← Chapters

မင်းကို သင်ပေးမယ်

Vol. 41 Ch. 604

မင်းကို သင်ပေးမယ်

Vol. 41 Ch. 604

ညအချိန်တွင်..

ဆူဇီမိုသည် သူ့အဝတ်ကို သပ်ရပ်အောင် ပြုပြင်ပြီး ကျမ်းစာတိုက်ထဲမှထွက်ကာ နောက်ဖေးခြံဘက်သို့ ထွက်လာခဲ့၏။

တစ်လပြည့်တိုင်း သူသည် မွေးနီတစ္ဆေရှိရာသို့သွားကာ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်ရေတစ်ခွက်ကို သွားသောက်လေ့ရှိ၏။

ညကောင်းကင်ယံ၏ လွှမ်းခြုံမှုအောက်တွင် ဘုရားကျောင်းအိုက အလွန်တရာ ထိတ်လန့်ချင်စရာကောင်းနေ၏။

မွေးနီတစ္ဆေက မြေပြင်ပေါ်မှာထိုင်၍ အုတ်ဂူတစ်လုံးကို မှီထားပြီး သူ့ရှေ့မှာ စိတ်ဝိညာဉ်ရေတစ်ခွက်ကို ချထား၏။ သူက စောင့်ဆိုင်းနေသည်မှာ အတော်ကြာနေမည့်ပုံပင်။

ဆူဇီမိုသည် အရာအားလုံးနှင့် နေသားတကျ ဖြစ်နေပြီး မွေးနီတစ္ဆေ၏ ရှေ့သို့ ရောက်သောအခါ စိတ်ဝိညာဉ်ရေတစ်ခွက်ကို ယူ၍ မော့သောက်လိုက်၏။

ရုတ်တရက် မွေးနီတစ္ဆေက ပြောလိုက်၏။

“မင်းမှာ လေးတစ်လက် ရှိတယ် ဟုတ်တယ်မလား”

“အဲ့ဒါကို ထုတ်ပြီး ဒီပေါ်မှာ တင်လိုက်”

မွေးနီတစ္ဆေက မလှမ်းမကမ်းရှိ အုတ်ဂူတစ်လုံးကို လက်ညိုးထိုးပြလိုက်၏။

ဘာကြောင့်ဆိုတာ နားမလည်သော်လည်း ဆူဇီမိုသည် သူပြောတဲ့အတိုင်း နာခံပြီး သူ၏ လရောင်ဝှက်လေးကို ထုတ်ကာ အုတ်ဂူပေါ်မှာ သွားတင်ထားလိုက်၏။

လပြည့်ဝန်းက အခုမှ တက်လာကာစဖြစ်ပြီး အေးစက်စက်လရောင်က ဖြန်းပက်ကျလာကာ အုတ်ဂူထက်ရှိ လရောင်ဝှက်လေးပေါ်သို့ အလင်းတိုင်တစ်ခုအဖြစ် စုဆုံကျရောက်လာ၏။

လေးက သိပ်သည်းအားကောင်းသည့် စိတ်ဝိညာဉ်အလင်းဖြင့် တောက်ပနေ၏။

စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းမထားတာတောင် လေးပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်များက တလက်လက် တောက်ပလာ၏။

မွေးနီတစ္ဆေက ပြောလေသည်။

“ဒါက တစ်ပိုင်း-မူလစိတ်ဝိညာဉ်လက်နက်ပဲ.. ဆဋ္ဌမမြောက်အင်းကွက်က ရုပ်လုံး မပေါ်သေးဘူး.. သူက ဒီနေရာကနေ လရောင်အဆီအနှစ်ကို ဆက်တိုက်လက်ခံယူနေမယ်ဆို မူလစိတ်ဝိညာဉ်လက်နက်တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“မင်းမှာ သွေးနီရောင်ဆေဘာတစ်လက်လဲ ရှိသေးတယ်မလား.. အဲ့ဒါပါ ထုတ်လိုက်”

“သွေးသောက်သူလား”

ဆူဇီမိုသည် ခဏမျှ ကြောင်အသွား၏။

သွေးသောက်သူက သူကိုယ်တိုင် သွန်းလုပ်ထားသည့် ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး တစ်ပိုင်း-မူလအဆင့်သို့ပင် မရောက်သေးပေ။ ဆိုလိုတာက....

ဆူဇီမိုသည် တွေဝေနေသော်လည်း သွေးသောက်သူကို ထုတ်ကာ ကမ်းပေးလိုက်၏။

မွေးနီတစ္ဆေက သွေးသောက်သူကို လက်ခံ၍ ဓါးသွားကို ညင်သာစွာထိကာ ခေါင်းညိတ်လိုက်၏။

“ဒီဆေဘာက ကောင်းသားပဲ.. သူ့ကို ဖွဲ့တည်တုန်းက ကြောက်စရာကောင်းတဲ့ မျိုးဆက်သွေးတစ်ခုနဲ့ ပေါင်းစပ်ထားတာပဲ.. အဲ့ဒါမို့ သူ့စရိုက်က သွေးဆာနေတာ”

သွေးသောက်သူကို သန့်စင်သွန်းလုပ်တုန်းက ဆူဇီမိုသည် ကျရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး သူ့မျိုးသက်သွေးဖြင့် အအေးခံပြီးမှသာ အဲ့ဒါကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။

မွေးနီတစ္ဆေက အဲ့ဒါကို မြင်တွေ့ခဲ့ဖူးခြင်း မရှိသော်လည်း သူ့ခန့်မှန်းချက်က အဖြစ်မှန်နှင့် သိပ်မကွာသောကြောင့် သူ့အမြင်က ဘယ်လောက်ထက်ရှကြောင်း သက်သေပင်။

မွေးနီတစ္ဆေက ထလျှောက်သွားပြီး နေရာလွတ်တစ်ခုသို့ ရောက်သွား၏။ သူက သွေးသောက်သူကို ဆုပ်ကိုင်ကာ မြေကြီးထဲသို့ ဓါးရိုးသာ ကျန်သည့်အထိ ထိုးစိုက်လိုက်၏။

“မွေးနီတစ္ဆေ ခင်ဗျား ဘာလုပ်နေတာလဲ” ဆူဇီမိုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ဒီနေရာမှာ မြှုပ်နှံထားတဲ့သူတွေက လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ပညာရှင်တွေပဲ.. မြေအောက်မှာ စီးဆင်းနေတဲ့ သူတို့ရဲ့ မျိုးဆက်သွေးက မနှိုင်းယှဉ်သာအောင် သန်မာပြီးတော့ အရမ်းပေါကြွယ်ဝတဲ့ စွမ်းပကားကို ပိုင်ဆိုင်နေပြီ.. ဒီလိုနေရာမျိုးမှာ ထိုးစိုက်ထားတဲ့ ဆေဘာက မြေကြီးထဲက စွမ်းအင်အဆီအနှစ်တွေကို ဆုပ်ယူနိုင်ရင် မူလလက်နက်တစ်ခု ဖြစ်လာနိုင်တယ်”

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

ဒါဆို သူ့မှာ နောက်ထပ် မူလစိတ်ဝိညာဉ်လက်နက်နှစ်ခု ပိုင်ဆိုင်လာဖို့ အခွင့်အရေး ရှိတာပေါ့။

“ဒီသုသာန်ထဲမှာ မြှုပ်ထားတဲ့ ပညာရှင်တွေက အရမ်းကို များလွန်းတယ်.. မျိုးနွယ်စုခေါင်းဆောင်တွေအပြင် ဧကရာဇ်တွေပါ ပါသေးတယ်... ဒီနေရာက အရမ်းကို ကံဆိုးမိုးမှောင်ကျတတ်တဲ့ နေရာပဲ.. ဆေဘာက ဘာမှ ဖြစ်မလာဘူးဆိုရင်တောင် ဆုံးရှုံးစရာတော့ မရှိဘူး.. အေး အဲ့ဒါက သူတို့ရဲ့ သွေးတွေကို ဆုပ်ယူပြီး မူလစိတ်ဝိညာဉ်လက်နက်အဖြစ် အသွင်ပြောင်းသွားမယ်ဆိုရင်တော့.. အဲ့ဒါက သေချာပေါက် ဖော်မပြတတ်လောက်အောင် သွေးဆာကြမ်းကြုတ်လာလိမ့်မယ်”

မွေးနီတစ္ဆေက သွေးသောက်သူကို စူးစိုက်ကြည့်ပြီး အေးအေးဆေးဆေးပုံစံနှင့်ပင် လှောင်ရယ်လိုက်၏။

“ဒီလက်နက်က ကမြောက်ကခြောက်ကောင်လေးတွေ လက်ထဲရောက်သွားရင်တော့ ပြဿနာ တစ်ပုံကြီး သယ်လာပေးလိမ့်မယ်.. ဟဲဟဲ.. မင်းလဲ အဲ့ဒါကို သတိထားသင့်တယ်”

ထိုအချိန်တွင် စိတ်တိညာဉ်ရေမှ မြောက်များပေါကြွယ်ဝသော စွမ်းအင်ပမာဏများက ဆူဇီမို၏ ကိုယ်တွင်းသို့ စိမ့်ဝင်ပျံ့နှံလာပြီဖြစ်၏။

သူသည် တင်ပျဉ်ခွေထိုင်ချ၍ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သုတ္တန်များကို စတင်လှည့်ပတ်၍ ကျင့်ကြံလိုက်၏။

သူအသက်ရှူလိုက်တိုင်း ထူထဲသည့် သားရဲချီများက သူ့ပါးစပ်မှ လျှံထွက်လာ၏။

သူ၏ သွေးနီရောင် အတွင်းအမြုတေမှာ မည်သည့် အက်ကွဲကြောင်းမှ မရှိတော့ဘဲ မူလအတိုင်း ပြန်လည်ကောင်းမွန်သွားလေပြီ။

ကြမ်းကြုတ်ပြင်းထန်သည့် သားရဲချီများနှင့်အတူ အတွင်းအမြုတေက တဖြည်းဖြည်း လည်ပတ်လာပြီး ရှေးဟောင်းသားရဲများက သူ့ဘေးပတ်လည်မှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာ၏။

သူတို့၏ အလယ်တွင် ဆူဇီမိုက မျက်လုံးနှစ်ဖက်ကို တင်းတင်းမှိတ်ထားပြီး သူ့ပုံရိပ်က ခပ်ရေးရေးသာ မြင်ရတော့၏။ ကြောက်စရာအော်ရာနှင့်အတူ သူသည် လူတိုင်းကို အထက်စီးကနေ ကြည့်နိုင်သော သားရဲများ၏ ဘုရင်တစ်ပါးလို ဖြစ်လာ၏။

ပြီးခဲ့တဲ့ငါးနှစ်အတွင်း သူသည် ထိုဆန်းကြယ်သော စိတ်ဝိညာဉ်ရေကို အမှီပြု၍ သူ့အတွင်းအမြုတေကို ပြန်လည်သက်သာစေနိုင်ခဲ့၏။

ထိုမျှသာမကဘဲ.. သူ့ခန္ဓာကိုယ်က ပိုလို့တောင် ကြောက်စရာကောင်းလာခဲ့၏။

အဲ့ဒါက စိတ်ဝိညာဉ်ရေတစ်ခွက်သာ ဖြစ်သော်လည်း ၎င်းမှာ ပါဝင်သော စွမ်းအင်ပမာဏက ဆူဇီမိုကို တစ်လလုံးလုံး ကျင့်ကြံဖို့ လုံလောက်စေလေသည်။

သူသည် ဤပုံစံအတိုင်းသာ ဆက်လက်ကျင့်ကြံသွားလျှင် နောက် ၁၅ နှစ်မှာ သူသည် အတွင်းအမြုတေဖွဲ့တည်ခြင်းမှာ အဆင့်မြင့်ကျွမ်းကျင်မှုကို ရလာပြီး ပကတိအဆင့်သို့ပင် ရောက်ရှိအောင် ကျင့်ကြံနိုင်ဖို့ အခွင့်အရေး ရှိလေသည်။

ဒီလောက်အားကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နိုင်ရအောင် အဲ့ဒါက ဘယ်လိုစိတ်ဝိညာဉ်ရေမျိုးပါလိမ့်..

သူသည် ထိုမေးခွန်းကို မွေးနီတစ္ဆေအား တစ်ကြိမ်ထက်မက မေးခဲ့ဖူး၏။

သို့သော်လည်း သူမေးသည့်အခါတိုင်း မွေးနီတစ္ဆေသည် သူ့ကို မလုံမလဲ အပြုံးနှင့်သာ ကြည့်နေပြီး ဘာမှ ထပ်မပြောတော့ပေ။

အဲ့ဒီနောက်တော့ ဆူဇီမိုသည်လည်း ထပ်ပြီး မမေးဖြစ်တော့ပေ။

ညက မှုန်ရီရီနှင့် လပြည့်ဝန်းက အထက်မှာ တွဲခိုနေ၏။

မွေးနီတစ္ဆေက ဆူဇီမိုကို ကြည့်နေရင်း.. သူ့မျက်ဝန်းအနက်ပိုင်းထဲမှာ အားကျမှုက ထင်ဟပ်နေ၏။

ဒီကျင့်ကြံမှုနည်းစနစ်က တစ်ကယ့်ကို ကြောက်စရာပဲ..

မွေးနီတစ္ဆေသည် စိတ်ထဲကနေ ရေရွတ်လိုက်ခြင်းဖြစ်၏။

လူသားများက အားနည်းစွာနှင့် မွေးဖွားလာကြသည်မှာ မငြင်းပယ်နိုင်သည့် အချက် ဖြစ်၏။

သို့သော်လည်း ထိုသားရဲကျင့်ကြံမှုနည်းစနစ်က မော်တယ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ဤမျှအတိုင်းအတာထိ ကြောက်စရာကောင်းလောက်အောင် သန်မာစေနိုင်ခဲ့လေသည်။

ဆူဇီမို အသက်ရှုသွင်း ရှုထုတ်လိုက်တိုင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက မသိမသာ လှုပ်သွား၏။ သူ့အရွတ်များက လှုပ်၊ သူ့အရိုးများကတုန်၊ သူ့သွေးခြင်ဆီက စီးဆင်းပြီး သူ့ဒွာရများက ကြယ်များကဲ့သို့ တောက်ပလင်းလက်လာ၏။

အသက်တစ်ချက်ရှူတိုင်းမှာ သူ၏ အသွေး၊ အသား၊ အရွတ်၊ အရိုး၊ အရေ၊ အင်္ဂါနှင့် ဒွာရများက သန့်စင်လာနေ၏။

မွေးနီတစ္ဆေသည် ဆူဇီမို၏ ပေါ်နေသော အရေပြားကို လှည့်ကြည့်လိုက်၏။

ဆူဇီမိုက ကျင့်ကြံမှုက တိုးတက်လာသည်နှင့်အမျှ သူ့အရေပြားမျက်နှာပြင်က ကြမ်းလာ၏။

သေချာစွာ အနီးကပ်ဆွဲ ကြည့်နိုင်မည်ဆိုလျှင်.. သူ့အရေပြားပေါ်ရှိ အရေးအကြောင်းများက မှန်ကူကွက်ပုံစံ ကြေးခွံများကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လာသည်ကို တွေ့ရပေမည်။

သို့သော်လည်း ထိုကြေးခွံကွက်များက အရမ်းကို သိမ်မွေ့သည့်အတွက် ဆူဇီမိုတောင်မှ သတိမထားခဲ့မိပေ။

ထိုကြေးခွံကွက်များကို မြင်လျှင် မွေးနီတစ္ဆေက ကျေနပ်နှစ်ခြိုက်သွားပြီး ဝမ်းသာအာရမှုကို မနည်းဖုံးဖိထားရ၏။

သိပ်မကြာမီ ညက ကုန်ဆုံးသွားလေပြီ။

အရုဏ်တက်အလင်းရောင်က မိုးကုတ်စက်ဝိုင်းကနေ လျှံတက်လာချိန်တွင် ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်၍ သူ့ဘေးပတ်လည်ရှိ သားရဲချီများကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွင်းလိုက်၏။

နောက်ခဏ၌ အကုန်လုံးက လက်စလက်န ပျောက်သွားလေသည်။

မွေးနီတစ္ဆေက ကျေနပ်အားရသွားသည့်ပုံစံနှင့် မေးလိုက်၏။

“မင်းက တစ်ခါက နဂါးမျိုးနွယ်က တစ်ခုခုကို စားခဲ့ဖူးတယ် ဟုတ်တယ်မလား”

ဆူဇီမိုသည် တုန်လှုပ်သွား၏။

သူ့စိတ်အာရုံထဲသို့ ဦးစွာဝင်ရောက်လာသည်က ကြီးမားသည့် နဂါးဥကြီးတစ်လုံး ဖြစ်လေသည်။

ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။

“အင်း.. လူသားဧကရာဇ်နန်းတော်ထဲမှာတုန်းက ကျုပ်က လူသားဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ နည်းစနစ်တစ်ခုကို ကျင့်ကြံနိုင်ဖို့အတွက် နဂါးမျိုးနွယ်ကနေ ပြုလုပ်ထားတဲ့ အသွေးအသားဆေးလုံးကို စားခဲ့ဖူးတယ်”

“ဆေးလုံးတစ်လုံးပဲလားကွဲ့” မွေးနီတစ္ဆေက မျက်ခုံးပင့်လိုက်၏။

အဲ့ဒါက ဖုံးကွယ်ထားလို့ မရမှန်း နားလည်လိုက်ပြီး ဆူဇီမိုက ဆက်ပြောလိုက်၏။

“အဲ့အရင်ကတော့ ကမ္ဘာဦးအပျက်အစီးနယ်မြေတစ်ခုမှာ နဂါးဥတစ်ဝက်ကို ကျုပ်စားခဲ့ဖူးတယ်”

မွေးနီတစ္ဆေ၏ မျက်လုံးက ဖျတ်ကနဲ လက်သွား၏။

“ဟေး.. မင်း တော်တော် သတ္တိကောင်းတဲ့ကောင်ပဲ”

မွေးနီတစ္ဆေက အပြုံးတုတစ်ခုနှင့်အတူ ကျီစယ်သလို ပြောလိုက်၏။

တစ်ခုခု လွဲမှားနေသည်ကို အာရုံခံမိလိုက်ပြီး ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

“ဘာရယ်မဟုတ်ပါဘူး.. ငါက ဒီတိုင်း မေးကြည့်ရုံပါပဲ”

မွေးနီတစ္ဆေက အရေးမကြီးဟန်ဖြင့် လက်ကာပြလိုက်၏။

ဆူဇီမိုသည် မွေးနီတစ္ဆေ၏ အမူအယာကနေ ဘာကိုမှ ဖော်ထုတ်လို့ မရနိုင်မှန်း သိလိုက်ပြီး သူ့အဝတ်ကိုခါကာ လှည့်ထွက်ဖို့ ပြင်လိုက်၏။

“နေပါဦး နေပါဦး”

ထိုစဉ်မှာပင် မွေးနီတစ္ဆေက ဆူဇီမိုကို ပြန်ထိုင်ရန် လက်ဟန်ပြ၍ သွားဖြီးကာ ပြောလိုက်၏။

“ဒီနေ့ ငါ မင်းကို တစ်ခုခု သင်ပေးမလို့”

All Chapters