မိတ်ဆွေဟောင်း၏ မျိုးဆက်
Vol. 41 Ch. 607
မွေးနီတစ္ဆေသည် ဆူဇီမိုအား စက္ကုနည်းစနစ်လျှို့ဝှက်ပညာရပ်၏ သုတ္တန်ကို သင်ကြားပေးပြီးနောက် ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားလေသည်။
“မင်းမှာ မီးပဒေသာကျောက် ရှိတယ်ဆိုပေမယ့်လဲ.. အဲ့ဒါကို ကျင့်ကြံတဲ့အခါ မင်းသေချာ ဂရုစိုက်ရမယ်”
“ကျင့်ကြံဖို့ အကောင်းဆုံးအချိန်ကတော့ နေထွက်ကာစချိန်နဲ့ နေဝင်ခါနီးချိန်ပဲ.. နေ့ခင်းဘက် သွားပြီး ကျင့်ရင်တော့ မင်းမျက်စိကွယ်သွားလိမ့်မယ်”
ဆူဇီမိုသည် သေချာ မှတ်သား၏။
အဲ့ဒါက သေချာမှတ်ထားသင့်သည့် အရာများဖြစ်၏။ မှားယွင်းသွားလို့ သူ့မျက်လုံးကွယ်သွားပြီးမှဆို နောင်တရနေလဲ အပိုပင်။
ခဏနေပြီးနောက် လေ့လာမှတ်သားဖို့ ဘာမှ မကျန်တော့သည့်အခါ သူသည် ခြံဝန်းထဲကနေ လှမ်းထွက်လာခဲ့လေသည်။
အနီးနားတွင် မြေခွေးလေး ပျင်းရိငေးငိုင်စွာနှင့် သမ်းဝေနေ၏။
“သွားမယ်ဟေ့”
ဆူဇီမိုက မြေခွေးလေး၏ နဖူးကို ပွတ်သပ်ပြီး ပြုံးလိုက်၏။
မြေခွေးလေးသည် သားရဲတစ်ကောင်ဖြစ်ကာ လတစ်လ၏ ဤနေမျိုးမှာဆို မွေးနီတစ္ဆေ၏ စိတ်ဝိညာဉ်ရေအတွက် သူမသည်လည်း နောက်ဖေးခြံသို့ လိုက်လာလေ့ ရှိလေသည်။
အစတုန်းကတော့ သူမသည် အလွန်တရာ တွန့်ဆုတ်နေပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။
ဆူဇီမိုက သူမကို ကိုယ်တိုင်သယ်ပိုးသွားပြီး နောက်ပိုင်းတွင် သူမက တဖြည်းဖြည်း နေသားကျလာလေသည်။
ငါးနှစ်ကြာပြီးနောက် ဆူဇီမိုသည် ထူးဆန်းသည့်တစ်စုံတစ်ရာကို တွေ့လာရ၏။ မြေခွေးလေးသည် သူမ၏ အမြုတေကို ဖွဲ့တည်ပြီးတာတောင် လူသားသွင်ပြင်မယူနိုင်သလို စကားလည်း မပြောနိုင်သေးပေ။
မြေခွေးလေးက ထူးခြားသည့် မျိုးစိတ်ဖြစ်သောကြောင့်သာဟု ဆူဇီမို တွေးလိုက်ပြီး များစွာ စဉ်းစားမနေတော့ပေ။
အရှေ့ဘက်ခြံထဲသို့ ဆူဇီမို ပြန်ရောက်လာသည်ကို တွေ့သောအခါ မြေခွေးလေးသည် မွေးနီတစ္ဆေထံသို့ ပြေးသွားပြီး သူမ၏ လက်ဖဝါးလေးများကို ရှေ့သို့ ထုတ်လိုက်၏။ သူမက မွေးနီတစ္ဆေကို စိတ်လိုလက်ရ ဦးချ၍ အမှန်တစ်ကယ်ပင် လူသားစကားနှင့် ပြောလိုက်၏။
“နှုတ်ဆက်ပါတယ်.. စီနီယာ”
မြေခွေးလေး၏ အသံက အလွန်တရာ သိမ်မွေ့ပြီး ညှို့ငင်ဓါတ် ပြည့်ဝနေ၏။ မည်သည့်ပုလ္လိင်သက်ရှိမဆို ထိုအသံကို ကြားသည်နှင့် အတွေးများက ယောက်ယက်ခတ်ကာ နှလုံးခုန် မြန်လာပေလိမ့်မည်။
သို့သော်လည်း မွေးနီတစ္ဆေက လွန်စွာတည်ငြိမ်နေပြီး ခေါင်းညိတ်လိုက်၏။
“မင်း ဘာလို့ လူသားသွင်ပြင် မပြောင်းချင်ရတာလဲ”
မွေးနီတစ္ဆေက ပြုံးစစနှင့် မေးလိုက်၏။
မြေခွေးလေးက ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ မျက်နှာက ရှက်သွေးဖြန်းသွား၏။
ထိုပုံစံကို မွေးနီတစ္ဆေ မြင်သောအခါ ခွက်ထိုးခွက်လန် ရယ်ချပြီး ကျီစယ်လိုက်၏။
“မင်းက မင်းရဲ့ ရာဂစိတ်ကို မထိန်းနိုင်မှာ ကြောက်နေတာလား.. ဟက်”
မြေခွေးလေးက ပိုလို့တောင် ရှက်ရွံ့သွားပြီး သူမ၏ ခေါင်းကို တွင်တွင် ခါရမ်းနေ၏။
ခဏကြာ ရယ်မောပြီးနောက် မွေးနီတစ္ဆေက သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်၏။
“မင်းရဲ့ သားရဲပုံစံနဲ့မှပဲ သူ့အနားမှာ ဆက်ပြီး နေလို့ ရမယ်လို့ တွေးနေတာလား”
မြေခွေးလေးက သူမ၏ ခေါင်းကို ငုံ့ထားပြီး ပြန်မဖြေပေ။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင်။
တစ်ကယ််တော့ အဲ့ဒါက အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။
အခြားတစ်ခုမှာ သူမသည် လူသားပုံစံ ပြောင်းလိုက်လျှင် အခုလို ဆူဇီမိုနှင့် ရင်းရင်းနှီးနှီး တိုးဝှေ့၍ နေလို့မရလောက်တော့မှာကို မြေခွေးလေး သိလေသည်။
ယခုလောလောဆယ်မှာတော့ သူမသည် သူ့ရင်ခွင်ထဲသို့ ဝင်ပြီး မှေးစက်တာပဲဖြစ်ဖြစ်၊ တိုးဝှေ့ပွတ်သပ်တာပဲဖြစ်ဖြစ် သူမလုပ်ချင်တာ လုပ်လို့ ရနေသေးလေသည်။
မွေးနီတစ္ဆေက နှုတ်ခမ်းစူပြီး မကျေမနပ် ညည်းညူလိုက်၏။
“အဲ့ကောင်လေးကတော့ ဂတုံး တုံးပြီး ဘုန်းကြီးဝတ်ပြီးတာတောင် ချစ်တဲ့ခင်တဲ့သူတွေနဲ့ ပျော်စရာကောင်းတဲ့ဘဝကို ရနေတုန်းပဲ.. အတိတ်ကာလတုန်းက ငါတောင် အဲ့လိုဘဝမျိုး မရခဲ့ဖူးဘူး”
. . .
ခြံဝန်းထဲသို့ ရောက်လာပြီးနောက် ဆူဇီမိုသည် ထိုင်ချလိုက်ပြီး ဝေးဝေးကနေ တဖြည်းဖြည်း မြင့်တက်လာနေသော နေကို ငေးကြည့်လိုက်၏။
ထိုအချိန်မှာ နေသည် ထွက်လာခါစဖြစ်၍ သိပ်ပြီး မကျိန်းစပ်သေးပေ။ သူသည် ကျင့်ကြံဖို့ အချိန်မီသေး၏။
သူသည် လေများကို ရှူရှိုက်ပြီး သူ့စိတ်အာရုံထဲမှာ မီးပဒေသာမျက်လုံး၏ သုတ္တန်ကို ရေရွတ်ကာ ညာဘက်မျက်လုံးဖြင့် နေကို ငေးကြည့်နေလိုက်၏။
အချိန်ကြာလာပြီးနောက် အလင်းရောင်တစ်စွန်းတစ်စက သူ့ညာဘက်မျက်လုံးထဲသို့ ဝင်ရောက်လာသည်ဟု ခံစားလာရ၏။
သူ့မျက်ဘက်မျက်လုံးက တဖြည်းဖြည်းနှင့် ဖြူလာလေသည်။
အဖြူရောင်သူငယ်အိမ်က မကောင်းဆိုးဝါးဆန်ပြီး ခပ်ဖျော့ဖျော့အလင်းကို ထုတ်ပေးကာ နေရောင်ခြည်ကို ဆက်တိုက်စုပ်ယူ၍ သန့်စင်နေ၏။
သူ့ညာဘက်မျက်လုံးမှာ အပူချိန်က မှန်မှန်လေး မြင့်တက်လာနေ၏။
အဲ့ဒါက အနည်းငယ် နာကျင်သော်လည်း တောင့်ခံလို့ ရနေသေး၏။
သူ့ညာဘက်မျက်လုံးက မီးပဒေသာကျောက်နှင့် တစ်ခုတည်းအဖြစ် ရောနှောလာနေသည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိနေ၏။ နေရောင်ခြည်က မီးပဒေသာကျောက်ထဲသို့ ဝင်ရောက်လာပြီးနောက် အလွန်တရာ ကြမ်းတမ်းသော စွမ်းအင်က သိသိသာသာ နူးညံ့ပျော့ပျောင်းလာလေသည်။
သူ့ညာဘက်မျက်လုံးအပေါ် ထိခိုက်မှုကလည်း အနည်းဆုံးပမာဏထိ လျော့ကျသွား၏။
ထိုနေ့မှစ၍ ဆူဇီမိုသည် ညဘက်တွင် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်သည့်အပြင် မနက်စောစောနှင့် နေဝင်ခါနီးအချိန်များတွင် စက္ကုနည်းစနစ်ကို ကျင့်ကြံလေသည်။
သူ့ဒါန်ထျန်ကတော့ မည်သည့်လှုပ်ရှားသက်ဝင်မှုမှ ရှိမလာသေးပေ။
သို့သော်လည်း ဆူဇီမိုသည် အလျှော့မပေးဘဲ သူ၏ နေ့အချိန် အများစုကို ကျမ်းစာတိုက်ထဲရှိ မဟာရှေးဟောင်းဗုဒ္ဓကျောင်းတော်နှစ်ခုမှ အမွေအနှစ် သုတ္တန်များနှင့် ကျမ်းစာများကို လေ့လာဖတ်ရှုခြင်း၊ ကျင့်ကြံခြင်းတို့ဖြင့်သာ အချိန်ကုန်တတ်လေသည်။
ကျမ်းစားတိုက်ထဲမှာ ရှေးကျ၍ အဖိုးတန်သော ကျမ်းစာပေါင်းများစွာ ရှိလေသည်။
ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်က ဘယ်လောက် ကြောက်စရာကောင်းလိုက်မလဲ ပြောစရာ မလိုပေ။
အဲ့ဒီမှာ လျှို့ဝှက်ပညာရပ်များသာ မကဘဲ.. လက်နက်၊ ဆေးလုံး၊ အဆောင်နှင့် အစီအရင်နည်းစနစ်များလည်း ရှိပြီး ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော ပညာရပ်များလည်း ပါဝင်လေသည်။
ဥပမာအားဖြင့်.. စိတ်ဝိညာဉ်သော့ခတ်ရှေးဟောင်းအစီအရင်ဟု ကျော်ကြားသော ရှေးကျသည့် ဝင်္ကပါအစီအရင်လျှို့ဝှက်နည်းစနစ်များလည်း ရှိလေသည်။
အဲ့ဒီမှာ ပြောကြသည်မှာ အဲ့ဒါကို ခင်းကျင်းထားလျှင် နိုးထဝိညာဉ်များ၏ အမြုတေစိတ်ဝိညာဉ်တောင်မှ ကန့်သတ်ချုပ်နှောင်ခြင်း ခံရပြီး သူတို့၏ ဓမ္မစွမ်းအားများကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
အဲ့ဒါနှင့် ဆင်တူသော အခြားလျှို့ဝှက်ပညာရပ်များလည်း အဲ့မှာ ရှိသေးလေသည်။
သို့သော်လည်း ဆူဇီမို၏ ကျင့်ကြံမှုက လုံလောက်အောင် မမြင့်မားသေးသောကြောင့် သူသည် အဲ့ဒါတွေကို နားလည်ဆင်ခြင်နိုင်စွမ်း မရှိသေးပေ။
နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့၏။
တစ်ခဏအတွင်း နောက်ထပ်ငါးနှစ်က ကုန်သွားခဲ့လေပြီ။
ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် နေလာခဲ့သည်မှာ ၁၀ နှစ် ကြာခဲ့လေပြီ။
ညနေခင်းတစ်ခုတွင်..
သူသည် မြေပြင်ပေါ်မှာထိုင်ပြီး မင်းဝမ်ပုတီးကို လက်ထဲမှာ ကိုင်ကာ နေဝင်ရာဘက်သို့ ငေးကြည့်နေ၏။ ညနေခင်း ဆည်းဆာရောင်ခြည်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာပြီး သူ့အော်ရာက ခမ်းနားထည်ဝါလာ၏။
တဝင်းဝင်း တောက်ပနေသော သူ့ညာဘက်မျက်လုံးက လျစ်လျူရှုထားလို့ မရပေ။
ဆူဇီမို၏ ဒါန်ထျန်က စိတ်ဝိညာဉ်တစ်စွန်းတစ်စမှ မရှိဘဲ အာကာသတွင်းနက်တစ်ခုလို ဗလာကျင်းနေဆဲဖြစ်၏။
သို့သော်လည်း သူ့မျက်လုံးများနှင့် မျက်နှာပေါ်တွင် စိတ်ပျက်မှုလက္ခဏာ နည်းနည်းလေးမှ ရှိမနေတော့ပေ။
သုတ္တန်များကို ရွတ်ဖတ်သရစ္ဈာယ်၍ ဗုဒ္ဓကို ဆယ်နှစ်ကြာ အရိုအသေ ပေးလာခဲ့ပြီးနောက် ဆူဇီမိုသည် တည်ငြိမ်အေးချမ်းသော အော်ရာကို ရရှိလာခဲ့၏။ သူ့မှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း မရှိတော့ပေ။ ပြင်ပ ပယောဂများက သူ့စိတ်အပေါ် သက်ရောက်စေခြင်း မရှိတော့ဘဲ သူက ဈာန်ဝင်စားလုနီးပါး အခြေအနေသို့ ရောက်လာခဲ့၏။
အဲ့ဒါက ဗုဒ္ဓဝါဒီ၏ လေးနက်သိမ်မွေ့သော ဉာဏ်အမြော်အမြင်နှင့် လူတစ်ယောက်၏ လက္ခဏာ ဖြစ်လေသည်။
အသောကပန်းက ဉာဏ်ပညာရင်းမြစ်တစ်ခုနှင့် တူ၏။
ဗုဒ္ဓဝါဒီအပေါ် ဆူဇီမို၏ သိမြင်နားလည်မှုက တစ်ရက်ပြီးတစ်ရက် နက်ရှိုင်းလာခဲ့၏။
ဘုရားကျောင်းအို၏ နောက်ဖေးခြံဝန်းထဲတွင်..
ဘုန်းကြီးအိုက ကျောက်လှေကားတစ်ထစ်မှာထိုင်၍ သုသာန်ထဲရှိ မွေးနီတစ္ဆေဘက်ကို မျက်နှာမူထား၏။
“ဘုန်းကြီးအို.. အခုချိန်ထိ အဲ့ကောင်လေးရဲ့ ဒါန်ထျန်က တုံ့ပြန်မှု မရှိသေးဘူး.. ကျုပ်သဘောအရတော့ သူ့ရဲ့ အင်မော်တယ်ကျင့်ကြံခြင်းကို ပြန်စတင်ဖို့ မျှော်လင့်ချက် မထားခိုင်းတော့တာ ကောင်းမယ် ထင်တယ်” မွေးနီတစ္ဆေက ပြောလိုက်၏။
“လူတစ်ယောက်အတွက် သူတို့ရဲ့ ဒါန်ထျန်ကို ဖျက်ဆီးခံရပြီးသွားရင် သူတို့ရဲ့ အခြေခံအုတ်မြစ်ကို ပြန်တည်ဆောက်ဖို့ ဘယ်လောက် ခက်ခဲလိုက်မလဲ.. သမိုင်းတစ်လျှောက်မှာ အဲ့ဒါကို ကြိုးစားခဲ့တဲ့ ပြိုင်စံရှားတွေ ပြန်ဝင်စားမွန်းစတားတွေ မရေမတွက်နိုင်အောင် ရှိခဲ့ကြတာပဲ.. ဘယ်သူကများ အဲ့ဒါကို အောင်မြင်ခဲ့လို့လဲ”
ဘုန်းကြီးအိုက ညင်သာစွာ သက်ပြင်းချ၏။
“ဒါပေမယ့်လို့.. ကောင်လေးရဲ့ ဗုဒ္ဓဘာသာအပေါ် သိမြင်နားလည်မှုက နက်ရှိုင်းတယ်.. သူသာ သူ့ကျင့်ကြံမှုကို ပြန်စတင်နိုင်ရင် သူက ဗုဒ္ဓဂိုဏ်းရဲ့ တစ်ကယ့်အမွေအနှစ်ကို ရရှိလိမ့်မယ်”
“ဘာအမွေအနှစ်လဲ.. အဓိပ္ပါယ် မရှိတာ”
မွေးနီတစ္ဆေက အထင်သေးစွာဖြင့် နှုတ်ခမ်းထော်လိုက်၏။
“စိတ်ဝိညာဉ်စွမ်းအင်မှ မရှိတာ.. သူက ဗုဒ္ဓဂိုဏ်းက နည်းလမ်းတွေကို သိနားလည်တယ်ဆိုရင်တောင် အဲ့ဒါကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး.. ဘာသွားသုံးစားလို့ ရမှာလဲ”
“ငါသာ သူ့နေရာမှာဆို.. ရွှေအမြုတေ ပြန်ကောင်းလာဖို့နဲ့ ပတ်သတ်တာ အကုန်လုံးကို မေ့ထားပြီးတော့.. သားရဲကျင့်ကြံမှုမှာပဲ စိတ်ရောကိုယ်ပါ အာရုံစိုက်လိုက်မယ်.. သူ့ရဲ့ ရွှေအမြုတေ မရှိတော့တာတောင် သူ့ခွန်အားက ပြီးခဲ့တဲ့ ဆယ်နှစ်ကထက် ပိုသန်မာလာတာ ခင်ဗျား မတွေ့ဘူးလား”
ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။
“သူက သူ့ရွှေအမြုတေ ပြန်ကောင်းဖို့ကို ပစ်ပယ်လိုက်မယ်ဆို.. သူ့ရဲ့ သားရဲကျင့်ကြံမှုက နိုးထဝိညာဉ်အဆင့်ကို တက်လှမ်းတာနဲ့ သူက သားရဲမိစ္ဆာတစ်ကောင်လုံးလုံး ဖြစ်သွားလိမ့်မယ်”
“အဲ့ဒါ မကောင်းဘူးလား” မွေးနီတစ္ဆေက ရေရွတ်လိုက်၏။
ထိုစဉ်မှာပင် ဘုရားကျောင်းအို၏ အပြင်ဘက်သို့ စိတ်ဝိညာဉ်အလင်းတန်းတစ်ခုက ဆင်းသက်လာ၏။
ဘုန်းကြီးအိုက သူ့ခေါင်းကို ငဲ့ကြည့်ပီး စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင်ကို သူ့လက်ဝါးပေါ်သို့ ဆင်းသက်စေလိုက်၏။
သူက စိတ်ဝိညာဉ်ကြိုးကြာကို ဖွင့်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ တွေဝေနေသော အမူအယာဖြင့် သူက ညင်သာစွာ သက်ပြင်းချလိုက်၏။
“ငါတို့မိတ်ဆွေဟောင်းရဲ့ သားမြေးတစ်ယောက်က ဒီကို လာလည်တယ်”
“ငါ အဲ့ဒီစိတ်ဝိညာဉ်ကြိုးကြာက အော်ရာကို မုန်းတယ်”
မွေးနီတစ္ဆေက စိတ်ဝိညာဉ်ကြိုးကြာကို စေ့စေ့စပ်စပ်ကြည့်ပြီး အေးစက်စွာ ဟောက်လိုက်၏။
“အဲ့ဒါ သူပဲ.. သူ့ရဲ့ အဆက်နွယ်လား”
ဘုန်းကြီးအိုက ခေါင်းညိတ်ပြ၏။
မွေးနီတစ္ဆေက ခါးကို တည့်တည့်မတ်ပြီး ထပ်ရပ်လိုက်၍ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများက တချွင်ချွင် မြည်သွား၏။ ချက်ချင်းပင် သူက သတ်တော့ဖြတ်တော့မည့်ပုံ ပေါက်လာလေသည်။
ဘုန်းကြီးအိုက မွေးနီတစ္ဆေကိုကြည့်ပြီး ပြောလိုက်၏။
“စိတ်ကိုလျှော့.. ဘာပဲပြောပြော.. တာမင်းကျောင်းတော်နဲ့ ဖာဟွားကျောင်းတော်က သူ့ကို အကြွေးတင်နေတယ်”
“နောက်ပြီး အခုရောက်လာတာက ဂျူနီယာလေးတစ်ယောက်ပဲလေ.. မင်းက ဘာလုပ်ချင်သေးလို့လဲ”
ထိုသည်ကိုကြားပြီးနောက် မွေးနီတစ္ဆေက ယာယီအားဖြင့် ပြန်လည်တည်ငြိမ်သွားပြီး ပျက်ယွင်းနေသော မျက်နှာနှင့်အတူ တစ်ဖန် ပြန်ထိုင်ချလိုက်၏။