " ဧကရီသည် ဝမ်ဖုန်းကိုစိုက်ကြည့်ကာ ဖိတ်ခေါ်သောကိုယ်နေဟန်ထားကို ပြလိုက်သည်။
ဝမ်ဖုန်းသည်လည်းခေါင်းညှိတ်ကာ ဧကရီ၏အနောက်မှလိုက်၍ တုံ့ဖန်းပုပိုင် ၊ မဟာနတ်ဆိုးရွှမ်ရှတို့နှင့်အတူ နန်းတော်ကြီးအတွင်းသို့ဝင်ရောက်သွားပါတော့သည်။
လေဧကရာဇ်ကို ဝမ်ဖုန်းတို့ မကြာမီမှာပဲ တွေ့ဆုံလိုက်ရသည်။ ကောင်းကင်ဘုံ၏ ချို့ယွင်းချက်ကြီး ငါးပါးမှာ အင်မတန်ကြောက်စရာကောင်းကြောင်း ဝမ်ဖုန်းသိထားသော်လည်း ဆန်းကျယ်အဓိပတိအဆင့်ရှိသော စွမ်းအားရှင်ကြီးတစ်ယောက်ပင်လျှင် ထိုချို့ယွင်းချက်ငါးချက်နှင့်ရင်ဆိုင်ရပါက ဤကဲ့သို့သော ပုံပန်းသဏ္ဍာန်မျိုးလောက်ထိ ဖြစ်ပျက်သွားလောက်မည်ဟု ဝမ်ဖုန်းထင်မှတ်မထားခဲ့ပေ။
ဤသည်ကား တကယ့်ကို ကောင်းကင်ဘုံ၏ ချို့ယွင်းချက်ကြီးငါးပါးဖြစ်ပါတော့သည် ။
" ဧကရာဇ်ကို နှုတ်ခွန်းဆက်သ ဂါဝရပြုပါတယ် ။ "
ဝမ်ဖုန်းသည် ကုတင်ညောင်စောင်းေပါ်တွင်လဲလျောင်းနေသော လေဧကရာဇ်ကို ဦးညွှတ်ကာ ပြောဆိုလိုက်သည်။
မဟာနတ်ဆိုးရွှမ်ရှနှင့် တုံ့ဖန်းပုပိုင်တို့ကလည်း တစ်ချိန်တည်းမှာပင် ပြိုင်တူ ဦးညွှတ် နှုတ်ဆက်လိုက်ကြသည် ။
လေဧကရာဇ်သည် ကုတင်ညောင်စောင်းပေါ်တွင်လဲလျောင်းနေသော်လည်း သူ မသေသေးဆုံးသရွေ့ မဟာလေအင်ပါယာကြီး၏ တစ်ဦးတည်းသောဧကရာဇ်ပင် ဖြစ်ပါသည်။ သူသည် သုံးပြည်ထောင်အတွင်းရှိ စွမ်းအားအကြီးမားဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးအပါအဝင်ဖြစ်နေဆဲပင် ။
" ကိုယ်တော့်ကိုဂရုစိုက်ပေးတယ်ကြားရတော့ ဂိုဏ်းချုပ်ဝမ်ကို ကျေးဇူးအရမ်းတင်ပါတယ် ။ ဒါပေမယ့်ကိုယ်တော်ဂိုဏ်းချုပ်ဝမ်ကို ကိုယ်တိုင်ကိုယ်ကျ ဧည့်မခံနိုင်တာကိုတော့ ခွင့်လွှတ်ပါ ။ " လေဧကရာဇ်သည် အားနည်းစွာပြောဆိုလိုက်သည်။ သူသည် ထိုမျှလောက်ရှည်လျားသောစကားကိုပြောကြားဖို့ရန် အတော်အတန်ပင်အားယူလိုက်ရသည် ။ သူသည် မရဏလောကနှင့် ခြေတစ်လှမ်းသာ ကွာဝေးသော အခြေအနေတွင် ရောက်ရှိနေလေသည်။
" ဂိုဏ်းချုပ်ဝမ်မှာ အရှင်မင်းကြီးကိုကယ်တင်ဖို့နည်းလမ်းရှိတယ်လို့ ငါကြားထားတယ် ။ " ဝမ်ဖုန်းပြန်မဖြေခင်တွင်ပင် ဧကရာဇ်၏တစ်ဖက်တစ်ချက်၌ မတ်တပ်ရပ်နေသော ဧကရီက မအောင့်အီးနိုင်စွာ ထုတ်မေးလိုက်သည်။ သူမ၏ လှပသောမျက်ဝန်းများကလည်း ဝမ်ဖုန်းအား စိုက်ကြည့်နေခဲ့သည် ။
အနက်ဝတ်နှင့်လူငါးယောက်ကလည်း ဝမ်ဖုန်းအား တညီတစ်ညာတည်း စူးစိုက်ကြည့်လိုက်ကြသည် ။ သူတို့သည် ဝမ်ဖုန်း၏အဖြေက်ု မျှော်လင့်စောင့်စားနေကြသည် ။ ဝမ်ဖုန်းမှ နောက်ပြောင်ပြောဆိုနေခြင်းမဟုတ်ဖို့ရာလည်း ဆုတောင်းနေခဲ့ကြသည် ။ ဤသည်မှာ မဖြစ်နိုင်သော ကိစ္စဟု သူတို့ကိုယ်တိုင်ကိုယ်ကျ ယုံကြည်ထားခဲ့ကြသော်လည်း အကယ်၍ ဝမ်ဖုန်းသာ လေဧရာဇ်ကိုကယ်တင်နိုင်မည်ဆိုပါကသူတို့သည် မည်သည့်အဖိုးအခကိုမဆိုပေးရန် ဆန္ဒရှိကြပေသည်။
ဝမ်ဖုန်းသည် ပြုံးသာပြုံးပြီး ပြန်မဖြေခဲ့ပေ။ ထိုအစားသူသည် လေဧကရာဇ်ဆီသို့သာ တရွေ့ရွေ့လမ်းလျှောက်သွားလိုက်သည် ။
သို့သော်လည်း ဝမ်ဖုန်းခြေတစ်လှမ်း လှမ်းလ်ုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို အနက်ဝတ်လူငါးယောက်မှ ချက်ချင်းတားလိုက်ကြသည် ။
ဝမ်ဖုန်းသည်အနက်ဝတ်ထားသည့်လူငါးယောက်ကို စိုက်ကြည့်လိုက်သည် ။ အပြင်ပန်းတွင် သူတို့ငါးယောက်သည် တည်ငြိမ်နေကြပုံပေါ်သော်လည်း အမှန်တော့ သူတို့၏နှလုံးသားများသည်လည်း အလွန်အမင်း တုန်လှုပ်နေကြသည် ။ အနက်ဝတ်လူငါးယောက်အနက် နှစ်ယောက်သည် ဆန်းကြယ်အဓိပတိနှောင်းပိုင်းအဆင့်တွင်ရှိပြီး ကျန်သုံးယောက်ကတော့ ဆန်းကြယ်အဓိပတိ အလယ်အလတ်အဆင့်တွင်ရှိကြသည် ။
ဤကနေ့တွင်ဖြင့် အစွမ်းထက်လှပါပြီဆိုလှသော ဆန်းကြယ်အဓိပတိအဆင့် ပုဂ္ဂိုလ်ကြီး၇ယောက်ကို ကြီးမြတ်သောလေအင်ပါယာကြီးအတွင်း တပြိုင်တည်း တွေ့မြင်လိုက်ရပေသည်။ ဒါ့အပြင် ကြီးမြတ်သောလေဧကရာဇ်သည်လည်း ဆန်းကျယ်အဓိပတိ အထွတ်အထိပ်အဆင့်တွင်ရှိနေပေသည် ။ ဤကဲ့သို့စွမ်းအားကြီးသောပုဂ္ဂိုလ်များနှင့် ဝမ်ဖုန်းသည် ဤတစ်ကြိမ်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်ပါသည် ။
ဒီအင်ပါယာတွေက တကယ့်ကို လှို့ဝှက်ဆန်းကျယ်တာပဲ ။ သူတို့အကြောင်း ပိုပိုသိရလေ ပိုပိုအံ့ဩဖို့ကောင်းလေပါပဲလား ။
" ဒီဂိုဏ်းချုပ်က ဧကရာဇ်၏ခန္ဓာကိုယ်ကို စစ်ဆေးဖို့လိုလို့ပါ ။ " ဝမ်ဖုန်းသည် အနက်ဝတ်လူ၅ယောက်ကိုစိုက်ကြည့်ကာ လေသံဖျော့ဖျော့ဖြင့်ပြောလိုက်သည်။
" လမ်းဖယ်ပေးလိုက်ကြပါ ။ ဒီဧကရာဇ်က ဂိုဏ်းချုပ်ဝမ်ကိုယုံကြည်တယ် ။ " လေဧကရာဇ်၏ အားနည်းနေသော လေသံသည်ထွက်ပေါ်လာခဲ့သည် ။ ထို့နောက် အနက်ဝတ်လူ၅ယောက်သည်လည်း ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြပါတော့သည် ။