← Chapters

ဂျူနီယာညီလေး.. မင်းတော့ အဆိပ်မိလာပြီ

Vol. 41 Ch. 603

ဂျူနီယာညီလေး.. မင်းတော့ အဆိပ်မိလာပြီ

Vol. 41 Ch. 603

ဆူဇီမို၏ ညှိုးငယ်သွားသော မျက်နှာကို မြင်လိုက်ရချိန်တွင် နတ်ဆိုးမကျိသည် သူ၏ လက်ရှိအခြေအနေကို ပြန်သတိရသွားပြီး ဆက်လက်အပြစ်မတင်ရက်တော့ပေ။

သူ့ဆွေမျိုးနှင့် မိတ်ဆွေများအားလုံးက မြောက်ပိုင်းဒေသမှာ ရှိကြ၏။

သူ့မှာသာ အခြားရွေးချယ်စရာရှိလျှင် ယခုကဲ့သို့ ဇာတ်မြှုပ်နေမှာ မဟုတ်ပေ။

ဒါ့အပြင် သူ့ရွှေအမြုတေက ပျက်စီးသွားခဲ့၏။

အတိတ်ကာလက သူ၏ ထွန်းတောက်ခဲ့မှုများ.. အန္တိမအခြေတည်အဆင့်၊ လူသားဧကရာဇ်ပြီး ဒုတိယ၊ လူသားဧကရာဇ်နန်းတော်အောက်မှာ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများကို ဖိနှိမ်ခဲ့သူ၊ မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိ၊ နိုးထဝိညာဉ်များကိုပင် မီးတောင်တိုက်သွင်းခဲ့သူ.. စသည်တို့နှင့် သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတား။

သို့သော် ယခုအခါ ထိုဂုဏ်ကျက်သရေများအားလုံးက ဘာမှ မကျန်ခဲ့တော့ပေ။

ပြောရမည်ဆို သူ့မှာ ကျောချစရာ တစ်နေရာတောင် မရှိတော့ပေ။

ဘယ်လိုလူက ဤကဲ့သို့သော လောကဓံအထုအထောင်း ရိုက်ချက်ဒဏ်ကို ခံနိုင်ရည်ရှိပါမည်နည်း။

အစတုန်းကတော့ နတ်ဆိုးမကျိသည် မချင့်မရဲနှင့် မကျေမနပ် ဖြစ်နေ၏။ သို့သော် ဆူဇီမို၏ အခြေအနေကို ကြားရပြီးနောက် သူမ၏ နှလုံးသားက နာကျင်ကိုက်ခဲသွားလေသည်။

သူမက နူးညံ့စွာ ပြောလိုက်၏။

“ဇီမို.. စင်ကြယ်အပျိုစင်ဂိုဏ်းကို လိုက်ခဲ့ပါလား.. ငါတို့ နင့်ကို ကာကွယ်ပေးမယ်”

“သားရဲတစ်ကောင်ကို ကာကွယ်မလို့လား”

ဆူဇီမိုက မိမိကိုယ်မိမိ သရော်သလို ရယ်လိုက်၏။

နတ်ဆိုးမကျိသည် ပါးစပ်ကိုဟ၍ တစ်ခုခု ပြောချင်ပုံရသော်လည်း နောက်ဆုံး မည်သည့်စကားမှ ထွက်မလာပေ။

သူမက အကုန်လုံးကို လျစ်လျူရှုပေးနိုင်သော်လည်း ဂိုဏ်းကလည်း ထို့အတူပင် ဖြစ်မည်ဟု သူမ အာမခံနိုင်ခြင်း မရှိပေ။

စင်ကြယ်အပျိုစင်ဂိုဏ်းက မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဆိုသော်လည်း သူတို့က လူသားများသာ ဖြစ်ကြ၏။

လူသားများနှင့် သားရဲများက အချိန်ကြာလကြာမြင့်စွာ ရန်ငြိုးရန်စ အမုန်းတရား ရှိခဲ့ကြပြီး တစ်ဖက်က သွေးသစ္စာကျိန်ဆိုခြင်းမရှိလျှင် တစ်ဖက်က ကြည်ဖြူစွာ လက်ခံထားနိုင်ကြမည် မဟုတ်ပေ။

နတ်ဆိုးမကျိက ပြော၏။

“ဇီမို.. နင့်ကိုယ်နင် သားရဲတစ်ကောင် မဟုတ်ဘူးဆိုတာ ရှင်းပြနိုင်တာပဲ.. လူသားဧကရာဇ်နန်းတော်က ဘယ်လိုလုပ်ပြီး သားရဲတစ်ကောင်ကို အထဲဝင်ခွင့်ပေးခဲ့မှာလဲ”

ဆူဇီမိုက အေးစက်စက် ရယ်မောကာ ခေါင်းခါလိုက်၏။

သူ၏ စိတ်နေစရိုက်နှင့် မာနအရ.. ထိုကဲ့သို့သော အရာများကို တကူးတက ရှင်းပြနေမှာ မဟုတ်ပေ။

တစ်ဖက်မှာ သူက ရှင်းပြလျှင်တောင် ဘယ်သူက သူ့ကို ယုံကြည်လက်ခံမှာလဲ။

မည်သည့်သားရဲမှ လူသားဧကရာဇ်နန်းတော်ထဲသို့ မဝင်ရောက်နိုင်ဘူးဆိုတာ အခြေခံအကျဆုံး အချက် ဖြစ်၏။ လူတိုင်းလိုလို အဲ့ဒါကို နားလည်နိုင်၏။

သို့သော်လည်း လူတွေကို ထိုအချက်ကို လျစ်လျူရှုကြပေလိမ့်မည်။

ဒီလောကမှာ အမှန်တရားက သိပ်ပြီးတော့ အရေးမပါပေ။

အဓိကအချက်မှာ မြောက်ပိုင်းဒေသတစ်ခုလုံးသည် ဆူဇီမိုကို သေစေချင်၏။ သူရှင်းပြလည်း အပိုပင်။ သူတို့က သူ့ကို သားရဲတစ်ကောင်ဟုသာ စွဲချက်တင်ပြီး သူတို့အလိုရှိရာကို ပြုလုပ်ကြပေလိမ့်မည်။

“ရှင့်မှာ အခု ဘာအစီအစဉ်ရှိလဲ.. ဒီအတိုင်း တစ်သက်လုံးပဲ ပုန်းနေတော့မှာလား” နတ်ဆိုးမကျိက မေးလိုက်၏။

“ငါ အခွင့်အရေးတစ်ခုကို စောင့်နေတာ”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။

“ကျင့်ကြံရေးလောကမှာ ငါပြန်ပေါ်လာတာနဲ့ မြောက်ပိုင်းဒေသကနေ ငါထွက်သွားပြီပဲ”

“မြောက်ပိုင်းဒေသကနေ ထွက်သွားတာမှာလား” နတ်ဆိုးမကျိက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

မြောက်ပိုင်းဒေသက ကျယ်ဝန်းပြီး နေရာတိုင်းမှာ အန္တရာယ်များက ပြည့်နှက်နေ၏။

ဆူဇီမို၏ အထွတ်အထိပ် အခြေအနေမှာတောင် သူက မြောက်ပိုင်းဒေသကနေ မထိမခိုက် ထွက်သွားနိုင်ဖို့က အိပ်မက်ဆန်လွန်း၏။ ယခုသူ၏ ရွှေအမြုတေကလည်း ပျက်စီးနေသေး၏။

နတ်ဆိုးမကျိသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး လွှတ်ကနဲ ပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေလား”

“အမှန်ပဲ”

ဆူဇီမိုက ခေါင်းညိတ်၏။

နောက် ၁၅ နှစ်နေလျှင် ဥပစာရှေးဟောင်းတိုက်ပွဲမြေက ဖွင့်လှစ်ပေတော့မည်။

သူသည် ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်နိုင်သည်နှင့် လမ့်ရို၊ ရှောင်းနင်နှင့် အခြားသူများကဲ့သို့ပင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အခြားဒေသများသို့ တည်နေရာရွှေ့ပြောင်းအမှတ်များမှတစ်ဆင့် ကူးပြောင်းရောက်ရှိနိုင်ဖို့ အခွင့်အရေး ရှိလေသည်။

သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုသည် သူ့အစ်ကိုကြီးဆူဟုန်ကိုပါ သူနှင့်အတူ ခေါ်သွားဖို့ စိတ်ကူးထား၏။

ဆူဟုန်၏ ကျန်းမာရေးအခြေအနေက ဆိုးလာနေကြောင်း ကျိယောင်ရွှယ်က ပြောထားလေသည်။

ဆူဇီမို၏ သေဆုံးမှုသတင်းနှင့် ယန်တိုင်းသူပြည်သားများ အစုလိုက်အပြုံလိုက် အသတ်ခံရသည့်သတင်းက ဆူဟုန်အတွက် စဉ်းစားကြည့်လို့တောင် မရသည့် ထိုးနှက်ချက် ဖြစ်လေသည်။

ဒါ့အပြင် သူသည် ယန်ဘုရင်ကျောက်ချန်ကို သတ်ဖြတ်လုပ်ကြံရာမှာ ကျရှုံးပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ဖူးသေး၏။ ထို့ကြောင့် သူ့အစ်ကိုကြီးက ဘယ်လောက်ကြာကြာ နေရဦးမလဲ ဆူဇီမို မသိပေ။

မည်သို့ပင်ဆိုစေ.. ဆူဟုန်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ သူ့ဘဝသက်တမ်းက အကန့်အသတ် ရှိလေသည်။

နောက် ၁၅ နှစ်နေလျှင် ဆူဟုန်က အသက်ခြောက်ဆယ်ကျော်လာမည်ဖြစ်ပြီး သူ့ဘဝသက်တမ်းက အလွန်ဆုံး နှစ် ၄၀ ထက် ပိုမကျန်နိုင်တော့ပေ။

ဆူဇီမိုသည် ဆူဟုန်ကို ခေါ်သွားကာ အလယ်ပိုင်းဒေသမှာ ရှောင်နင်ကို သွားရှာချင်၏။

ဆူဟုန်၏ နောက်ဆုံးအခိုက်အတန့်များက သူတို့နှစ်ယောက်နှင့်သာ ကုန်ဆုံးသင့်လေသည်။

ဒါ့အပြင် ရှောင်းနင်သည် ပင်ယန်းမြို့က ထွက်ခွာပြီး အဇူရာနှင်းမြူလွှာဂိုဏ်းသို့ ဝင်ရောက်သွားကတည်းက ဆူဟုန်နှင့် တစ်ကြိမ်တစ်ခါမှ ပြန်မတွေ့ဖြစ်တော့ပေ။

ဘာလိုလိုနှင့် ဆယ်နှစ်ကျော်သွားခဲ့လေပြီ။

ရှောင်းနင်သည် ကျင့်ကြံရေးလောကသို့ စတင်ခြေချကတည်းက ဆေးပညာမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး နောက်ဆုံး ယန်ဆေးဂိုဏ်းသို့ပင် ဝင်ရောက်ခဲ့ခြင်းမှာ ဆူဟုန်၏ ဘဝသက်တမ်းကို ဆွဲဆန့်ပေးချင်သောကြောင့်သာ ဖြစ်လေသည်။

သူတို့ တွေ့ဆုံကြသည့် အချိန်တွင် ရှောင်းနင်မှာ ဆူဟုန်၏ ဘဝသက်တမ်းကို ဆွဲဆန့်ပေးနိုင်မည့် နည်းလမ်းတစ်ခု ရှိနေပါက အကောင်းဆုံး ဖြစ်ပေမည်။

“ထွက်သွားဖို့ နင်တစ်ကယ်ပဲ စိတ်ပိုင်းဖြတ်ထားပြီးပြီလား”

နတ်ဆိုးမကျိသည် သူမ၏ စိတ်ပျက်ဝမ်းနည်းမှုကို ဖုံးဖိမထားနိုင်ဘဲ ရီဝေနေသော အကြည့်ဖြင့် တိုးတိတ်စွာ မေးလိုက်၏။

“ငါကရော... ငါ ပြောချင်တာ .. ငါ့အစ်မကရော...”

ဆူဇီမိုက ငြိမ်သက်နေ၏။

“သူလဲ နင့်ကို မှတ်မိမှာပဲ.. ငါတောင် နင့်ကို မှတ်မိသေးတာ.. သူက ပိုတောင် မှတ်မိဦးမယ်”

နတ်ဆိုးမကျိက ညင်သာစွာ သက်ပြင်းချလိုက်၏။

“အဲ့ဒါ သူက နင့်ကို နားလည်တယ်.. နင့်ရဲ့ အခက်အခဲတွေကလဲ သိတယ်.. အဲ့ဒါကြောင့်လဲ သူက နင့်ကို မှတ်မိတဲ့ပုံစံ တမင် သိပ်မပြခဲ့တာ”

“သူ ငါ့ကို မှတ်မိတော့လဲ ကောင်းတာပေါ့.. အနဲဆုံးတော့ ငါအသက်ရှင်နေသေးတယ်ဆိုတာ သိသွားတဲ့တွက် သူ အရမ်း စိတ်သောကများနေမှာ မဟုတ်တော့ဘူး” ဆူဇီမိုက ပြန်ဖြေလိုက်၏။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက ဆက်ပြောသည်။

“နင်ပြန်သွားရင် သူ့ကို နဲနဲလောက် အာရုံစိုက်ပေးပါဦး.. သူက အခု ဧကရီတစ်ပါး ဖြစ်နေပြီ.. သူက သိုသိုသိပ်သိပ် လှုပ်ရှားသွားလာသင့်တယ်.. စောစောက သူတို့နှစ်ယောက် ခြုံခိုတိုက်ခိုက်ခံရတဲ့ကိစ္စက မရိုးရှင်းဘူး.. နန်းတော်ထဲမှာ သူ့ကို အသက်ရှင်လျက် ပြန်မလာစေချင်တဲ့ တစ်ယောက်ယောက် ရှိနေလောက်တယ်”

“မပူနဲ့ ငါ့အစ်မကို ငါအကောင်းဆုံး ကူညီပေးမယ်”

သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်၏။

နတ်ဆိုးမကျိက ဘာမှ မပြောတော့ဘဲ ဆူဇီမိုကိုသာ တိတ်တဆိတ် ကြည့်နေ၏။

အတန်ကြာပြီးနောက် သူက ညင်သာစွာ ပြောလိုက်၏။

“ပြန်သွားတော့”

“အင်း.. နောက်ဆို... ဂရုစိုက်ဦးနော်”

နတ်ဆိုးမကျိသည် နှမြောတမ်းတနေဟန်နှင့် သူမ၏ မျက်လုံးများက နီရဲမို့အစ်နေ၏။

ခဏနေပြီးနောက် သူမက နှာတစ်ချက်ရှုံ့၍ ကြိုးစားပြုံးလိုက်၏။

“ငါတို့ နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံးတစ်ခေါက်လောက် ပွေ့ဖက်ကြရအောင်”

ဆူဇီမိုသည် ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။

သူက ရှေ့သို့ တက်သွားပြီး နတ်ဆိုးမကျိကို လူကြီးလူကောင်းဆန်ဆန် ညင်သာစွာ ဖက်လိုက်၏။

နတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက် များတော့မည်ပုံက ပေါ်လာပြီး သူမ၏ ခေါင်းကို စောင်းငဲ့ကာ ဆူဇီမို၏ ပါးပြင်ကို သူမ၏ ချယ်ရီရောင်နှုတ်ခမ်းလေးဖြင့် ဆတ်ကနဲ ဖွဖွနမ်းလိုက်၏။

သူက ကြောင်အမှင်တက်သွား၏။

သူမ၏ ဆံနွယ်စများက သူ့မျက်နှာကို ပွတ်သပ်သွားပြီး မွှေးရနံ့တစ်ခုက ဆွတ်ပျံ့၍ ကျန်ရစ်ခဲ့၏။ သူမက လှည့်၍ ပြေးထွက်သွားချေပြီ။

“ဟီးဟီး..”

သူမက ရယ်မောလိုက်ရင်း သူမ၏ မျက်လုံးများက လပြည့်ဝန်းကဲ့သို့ ရွှန်းရွှန်းစိုလာ၏။ သူမသည် စိတ်ပျက်ဝမ်းနည်းမှု မရှိတော့ဘဲ အူးမြူးရွှင်ပျနေ၏။

“ဒီ နတ်ဆိုးမကတော့..”

ဆူဇီမိုက သွားကြိတ်လိုက်၏။

“နင်က တုံးအလွန်းတာကိုး”

နတ်ဆိုးမကျိက ဆူဇီမိုကို အထင်သေးသည့်ပုံစံဖြင့်ကြည့်၍ မျက်နှာပြောင်ကာ နှုတ်ခမ်းစူလိုက်၏။

“နင့်ဘာသာ ထွက်သွားချင်လဲ သွားပေါ့.. ငါ ဂရုမစိုက်ပါဘူး”

“ဟိုကျောက်သားခေါင်းတလားထဲမှာတုန်းက နင် ငါ့ကို အသားယူခဲ့တယ်မလား.. အခု ငါက အတိုးလေး နဲနဲ ပြန်ယူထားရုံပဲ ရှိသေးတယ်” နတ်ဆိုးမကျိက သူမ၏ လက်သီးဆုပ်ကို ဝေ့ရမ်းပြလိုက်၏။

ဆူဇီမိုသည် ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်လာခဲ့လေသည်။

သူသည် နတ်ဆိုးမကျိကို ကျောခိုင်းလိုက်သည့်အတွက် သူမ၏ မျက်ဝန်းထဲမှ နှမြောတမ်းတမှုများနှင့် ဝမ်းနည်ပူဆွေးမှုတို့ကို မမြင်နိုင်တော့ပေ။

သူက အပျက်အစီးနယ်မြေကနေ ပျောက်ကွယ်သွားတာတောင် ပန်းရောင်ဝတ်မိန်းကလေးသည် မူလနေရာမှာ တစ်ယောက်တည်း ရပ်ပြီး သူထွက်သွားရာဘက်သို့ အတော်ကြာသည့်အထိ ငေးကြည့်နေမိ၏။

ဆူဇီမိုသည် ဘုရားကျောင်းအိုသို့ ပြန်ရောက်လာပြီး တခါးကို တွန်းဖွင့်ဝင်လာ၏။

ဦးပဉ္ဇင်းလေးမင်းကျန်က ခြံဝန်းထဲမှာ သုတ္တန်များကို ရွတ်ဖတ်သရဇ္ဈာယ်နေ၏။ ဆူဇီမိုကို မြင်သောအခါ သူက အံ့အားသင့်သွားဟန်ဖြင့် အထိတ်တလန့် ရေရွတ်လိုက်၏။

“ဂျူနီယာညီလေး.. မင်း ဒဏ်ရာ ရလာတာလား” မင်းကျန်က မေးလိုက်၏။

“ကျုပ် အဆင်ပြေပါတယ်”

အချိန်ခဏလေးအတွင်း သူ့ရင်ဘတ်ရှိ ဓါးဒဏ်ရာက အားလုံးနီးပါး သက်သာပျောက်ကင်းလာပြီဖြစ်၏။

မင်းကျန်က သုန်မှုန်နေသော မျက်နှာနှင့် ရှေ့တက်လာပြီး ဆူဇီမို၏ ပါးပြင်ကို စိုက်ကြည့်ကာ နှာခေါင်းပင် ရှုံ့ကြည့်လိုက်၏။

“မကောင်းတော့ဘူး.. မင်းပါးပြင်မှာ မွှေးပျံ့တဲ့ အနီရောင်အမှတ်နှစ်ခုတောင် ရှိနေတယ်.. ဂျူနီယာညီလေး မင်းတော့ အဆိပ်မိလာပြီ”

ဆူဇီမိုသည် သူ့ပါးပြင်က နတ်ဆိုးမကျိ၏ နှုတ်ခမ်းရာကို သုတ်ပစ်ဖို့ မေ့လာခဲ့၏။ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် မင်းကျန်သည် အမျိုးသမီးတစ်ယောက်ကိုမှ မမြင်ဖူးသည့်အတွက် ထိုကဲ့သို့သော ကိစ္စရပ်များကို မသိနိုင်ပေ။

ဆူဇီမို၏ မျက်နှာက ညိုမည်းသွားပြီး မင်းကျန်ကို တွန်းဖယ်လိုက်၏။

“ပေါက်ကရတွေ”

သူသည် ပါးပြင်က နှုတ်ခမ်းရာကို သုတ်ပြီး ကျမ်းစာတိုက်ထဲသို့ ခပ်မြန်မြန်ဝင်သွားလိုက်၏။

မင်းကျန်သည် အခုတင် တံခါးဝမှာ ပေါ်လာသော သူ့ဆရာကို နဝေတိမ်တောင်နှင့်ကြည့်ပြီး အလောတကြီး မေးလိုက်၏။

“ဆရာ.. ဂျူနီယာညီလေးက ဘာလို့ စိတ်တိုနေတာလဲ”

“အမ်း...”

ဘုန်းကြီးအိုက ပြန်ဖြေလိုက်၏။

“အဲ့ဒါ သူက... အဆိပ်မိထားလို့ နေမှာပေါ့”

“တွေ့လား.. ငါပြောတာ မှန်နေတာကို သူက ငါ့ကို မယုံဘူးလေ” မင်းကျန်က နှုတ်ခမ်းစူလိုက်၏။

All Chapters