မီးပဒေသာမျက်လုံး
Vol. 41 Ch. 606
ဆူဇီမိုက မြေပြင်ပေါ်ရှိ ကျောက်တုံးဖြူကို လက်ညိုးထိုးပြီး မေးလိုက်၏။
“အဲ့ကျောက်တုန်းက ခင်ဗျားပြောခဲ့တဲ့ မီးပဒေသာနဲ့ နယ်သာအလင်းတို့နဲ့ ဘယ်လို ပတ်သတ်နေတာလဲ”
ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်၏။
“တစ်ခါက ကျုပ် အဲ့ဒီကျောက်တုံးကနေ မီးပဒေသာဓါးဝင်္ကပါလို့ ခေါ်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ရရှိခဲ့သေးတယ်”
“အဲ့ဒါဆို မမှားနိုင်တော့ဘူး”
မွေးနီတစ္ဆေက ခေါင်းညိတ်လိုက်၏။
“အဲ့ဒါက ဒဏ္ဍာရီလာ မီးပဒေသာကျောက်တုံးပဲ ဖြစ်ရမယ်”
“မီးပဒေသာကျောက်တုံး..” ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
မွေးနီတစ္ဆေက ပြန်ပြောပြ၏။
“မီးပဒေသာကျောက်တုံး ဘယ်ကလာတယ်၊ ဘယ်လို ဖြစ်လာတယ်နဲ့ ပတ်သတ်ပြီးတော့ ပြောကြတာကတော့ အမျိုးမျိုး ရှိတာပဲ.. တချို့လူတွေ ဆန်းစစ်ချက်အရတော့ အဲ့ဒါက အဆုံးစွန်ယန်စွမ်းအင်ကနေ ဖြစ်လာတာလို့ ပြောကြပြီးတော့ အခြားလူတွေကတော့ အဲ့ဒါက မီးပဒေသာကနေ စင်ထွက်လာတဲ့ မီးပွားလေးတစ်ခုကနေ ဖြစ်လာတာတဲ့”
“ဒါပေမယ့် ဘယ်လိုပဲပြောပြော အဲ့ဒီမီးပဒေသာကျောက်တုံးက မီးပဒေသာနဲ့ ဆက်စပ်နေတယ်ဆိုတာကတော့ ငြင်းပယ်လို့ မရဘူး.. မင်းနားလည်ခဲ့တဲ့ မီးပဒေသာဓါးဝင်္ကပါဆိုတာကလဲ တစ်ယောက်ယောက်က မီးပဒေသာကျောက်တုံးကို အသုံးချပြီးတော့ တီထွင်ခဲ့တဲ့ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လိမ့်မယ်”
ဆူဇီမိုသည် အတွေးနက်သွား၏။
တစ်ကယ်လည်း မီးပဒေသာဓါးဝင်္ကပါကို သူထုတ်ဖော်သည့်အခါ အဲ့ဒါက ခြစ်ခြစ်တောက်ပူပြင်းသော နေတစ်စင်းနှင့်တူပြီး ဓါးချီများက နေရောင်ခြည်များနှင့် ဆင်တူလေသည်။
မွေးနီတစ္ဆေက ဆက်ပြော၏။
“ငါ အခု မင်းကို သင်ပေးတော့မယ့် လျှို့ဝှက်ပညာရပ်ကလဲ မီးပဒေသာကျောက်တုံးနဲ့ ဆက်စပ်နေတယ်.. တစ်ခါတုန်းက ဒီလျှို့ဝှက်ပညာရပ်ကို ဖန်တီးခဲ့တဲ့လူက မီးပဒေသာကျောက်တုံးကနေတစ်ဆင့်... ဒီစက္ကုနည်းစနစ်ကို နားလည်သဘောပေါက်ခဲ့တယ်”
စက္ကုနည်းစနစ်..
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
စက္ကုနည်းစနစ်များက လူတစ်ယောက်၏ မျက်လုံးများကို အသုံးချ၍ ကျင့်ကြံရသော နည်းစနစ်များဖြစ်၏။
အင်မော်တယ်ဖြစ်စေ၊ ဗုဒ္ဓဖြစ်စေ၊ မိစ္ဆာဖြစ်စေ.. သို့မဟုတ် လူဖြစ်စေ၊ သားရဲဖြစ်စေ.. ကိစ္စမရှိပေ။ လူတစ်ယောက်၏ မျက်လုံးကို ကျင့်ကြံပေးနိုင်သော ဓမ္မနည်းစနစ် အစီအရင်များက အရှားပါးဆုံး အမွေအနှစ်များ ဖြစ်လေသည်။
ဘာကြောင့်ဆိုသော် မည်သည့်မျိုးနွယ်မှာမဆို.. သူတို့၏ မျက်လုံးများက သူတို့ခန္ဓာကိုယ်၏ အားအနည်းဆုံး အစိတ်အပိုင်း ဖြစ်နေသောကြောင့်ပင်။
ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများက ထိခိုက်ပျက်စီးလျှင် လုံလောက်သည့် အချိန်အတိုင်းအတာအတွင်း ပြန်လည်သက်သာကောင်းမွန်လာနိုင်သေး၏။
သို့သော်လည်း လူတစ်ယောက်က မျက်လုံးကို ကျင့်ကြံခြင်းမှာ အမှားတစ်ခု ဖြစ်သွားလျှင် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်လာစေနိုင်၏။ မျက်စိကွယ်ခြင်း။
မျက်လုံးများက အရမ်းကို နုနယ်လွန်းလေသည်။
မော်တယ်များအတွက်ဆို လေပြေတစ်ချက်ကတောင် သူတို့၏ မျက်လုံးများကို အလိုလို မှိတ်ကျသွားစေနိုင်လေသည်။
သဲမှုန်အနည်းလောက်လေး အထဲသို့ ဝင်သွားလျှင်တောင် သူတို့၏ မျက်လုံးက မသက်မသာ ခံစားလာရပေလိမ့်မည်။
စက္ကုနည်းစနစ်များက အလွန်ရှားပါး၍ အဖိုးတန်ရခြင်းမှာ ထိုသို့သော လျှို့ဝှက်ပညာရပ်တစ်ခုကို ဖန်တီးဖို့အတွက် သူတို့၏ မျက်လုံးများကို စတေးခံပြီး ကြိုးစားဖန်တီးမည့်သူက မရှိသလောက် ဖြစ်သောကြောင့်ပင်။
မှားယွင်းမှုတစ်ခု ပေါ်ပေါက်တာနှင့် လျှို့ဝှက်ပညာရပ်ကို မဖန်တီးနိုင်ခင်မှာပင် သူတို့၏ မျက်လုံးများက အရင်ဆုံး ကွယ်သွားပေလိမ့်မည်။
မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်က စွမ်းအား အရမ်းကြီးမားသော်လည်း အဲ့ဒီမှာ မျက်လုံးကျင့်ကြံမှုအတွက် ဓမ္မအစီအရင်ဖန်တီးမှုများ တစ်ခုမှ မပါရှိပေ။
ကျင့်ကြံရေးလောကတွင် နာမည်ကြီးသော စက္ကုလျှို့ဝှက်ပညာရပ်များမှာ ညှို့ငင်ဓါတ်မျက်လုံး၊ စိန်ဒေါမာန်အကြည့် နှင့် မီးတောက်ရွှေမျက်လုံးတို့ ဖြစ်ကြလေသည်။
စက္ကုနည်းစနစ်များကို ကျွမ်းကျင်တတ်မြောက်ထားသည့် ကျင့်ကြံသူများက အဆင့်တူခြင်းမှာ အခြားသူများထက် ခေါင်းတစ်လုံးပိုသာလေသည်။
အကြောင်းမှာ စက္ကုနည်းစနစ်များသည် သက်ရောက်မှု လွန်စွာ မြန်ဆန်ပြီး ခုခံဖို့ အင်မတန် ခက်ခဲသောကြောင့် ဖြစ်လေသည်။
စက္ကုနည်းစနစ်တစ်ခုကို ကျင့်ကြံရခြင်းမှာ ကောင်းသည့်အချက်ဖြစ်သော်လည်း ဆူဇီမို၏ ပုံစံက သိပ်ပြီး ပျော်မနေပေ။
“မွေးနီတစ္ဆေ.. ကျုပ်ရွှေအမြုတေက ပျက်စီးသွားပြီလေ.. သူ့ခန္ဓာကိုယ်ထဲမှာ ဘာစိတ်ဝိညာဉ်စွမ်းအင်မှ သိုလှောင်ထားလို့ မရတော့ဘူး.. ကျုပ်က ဘယ်လိုလုပ်ပြီး စက္ကုနည်းစနစ်တစ်ခုကို ကျင့်ကြံလို့ ရမှာလဲ”
မွေးနီတစ္ဆေက အရေးမကြီးဟန်ဖြင့် လက်ကာပြလိုက်၏။
“ဘာမှ မဖြစ်ဘူး.. ဒီစက္ကုနည်းစနစ်ကို ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်စွမ်းအင် မလိုဘူး”
စိတ်ဝိညာဉ်စွမ်းအင် မလိုဘူးလား..
ဆူဇီမိုသည် ကြောင်အသွား၏။
နိုးထဝိညာဉ်အဆင့်ကို ရောက်သည့်အခါ ကျင့်ကြံသူများသည် သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံပြီး ဓမ္မစွမ်းအားကို အသုံးပြုနိုင်လေသည်။
သို့သော်လည်း ထိုမတိုင်ခင်မှာတော့ မည်သည်စိတ်ဝိညာဉ်အတတ်နှင့် လျှို့ဝှက်ပညာရပ်မဆို စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုရလေသည်။ ဒါဆို သူ့ရဲ့ စွမ်းအင်အထောက်အပံ့က ဘယ်နေရာကနေ လာမှာလဲ။
စိတ်ဝိညာဉ်စွမ်းအင် မလိုဘဲ ကျင့်ကြံလို့ရတဲ့ လျှို့ဝှက်ပညာရပ်ဆိုတာ ရှိနိုင်လို့လား။
အဲ့ဒါက လူသားတွေအတွက် ရည်ရွယ်ထားတဲ့ လျှို့ဝှက်ပညာရပ်တစ်ခု မဟုတ်ဘူးဆိုရင်တော့...
သူ့ရဲ့သားရဲကျင့်ကြံခြင်းမှာဆို စွမ်းအင်အထောက်အပံ့အဖြစ် စိတ်ဝိညာဉ်စွမ်းအင်ကို မလိုပေ။
သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“စိတ်ဝိညာဉ်စွမ်းအင် မဟုတ်ဘူးဆိုရင် အဲ့ဒါကို ကျင့်ကြံဖို့ ဘာလိုလဲ”
ဘယ်လို ကျင့်ကြံမှု အမျိုးအစား ဖြစ်ပါစေ.. စွမ်းအင်က လေထဲကနေ ဒီတိုင်းပေါ်လာမှာ မဟုတ်ပေ။
သားရဲကျင့်ကြံမှုအတွက် အသားများကို စားသုံးပေးဖို့ လိုလေသည်။
အင်မော်တယ်ကျင့်ကြံမှုမှာ စိတ်ဝိညာဉ်ချီကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူဖို့ လိုလေသည်။
စက္ကုနည်းစနစ်မှာ မျက်လုံးများကို သန့်စင်မွမ်းမံဖို့အတွက် တစ်ခုခုကိုတော့ အသုံးချရပေလိမ့်မည်။
မွေးနီတစ္ဆေက တဖြည်းဖြည်း မြင့်တက်လာနေသော နေမင်းကို မော့ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။
“အဲ့ဒါကို သုံးရမယ်”
ဆူဇီမိုသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုက ပေါ်လာ၏။
တောက်လောင်နေတဲ့နေကို အသုံးချပြီး သူ့မျက်လုံးများကို ကျင့်ကြံရမည်တဲ့လား..
သာမန်ကျင့်ကြံသူများဆိုလျှင် ခြစ်ခြစ်တောက်ပူနေသော နေကို ခဏကြာအောင်တောင် ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဒွာရရှင်းလင်းခြင်းကို ပြီးမြောက်ပြီးနောက် နေကို စိုက်ကြည့်နိုင်သော်လည်း ခြစ်ခြစ်တောက်ပူနေသော နေ၏ စွမ်းအင်ကို အသုံးချပြီး သူ့မျက်လုံးကို ကျင့်ကြံဖို့ဆိုတာကတော့ အဲ့ဒါက သူ့ကိုယ်သူ မီးပုံထဲသို့ ခုန်ချလိုက်ခြင်းနှင့် တူနေပေမည်။
“အစကတော့ ဒီစက္ကုနည်းစနစ်ကို ငါမင်းကို သင်ပေးဖို့ သိပ်ပြီး စိတ်အားမထက်သန်ပါဘူး.. အဲ့ဒါက အရမ်းအန္တရာယ်များတားကိုး.. တစ်ချက်ကလေး မှားသွားတာနဲ့ မင်းမျက်လုံးတွေက ကွယ်သွားမှာပဲ”
မွေးနီတစ္ဆေက မီးပဒေသာကျောက်ကို ကောက်ယူပြီး ဆူဇီမိုကို ပြန်ကမ်းပေးလိုက်၏။
“ဒါပေမယ့်လို့ မင်းဆီမှာ ဒါကို ငါရှာတွေ့ခဲ့တယ်”
“မီးပဒေသာကျောက်က မင်းဆီမှာ ရှိနေတာပဲ.. အဲ့ဒါနဲ့ဆို ဒီစက္ကုနည်းစနစ်ကို ကျင့်ကြံတဲ့အခါ မင်းရဲ့အောင်မြင်နိုင်ခြေက အရမ်းကို မြင့်သွားပြီ.. မင်းရဲ့ အားထုတ်မှုက ထက်ဝက်သက်သာသွားလိမ့်မယ်”
ထိုစကားကို ကြားမှ ဆူဇီမိုသည် တဖြည်းဖြည်း သိနားလည်လာ၏။
အတိတ်ကာလက ပညာရှင်တစ်ယောက်သည် မီးပဒေသာကျောက်ကို အသုံးပြု၍ စက္ကုနည်းစနစ်တစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
ယခု ထိုမီးပဒေသာကျောက်က သူ့ဆီမှာ ရှိနေမှတော့ ထိုစက္ကုနည်းစနစ်ကို ကျင့်ကြံဖို့က များစွာ ပို၍ လွယ်ကူလာပြီး အန္တရာယ်ဖြစ်နိုင်ခြေကလည်း သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
ဆူဇီမိုသည် မီးပဒေသာကျောက်ကို လက်ခံယူလိုက်၏။
အရင်တုန်းကလိုပင် သူ့လက်ထဲသို့ ရောက်သည်နှင့် ထိုကျောက်ဖြူက ပျောက်ကွယ်သွားပြန်လေသည်။
ထို့နောက် ချက်ချင်းပင် သူ့စိတ်အာရုံထဲမှာ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ညာဘက်မျက်လုံးက မကောင်းဆိုးဝါးဆန်ဆန် ဖြူဆွတ်သွားကာ ခဏနေပြီးမှ ပုံမှန် ပြန်ဖြစ်သွား၏။
“ငါတို့ ဦးခေါင်းထက်က နေမင်းက မီးပဒေသာရဲ့ တစ်စွန်းတစ်စစွမ်းအင်ကနေ ဖြစ်ပေါ်လာတာတဲ့.. တောက်လောင်နေတဲ့ နေကို အသုံးချပြီးတော့ မင်းမျက်လုံးထဲက အဆုံးစွန်ယန်စွမ်းအင်ကို ပြုုစုပျိုးထောင်လာနိုင်လိမ့်မယ်”
မွေးနီတစ္ဆေက တည်ကြည်စွာ ပြောလိုက်၏။
“အဲ့ဒါကို ထုတ်လွှတ်လိုက်တာနဲ့.. အဲ့ဒီစွမ်းအင်က သက်ရှိအားလုံးကို ပြာချပစ်ပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်”
တစ်ကယ်တော့ မွေးနီတစ္ဆေ မပြောပြလျှင်တောင် ဆူဇီမိုသည် ထိုစက္ကုနည်းစနစ်၏ စွမ်းပကားကို စဉ်းစားကြည့်မိပြီးဖြစ်၏။
“အဲ့ဒါကို အထွတ်အထိပ်ထိ ကျင့်ကြံပြီးရင်တော့.. အဲ့ဒီစက္ကုနည်းစနစ်က.... ဟီးဟီး”
မွေးနီတစ္ဆေက တစ်မူထူးစွာ ရယ်မောလိုက်၏။
“မင်းရဲ့မျက်လုံးတစ်ဖက်က နေတစ်စင်း ဖြစ်လာလိမ့်မယ်”
ဟင်း..
ဆူဇီမိုသည် ပင့်သက်ရှိုက်လိုက်၏။
နေတစ်စင်းကို သူ့မျက်လုံးအိမ်ထဲမှာ ဝှက်ထားရမည်လား။
သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် ထိုနေတစ်စင်းက ပေါ်လာပေလိမ့်မည်။
နေတစ်စင်း၏ စွမ်းအားက ထွက်ပေါ်လာသည်နှင့် ဘယ်လိုလူက အဲ့ဒါကို ခုခံနိုင်ပါဦးမည်နည်း။
ထို့နောက် ချက်ချင်းဆိုသလိုပင် ဆူဇီမိုသည် သူ့မှာ အစက ရှိခဲ့သော သံသယကို ပြန်အမှတ်ရလာ၏။
အဲ့ဒါက စိတ်ဝိညာဉ်ချီကို မလိုဘဲ နေကို အသုံးချပြီး ကျင့်ကြံနိုင်သည်ဆိုတော့.. အဲ့ဒါက လူသားတွေရဲ့ ကျင့်ကြံမှုနည်းစနစ်ဆိုတာထက် မိစ္ဆာသားရဲများ၏ ဓမ္မအစီအရင်နှင့် ပိုတူနေသည် မဟုတ်ပါဘူးလား။
ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။
“မွေးနီတစ္ဆေ.. ဒီစက္ကုနည်းစနစ်က လူသားတွေရဲ့ လျှို့ဝှက်ပညာရပ် မဟုတ်ဘူး မှတ်လား”
“မင်း ဘာတွေ ဂရုစိုက်နေတာလဲ.. အဲ့ဒါက သားရဲတွေရဲ့ လျှို့ဝှက်နည်းစနစ်ဆိုရင်ရော မင်းက မကျင်ကြံတော့ဘူးလား”
မွေးနီတစ္ဆေက မျက်လုံးလှန်ကြည့်ပြီး ပြီတီတီ သရော်လိုက်၏။
“ဟမ်း.. မင်းကိုယ်တိုင်တောင် အစစ်အမှန် မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲတော့မှာကို ဘာတွေထပ်ပြီး အရေးလုပ်နေဦးမှာလဲ”
ဆူဇီမိုက ထူးမခြားနား ပြန်ဖြေလိုက်၏။
“ကျုပ် သားရဲကျင့်ကြံမှုကို လုပ်ဆောင်ပေမယ့်လို့ .. ကျုပ်က သားရဲတစ်ကောင် မဟုတ်ဘူး”
“ဟီးဟီး”
မွေးနီတစ္ဆေက လှောင်ရယ်လိုက်၏။
“မင်းရဲ့ လူသားရွှေအမြုတေက ပျက်စီးသွားပြီ၊ အခု မင်းခန္ဓာကိုယ်ထဲမှာ သားရဲအတွင်းအမြုတေပဲ ကျန်တော့တယ်.. မင်းကိုယ်မင်း လူသားတစ်ယောက်ပါလို့ ပြောရင် ဘယ်သူက ယုံမှာလဲ”
ဆူဇီမိုက ဆိတ်ဆိတ်နေ၏။
ခဏနေပြီးနောက် သူက အမှတ်တမဲ့ပုံစံနှင့် မေးလိုက်၏။
“ဒီစက္ကုနည်းစနစ်ရဲ့ နာမည်က ဘာတဲ့လဲ”
မွေးနီတစ္ဆေက မျက်ခုံးပင့်၍ ဆူဇီမိုကို အလေးအနက်တွေးကာ ကြည့်လိုက်၏။ သူက ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အလား ဟက်ကနဲ ရယ်လိုက်၏။
“အဲ့ဒါကို မီးပဒေသာမျက်လုံးလို့ပဲ ခေါ်ကြတာပေါ့”
စဉ်းလဲတဲ့ မြေခွေးကြီး..
ဆူဇီမိုသည် စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
မွေးနီတစ္ဆေမှာ ထူးခြားသည့် သရုပ်သကန်တစ်ခု ရှိနေတာကို သူ ဝိုးဝဝါး ခန့်မှန်းမိပြီးဖြစ်၏။ တစ်ကယ်တော့ သူသည် ဤစက္ကုနည်းစနစ်၏ နာမည်ကို သိရလျှင် မွေးနီတစ္ဆေ၏ သရုပ်ကို ခန့်မှန်းလို့ ရလောက်သည်ဟု တွေးထင်ခဲ့၏။
သို့သော်လည်း မွေးနီတစ္ဆေက သတိလွတ်မသွားခဲ့ပေ။
မီးပဒေသာမျက်လုံးဆိုသည်မှာ အခုမှ သူကောက်ပေးလိုက်သော နာမည်ဆိုတာ သိသာလေသည်။