လွန်လွန်းမလာနဲ့
Vol. 41 Ch. 608
ညနက်ပိုင်းသို့ ရောက်နေလေပြီ။
မွေးနီတစ္ဆေက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“သူ့မျိုးဆက်က ဒီကို ဘာအတွက် ရောက်လာတာလဲ”
“ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ငှားဖတ်ချင်လို့” ဘုန်းကြီးအိုက ပြန်ပြော၏။
မွေးနီတစ္ဆေက လှောင်ရယ်လိုက်လေသည်။
“လက်စသတ်တော့ သူက ရွှေအမြုတေအဆင့်ရဲ့ နံပါတ်တစ်လျှို့ဝှက်ပညာရပ်ကို မျက်စိကျသွားတာကိုး.. ဒီနေရာထိ ခရီးရှည်ကြီးကို လာခဲ့တာ မဆန်းတော့ပါဘူး”
ဘုန်းကြီးအိုက ဆက်ပြော၏။
“အဲ့ဒါက သုတ္တန်တစ်ခုပါပဲ.. သူ့မျိုးဆက်က ကြည့်ချင်တယ်ဆိုရင် သူက ကျမ်းစာတိုက်ထဲက သုတ္တန်တွေ အကုန်လုံးကို ကြည့်နိုင်တာပဲ”
“ခင်ဗျားက အဲ့လောက်တောင် ရက်ရောတယ်ပေါ့”
မွေးနီတစ္ဆေက နှုတ်ခမ်းစူပြီး သရော်လိုက်၏။
ထိုစဉ်မှာပင် ဆူဇီမိုသည် နောက်ဖေးခြံထဲသို့ ရောက်လာပြီး မွေးနီတစ္ဆေထံမှ စိတ်ဝိညာဉ်ရေတစ်ခွက်ကို သောက်ဖို့ အဆင်သင့် ဖြစ်နေ၏။
ဘုန်းကြီးအိုက စိတ်ဝိညာဉ်ကြိုးကြာကို သိမ်းပြီး အမူအယာကင်းမဲ့စွာ လှည့်ထွက်သွား၏။
မွေးနီတစ္ဆေက စိတ်ဝိညာဉ်ရေတစ်ခွက်ကို သူ့ရှေ့မှာ ထားလိုက်၏။ ထို့နောက် သူက ဆူဇီမိုကို ကျောပေး၍ တိတ်တဆိတ်ထိုင်ပြီး ထိုင်းမှိုင်းနေ၏။
ဆူဇီမိုသည် စိတ်ရှုပ်ထွေးသွားပြီး မွေးနီတစ္ဆေက ဘာကို အလိုမကျဖြစ်နေသလဲ သူမသိပေ။
သူက အဲ့ဒါကို မေးလဲမမေး သိပ်လဲ စဉ်းစားမနေပေ။
၁၀ နှစ်ကြာပြီးနောက် မွေးနီတစ္ဆေကို သူနည်းနည်း နားလည်လာ၏။
သူက မမေးလျှင်တောင် မွေးနီတစ္ဆေက သူ့ကို စကားစပြောသော အချိန်များရှိ၏။
အဲ့ဒီမှာ သူဘယ်လောက် ဖိအားပေးပေး မွေးနီတစ္ဆေက လုံးဝ ထုတ်မပြောသော အချက်များလည်း ရှိ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်ရေကိုယူ၍ မော့သောက်လိုက်ပြီး ကျင့်ကြံဖို့ ထိုင်လိုက်၏။
. . .
ဘုန်းကြီးအိုသည် ဘုရားကျောင်းအိုထဲက ထွက်သွားပြီးနောက် သိပ်မကြာမီ ပြန်ရောက်လာ၏။
သူနှင့်အတူ နောက်ထပ်လူနှစ်ယောက်လည်း ပါလာ၏။
အတိအကျ ပြောရလျှင် သူတို့ထဲမှ တစ်ယောက်က လူသားဖြစ်ပြီး အခြားတစ်ယောက်က သားရဲ ဖြစ်လေသည်။
ရှေ့က ကျင့်ကြံသူက ငယ်ရွယ်ပုံရပြီး ရွှေအမြုတေအဆင့်ဖြစ်၏။ သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပြတ်သားသော မျက်ခုံးနှင့် ပေါ်လွင်ထင်ရှားသော သွင်ပြင်ကို ပိုင်ဆိုင်ထား၏။ မှင်သေသေအမူအယာနှင့်အတူ သူသည် သူ့ဘေးပတ်လည်ရှိ အရာရာတိုင်းကို အုပ်စိုးပြီး သက်ရှိအားလုံးကို ဖိနှိပ်နိုင်သော အော်ရာတစ်မျိုးကို ထုတ်ပေးနေ၏။
ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးက တဖျပ်ဖျပ်လက်နေပြီး သူ့ဖြတ်သွားရာ နေရာတိုင်း၌ လေထုတောင် ငြိမ်သက်သွားရ၏။
သူ၏ တည်ရှိမှုကတင် တစ်ဖက်လူကို လုံးဝ လက်မြှောက်အရှုံးပေးသွားရစေနိုင်၏။
ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ နောက်တွင် တုတ်ခိုင်သော လူတစ်ယောက်ရှိပြီး အရပ်က ခုနှစ်ပေနီးပါးလောက်ရှိကာ တစ်ကိုယ်လုံး အမွေးအမှင်များဖြင့် ပြည့်နေ၏။ သူ့ရင်အုပ်ကို ဖွင့်ထားပြီး သူ့အရိုးများက ကြီးမားကာ သူ့မျက်လုံးများက နီရဲနေ၏။
မျက်စိကောင်းသော မည်သူမဆို ထိုတုတ်ခိုင်သောလူက လူသားသွင်ပြင်ယူထားသော သားရဲတောကောင်တစ်ကောင်ဆိုတာကို ပြောနိုင်ပေလိမ့်မည်။
ထိုတုတ်ခိုင်သောလူကို လွှမ်းခြုံနေသည့် သားရဲချီများက အလွန်တရာ ထူထဲပြီး သူ့မျက်လုံးများက တလက်လက် တောက်နေ၏။ သူက ကြင်နာတတ်သည့်သူ မဟုတ်တာ သိသာလေသည်။
ဘုန်းကြီးအိုက ဆို၏။
“ဒီကျောင်းမှာ စည်းမျဉ်းစည်းကမ်းတွေကတော့ သိပ်များများစားစား မရှိဘူး.. မင်း နောက်ဖေးခြံဝန်းထဲကို ခြေချလို့ မရတာက လွဲလို့ ကျန်တဲ့နေရာတွေ လွတ်လွတ်လပ်လပ်သွားလို့ ရတယ်.. မင်းဖတ်ချင်စိတ်ရှိတဲ့ သုတ္တန်တစ်ခုတွေ့ရင် ကြိုက်တဲ့ဟာကို ယူဖတ်လို့ ရတယ်”
ခရမ်းရောင်ဝတ်ကျင့်ကြံသူက ခေါင်းညိတ်ပြီး သူ့အကြည့်က မင်းကျန်ဆီသို့ ရောက်ရှိသွား၏။
ထိုအချိန်တွင် မင်းကျန်က အခုတင် သူ့လက်ထဲက သုတ္တန်ကို ပိတ်ပြီး ထလာချိန်ဖြစ်၏။ သူက ခရမ်းရောင်ဝတ်ကျင့်ကြံသူကို နှုတ်ဆက်မလို့ ပြင်စဉ်မှာပင် ထိုသူ၏ အေးစက်စက်အသံက ထွက်လာ၏။
“မင်းလက်ထဲက အဲ့သုတ္တန် ဒီကို ပေးစမ်း.. ဘာလို့လဲဆို... ငါဖတ်ချင်လို့”
မင်းကျန်သည် ခဏမျှ မှင်တက်သွား၏။
ဘုရားကျောင်အိုထဲသို့ လူစိမ်းရောက်လာသည်က ရှားရှားပါးပါး ဖြစ်၏။ ဤလူက စမပြောလျှင်တောင် မင်းကျန်က အဲ့ဒါကို သူ့ထံသို့ ကမ်းပေးဖို့ စိတ်ကူးထားပြီးသားဖြစ်၏။
သို့သော် ယခုအခါ ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ လေသံက တစ်ကယ့်ကို မောက်မာလွန်း၏။
အဲ့ဒါက အမိန့်ပေးနေသည်နှင့် တူလေသည်။
သူက ယဉ်ကျေးမှု နည်းနည်းလေးမှ ရှိမနေပေ။
ထိုခရမ်းရောင်ဝတ်ကျင့်ကြံသူက သူ့ကို အစေခံတစ်ယောက်လို ခိုင်းစေနေသည်ကို မင်းကျန် ကောင်းကောင်းခံစားမိလေသည်။
မင်းကျန်သည် ဘုန်းကြီးအိုဘက်ကို အလိုလို လှည့်ကြည့်လိုက်၏။
ဘုန်းကြီးအိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
ဘာပဲပြောပြော ဒါက လူငယ်မျိုးဆက်များအကြားက တစ်စုံတစ်ရာ ဖြစ်၏။ ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ စိတ်နေစရိုက်က မနှစ်မြို့ဖွယ်ရာ ကောင်းသော်လည်း သူ့အနေနှင့် ဝင်ဆုံးမဖို့ မသင့်သေးပေ။
နှစ်ဖက်က တစ်ဖက်ကိုတစ်ဖက် သတ်ကြဖြတ်ကြခြင်း မရှိသေးသရွေ့ ဘုန်းကြီးအိုက ဝင်ပါဖို့ စိတ်ကူး မရှိပေ။
ဘုန်းကြီးအိုက ခရမ်းရောင်ဝတ်ကျင့်ကြံသူကို ဘုရားကျောင်းအိုထဲသို့ ခေါ်လာပြီးနောက် သူက ခန်းမထဲသို့ ဝင်ကာ တံခါးပိတ်သွား၏။
“ဟိုဘုန်းကြီး.. နားလေးနေတာလား.. ငါ့သခင်က မင်းလက်ထဲက သုတ္တန်ကို ဖတ်ချင်တယ်လို့ ပြောနေတယ်လေ.. ဘာရပ်လုပ်နေတာလဲ” ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ နောက်ဘက်ရှိ အမွေးထူထူနှင့်လူက ဟောက်လိုက်၏။
မင်းကျန်က မျက်မှောင်ကြုတ်၏။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက သူ့လက်ထဲရှိ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ကမ်းပေးလိုက်၏။
ခရမ်းရောင်ဝတ်ကျင့်ကြံသူက အဲ့ဒါကို မှင်သေသေအမူအယာနှင့် လှမ်းယူပြီး မင်းကျန်ကို တစ်ချက်တောင် မကြည့်ပေ။
မင်းကျန်ကလည်း ဆက်ပြီး အရေးလုပ်မနေတော့ဘဲ ပြုံးရုံသာပြုံးကာ ဖတ်ဖို့အတွက် နောက်ထပ်သုတ္တန်တစ်ခုကို ကောက်ယူလိုက်၏။
ထိုစဉ်မှာပင် ကျမ်းစာတိုက်တံခါးက ကျွီကနဲမြည်၍ ပွင့်သွား၏။
တောက်လောင်နေသောမီးလို နီရဲနေသော သားမွေးများနှင့် အမွေးထူထူအကောင်လေးသည် မီးလုံးတစ်လုံးကဲ့သို့ လျှောက်ဝင်လာ၏။ မြေခွေးလေးက အခုမှ နိုးပြီး ထလာခြင်းပင်။
သူမသည် သမ်းဝေပြီး သူမ၏ လက်ကလေးကို မြှောက်ကာ အိပ်ချင်မပြေသေးသော သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်၏။ ပကတိညှို့ငင်ဓါတ်အပြည့်နှင့် သူမသည် ကျမ်းစာတိုက်ထဲသို့ ဒယီးဒယိုင်ဖြင့် လှမ်းဝင်လာ၏။
မင်းကျန်က ပြုံးလိုက်၏။
ခရမ်းရောင်ဝတ်ကျင့်ကြံသူက အကုန်လုံးကို လျစ်လျူရှုထားပြီး သူ့အာရုံက သူ့လက်ထဲရှိ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ပေါ်မှာသာ လုံးလုံးလျားလျား စိုက်ထား၏။ ဖတ်ရင်းဖတ်ရင်းနှင့် သူမျက်လုံးများက ပိုမိုတောက်ပဝင်းလဲ့လာ၏။
အမွေးထူထူနှင့် တုတ်ခိုင်သော လူသည် မြေခွေးလေးကို မြင်သောအခါ သူ့မျက်လုံးက ပြူးသွား၏။
မြေခွေးလေးသည် တဆတ်ဆတ် တုန်ယင်သွားပြီး နိုးထလာ၏။
တုတ်ခိုင်သောလူက သွားဖြီး၍ ပြောလိုက်၏။
“သခင်.. ဒီမှာ မြေခွေးလေးတစ်ကောင်.. ကျုပ် သူ့ကို ခေါ်သွားချင်တယ်”
“အင်း”
ခရမ်းရောင်ဝတ်ကျင့်ကြံသူက ပြန်ဖြေလိုက်၏။
“ဟဟဟားဟား”
တုတ်တုတ်ခိုင်ခိုင်လူ၏ မျက်လုံးက ဝင်းလဲ့သွားပြီး ပြီတီတီရယ်ကာ မြေခွေးလေးအနားသို့ တိုးသွား၏။
“အကောင်လေး.. နင် ဘယ်နားသွား ပုန်းချင်နေတာလဲ”
ကြောက်လန့်တကြား အမူအယာနှင့် နောက်သို့ ဆက်တိုက်ဆုတ်သွားသော မြေခွေးလေးကိုကြည့်ပြီး သူက ပိုလို့တောင် စိတ်လှုပ်ရှား တက်ကြွလာ၏။
ဝှစ်..
ရုတ်တရက် တုတ်တုတ်ခိုင်ခိုင်လူ၏ အမြင်အာရုံက ရိပ်ကနဲ ဝါးသွားပြီး လူတစ်ယောက်က သူ့ရှေ့မှာ ပေါ်လာ၏။
မင်းကျန်က လက်ဝါးနှစ်ဖက်ကို ယှက်၍ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒကာ ကျေးဇူးပြုပြီး ရပ်လိုက်ပါ”
တုတ်တုတ်ခိုင်ခိုင်လူက တဏှာရာဂ ငမ်းငမ်းတက်နေချိန်မှာ သူ့လမ်းကြောင်းက နှောင့်ယှက်ဟန့်တားခံလိုက်ရ၏။ သူ့အမူအယာက ချက်ချင်းပင် ရုန့်ရင်းကြမ်းတမ်းလာပြီး သူ့မျက်လုံးများက ဒေါသူပုန်ထလာ၏။
“ဒီမြေခွေးလေးက မင်းရဲ့ တာအိုလက်တွဲဖော်လား”
“မဟုတ်ပါဘူး” မင်းကျန်က ခေါင်းခါပြလိုက်၏။
“သူက မင်းရဲ့ စိတ်ဝိညာဉ်တောကောင်လား” တုတ်တုတ်ခိုင်ခိုင်လူက ထပ်မေးလိုက်၏။
“မဟုတ်ပါဘူး” မင်းကျန်က ခေါင်းထပ်ခါလိုက်၏။
တုတ်တုတ်ခိုင်ခိုင်လူက မင်းကျန်ကို စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။
“ဒါဆို မင်းက သူ့ကို ဘာလို့ အဆုံးရှုံး မခံနိုင်ရတာလဲ”
“မရဘူး” ဒီတစ်ကြိမ်တွင်တော့ မင်းကျန်၏ လေသံက ပြန်လှန်မေးခွန်းထုတ်စရာ မလိုအောင် ပြတ်သားလာ၏။
“ကိုယ်တော်.. မင်းက ငါ့လမ်းကနေ လာရပ်နေရအောင် ဘယ်လောက် သန်မာလို့လဲ”
တုတ်တုတ်ခိုင်ခိုင်လူက သူ့လက်ကို မြှောက်လိုက်သောအခါ သူ့လက်သည်းများက အေးစက်စက်အလင်းဖြင့် တောက်ပလာပြီး မင်းကျန်၏ ဦးခေါင်းကို လှမ်းကုတ်ဆွဲလိုက်၏။
သူ၏ တိုက်ခိုက်မှုကိုသာ ခံရလျှင် မင်းကျန်၏ ဦးခေါင်းက ချက်ချင်းပင် ပေါက်ထွက်သွားပေလိမ့်မည်။
“ဥုံ”
မင်းကျန်က နောက်ဆုတ်ခြင်း၊ ရှောင်ရှားခြင်း မရှိဘဲ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“ဂါး”
မင်းကျန်၏ မန္တန်ရွတ်သံ ထွက်လာချိန်မှာပင် တုတ်ခိုင်သောလူကလည်း ဟိန်းဟောက်လိုက်၏။
ချက်ချင်းပင် နေရာတစ်ခုလုံးက တုန်ခါသွား၏။
ထိုဟိန်းသံတစ်ချက်က မင်းကျန်၏ မန္တန်ရွတ်ဆိုသံကို တစ်ခါတည်း လွှမ်းမိုးသွားလေသည်။
တုတ်ခိုင်သောလူက ကြောက်စရာကောင်းလောက်အောင် သန်မာလှ၏။
တုတ်ခိုင်သောလူ၏ လက်ဝါးက ဆင်းသက်လာချိန်တွင်.. မင်းကျန်၏ လက်ချောင်းထိပ်မှ စိတ်ဝိညာဉ်စွမ်းအင်က ရုန်းထွက်လာပြီး ကြာပန်းတစ်ခု ဖွဲ့တည်ကာ တိုက်ခိုက်မှုကို ခံယူလိုက်၏။
ဝုန်း..
တုတ်ခိုင်သောလူ၏ လက်ဝါးနှင့် ကြာပန်းက ထိတွေ့သွား၏။
ခဏမျှ ရပ်တန့်သွားပြီးနောက် ချက်ချင်းပင် ကြာပန်းက ကြေမွသွားလေသည်။
မင်းကျန်သည် ခပ်သဲ့သဲ့ ညည်းညူ၍ နောက်သို့ ခြေသုံးလှမ်း ဒယီးဒယိုင်ဖြင့် ဆုတ်လိုက်ရ၏။
ဝုန်း..
သူ မတုံ့ပြန်နိုင်ခင်မှာပင် တုတ်ခိုင်သောလူ၏ လက်သီးက ဧရာမတူကြီးကဲ့သို့ နောက်တစ်ဖန် ဆင်းသက်လာပြီး လေထုက ပြင်းထန်စွာ ပေါက်ကွဲသွား၏။
မင်းကျန်၏ မျက်လုံးထဲတွင် ဝေခွဲမရမှုက ပေါ်လာ၏။
ယခုအချိန်တွင် အထိရောက်ဆုံးနည်းလမ်းမှာ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ဖို့ပင်။
သို့သော်လည်း ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီးသည်နှင့် သူက အသေအကြေ တိုက်ခိုက်ရပေတော့မည်။
ဘာပဲပြောပြော ဤလူနှစ်ယောက်က သူ့ဆရာကိုယ်တိုင် ခေါ်လာခဲ့သော ဧည့်သည်နှစ်ယောက်ဖြစ်၏။ သူက ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး အသေအကြေ တိုက်ခိုက်သင့်ပါရဲ့လား။
ထိုကဲ့သို့ တွေဝေကြန့်ကြာသွားချိန်တွင် တုတ်ခိုင်သောလူ၏ လက်သီးက သူ့ရှေ့သို့ ဆင်းသက်ရောက်ရှိလာပြီဖြစ်၏။
မင်းကျန်က သူ့မျိုးဆက်သွေးကိုသာ လှည့်ပတ်၍ သူ့လက်နှစ်ဖက်ကို မြှောက်ပြီး ရွှေအမြုတေကို လှည့်ပတ်ရင်း အလောတကြီး ခုခံလိုက်ရ၏။
ဘုန်း..
တုတ်ခိုင်သောလူ၏ လက်သီးချက်က မင်းကျန်ကို လွင့်သွားစေပြီး ကြမ်းပေါ်မှာ နှစ်ပတ်သုံးပတ်လိမ့်ကာ ဆိုးဆိုးရွားရွားပုံပေါက်သွား၏။
“ဟီးဟီး”
တုတ်ခိုင်သောလူ၏ မျက်လုံးထဲမှာ ကြမ်းကြုတ်သောအလင်းက ပေါ်လာပြီး ရှေ့သို့တက်လာကာ အေးစက်စွာ ဟိန်းဟောက်လိုက်၏။
“မင်းက ဒီလို ကမြောက်ကခြောက်ခွန်အားနဲ့ ငါ့ရှေ့မှာ လာရပ်ရဲသေးတယ်ပေါ့”
“သိပ်ပြီးတော့ လွန်မလာနဲ့”
ရုတ်တရက် ခြံဝန်းထဲမှ အခြားအသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက အေးဆေးတည်ငြိမ်နေပြီး မည်သူကိုမဆို သူတို့၏ လက်နက်ကို လွှတ်ချသွားစေနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် မှော်စွမ်းအား ပါဝင်နေပုံရ၏။