← Chapters

မင်းကိုယ်စား ငါဆုံးမပေးမယ်

Vol. 41 Ch. 609

မင်းကိုယ်စား ငါဆုံးမပေးမယ်

Vol. 41 Ch. 609

တုတ်ခိုင်သောလူနှင့် မင်းကျန်တို့ ပဋိပက္ခဖြစ်၍ တိုက်ခိုက်နေကြတာတောင် ခရမ်းရောင်ဝတ်လူက ခေါင်းတစ်ချက် မော့မကြည့်ပေ။ သူ့အမူအယာက တည်ငြိမ်နေပြီး အကုန်လုံးကို အဆက်ဖြတ်ထား၏။

အရာရာတိုင်းက သူ့အတွက် အရေးမပါသည့်အလားပင်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများက သူ့လက်ထဲရှိ ဂမ္ဘီရဓမ္မပဒုမ္မာကျမ်းကိုသာ ကြည့်နေ၏။

သို့သော်လည်း စောစောက အသံကို ကြားသည်နှင့် သူက ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

ဘုရားကျောင်းအိုထဲသို့ သူစဝင်လာကတည်းက ပထမဆုံးအကြိမ်အဖြစ် စိတ်ခံစားချက် အမူအယာ ပေါ်လာခြင်းပင်။

ခဏမျှ တန့်ပြီးနောက် ခရမ်းရောင်ဝတ်ကျင့်ကြံသူက အသံလာရာဆီသို့ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။

မသိလိုက်မသိဘာသာနှင့်ပင် နောက်ထပ် ဘုန်းကြီးတစ်ပါးက ခြံဝန်းထဲသို့ ဝင်လာခဲ့လေသည်။

မီးခိုးရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး သူက ကြော့ရှင်းရည်မွန်သော သွင်ပြင်နှင့် တည်ငြိမ်သော အမူအယာ ရှိလေသည်။ သူ့မျက်လုံးများက ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်ဝပြီး လောကကို ဖောက်ထွင်းမြင်နေရသလို ကြည်လင်တောက်ပနေ၏။

မီးခိုးရောင်သင်္ကန်းဝတ်ဘုန်းကြီးကို တွေ့လိုက်ရချိန်တွင် ခရမ်းရောင်ဝတ်ကျင့်ကြံသူက မျက်မှောင်ထပ်ကြုတ်လိုက်၏။

သူ့မျက်လုံးကို မှေးကြည့်လိုက်၏။

မီးခိုးရောင်ဝတ်ဘုန်းကြီးကလည်း သူ့ကို ပြန်ကြည့်လိုက်၏။

သူတို့၏ အကြည့်က လေထဲမှာ ဆုံသွားကြလေသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး ကျီစယ်လိုသော အကြည့်က သူ့မျက်လုံးထဲမှာ ပေါ်လာ၏။

မပြောင်းမလဲသော အမူအယာနှင့်ပင် မီးခိုးရောင်ဝတ်ဘုန်းကြီးက မင်းကျန်ဆီသို့ လျှောက်သွားပြီး ကူညီထူမပေးကာ သူ့ကိုယ်ပေါ်ရှိ ဖုန်များကို ပုတ်ခါပေးလိုက်၏။

မင်းကျန်က သူ့နှုတ်ခမ်းထောင့်က သွေးစများကို သုတ်ပြီး တိုးတိုး ပြောလိုက်၏။

“ဂျူနီယာညီလေး ဂရုစိုက်.. ဒီသားရဲက တော်တော်လေး သန်မာတယ်”

မီးခိုးရောင်ဝတ်ဘုန်းကြီးက နောက်ဖေးခြံဝန်းထဲကနေ ပြန်ရောက်လာသော ဆူဇီမိုဖြစ်၏။

သူသည် ခြံဝန်းထဲသို့ ဝင်ဝင်ချင်း ခရမ်းရောင်ဝတ်ကျင့်ကြံသူကို မြင်လေသည်။

ဒီနေရာမှာ လူတစ်သောင်းရှိနေလျှင်တောင် ခရမ်းရောင်ဝတ်ကျင့်ကြံသူက အရင်မြင်ခံရမည့်လူ ဖြစ်လေသည်။

မည်သူမှ သူ့ကို လျစ်လျူရှုမထားနိုင်ပေ။

ဆူဇီမိုသည် ခရမ်းရောင်ဝတ်ကျင့်ကြံသူထံမှ အလွန်တရာ အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားမိနေ၏။

ဤလူကို မြင်မြင်ချင်း.. သူ့ခေါင်းမွေးများက ထောင်လာသည်ဟု ခံစားလိုက်ရ၏။

သူသည် သမာဓိကျင့်စဉ်များနှင့် ဗုဒ္ဓသုတ္တန်များကို ဆယ်နှစ်ကြာ လေ့လာကျင့်ကြံ၍ သူ့စိတ်က တည်ကြည်ခိုင်မာနေသောကြောင့်သာ ဣန္ဒြေနည်းနည်းလေးမှ မပျက်ယွင်းခြင်း ဖြစ်လေသည်။

သူတို့သည် မတိုက်ခိုက်ရသေးသော်လည်း ထိုသူက သူတွေ့ဖူးသမျှ ရွှေအမြုတေများထဲမှာ အသန်မာဆုံးဆိုတာ သူပြောနိုင်လေသည်။

ဤလူက လွန်ခဲ့သည့်ဆယ်နှစ်က သူတိုက်ခိုက်ခဲ့ဖူးသော ရှီးဝူယာထက်ပင် များစွာပို၍ ကြောက်ဖို့ကောင်းနေ၏။

လွန်ခဲ့သည့်ဆယ်နှစ်ကသာ ဤလူနှင့် သူတွေ့ခဲ့လျှင် သူက သေချာပေါက် ရှုံးနိမ့်ရလိမ့်မည်ဖြစ်ကြောင်း ခံစားမိလေသည်။

သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်သုံးပြီး သားရဲသွင်ပြင်သို့ ပြောင်းထားလျှင်တောင် သူက ဤလူကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် ဆူဇီမိုကို တစ်ချက်သာ လှမ်းကြည့်ပြီးနောက် ခေါင်းကို ပြန်ငုံ့သွားပြီး ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ဆက်လက်ဖတ်ရှုနေ၏။

ထိုအကြည့်တစ်ချက်က သတိပေးထားခြင်းပင်။

သူ့ဘေးရှိ တုတ်ခိုင်သောလူက ပုခုံးတွန့်လိုက်၏။

သူ့ရှေ့ရှိ မီးခိုးရောင်ဝတ်ဘုန်းကြီး၏ အသံမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုး ပါဝင်နေသည်ဟု ထင်ရပြီး အဲ့ဒါက သူ့ရင်ထဲရှိ အမုန်းတရားများကို ဖယ်ရှားပေးလိုက်သလိုပင်။

တုတ်ခိုင်သောလူသည် ခဏနေပြီးနောက် သတိပြန်ဝင်လာပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်၏။

“ဘုန်းကြီး.. မင်းက ငါ့ကိစ္စမှာ ဝင်ရှုပ်ချင်တယ်လား”

တုတ်ခိုင်သောလူက ဆူဇီမိုကို ပြင်းထန်စွာ စိုက်ကြည့်ပြီး သူ့လည်ပင်းကြွက်သားများကို တဖျောက်ဖျောက်မြည်အောင် အကြောဆန့်လိုက်၏။

ဆူဇီမိုက သူ့ကို ကြည့်တောင်မကြည့်ပေ။

သူ့အကြည့်က ခရမ်းရောင်ဝတ်ကျင့်ကြံသူအပေါ်တွင်သာ ရှိနေပြီး ပြုံးစစနှင့် မေးလိုက်၏။

“ဒကာ.. သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်က အခြားသူတွေကို ထိခိုက်အောင်လုပ်ပြီး ဒီနေရာမှာ လာသောင်းကျန်းနေတယ်.. သင် သူ့ကို ကောင်းကောင်း သွန်သင်မထားဘူးလား”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက မော့မကြည့်ဘဲ သူ့လက်ထဲရှိ သုတ္တန်ကိုသာ ဆက်လက်ဖတ်ရှုနေ၏။

“ဟဟ ဟားဟား”

တုတ်ခိုင်သောလူက ဟားတိုက်ရယ်ချလိုက်၏။

“လေကျယ်ဘုန်းကြီး.. မင်းက ငါ့သခင်ကို ရန်သွားစနေတာလား.. ဘယ်အရာက မင်းအတွက် ကောင်းတယ်၊ မကောင်းတယ်ဆိုတာကို တစ်ကယ် မသိဘူးပဲ”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက အရေးမလုပ်သလို နေသည်ကို တွေ့သောအခါ ဆူဇီမို၏ အပြုံးက ရပ်တန့်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ဒကာ သင်က ဆိတ်ဆိတ် နေနေမှတော့.. ကျုပ် စိတ်မကောင်းပါဘူး...”

ချက်ချင်းပင် ဘုရားကျောင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။

လေထုကတောင် ရပ်တန့်သွားသလိုပင်။

“မင်း ကိုယ်စား ငါ ဆုံးမ ပေးမယ်”

‘မင်း’ဟူသော ပထမစကားလုံးကို ပြောချိန်တွင် ဆူဇီမိုသည် နေရာကနေ ပျောက်ကွယ်သွားပြီဖြစ်၏။

‘ကိုယ်စား’ဟူသော ဒုတိယစကားလုံးကို ပြောချိန်တွင် ဆူဇီမိုသည် တုတ်ခိုင်သော လူရှေ့သို့ ရောက်သွားပြီး မြေကြီးကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်သောကြောင့် နေရာတစ်ခုလုံးက တုန်ခါသွား၏။

တိုက်ရိုက်ရင်ဆိုင်နေရသော တုတ်ခိုင်သောလူကို မပြောနှင့်.. မင်းကျန်ပင်လျှင် သူ့ခြေထောက်များက ခွေယိုင်ပြီး အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားရ၏။

မြေခွေးလေးက ပိုဆိုးပြီး သူမ၏ ခန္ဓာကိုယ်က မြေကြီးပေါ်ကနေ လွတ်ထွက်အောင် ကြွတက်သွား၏။

တုတ်ခိုင်သောလူ၏ အမူအယာက ပြောင်းလဲသွားချေပြီ။

ဤလူက အရမ်းကို ကြမ်းကြုတ်လွန်း၏။

စောစောက သူရင်ဆိုင်နေရသည်မှာ တည်ငြိမ်စွာနှင့် ပြုံးနေသောဘုန်းကြီးဖြစ်၏။ နောက်ခဏ၌ သူက အခြားသူများကို အစိမ်းလိုက် ဝါးမျိုချင်သော ရှေးဟောင်းသားရဲတစ်ကောင်လို ဖြစ်လာ၏။

စီးပိုးခြယ်လှယ်သောအော်ရာက သူ့ကို လွှမ်းခြုံလာ၏။

တုတ်ခိုင်သောလူသည် သူ့ရင်အုပ်က တောင့်ခဲသွားသည်ဟု ခံစားရပြီး အသက်တောင် မရှူနိုင် ဖြစ်လာ၏။

ဘုန်းကြီးက သူ့ထက် အရပ်ပုသော်လည်း သူ့ကို နင်းခြေနိုင်သော အော်ရာကို ပိုင်ဆိုင်ထားပုံရ၏။

တတိယ စကားလုံး ‘ငါ’…

ဆူဇီမိုက သူ့လက်ကို မြှောက်လိုက်၏။ သက်ရှိအားလုံးကို ဖိနှိမ်နိုင်သော ကြောက်စရာအော်ရာနှင့် လက်ဝါးကြီးက ဆင်းသက်လာ၏။

အဲ့ဒီမှာ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ မပါရှိသော်လည်း ထိုလက်က သားရဲနှိမ်နင်းချိတ်စည်းကို ဖြစ်ပေါ်လာစေလေသည်။

အဲ့ဒါက သားရဲတောကောင်များအတွက် တန်ပြန်ဝိပါက် ဖြစ်လေသည်။

“အား”

တုတ်ခိုင်သောလူက ဒေါသတကြီး ဟိန်းဟော်လိုက်၍ သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီများက ရုန်းကြွလာ၏။ သူ၏ တောင့်တင်းခိုင်မာသော လက်နှစ်ဖက်ကို ထပ်၍ ပင့်မြှောက်ခုခံလိုက်၏။

ဘုန်း..

ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာ၏။

သူတို့နှစ်ယောက်ကြား အော်ရာက ကသောင်းကနင်း ဖြစ်သွားလေသည်။

သူတို့နှစ်ယောက်၏ လက်များ ထိတွေ့စဉ်.. ဗလတောင့်တောင့်လူ၏ အမူအယာက ရှုံ့မဲ့သွားပြီး သူ့လက်နှစ်ဖက်က ကျိုးကြေတော့မည့်အလား နာကျင်ခံစားလိုက်ရ၏။

ဆူဇီမိုက လက်တစ်ဖက်ကိုသာ သုံးထားသော်လည်း ကမ္ဘာဖျက်စွမ်းအားက သူ့ကိုယ်ထဲသို့ တလိပ်လိပ်စီးဝင်လာသည်ဟု သူခံစားလိုက်ရ၏။ အဲ့ဒါက ရပ်တန့်လို့ မရနိုင်ပေ။

‘ဆုံးမ’

ထိုအခိုက်တွင် ဆူဇီမိုက စတုတ္ထမြောက်စကားလုံးကို ပြောလိုက်၏။

တုတ်ခိုင်သောလူက သူ့အတွင်းအမြုတေကို အရူးအမူး လှည့်ပတ်၍ သူ့သားရဲချီများကို ပေါက်ကွဲထွက်ပေါ်လာစေ၏။ သူ့အရွတ်များနှင့် အရိုးများမှ အသံဗလံများ ထွက်ပေါ်လာပြီး သူ့သားမွေးနှင့် အသားများက လျှင်မြန်စွာ ပြန့်ကားလာ၏။ သူ့ခန္ဓာကိုယ်က လျှင်မြန်စွာ အသွင်ပြောင်းသွားပြီး ကြောက်စရာကောင်းသည့် အမူအယာကို ထုတ်ပြလာ၏။

ဆူဇီမိုပေးသည့် ဖိအားဒဏ်ကို ခံနိုင်ရည် မရှိတော့သည့်အတွက် တုတ်ခိုင်သောလူက သူ၏ အစစ်အမှန်ပုံစံကို ချက်ချင်အသွင်ပြောင်းလိုက်၏။

သူ၏ အစစ်အမှန်ပုံစံမှာ သူ့ခွန်အားက အနည်းဆုံး ၃၀% တိုးလာပေလိမ့်မည်။

“အဲ့ဒါ ထောင်ဝူပဲ”

တုတ်ခိုင်သောလူ၏ အစစ်အမှန်ပုံစံကို မြင်ရသောအခါ မင်းကျန်သည် အံ့အားတသင့် ရေရွတ်လိုက်၏။

ထောင်ဝူက ကမ္ဘာဦးကြမ်းကြုတ်တောကောင်များထဲမှ တစ်ကောင်ဖြစ်၏။

သားရဲတောကောင်အမျိုးအစား များစွာ ရှိပြီး များသောအားဖြင့် သူတို့၏ မျိုးဆက်သွေးက သူတို့၏ ခွန်အားကို အဆုံးအဖြတ် ပေးလေသည်။

သူတို့ထဲမှာမှ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များက အသန်မာဆုံး ဖြစ်ကြ၏။

သို့သော်လည်း မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များထဲမှာတောင် ပိုသန်မာတာနှင့် ပိုအားနည်းတာ ရှိသေး၏။

ထောင်ဝူသည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များထဲတွင်မှ သိပ်သည်းပြင်းထန်သည့် ခွန်အားနှင့် ကြောက်စရာအကောင်းဆုံးနှင့် အသန်မာဆုံး ဖြစ်၏။ ကမ္ဘာဦးခေတ်တုန်းက သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တစ်စိတ်တစ်ဒေသကို အုပ်စိုးမင်းမူခဲ့ကြသေးလေသည်။

ပုံမှန်အားဖြင့်ဆို ထောင်ဝူ၏ အစစ်အမှန်သွင်ပြင်က အနည်းဆုံး ပေတစ်ရာ မြင့်လေသည်။

သို့သော် ယခုအခါ ဆူဇီမို၏ အုပ်မိုးထားသော လက်ဝါး၏ အောက်တွင်.. ထောင်ဝူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဖိနှိမ်ခံထားရပြီး ဆယ်ပေထက် ပိုတိုးမလာနိုင်တော့ပေ။

နောက်ဆုံးမှာတော့ ထောင်ဝူသည် ကြောက်လန့်တကြား ဖြစ်လာ၏။

သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က ကြီးမားလွန်းတာကို သူနားလည်လာ၏။

သူ၏ အစစ်အမှန်သွင်ပြင်နှင့် ဆိုလျှင်တောင် သူက သူ့ရှေ့က ဤဘုန်းကြီးကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

‘ပေးမယ်’

ဆူဇီမို၏ နောက်ဆုံးစကားသံက ထွက်ပေါ်လာ၏။

ဝုန်း..

ကြောက်စရာကောင်းသည့်ခွန်အား၏ ဖိနှိမ်မှုအောက်တွင် ထောင်ဝူ၏ လက်နှစ်ဖက်က အမှန်တစ်ကယ် ကျိုးသွားလေပြီ။

ဆူဇီမို၏ လက်ဝါးက ထောင်ဝူ၏ ဦးခေါင်းပေါ်သို့ ဆက်လက်ဆင်းသက်လာပြီး ပြင်းထန်စွာ ဖိချလိုက်၏။

ဘုန်း..

ထောင်ဝူ၏ ဦးခေါင်းက မြေကြီးပေါ်သို့ အရှိန်အဟုန် ပြင်းထန်စွာ ပစ်ချသွား၏။

ချက်ချင်းပင် မြေပြင်ပေါ်တွင် ကြီးမားသည့် တွင်းကြီးက ပေါ်လာပြီး လတ်ဆတ်သော သွေးများက အဘက်ဘက်သို့ ပြန့်ကျဲစင်ထွက်သွား၏။

ထောင်ဝူ၏ မျက်နှာက အသားစများ၊ သွေးများဖြင့် ညစ်ပေရေကာ စုတ်ပြတ်သွားလေသည်။

“မင်း ကိုယ်စား ငါ ဆုံးမပေးမယ်”

ဖြစ်စဉ်က ကြာသည်ထင်ရသော်လည်း.. တစ်ကယ်တော့ အဲ့ဒါက ဆူဇီမိုထံမှ စကားတစ်ခွန်းစာသာ ကြာလေသည်။

ဆူဇီမို၏ နောက်ဆုံးစကားပြောပြီးချိန်မှာ ထောင်ဝူက သတိလစ်သွားလေပြီ။

၁၀ နှစ်ကြာ ကြိုးစားအားထုတ်မှု..

ဆူဇီမိုသည် ဗုဒ္ဓလမ်းစဉ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ လေ့လာကျင့်ကြံခဲ့ပြီးနောက် သူ၏ စိတ်ပိုင်းဆိုင်ရာက သိသိသာသာ များစွာပို၍ တည်ကြည်အားကောင်းလာ၏။

ထို့ကြောင့်ပင် ထောင်ဝူက မြေခွေးလေးကို အနိုင်ကျင့်ပြီး မင်းကျန်ကို ဒဏ်ရာရစေတာကို မြင်ပြီးတာတောင် ဆူဇီမိုက တန်းပြီး မတိုက်ခိုက်သေးခြင်း ဖြစ်လေသည်။

သို့သော်လည်း ဘာပဲပြောပြော သူက ဆူဇီမိုသာ ဖြစ်၏။

သတ်ဖြတ်ရာမှာ ပြတ်သား၏။

သူက တိုက်ခိုက်မှုကို စတင်သည်နှင့် နည်းနည်းလေးမှ တွေဝေထိန်ချန်နေမှာ မဟုတ်ပေ။

သူသည် ခုခံလို့ မရနိုင်သော မိုးကြိုးလိုစွမ်းပကားဖြင့် တစ်ဖက်လူကို ဖိနှိမ်မည်ဖြစ်၏။

သူက အလွန်တရာ ထက်ရှသော ပြိုင်ဘက်ကင်းဆေဘာ တစ်လက်ပင်။

သူစတင် လှုပ်ရှားပြီဆိုတာနှင့် မိုးကောင်းကင်တောင် စုတ်ပြဲကာ ပေါက်ထွက်သွားပေလိမ့်မည်။

All Chapters