← Chapters

တွေ့ဆုံခြင်း

Vol. 41 Ch. 601

တွေ့ဆုံခြင်း

Vol. 41 Ch. 601

သက်လတ်ပိုင်းရွယ်ဘုန်းကြီးက တခြားသူမဟုတ်.. ရုပ်ဖျက်ထားသော ဆူဇီမိုသာ ဖြစ်လေသည်။

ယခုအချိန်မှာ သူ၏ အစစ်အမှန်ပုံစံကို ပြသလို့ မဖြစ်သေးချေ။

သူက မသေသေးဘဲ မဟာကျိုးဧကရီကို ဝင်ရောက်ကယ်တင်ခဲ့သည်ဟု သတင်းပေါက်ကြားသွားလျှင် မဟာကျိုးအင်ပါယာက ကြီးကြီးမားမား ဘေးသင့်လာနိုင်၏။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘုရားကျောင်းအိုကိုလည်း လူတွေ ရှာတွေ့လာနိုင်လေသည်။

ဒါ့အပြင် ဆူဇီမို၏ နှလုံးသားကလည်း ကျိယောင်ရွှယ်နှင့် ရင်မဆိုင်လိုသေးပေ။

ငါးနှစ်ကြာပြီးနောက် ထိုခံစားချက်က ပိုလို့အားကောင်းလာ၏။

အဲ့ဒါက ရှုပ်ထွေးနက်နဲ၍ ဖော်ပြလို့ မရသော ခံစားချက်တစ်ခု ဖြစ်လေသည်။

ပြီးခဲ့သည့်ငါးနှစ်မှာ ဆူဇီမိုသည် အပြင်လောကနှင့် အဆက်ဖြတ်၍ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘုရားကျောင်းအိုထဲမှာသာ နေခဲ့၏။ အဲ့ဒီမှာ သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများ မရှိဘဲ သူသည် ဗုဒ္ဓကို အရိုအသေးပေး၍ ကျမ်းစာများ လေ့လာခြင်းဖြင့်သာ သူ့စိတ်နှလုံးက အေးချမ်းငြိမ်သက်နေခဲ့၏။

သို့သော်လည်း ကျိယောင်ရွှယ်က အန္တရာယ်ရောက်လာသောအခါ သူ့စိတ်က လှုပ်ရှားထကြွလာ၏။

ပြီးခဲ့သည့် ငါးနှစ်အတွင်း ငြိမ်သက်ခဲ့သော သူ့စိတ်နှလုံးက ချက်ချင်းပြိုကွဲသွားပြီး ထိန်းချုပ်လို့မရနိုင်သော သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာသည်ကို သူ့ကိုယ်သူ တွေ့လိုက်ရ၏။

ထို့ကြောင့် သူပေါ်လာသည်နှင့် တစ်ယောက်ကိုမှ အသက်ရှင်ခွင့်ပေးဖို့ စိတ်ကူးမရှိဘဲ ပြတ်သားစွာဖြင့် သတ်ဖြတ်ခဲ့၏။ ပကတိအရှင်မင်းကျီပင်လျှင် သူ့ကို ကြောက်လန့်သွားရ၏။

ထိပ်တန်းပညာရှင် နိုးထဝိညာဉ်နှစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် သူက အသက်သုံးရှိုက်စာသာ အချိန်ယူခဲ့၏။

အဲ့ဒါက ကြည့်လျှင်တော့ ခဏတာလေးနှင့် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုဖြစ်စဉ်မှာ များပြားလှသော အန္တရာယ်များက ပါဝင်ပတ်သတ်ခဲ့ကြောင်း သူအသိဆုံး ဖြစ်လေသည်။

သူသည် တစ်ကယ်ပင် သူ့အသက်နှင့် အလောင်းအစားလုပ်၍ တိုက်ခိုက်ခဲ့ခြင်းပင်။

တစ်ကယ့်အစစ်အမှန် ခွန်အားအရာမှာတော့ ဆူဇီမိုသည် နိုးထဝိညာဉ်များ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ကူစုချီနှင့် ထျန်ချန်ထက် ပိုသန်မာသော သူ၏ တစ်ခုတည်းသောအရာမှာ သူ့ခန္ဓာကိုယ်ဖြစ်၏။

သားရဲကျင့်ကြံသူများသည် အဆင့်ကျော် သတ်ဖြတ်ရာမှာ အတော်ဆုံးဟု တျဲယွဲ့က သူ့ကို ပြောခဲ့ဖူး၏။

သူသည် တစ်ဖက်လူ၏ အနားသို့ ချဉ်းကပ်နိုင်သည်နှင့် အနိုင်ရဖို့ အခွင့်များသွားပြီ ဖြစ်လေသည်။

သူသည် စစ်ကျွင်းယုကို လွှတ်ပေးမည်ဟု သဘောတူခဲ့သောကြောင့်လည်း ကူစုချီနှင့် ထျန်ချန်တို့က သတိပေါ့ကာ အငိုက်မိသွားကြခြင်း ဖြစ်၏။

နိုးထဝိညာဉ်နှစ်ယောက် အငိုက်မိသွားကြခြင်းမှာ သူတို့သည် အတွေ့အကြုံ နုနယ်သောကြောင့် မဟုတ်ဘဲ ရွှေအမြုတေတစ်ယောက်က နိုးထဝိညာဉ်များကို သတ်ဖြတ်ဖို့ ကြိုးစားရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့သောကြောင့် ဖြစ်လေသည်။

အဲ့ဒါသည် မော်တယ်တစ်ယောက်က အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ဖို့ ကြံစည်နေခြင်းနှင့် တူလေသည်။

ဆူဇီမိုသည် ဓါးရိုးကို ဆုပ်ကိုင်ပြီး သူ့ရင်အုပ်ထဲကနေ ဓါးသွားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

ဓါး၏ ထက်ရှမှုက သူ့အရိုးနှင့် အသားများကို ပွတ်ဆွဲသွားပြီး တဂျိဂျိ အသံများက ထွက်ပေါ်လာ၏။

ဆူဇီမို၏ မျက်နှာက မှင်သေသေပင်။

သွေးများက လျှံထွက်လာ၏။

သူသည် နာကျင်မှုကို မခံစားရသည့်အလား သူ့နောက်ကို လှည့်ပင်မကြည့်ဘဲ ဓါးကိုင်ထားသောလက်ဖြင့် ဝေ့ရမ်းလိုက်၏။

ဖောက်..

ဓါးက ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်၏ နှလုံးထဲသို့ စိုက်ဝင်သွားပြီး နေရာမှာတင် စင်းသွား၏။

ကျန်ရှိနေသေးသော လေးယောက်မှာလည်း ငူငိုင်နေခြင်းမှ သတိပြန်ကပ်လာပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။ သူတို့သည် ကြောက်လန့်တကြား အာမေဋိတ်သံပြု၍ နောက်မလှည့်တမ်း အားကုန်သုတ် ပြေးကြလေတော့၏။

ဆူဇီမိုသည် သူ့ရင်ဘက်ကို ဘယ်ဘက်လက်ဖြင့် ဖိထားရင်း အေးစက်စက်အကြည့်နှင့်အတူ ဖနောင့်ဆောင့်လိုက်၏။ မြေပြင်က တုန်ခါသွားပြီး သူက မြားတစ်စင်းလို ပြေးထွက်သွားလေသည်။

အဲ့ဒါက အရမ်းမြန်လွန်း၏။

ဝုန်း..

ခြေလှမ်းအနည်းငယ်သာ ပြေးရသေးသော မဟာရှအစောင့်တစ်ယောက်ကို ဆူဇီမိုက လိုက်မီသွား၏။ ထိုသူက သူ့လက်ဝါးရိုက်ချက်ပင် ခုခံချိန်တောင် မရလိုက်ဘဲ တစ်ခါတည်း အသက်ပျောက်သွား၏။

ကျန်ရှိနေသော ရွှေအမြုတေသုံးယောက်မှာလည်း ဆူဇီမို၏ လက်ကနေ လွတ်မြောက်နိုင်ခြင်း မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ကြရ၏။

စစ်ကျွင်းယုသည် နေရာမှာတင် မလှုပ်မယှက် ရပ်နေမိ၏။

သူ့ခွန်အားအရ သက်လတ်ပိုင်းရွယ်ဘုန်းကြီးက သူ့ကို အမီလိုက်ဖမ်းချင်လျှင် မည်သို့မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူသေချာ ပြောနိုင်လေသည်။

သိပ်မကြာမီ လူလေးယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် သက်လတ်ပိုင်းရွယ်ဘုန်းကြီးသည် စစ်ကျွင်းယုထံသို့ တန်းတန်းမတ်မတ် ပြန်လျှောက်လာ၏။

စစ်ကျွင်းယု၏ မျက်နှာက ပိတ်ဖြူတစ်စလို ဖြူဆုတ်လာသော်လည်း သူက တည်ငြိမ်ဟန်ဆောင်ပြီး လက်နှစ်ဖက်ကိုဆုပ်ကာ လေးစားသမှု ပြုလိုက်၏။

“ကြီးမြတ်တဲ့ကိုယ်တော်.. ကျုပ်က မဟာရှရဲ့ မင်းသားပါ.. ကိုယ်တော်သာ ကျုပ်ကို လွှတ်ပေးမယ်ဆိုရင် အတိုင်းမသိ ကျေးဇူးတင်မိမှာပါ.. ဘယ်လိုတောင်းဆိုချက်မျိုးကိုမဆို ကျုပ်ဘက်က လိုက်လျောပေးနိုင်ပါတယ်”

“ကျုပ်က နန်းတက်တာနဲ့ ကျုပ်အင်ပါယာရဲ့ စွမ်းအားနဲ့ ကိုယ်တော်အလိုရှိရာကို ကူညီပေးလို့ ရပါတယ်”

ဆူဇီမိုက စစ်ကျွင်းယုရှေ့သို့ ရောက်လာပြီး မှင်သေသေမျက်နှာနှင့်ပင် ထိုသူကို လည်ပင်းကို ဖမ်းဆုပ်လိုက်၏။

“အီး.. အစ်.. အစ်...”

စစ်ကျွင်းယု၏ ခြေထောက်က မြေကြီးနှင့် လွတ်သွားပြီး မျက်လုံးပြူးမျက်ဆံပြူးနှင့် ယက်ကန်ယက်ကန် ဖြစ်နေ၏။ သူသည် စကားပြောလို့ မရနိုင်တော့ဘဲ ထူးဆန်းသည့် အသံများသာ ထွက်လာလေသည်။

ဆူဇီမိုက စစ်ကျွင်းယု၏ နားအနားသို့ ကပ်ပြီး တိုးတိုး ပြောလိုက်၏။

“မင်းအင်ပါယာတစ်ခုလုံးရဲ့ စွမ်းအားက သူမရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ ယှဉ်ရင်တောင် ဘာမှ မဟုတ်ဘူး.. မင်းက သူ့ကို ထိခိုက်အောင် လုပ်ရဲမှတော့ ငါကလဲ မင်းကို သတ်ပေးရတော့မှာပေါ့”

“မ..မင်း...”

စစ်ကျွင်းယု၏ မျက်နှာက ခရမ်းရောင်သန်းလာပြီး တစ်ခုခုကို ပြောချင်နေပုံရ၏။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“မင်း မသေခင် ရှင်းရှင်းလင်းလင်း သိသွားအောင် ငါပြောလိုက်ဦးမယ်.. ငါက ဆူဇီမိုပဲ.. မင်းအစ်ကို ကျွင်းဟောက်ကိုလဲ ငါပဲ သတ်ခဲ့တာ”

စစ်ကျွင်းယုသည် မယုံကြည်နိုင်မှုဖြင့် မျက်လုံးပြူးလာ၏။

ဆူဇီမို... အဲ့ဒါက ပြီးခဲ့သည့် ငါးနှစ်အတွင်း မည်သူမှ မပြောကြတော့သည့် နာမည်ပင်။

သူက အသက်ရှင်နေသေးတာလား..

“မင်းအစ်ကို,ကို ငရဲမှာ သွားတွေ့လိုက်တော့”

ဆူဇီမိုသည် တည်ငြိမ်စွာပြောပြီး သူ့လက်ချောင်းများဆီသို့ အားအနည်းငယ် ပို့လွှတ်လိုက်၏။

စစ်ကျွင်းယုက သေလေပြီ။

၁၅ မိနစ် မကြာခင်မှာပင် နိုးထဝိညာဉ်နှစ်ယောက်၊ ရွှေအမြုတေအယောက်နှစ်ဆယ်နှင့် မဟာရှ၏ မင်းသားတစ်ယောက်က ဤနေရာမှာ အသတ်ခံလိုက်ရလေပြီ။ မည်သူမှ ရှင်သန်မကျန်ရစ်ခဲ့ကြပေ။

ကျိယောင်ရွှယ်က တွေးတွေးဆဆဟန်ဖြင့် မျက်ခုံးကိုပင့်ကာ တစ်နည်းတစ်ဖုံ ထူးဆန်းစွာနှင့် ဆူဇီမိုကို ကြည့်နေ၏။

ပကတိအရှင်မင်းကျီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ရှေ့သို့ တက်သွားပြီး ဆူဇီမိုကို အလေးအနက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

“ကျုပ်က မဟာကျိုးအင်ပါယာရဲ့ ပကတိအရှင်မင်းကျီပါ.. စောစောက ကူညီပေးခဲ့တာတွေအတွက် တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်.. ကြီးမြတ်တဲ့ကိုယ်တော်”

နိုးထဝိညာဉ်တစ်ယောက်အနေနဲ့ ရွှေအမြုတေတစ်ယောက်ကို ဤကဲ့သို့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည့်မြင်ကွင်းက တစ်ကယ့်ကို ရှားရှားပါးပါး ဖြစ်လေသည်။

“ဘာမှ မစိုးရိမ်နဲ့တော့”

ဆူဇီမိုက လက်ကာပြပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။

“ဒီနေရာက အန္တရာယ်တွေ အပြည့်နဲ့ နတ်ကြီးတယ်.. နဂါးသင်္ချိုင်းတောင်ကြားက ကံဆိုးမိုးမှောင်ကျတတ်တဲ့ နေရာပဲ.. ဒကာတို့တွေ နောက် ဒီနေရာကို ထပ်မလာကြပါနဲ့တော့”

“ကောင်းပါပြီခင်ဗျ.. အကြံပေးတာ ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့ကိုယ်တော်” ပကတိအရှင်မင်းကျီက ခေါင်းညိတ်လိုက်၏။

ထိုစဉ်မှာပင် ကျိယောင်ရွှယ်သည် လမ်းလျှောက်လာပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။

“ဒီက ကြီးမြတ်တဲ့ကိုယ်တော်ရဲ့ နာမည်နဲ့ ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းကဆိုတာ ကျမ သိလို့ ရမလားရှင်”

တစ်ကယ်တော့ အဲ့ဒါက မမေးသင့်သည့် မေးခွန်းပင်။

သူမ၏ လေသံနှင့် ပြောဆိုဟန်က တစ်ယောက်ယောက်ကို စစ်ဆေးမေးမြန်းဖော်ထုတ်နေသည်နှင့် သွားတူလေသည်။

ပကတိအရှင်မင်းကျီက မျက်နှာတစ်ချက် ပျက်သွားပြီး ကျိယောင်ရွှယ်ကို မျက်မှောင်အနည်းငယ်ကြုတ်၍ တစ်ချက်ကြည့်လိုက်၏။

သက်လတ်ပိုင်းရွယ်ကိုယ်တော်၏ နောက်ခံနှင့် နည်းလမ်းများက လျှို့ဝှက်ဆန်းကြယ်ပြီး တစ်နည်းတစ်ဖုံ ထူးခြားနေကြောင်း သူအာရုံခံမိ၏။ အခုအချိန်ထိ သူက သူတို့ကို ဘာကြောင့်ကူညီရတယ်၊ မဟာရှမှ လူတိုင်းကို ဘာကြောင့် အကုန်သတ်ပစ်ရတယ်ဆိုတာကို ထုတ်ပြောမပြပေ။

သို့သော်လည်း ကျိယောင်ရွှယ်၏ အပြုအမူက ပိုလို့တောင် ထူးဆန်းနေသေး၏။

ဆူဇီမိုက သူ့ခေါင်းကို ငုံ့ထားပြီး ပုတီးလေးစေ့သာပါသော ပုတီးတစ်ကုံးကို သူ့ဘယ်ဘက်လက်ဖြင့် ကိုင်ထားကာ တည်ငြိမ်စွာ ပြောလိုက်၏။

“ကျုပ်က မင်းရှင်ပဲ.. ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး”

“မင်း ရှင်”

ကျိယောင်ရွှယ်က ခပ်တိုးတိုး ရေရွတ်၍ ဆူဇီမိုကို အလေးအနက် ကြည့်လိုက်၏။

“ပကတိအရှင်မင်းကျီနဲ့ ကျမက ဒဏ်ရာတွေ ရထားလို့ ဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူး.. ကိုယ်တော်ပြောသလို ဒီနေရာက အရမ်းအန္တရာယ်များတယ်ဆိုတော့.. ကျမတို့ကို လိုက်ပို့ပေးနိုင်မလား”

အဲ့ဒါက ရိုင်းပျသည့် တောင်းဆိုမှုပင်။

ပကတိအရှင်မင်းကျီက ဝင်ပြောမလို့ ဟန်ပြင်စဉ်မှာပင်.. သက်လတ်ပိုင်းရွယ်ဘုန်းကြီးက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ”

ပကတိအရှင်မင်းကျီက ကြောင်အသွား၏။

သို့သော်လည်း ကျိယောင်ရွှယ်က တောက်ပစွာ ပြုံးနေသည်ကို သူတွေ့လိုက်ရ၏။

“ကျေးဇူးတင်ပါတယ်.. ကြီးမြတ်တဲ့ကိုယ်တော်”

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပကတိအရှင်မင်းကျီသည် ကျိယောင်ရွှယ်ဘေးမှာနေ၍ တစ်ချိန်လုံးလိုလို စောင့်ကြပ်ပေးခဲ့ရ၏။

လွန်ခဲ့သည့်ငါးနှစ်.. သမိုင်းမှာ အသန်မာဆုံး ပြန်ဝင်စားမွန်းစတား သေဆုံးသွားပြီးကတည်းက ကျိယောင်ရွှယ်မျက်နှာပေါ်မှာ ဤကဲ့သို့သော အပြုံးမျိုးကို သူ မမြင်တွေ့ခဲ့ရတော့ပေ။

အဲ့ဒါက မိုးစဲသွားချိန်မှာ ထွက်ပေါ်လာသော သက်တံတစ်ခုလို ကြည်လင်တောက်ပနေ၏။

လွန်ခဲ့သည့် ငါးနှစ်အတွင်း သူမ၏ ရင်ထဲမှာ မျိုသိပ်ထားခဲ့ရသော အထီးကျန်ဝမ်းနည်းမှုများ အားလုံးက ကင်းစင်ပျောက်ကွယ်သွားသည့်အလားပင်။

ဆူဇီမိုသည် ကျိယောင်ရွှယ်၏ အပြုံးကိုကြည့်ပြီး သူ့စိတ်ထဲတွင် စကားလုံးတစ်စုက ပေါ်လာ၏။

ထိုအပြုံးက ပန်းတစ်ပွင့် ဖူးပွင့်လာသည့်အလားပင်။

သို့သော်လည်း ဤကမ္ဘာမှာ သူ့ရှေ့ရှိ အမျိုးသမီး၏ အပြုံးနှင့် နှိုင်းယှဉ်နိုင်လောက်သည့်ပန်း မရှိဟု သူထင်မိလေသည်။

ဆူဇီမိုက အကြည့်လွှဲပြီး သူ့လက်ထဲရှိ ဆုတောင်းပုတီးကို ပို၍ မြန်မြန်စိပ်လိုက်၏။ သူသည် ခေါင်းကိုငုံ့ပြီး ရှေ့သို့လှမ်းကာ ပြောလိုက်၏။

“သွားကြတာပေါ့”

ပကတိအရှင်မင်းကျီသည် နဝေတိမ်တောင်နှင့်ပင် နောက်ကနေ အလိုလို လိုက်ခဲ့မိ၏။

ကျိယောင်ရွှယ်က အနည်းငယ် စိတ်ပျက်ဝမ်းနည်းမှုနှင့်အတူ သူမ၏ နှုတ်ခမ်းကို စူလိုက်၏။

သို့သော်လည်း နောက်ခဏ၌ သူမက ပို၍ တောက်ပစွာ ထပ်ပြုံးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ.. ဤနေ့ခရီးက ပျော်ရွှင်ရဖို့ ထိုက်တန်သည့်နေ့တစ်နေ့ ဖြစ်ခဲ့လေသည်။

All Chapters