← Chapters

သီယင်း

Vol. 41 Ch. 612

သီယင်း

Vol. 41 Ch. 612

“အောမီသောဖော”

ခန်းမတံခါးက ပွင့်သွားပြီး အထဲကနေ ဘုန်းကြီးအိုက ထွက်လာကာ ညင်သာစွာ ပြောလိုက်၏။

“မင်းကျန်.. သူတို့က အဝေးကလာတဲ့ ဧည့်သည်တွေလေ.. မင်းရဲ့ အမြုတေနယ်မြေကို ရုတ်သိမ်းလိုက်”

မင်းကျန်က ခေါင်းညိတ်၏။

ဆူဇီမို၏ မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုကလည်း လျော့ကျသွား၏။

ဆရာတော်က ကိုယ်ထင်ပြလာမှတော့ သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်တော့မှာ မဟုတ်ပေ။

ဘုန်းကြီးအိုက ခရမ်းရောင်ဝတ်ကျင့်ကြံသူဘက်သို့ လှည့်လိုက်၏။

“ဒကာ.. မင်းက ဧည့်သည်ဆိုပေမယ့်လဲ နေတတ်ဖို့တော့ လိုလိမ့်မယ်.. ဒီနေရာမှာ မင်းကြိုက်တဲ့ သုတ္တန်ကို လွတ်လွတ်လပ်လပ် ဖတ်လို့ရတယ်.. အေး ဒါပေမယ့် တိုက်ခိုက်ဖို့ စိုင်းပြင်းနေမယ်ဆိုရင်တော့ မင်းကို ငါပြန်ပို့ပေးရလိမ့်မယ်”

ဆရာတော်က ခရမ်းရောင်ဝတ်ကျင့်ကြံသူကို ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ဖို့ သတိပေးလိုက်ခြင်း ဖြစ်၏။

ဆရာတော်၏ စီနီယာကျမှုအရ သူက ခရမ်းရောင်ဝတ်ကျင့်ကြံသူအပေါ် လက်ပါ၍ ဆုံးမလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ခရမ်းရောင်ဝတ်ကျင့်ကြံသူက လွန်ကဲလာလျှင်တော့ ဆရာတော်က သူ့ကို တောင်ကြားအပြင်ဘက်သို့ ပြန်ပို့ပေးလိုက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပေ။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက လှောင်ရယ်လိုက်၏။

“ကိုယ်တော်.. ကိုယ်တော့်ရဲ့ တပည့်နှစ်ယောက်ကို ကာကွယ်ပေးချင်တာတော့ ဟုတ်ပါတယ်.. ဒါပေမယ့် ကျုပ်မေးပါရစေ.. ကိုယ်တော် သူတို့ကို သူတို့ဘဝတစ်လျှောက်လုံး ကာကွယ်ပေးနိုင်မှာမို့လား”

“ဒီလူက ကျုပ်စိတ်ဝိညာဉ်တောကောင်ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက မလှမ်းမကမ်းရှိ ဆူဇီမိုကို လက်ညိုးထိုးကာ အေးစက်စက် အမူအယာနှင့် ပြောလိုက်၏။

“ကိုယ်တော် သူ့ကို ဒီနေ့ ကာကွယ်ပေးလို့ရတယ်.. ဒါပေမယ့် သူ့ကို တောင်ကြားထဲမှာ သေချာ ဝှက်ထားဖို့ ကျုပ် အကြံပေးလိုက်မယ်.. သူ့တစ်ဘဝလုံး နဂါးသင်္ချိုင်းတောင်ကြားထဲကနေ ထွက်မလာခဲ့ရင် အကောင်းဆုံးပဲ”

“ကျုပ် သူ့ကို အပြင်မှာ တွေ့တဲ့နေ့.. သူ့ခေါင်းကို ဖြတ်ပစ်ရလိမ့်မယ်”

ဘုန်းကြီးအိုက ဘာမှ ထပ်မပြောပေ။

မင်းကျန်က မနေနိုင်ဘဲ ချေပလိုက်၏။

“အရင်ဆုံး ရန်စပြီး မြေခွေးလေးကို အနိုင်ကျင့်ခေါ်သွားဖို့ လုပ်တာက မင်းရဲ့ စိတ်ဝိညာဉ်တောကောင်လေ.. မင်းတို့က မှားလဲမှားသေးတယ် ဖြောင့်မတ်မှန်ကန်သလို ဘာလို့ ဟန်ဆောင်နေရတာလဲ.. မင်းက အကျိုးသင့်အကြောင်းသင့် မစဉ်းစားတတ်ဘူးလား”

“အကျိုးသင့်အကြောင်းသင့်နဲ့ ပတ်သတ်ပြီး မင်းက ပြောချင်တယ်ပေါ့လေ”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက လှောင်ရယ်လိုက်၏။

“ဘုန်းကြီးလေး.. မင်းက တစ်ကယ် စိတ်ဝင်စားဖို့ ကောင်းလောက်အောင်ကို နုံအတာပဲ.. ဒါက အသန်မာဆုံးသူတွေပဲ ရှင်သန်နိုင်တဲ့ ကမ္ဘာပဲ.. မင်းက လုံလောက်အောင် မသန်မာရင် မင်း အသတ်ခံရမှာပဲ.. အဲ့ဒါက အရိုးရှင်းဆုံး အကျိုးသင့်အကြောင်းသင့်ပဲ”

မင်းကျန်သည် ထိုစကားများကို နားမလည်သော်လည်း ဆူဇီမိုက နားလည်၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ ပြောသလိုပင် အဲ့ဒါက တစ်ကယ့်ကို ရက်စက်ကြမ်းတမ်းသည့် ကျင့်ကြံရေးလောကဖြစ်၏။

မင်းကျန်၏ လက်ရှိအခြေအနေနှင့် စွမ်းရည်အရ.. သူက နဂါးသင်္ချိုင်းတောင်ကြား အပြင်ရောက်လျှင် သိပ်ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

“အို ဟုတ်တာပေါ့”

ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား ခရမ်းရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုကို ပြုံးစစနှင့် ကြည့်လိုက်၏။

“နောက် ၁၀ နှစ်ကြာရင် ဥပစာရှေးဟောင်းတိုက်ပွဲမြေက ဖွင့်တော့မှာပဲ.. အဲ့ကို ဝင်မလာခဲ့နဲ့.. မဟုတ်ရင်တော့... မင်းအဲ့ထဲမှာ သေရလိမ့်မယ်”

ဆူဇီမို၏ အမူအယာက ထူးမခြားနား ရှိနေ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ ခြိမ်းခြောက်မှုကို နည်းနည်းလေးမှ သူဂရုမစိုက်ပေ။

ယခုလက်ရှိမှာ သူသည် သားရဲသွင်ပြင်ကို ပြောင်းလျှင်တောင် ခရမ်းရောင်ဝတ်ကျင့်ကြံသူကို ဖိနှိမ်နိုင်ဖို့ ယုံကြည်ချက် မရှိပေ။

သို့သော်လည်း နောက်ဆယ်နှစ် ကြာပြီးလျှင် သူက ယခုထက် များစွာပို၍ ကြောက်စရာကောင်းလာမည်ဖြစ်ကြောင်း သူ့ကိုယ်သူ အခိုင်အမာ ယုံကြည်လေသည်။

ထိုအချိန်ကျလျှင် နဂါးသင်္ချိုင်းတောင်ကြားကနေ သူထွက်လာသည်နှင့် သူ့ကို မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သူ့ရှေ့က ဒီခရမ်းရောင်ဝတ်ကျင့်ကြံသူတောင် သူ့ကို တားလို့ မရနိုင်စေရဘူး..

ခရမ်းရောင်ဝတ်ကျင့်ကြံသူနှင့် ဆူဇီမိုတို့ကြားမှာ မကျေနပ်ချက်များ ရှိနေကြသေးသော်လည်း ဘုန်းကြီးအို၏ ပေါ်ထွက်လာမှုကြောင့် သူတို့က ဆက်လက်ပြီး ခိုက်ရန်ဖြစ်ပွားခြင်း မရှိကြတော့ပေ။

ခရမ်းရောင်ဝတ်ကျင့်ကြံသူမှာ ဆေးလုံးများစွာ ပါလာခဲ့၏။

နှစ်ရက်ကြာပြီးနောက် သူသည် ထောင်ဝူကို သေအံ့ဆဲဆဲ အခြေအနေကနေ ပြန်ဆွဲခေါ်လာနိုင်ခဲ့၏။

ထောင်ဝူ ပြန်နိုးလာပြီးနောက် ဆူဇီမိုအပေါ် သူ၏ အမြင်က ပြောင်းလဲသွားခဲ့၏။ သူ့မျက်လုံးများထဲမှာ စိုးရိမ်ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပေ။

နောက်တစ်လအတွင်း..

ခရမ်းရောင်ဝတ်ကျင့်ကြံသူက မပြန်သေးပေ။

သူသည် နေ့နေ့ညည ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကိုသာ လေ့လာဖတ်ရှုနေခဲ့၏။

တစ်လကြာပြီးနောက် သူသည် ထလာပြီး ထောင်ဝူကို ခေါ်ကာ ဘုရားကျောင်းအိုကနေ ထွက်ခွာသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ဆရာတော်က ဆူဇီမိုထံသို့ ချဉ်းကပ်လာ၏။

သူက တည့်တည့်ပင် မေးလိုက်၏။

“နောက်ဆယ်နှစ်နေပြီးရင် ရှေးဟောင်းတိုက်ပွဲမြေထဲကို မင်းဝင်ချင်လား”

“ဟုတ်ကဲ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူသည် သူ့အစ်ကို ဆူဟုန်ကို ခေါ်ပြီး မြောက်ပိုင်းဒေသကနေ ထွက်ခွာချင်မိလေသည်။

ဆရာတော်က ဆက်ပြော၏။

“ဟုတ်ပြီ.. နောက်ဆယ်နှစ်ကြာရင် တည်နေရာရွှေ့ပြောင်း အမှတ်တစ်ခုကို ငါကိုယ်တိုင်ဖွင့်ပြီး မင်းနဲ့ မင်းကျန်ကို ရှေးဟောင်းတိုက်ပွဲမြေဆီ ငါပို့ပေးမယ်”

အခြေခံရှေးဟောင်းတိုက်ပွဲမြေဆီသို့ တည်နေရာရွှေ့ပြောင်းအမှတ်တစ်ခုကို ဖွင့်ဖို့အတွက် မူလနတ္ထိပညာရှင်ငါးယောက်၏ ပူးပေါင်းခွန်အားကို လိုအပ်လေသည်။

ဥပစာရှေးဟောင်းတိုက်ပွဲမြေ၏ တည်ဆောက်မှုပုံသဏ္ဌာန်က ပို၍ တည်ငြိမ်ခိုင်မာ၏။

ထိုနေရာသို့ ဆက်သွယ်မှတ်တစ်ခုတစ်ခု ဖွင့်ဖို့က ပို၍ ကြီးမားသည့် ခွန်အားကို လိုအပ်ပြီး အနည်းဆုံး ဓမ္မဝိသေသအဆင့်တစ်ယောက်ရှိမှ ရပေမည်။

“စီနီယာအစ်ကို မင်းကျန်က...”

ဆူဇီမိုကို မျက်မှောင်ကြုတ်ပြီး ပြောဖို့ တွန့်ဆုတ်နေ၏။

မင်းကျန်က အားမနည်းသော်လည်း တိုက်ခိုက်ခြင်းနည်းစနစ်များမှာ သူ့အတွေ့အကြုံက အတော်လေး နုသေး၏။

ရှေးဟောင်းတိုက်ပွဲမြေမှာက သွေးဆာရက်စက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေပြီး အဲ့ဒါက ကျင့်ကြံရေးလောကထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်သေး၏။

မင်းကျန်သာ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လျှင် သူက သေရဖို့ များလေသည်။

ဆူဇီမို စိုးရိမ်ပူပန်နေတာကို ဆရာတော်က ပြောနိုင်လေသည်။

“အဲ့ဒါကြောင့်လဲ ငါက မင်းကို သူ့ကို ကူညီစေချင်တယ်.. အချိန်က နောက်ဆယ်နှစ်ကျန်သေးတယ်.. သူ့ကို တိုးတက်လာအောင်လို့ တတ်နိုင်သမျှ မြန်မယ့် နည်းလမ်းတစ်ခု စဉ်းစားပေးဦး”

တျဲယွဲ့က သူ့ကို ကန်းလန်ရိုးမမှာ ပစ်ထားခဲ့ပုံကို ဆူဇီမို ပြန်လည် အမှတ်ရသွားပြီး ပြုံးလိုက်၏။

“လွယ်ပါတယ်”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်တို့ သူ့ကို မဟာချွမ်နန်းတော်ထဲ ပို့ပြီး သူ့ရွှေအမြုတေနယ်မြေကို မသုံးရစေဘဲနဲ့ တမလွန်စစ်သားတွေနဲ့ တိုက်ခိုက်ခိုင်းရမယ်”

သေခြင်းရှင်ခြင်း အတွေ့အကြုံကနေ စစ်မှန်တဲ့ တိုးတက်မှုကို ရရှိပေလိမ့်မည်။

သူတို့နှစ်ယောက်သည် နောက်ထပ် စကားအနည်းငယ် ပြောဆိုကြပြီးနောက် ဆရာတော်က ညွှန်ကြားလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ မင်း ခရမ်းရောင်ဝတ်ကျင့်ကြံသူနဲ့တွေ့ရင် သေချာ သတိထားရမယ်.. သူ့ကို ရှောင်နိုင်ရင် အကောင်းဆုံးပဲ”

ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“သူက ဘယ်သူမို့လို့လဲ”

“သူက ကစင်ကလျားအမြုတေဂိုဏ်းက နံပါတ်တစ်ပြိုင်စံရှားပဲ.. အဆင့်တူချင်းမှာ မရှုံးဖူးဘူး”

ဆရာတော်က ဆက်ပြော၏။

“ပြောကြတာတော့ သူက အသက်သုံးဆယ်ကျော်မှာထဲက ရွှေအမြုအဆင့်မှာ ပြိုင်စံရှားနေပြီတဲ့.. မတော်တဆ ဘာမှ မဖြစ်ဘူးဆိုရင် သူက မူလနတ္ထိအဆင့်ကို ရောက်တာနဲ့ မည်ကာမတ္တတပည့်တစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်”

“သူ့နာမည်က ဘယ်သူတဲ့လဲ” ဆူဇီမိုက ထပ်မေးလိုက်၏။

“သီယင်း” ဆရာတော်က ပြန်ဖြေပေး၏။

“ဟမ့်”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ထူးဆန်းသည့် ထိုနာမည်ကို သည့်အရင်ကတည်းက သူကြားဖူးသလိုပင်။

ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမို၏ မျက်လုံးက ဖျတ်ကနဲ လက်သွားပြီး တစ်လုံးချင်း ပြောလိုက်၏။

“ကစင်ကလျားသမုဒ္ဒရာကို ကျင့်ကြံခဲ့တဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ်ပကတိသက်ရှိ... သီယင်း”

“ဟုတ်တယ်”

ဆရာတော်က ခေါင်းညိတ်၏။

“လွန်ခဲ့တဲ့ နှစ်တစ်ရာက.. အဲ့ကောင်လေးက ကစင်ကလျားသမုဒ္ဒရာကို အမှီပြုပြီး ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ရန်သူတွေ အကုန်လုံးကို နှိမ်နင်းရင်းနဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကို ရောက်လာခဲ့တယ်”

အံ့ဩစရာ မရှိတော့ပေ။

ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဤလူက အနီးကပ်တိုက်ခိုက်ရည်မှာ သူနှင့်ယှဉ်ပြီး အဲ့လောက်အတိုင်းအတာထိ တိုက်ခိုက်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။

ဘာကြောင့်ဆိုသော် သူက လူသားဧကရာဇ်၏ အမွေအနှစ် ရွှေအမြုတေနယ်မြေဖြစ်သော ကစင်ကလျားသမုဒ္ဒရာကို ကျင့်ကြံနိုင်ခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ပကတိသက်ရှိ ဖြစ်နေသောကြောင့်ပင်။

ဆူဇီမိုသည် သိချင်စိတ်ဖြင့် ထပ်မေးလိုက်၏။

“သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က နံပါတ်တစ် ဖြစ်ခဲ့ပြီးပြီပဲကို.. နောက်လာမယ့် ဆယ်နှစ်မှာ ရှေးဟောင်းတိုက်ပွဲမြေထဲကို ဘာလို့ ထပ်ပြီး ဝင်ချင်နေသေးရတာလဲ”

ခန့်မှန်းခြေအားဖြင့် သီယင်း၏ အသက်က ၁၃၀နှစ် ပတ်ချာလည်လောက် ရှိပေမည်။

ဘုန်းကြီးအိုက ရှင်းပြ၏။

“ရွှေအမြုတေတွေရဲ့ သက်တမ်းက နှစ် ၅၀၀လေ.. သူ့အသက် တစ်ရာကျော်ဆိုတာ လူငယ်လို့ ပြောလို့ ရသေးတယ်.. သူ့ဘဝသက်တမ်းက ခွင့်ပြုထားတာထက် မကျော်သေးသရွေ့ ရှေးဟောင်းတိုက်ပွဲမြေကို ဝင်လို့ ရတာပဲ”

“ဘာပဲပြောပြော.. အဲ့ထဲမှာက ရှေးဟောင်းခေတ်က ချန်ထားရစ်ခဲ့တဲ့ ရတနာတွေ၊ အခွင့်အလမ်းတွေ အများကြီး ရှိတာကိုး”

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်၏။

“သူက လွန်ခဲ့တဲ့ နှစ်တစ်ရာထဲက အမြုတေအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် ဖြစ်နေပြီးသားလေ.. သူက ဘာလို့ ရွှေအမြုတေအဆင့်မှာ ဆက်ရှိနေသေးတာလဲ”

“အဲ့ဒါက အဲ့ကောင်လေးရဲ့ ကြောက်စရာကောင်းတဲ့ သတ်မှတ်ချက်ကြောင့်ပေါ့”

ဘုန်းကြီးအိုက ပြောလိုက်၏။

“အဆင့်ချိုးဖျက်တက်လှမ်းတာက ကိစ္စ မရှိဘူး.. ဒါပေမယ့် လူတစ်ယောက်က အဆင့်မတက်ခင် သူတို့ရဲ့ လက်ရှိအဆင့်ကို ခိုင်မာသထက်ခိုင်မာလာအောင် ကျင့်ကြံမယ်ဆိုရင် သူတို့၏ အခြေခံအုတ်မြစ်က တောင့်တင်းခိုင်မာကျစ်လစ်လာပြီးတော့ လောကနဲ့ တစ်သားတည်းကျတဲ့ အစစ်အမှန်ဘုံအဆင့်ကို ရောက်လာလိမ့်မယ်”

“သူက လွန်ခဲ့တဲ့ နှစ်တစ်ရာထဲက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ်ပကတိသက်ရှိ ဖြစ်နေခဲ့ပြီးပြီ.. အခုဆို ဘယ်သူ့မှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးလို့ ငါထင်တယ်.. မင်း သူနဲ့ တွေ့လာခဲ့ရင် တော်တော်လေး ဂရုစိုက်ဖို့ လိုလိမ့်မယ်”

All Chapters