← Chapters

ဒဏ္ဍာရီလာ နေနဲ့လ

Vol. 41 Ch. 605

ဒဏ္ဍာရီလာ နေနဲ့လ

Vol. 41 Ch. 605

မွေးနီတစ္ဆေက ဗဟုသုတ လွန်စွာ ကြွယ်ဝသော်လည်း ပြီးခဲ့သည့်ငါးနှစ်အတွင်း သူက ဆူဇီမိုကို တစ်ခုခု သင်ပေးမည့်ဟု တစ်ခါမှ စကားမစခဲ့ဖူးပါ။

သူ၏ ရုတ်တရက် ထွက်လာသော စကားက ဆူဇီမိုကို စိတ်လှုပ်ရှားသွားစေ၏။

အစကတည်းက မွေးနီတစ္ဆေသည် သူ၏ နောက်ခံနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ ဖော်ပြခဲ့ခြင်း မရှိပေ။ ထိုသို့နှင့် ဆူဇီမိုသည် မွေးနီတစ္ဆေ ဘာတွေလုပ်နိုင်သလဲ သိချင်စိတ် ပြင်းပြလာလေသည်။

ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်လိုက်၏။

“ကျုပ် တစ်ခါထဲ ရှင်းအောင် ပြောထားမယ်.. အဲ့ဒါက ခင်ဗျားတို့ တစ္ဆေတွေသုံးတဲ့ လှည့်ကွက်လေးတွေ ဆိုရင်တော့ ကျုပ် သင်မှာ မဟုတ်ဘူး”

တစ္ဆေဟူသော အသံကို ကြားချိန်တွေ မွေးနီတစ္ဆေသည် ဒေါသအိုး ပေါက်ကွဲတော့မည့်အလား သူ့နှုတ်ခမ်းက တုန်ယင်သွား၏။ သို့သော်လည်း တစ်ဖန်တွေးတောပြီးနောက် သူက အူမြူးရွှင်ပျစွာ ရယ်မောလိုက်၏။

ထိုအချိန်မှာပင် နေက စထွက်လာ၏။

ရွှေရောင်နေခြည်က သုတ္တန်ထဲသို့ ပက်ဖြန်းဝင်ရောက်လာပြီး အမှောင်ထုနှင့် တစ္ဆေသရဲများကို မောင်းထုတ်ပစ်လိုက်၏။

မွေးနီတစ္ဆေက ထွက်လာသောနေကို သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်ရင်း သူ့ညာဘက်မျက်လုံးထဲမှာ လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်အလင်းတစ်စက ပေါ်လာ၏။

အချိန်ကြာသည်နှင့်အမျှ ထိုအလင်းက သိပ်သည်းစုဖွဲ့လာ၍ နေရောင်ခြည်က ထိုအထဲသို့ အဆက်မပြတ် တိုးဝင်လာကာ သူ့ညာဘက်မျက်လုံးက လုံးဝ အဖြူဆွတ်ဆွတ်အဖြစ် ပြောင်းလဲသွားပြီး တောက်ပလာလေသည်။

မွေးနီတစ္ဆေ၏ ညာဘက်မျက်လုံးက တောက်လောင်နေသော နေမင်းနှင့် လိုက်လျောညီထွေမှုကို ရရှိကာ အဲ့ဒါနှင့် အတူတကွ ရောနှောသွားသည့်အလားပင်။

ဆူဇီမိုက ဒီအတိုင်း လှမ်းကြည့်လိုက်ရုံနှင့် သူ့မျက်လုံးများက ကျိန်းစပ်သွားကာ မျက်ရည်များက သူ့ပါးပြင်ပေါ်သို့ စီးကျလာ၏။

အထိတ်တလန့်ဖြင့် သူ့မျက်လုံးကို မှိတ်ချလိုက်ရပြီး ဆက်လက် မကြည့်ရဲတော့ပေ။

ဘယ်လောက် ကြောက်ဖို့ ကောင်းလိုက်သလဲ..

အန္တိသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံ၍ သူ့ဒွာရများကို ရှင်းလင်းပြီးချိန်၌ သူ့မျက်လုံးများက အလွန်တရာ သန်မာလာခဲ့၏။

ရှေးဟောင်းတိုက်ပွဲမြေတွင် စိန်ကျောင်းတော်မှ ပြိုင်စံရှား၏ စိန်ဒေါမာန်အကြည့်ကို ရင်ဆိုင်ခဲ့ရတုန်းကတောင် ဆူဇီမို၏ စိတ်အာရုံအပေါ် အကျိုးသက်ရောက်စေခြင်း မရှိခဲ့ပေ။

သို့သော် ယခုအခါမှာတော့ ဘေးတိုက်တစ်ချက် ကြည့်ရုံနှင့်ပင် အဲ့ဒါက ထိချက်ပြင်းလွန်းလှ၏။

သူသာ အဲ့ဒါကို တည့်တည့်ကြည့်မိလျှင် သူ့မျက်လုံးများက ကန်းသွားနိုင်လေသည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ သူ့မျက်လုံးကို မှိတ်ထားတာတောင် မွေးနီတစ္ဆေ၏ ညာဘက်မျက်လုံးမှ ထွက်ပေါ်လာသော စွမ်းအားကို သူအာရုံခံမိနေတုန်းဖြစ်၏။

အဲ့ဒါက အလွန်တရာ ခက်ထန်၍ ရောင်ခြည်ဖြာလွန်း၏။

သူ့ညာဘက်မျက်လုံးက ခြစ်ခြစ်တောက်ပူပြင်းသော နေတစ်စင်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရလေသည်။

မွေးနီတစ္ဆေ၏ ဘေးတွင်ရှိသော ဆူဇီမိုသည် သူက အချိန်မရွေး အရည်ပျော်ကျတော့မည်ဟု ခံစားမိလာ၏။

အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..

သူ့စိတ်အာရုံထဲမှာ မေးခွန်းတစ်ခုက ပေါ်ထွက်လာ၏။

ထိုကဲ့သို့သော ပူပြင်းတောက်လောင်သည့် ယန်စွမ်းအင်က တစ္ဆေသရဲများအပေါ် ဖိနှိမ်နိုင်စွမ်း အရှိဆုံး တန်ပြန်ဝိပါတ်ဖြစ်၏။ သူသည် အဲ့ဒါကို ဝေးဝေးက တွေ့သည်နှင့် ရှောင်ရှားကြပေလိမ့်မည်။ ဒါဆို မွေးနီတစ္ဆေက ဤကဲ့သို့သော နည်းလမ်းတစ်ခုကို ဘာကြောင့် ပိုင်ဆိုင်ထားနိုင်တာလဲ။

သူက တစ္ဆေတစ်ကောင် မဟုတ်ဘူးလား..

ရုတ်တရက် ဆူဇီမို၏ ညာဘက်မျက်လုံးက စူးစူးရှရှ နာကျင်လာ၏။

တစ်စုံတစ်ရာက သူ့မျက်လုံးထဲကနေ ထွက်ကျလာတော့မည့်အတိုင်းပင်။

သူ့မျက်လုံးကို မှိတ်ထားတာတောင် အဲ့ဒါကို သူ မရပ်တန့်နိုင်ပေ။

“အား”

ဆူဇီမို၏ မျက်လုံးက ပေါက်ကွဲထွက်တော့မည့်အလား အထိန်းအချုပ်မဲ့စွာဖြင့် ရောင်ကိုင်းလာပြီး အလွန်တရာ နာကျင်ကာ အော်ဟစ်လိုက်၏။

သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာပြီးနောက် နောက်ဆုံး သူ အဲ့ဒါကို ဆက်လက် တောင့်မခံနိုင်တော့ဘဲ သူ့မျက်လုံးကို ဖွင့်လိုက်ရ၏။

သူ့ညာဘက်မျက်လုံးက မကောင်းဆိုးဝါးဆန်ဆန် ဖြူနေ၏။

အဲ့ဒါက လုံးဝ ပကတိ ဖြူနေခြင်းပင်။

အထဲမှာ တစ်ခုခုက လွင့်မျောနေပြီး သူ့ညဘက်မျက်လုံးနှင့် ပေါင်းစပ်သွားသည့်အလားပင်။

မွေးနီတစ္ဆေ၏ ညာဘက်မျက်လုံးမှ တောက်ပမှုက ပျက်ပြယ်သွားပြီး သူက ဆူဇီမို၏ ညာဘက်မျက်လုံးကို မမှိတ်မသုန် စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“တစ်ကယ်ပဲကိုး”

မွေးနီတစ္ဆေက သူ့လက်ချောင်းကို ကွေးညွှတ်လိုက်၏။

မီးပွင့်လေးများလက်၍ ဖြူဖွေးတောက်ပကြည်လဲ့နေသော အဖြူရောင်ကျောက်တုံးတစ်တုံးသည် ဆူဇီမို၏ ညာဘက်မျက်လုံးထဲကနေ ထွက်ကျလာပြီး လေထဲမှာ ရစ်ဝဲနေ၏။

ရောင်ကိုင်းနေသည့် အထိအတွေ့အာရုံခံစားမှုက ချက်ချင်း ပျောက်ကွယ်သွား၏။

သူ့ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသည့်အလား ဆူဇီမိုသည် မြေပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချပြီး မောဟိုက်နေ၏။

“ဒီကျောက်က...”

ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို ပြန်အမှတ်ရလာ၏။

ကန်းလန်ရိုးမရှိ အေးစက်ရေကန်ထဲမှာတုန်းက သေခါနီးဆဲဆဲ တာအိုအရှင်အဆုံးစွန်မီးနှင့် သူတွေ့ခဲ့ရ၏။

ထိုအချိန်တုန်းက ဤကျောက်တုံးကို တာအိုအရှင်အဆုံးစွန်မီး၏ ဘေးမှာ ချထား၏။

တာအိုအရှင်အဆုံးစွန်မီး ပြောပုံအရဆို.. ဤကျောက်ဖြူကို သူသည် အပျက်အစီးနယ်မြေတစ်ခုကနေ ရလာခဲ့ပြီး အဲ့ဒါကို သိုလှောင်အိတ်ထဲသို့လည်း ထည့်လို့မရကာ မည်သို့ အသုံးချရမည် ဆိုတာကိုလည်း သူ မသိခဲ့ပေ။

ဆူဇီမိုက အဲ့ဒါကို ကောက်ယူသောအခါ ကျောက်တုံးက မှော်ဆန်စွာပင် ပျောက်ဆုံးသွားခဲ့၏။

ထို့နောက်ချက်ချင်းပင် သူ့စိတ်အာရုံထဲမှာ စူးရှသည့် နာကျင်မှုကို ခံစားခဲ့ရပြီး သတိလစ်မတတ် ဖြစ်ခဲ့ရ၏။ အဲ့ဒီနောက်မှာတော့ သူ့စိတ်အာရုံထဲမှာ လျှို့ဝှက်ပညာရပ်တစ်ခုက ပေါ်လာ၏။ အဲ့ဒါက မီးပဒေသာဓါးဝင်္ကပါ။

(မှတ်ချက်- မီးပဒေသာဓါးဝင်္ကပါကို ရှေ့အခန်းများမှာ ဖယောင်းမီးဓါးဝင်္ကပါဟု သုံးနှုန်းခဲ့၏။ အသုံးအနှုန်း ပြောင်းလဲသွားရခြင်းမှာ ကျွန်ုပ်သဘောနှင့်ကျွန်ုပ် ပြောင်းလဲလိုက်ခြင်း မဟုတ်ဘဲ ကျွန်ုပ်ဘာသာပြန်နေသော အင်္ဂလိပ်စာ အသုံးအနှုန်းမှာ စတင်ပြောင်းလဲလိုက်သောကြောင့်ဖြစ်၏။ ယခင်သုံးခဲ့သည့်အတိုင်း ဖယောင်းမီးဓါးဝင်္ကပါဟု ဆက်လက် သုံးနှုန်းလိုသော်လည်း ၎င်းနှင့် ဆက်စပ်သည့် နောက်ပိုင်းအကြောင်းအရာများမှာ ထိုအသုံးအနှုန်းနှင့် သိပ်ပြီး ကိုက်ညီမှု မရှိသောကြောင့် ပြောင်းလဲလိုက်ရခြင်း ဖြစ်ပါသည်။)

ထိုအချိန်တုန်းက သူ့စိတ်ထဲမှာ မသိစိတ်အရ အလိုလို ခံစားချက်တစ်ခု ရှိနေ၏။

ထိုကျောက်တုံးက သူ့ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားခဲ့သလိုပင်။

အဲ့ဒါက သူ့ညာဘက်မျက်လုံးအိမ်ထဲမှာ တွယ်ကပ်နေခဲ့ကြောင်း အခုမှသာ သိရလေတော့သည်။

မွေးနီတစ္ဆေသည် ရတနာတစ်ခုကို ကောက်ရလိုက်သည့်အလား အဲ့ဒါကို လက်နှစ်ချောင်းဖြင့် ကိုင်၍ ညင်သာယုယစွာ ပွတ်သပ်ကြည့်လိုက်၏။

“အဲ့ဒါ ဘာလဲ”

ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။

“ဒဏ္ဍာရီအရတော့ အာကာသစီးကြောင်းထဲမှာ သက်ရှိတွေ မွေးဖွားမလာခင်က အရာရာတိုင်းက ကစင်ကလျားပဲတဲ့.. အချိန်တွေတဖြည်းဖြည်း ကြာလာပြီးတဲ့နောက်မှ ကစင်ကလျားစီးကြောင်းတွေထဲမှာ ယင်နဲ့ယန်က ဖြစ်တည်လာခဲ့တယ်”

“လွန်ကဲယန်နဲ့ လွန်ကဲယင်တွေက အဆုံးစွန်အခြေအနေထိ စုစည်းလာခဲ့ပြီးတဲ့နောက်.. အဆုံးစွန်ယန်မီးပဒေသာနဲ့ အဆုံးစွန်ယင်နယ်သာအလင်းတို့လို့ ကျော်ကြားတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုနှစ်ခုကို ဖြစ်ပေါ်လာစေတယ်တဲ့”

မွေးနီတစ္ဆေက အချိန်ခရီးသွား၍ လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖွင့်ဟပြနေသည့်အလား သူ့အသံက ထွက်ပေါ်လာ၏။

“မီးပဒေသာနဲ့ နယ်သာအလင်းတို့ရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာကောင်းလွန်းပြီးတော့ စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားတဲ့အခါမှာတော့ သူတို့က သန်းနဲ့ချီတဲ့ ကမ္ဘာတွေအထိ ပျံ့နှံ့သွားခဲ့တယ်တဲ့.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မြင်နေရတဲ့ နေနဲ့လဆိုတာ မီးပဒေသာနဲ့ နယ်သာအလင်းတို့ရဲ့ စွမ်းအားတစ်စွန်းတစ်စကနေ ဖြစ်ပေါ်လာခဲ့ကြတာပဲ”

“စွမ်းအားတစ်စွန်းတစ်စ”

ဆူဇီမိုသည် တုန်လှုပ်သွား၏။

နေဖြစ်စေ လဖြစ်စေ.. သူတို့မှာ ပါဝင်သောစွမ်းအားက သူ၏ လက်ရှိလက်ရှိကျင့်ကြံမှုအဆင့်ဖြင့် မည်သို့မှ လက်လှမ်းမမီနိုင်သော အရာများ ဖြစ်လေသည်။

သူသည် အမြုတေစိတ်ဝိညာဉ်တစ်ခု ရလာအောင် ကျင့်ကြံပြီး မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားမှသာ နေနှင့်လတို့၏ အဆီအနှစ်ကို စုပ်ယူကာ ကျင့်ကြံနိုင်ပေလိမ့်မည်။

နေနှင့်လတို့၏ စွမ်းအားက အလွန်တရာ ကြီးမားပြီး အဆုံးမရှိပေ။

သို့သော် ယခုအခါ မွေးနီတစ္ဆေက နေနှင့်လသည် ကြောက်စရာကောင်းသည့် စွမ်းအားနှစ်ခု၏ တစ်စွန်းတစ်စဖြင့် ဖန်တီးထားခြင်းသာ ဖြစ်သည်ဟု တစ်ကယ်ကြီး ပြောနေ၏။

မွေးနီတစ္ဆေက ရယ်မောလိုက်၏။

“အာကာသလေဟာနယ်စီးကြောင်းတွေက အရမ်းကို ကြီးကျယ်လွန်းတယ်.. ငါတို့ စဉ်းစားကြည့်လို့တောင် မရနိုင်ဘူး.. အဲ့ထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်လိုမျိုး ဂြိုလ်ပေါင်း ကုဋေကဋာနဲ့ချီပြီးရှိတယ်.. ပြောရမယ်ဆို အခုငါတို့ မြင်နေရတဲ့ နေနဲ့လကလဲ ကဋေကဋာနဲ့ချီပြီး ရှိတယ်လို့ ဆိုလိုတာပဲ”

ဆူဇီမိုသည် ကြောင်အမှင်တက်သွား၏။

မွေးနီတစ္ဆေပြောနေသော အရာတိုင်းက သူ့အသိပညာထက် လုံးဝ လွန်ထွက်သွားသော အရာများ ဖြစ်လေသည်။

ခဏမျှ စဉ်းစားပြီးနောက် မွေးနီတစ္ဆေက ဆက်ပြော၏။

“တစ်ကယ်တော့ အဲ့ဒါတွေက ဘယ်သူမှ သက်သေမပြနိုင်တဲ့ နက်နဲဆန်းကြယ်တဲ့ ဒဏ္ဍာရီတွေပဲ.. ထပ်ပြီး ပြောရရင်တော့ အဲ့ဒါတွေကို အတည်ပြုပေးနိုင်လောက်တဲ့ သူတွေကလဲ အခုထျန်ဟွမ်ကုန်းမြေတိုက်မှာ မရှိကြတော့ဘူး.. သူတို့က အထက်ကမ္ဘာကို တက်လှမ်းသွားကြပြီ”

ခဏနေပြီးနောက် မွေးနီတစ္ဆေက ဆူဇီမိုကို အလေးအနက် ကြည့်လိုက်၏။

“အဲ့ဒီသွေးနီရောင်ဝတ်အမျိုးသမီးကတော့ အဲ့အကြောင်းတွေကို သေချာပေါက် သိလိမ့်မယ်”

ဆူဇီမိုက ဆိတ်ဆိတ်နေ၏။

ဆူဇီမိုကို အတန်ကြာကြည့်နေပြီးနောက် မွေးနီတစ္ဆေက အနားတိုးလိုက်၏။ သူက တောက်လောင်ပြင်းပြစွာကြည့်ပြီး စူးစမ်းချင်စိတ်နှင့် မေးမြန်းလိုက်၏။

“ဘုန်းကြီးလေး.. မင်းနဲ့ အဲ့အမျိုးသမီးရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ.. သူမက ဘာလို့ မင်းကို အဲ့လောက်ထိ ကူညီပေးခဲ့တာလဲ”

ဆူဇီမိုသည် ကြောင်အသွား၏။

ဆရာနဲ့ တပည့်လား..

အပေါ်ယံကြည့်လျှင်တော့ သူတို့နှစ်ယောက်က ဆရာတပည့်နှင့် တူလေသည်။ သို့သော်လည်း ဆူဇီမိုသည် သူ့ကိုယ်သူ သူမ၏ တပည့်အဖြစ် တရားဝင် အသိအမှတ် မပြုခဲ့ပေ။

သူ့နှလုံးသားထဲတွင်လည်း ဆရာတပည့်အဖြစ် လက်မခံလိုပေ။

မိတ်ဆွေတွေလား..

အဲ့လိုလဲ သတ်မှတ်လို့ မရနိုင်..

ကျေးဇူးရှင်လား..

ထိုခဏ၌ ဆူဇီမို၏ ခေါင်းထဲမှာ မေးခွန်းများက အစီအရီ ပေါ်လာ၏။

“မြန်မြန် ပြောစမ်းပါဟ.. ငါ ဒီမှာ သေတော့မယ်”

မွေးနီတစ္ဆေက စိတ်မရှည်တော့ဟန်ဖြင့် သူနားရွက်နှင့် ပါးပြင်ကို ကုတ်ခြစ်လိုက်၏။

အတန်ကြာ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သူမက.. ကျုပ်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာလိမ့်မယ်”

မွေးနီတစ္ဆေသည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် သူ့ခန္ဓာကိုယ်က ဆတ်ကနဲ တုန်ယင်သွား၏။

ရွှစ်..

သူ့လက်ထဲရှိ ကျောက်တုံးဖြူက မြေကြီးပေါ်သို့ လွတ်ကျသွားလေသည်။

ခဏနေပြီးနောက် သူက တံတွေးကို မျိုချလိုက်ပြီး ဆူဇီမိုကို သူ၏ ကြည့်ရှုပုံက တဖြည်းဖြည်းပြောင်းလဲလာကာ ချီးကျူးလိုက်၏။

“ဘုန်းကြီးလေး.. မင်းက တော်တော့်ကို သတ္တိရှိတာပဲ”

All Chapters