ခေါင်းကိုက်စရာ
Vol. 41 Ch. 613
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေက အပြင်လောကနှင့် ပိုင်းခြားထား၏။
မနက်ခင်းတိုင်းမှာ ဦးပဉ္ဇင်းလေးတစ်ပါးသည် နေထွက်လာတာကို ငေးကြည့်နေတတ်၏။
ညနေဆည်းဆာချိန်ဆိုလျှင်လည်း သူက နေဝင်တာကို ငေးကြည့်နေတတ်၏။
နေ့ရက်တိုင်းမှာ မပျက်မကွက် တူညီစွာ ပြုမူနေခဲ့၏။
ဦးပဉ္ဇင်းလေး၏ မျက်လုံးများက တောက်ပသည်ထက် တောက်ပလာခဲ့လေသည်။
တစ်ကယ်တော့ သူ၏ နေ့အချိန်အများစုမှာ ထိုဦးပဉ္ဇင်းလေးသည် ကျမ်းစာတိုက်ထဲတွင်နေ၍ သုတ္တန်များနှင့် ကျမ်းစာများကို လေ့လာဖတ်ရှုနေလေ့ရှိ၏။
သူ့ဘေးမှာ အနီရောင်မြေခွေးလေးက မလှုပ်မယှက်နှင့် တိတ်တဆိတ် ထိုင်နေလေ့ရှိ၏။
ညဘက်ရောက်လျှင်တော့ ဦးပဉ္ဇင်းလေးသည် ဘုရားကျောင်းအို၏ နောက်ဖေးခြံသို့ ရောက်သွားတတ်၏။
ချောက်ချားစရာကောင်းသော သုသာန်ထဲမှာ အရုဏ်မတက်မချင်း နဂါးသံများ၊ ကျားသံများနှင့် တောကောင်များစွာ၏ ဟိန်းဟောက်သံများက ထွက်ပေါ်နေလေ့ရှိ၏။
တစ်နေ့ပြီးတစ်နေ့.. တစ်နှစ်ပြီးတစ်နှစ်..
တစ်ခဏအတွင်း နှစ် ၂၀ က ကုန်သွားခဲ့လေပြီ။
ဦးပဉ္ဇင်းလေး၏ မျက်နှာပေါ်မှာ အချိန်ကာလက မည်သည့်ဒဏ်ချက်ကိုမှ ချန်မထားခဲ့ပေ။
သို့သော်လည်း သူ့ဒါန်ထျန်ကတော့ စိတ်ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စမှ မရှိဘဲ ဗလာကျင်းနေဆဲဖြစ်၏။
ဤနှစ်များအတွင်း ဦးပဉ္ဇင်းလေးသည် တကူးတက ကျင့်ကြံအားထုတ်မနေတော့ပေ။ ထို့အစား သူက သုတ္တန်များကို ရွတ်ဖတ်သရစ္ဈာယ်၍ နေ့စဉ်နေ့တိုင်း အေးအေးလူလူ လျှောက်သွားနေ၏။
အချိန်ကြာလာသည်နှင့်အမျှ တစ်မူထူးခြားသည့် အော်ရာတစ်မျိုးကို သူရရှိလာ၏။
အဲ့ဒါက ဖော်ပြလို့ မရပေ။
ဦးပဉ္ဇင်းလေးက သဘာဝနှင့် ပေါင်းစပ်သည့် အဆင့်ကို ရောက်ရှိသွားသည့်အလားပင်။
တစ်ချက်ကြည့်ရင်တော့ သူက အလွန်တရာ သာမန်ဆန်သည့် ဦးပဉ္ဇင်းတစ်ပါးသာ ဖြစ်၏။
သို့သော်လည်း သေချာ အနီးကပ် ကြည့်မည်ဆိုလျှင် သူ့မှာ ရှင်းပြလို့မရသည့် နက်နဲသိမ်မွေ့ဆန်းကြယ်မှုက ရှိနေတာကို တွေ့ရပေမည်။
တစ်ညတာက ကုန်ဆုံးသွား၏။
ဘုရားကျောင်းအို၏ နောက်ဖေးဘက် သုသာန်ထဲတွင်..
အရုဏ်တက်ချိန်၌ ဦးပဉ္ဇင်းက သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ပြီး သူ့အဝတ်အစားကို သေသပ်အောင် ပြုပြင်လိုက်၏။ သူက သူ့ရှေ့ မလှမ်းမကမ်းရှိ မွေးနီတစ္ဆေကို ဦးညွှတ်ပြီး ပြောလိုက်၏။
“နှစ် ၂၀ကျော် ကြာအောင် ဂရုစိုက်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ထိုဦးပဉ္ဇင်းလေးက ဆူဇီမိုပင်။
ဤနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆူဇီမိုသည် မွေးနီတစ္ဆေကို ဤကဲ့သို့ ယဉ်ကျေးပျူငှာစွာ ပြောဆိုခြင်း ဖြစ်လေသည်။
မွေးနီတစ္ဆေက တစ်ခုခုကို ခံစားမိလိုက်ပြီး မျက်ခုံးပင့်ကာ မေးလိုက်၏။
“မင်း သွားတော့မှာလား”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“အေးအေး”
မွေးနီတစ္ဆေက အာရုံထွေပြားနေသလို ပြန်ဖြေလိုက်၏။
ဆူဇီမို၏ ပုံရိပ်က နောက်ဖေးခြံထဲကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် မွေးနီတစ္ဆေ၏ အသံက ထွက်ပေါ်လာ၏။
“အပြင်ရောက်ရင် ဂရုစိုက်ဦးနော်”
ဆူဇီမိုသည် ခံစားသွားရပြီး ခေါင်းညိတ်ပြလိုက်၏။
မနက်စောစောသာ ရှိသေး၏။
မင်းကျန်က အိပ်နေတုန်းပင်။
မဟာခန်းမတံခါးက တင်းကျပ်စွာ ပိတ်ထားပြီး ဘုန်းကြီးအိုက ထွက်မလာသေးပေ။
ဆူဇီမိုသည် အပြင်ဘက်ကနေ၍ နည်းနည်းထပ်စောင့်ဖို့ စဉ်းစားထား၏။
ရုတ်တရက် သူ့နားက လှုပ်သွားပြီး မသဲမကွဲ အော်ခေါ်သံကို ကြားလိုက်ရ၏။
“မြင့်မြတ်တဲ့...”
“မြင့်မြတ်တဲ့.. ကိုယ်တော်”
ထိုအသံက ဘုရားကျောင်းအို၏ အပြင်ဘက် နဂါးသင်္ချိုင်တောင်ကြားထက်မှ လာခြင်း ဖြစ်၏။
သူ့ကို လှမ်းခေါ်နေသောသူက နတ်ဆိုးမကျိသာ..
ဘာကြောင့်ရယ်မသိ.. ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်ပျက်တော့မှာကို ခံစားမိသည့်အလား ဆူဇီမိုသည် ရင်ထဲမှာ တလျှပ်လျှပ် ဖြစ်လာ၏။
ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ဗုဒ္ဓစာပေများကို လေ့လာပြီးနောက် သူသည် ဤကဲ့သို့ ခံစားချက် အတက်အကျကို မခံစားခဲ့ရတော့ပေ။
ဆူဇီမိုသည် တံခါးကို တွန်းဖွင့်ပြီး တောင်ကြားအတိုင်း ရှေ့သို့ ကွေ့ပတ်၍ တက်သွား၏။
သိပ်မကြာမီ နတ်ဆိုးမကျိ၏ အသံက တစ်ဖန် ထွက်ပေါ်လာ၏။
“မြင့်မြတ်တဲ့ကိုယ်တော်.. ရှင် ရှိတယ်မလား.. မြန်မြန် ထွက်လာပါဦး.. ဆရာဆူက အဲ့ဒါကို ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူး”
ဆူဇီမို၏ ခြေလှမ်းများက တဖြည်းဖြည်း ရပ်တန့်သွား၏။
သူသည် ပါးစပ်အဟောင်းသားနှင့် နေရာမှာပင် ငေးကြောင်ရပ်နေမိ၏။ သူ့စိတ်အာရုံထဲမှာ စကားသံတစ်ခုက ထပ်ကာထပ်ကာ မြည်နေ၏။
‘ဆရာဆူက အဲ့ဒါကို ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူး”
“အစ်ကိုကြီး...”
ဆူဇီမိုသည် တီးတိုးရေရွတ်လိုက်၏။
သူ၏ ပထမဆုံး တုံ့ပြန်မှုက မယုံကြည်နိုင်ခြင်းပင်။
အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
နှစ် ၂၀ ကြာပြီးရင်တောင် ဆူဟုန်က အသက်ခြောက်ဆယ်ကျော်ကျော်သာ ရှိပေဦးမည်။ အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။
သို့သော်လည်း နောက်ခဏ၌.. နတ်ဆိုးမကျီက နောက်ပြောင်ကျီစယ်တတ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို လိမ်ညာပြောစရာ အကြောင်းမရှိကြောင်း ဆူဇီမို နားလည်လာ၏။
သူ့အစ်ကိုကြီးက တစ်ကယ်ပဲ အဲ့ဒါကို မကျော်ဖြတ်နိုင်တော့ဘူးပေါ့..
ပြီးခဲ့သည့် ဆယ်နှစ်ကျော်လောက်က ဆူဟုန်၏ ကျန်းမာရေးအခြေအနေက သိပ်မကောင်းကြောင်း ကျိယောင်ရွှယ် ပြောခဲ့ဖူးသေး၏။ ထို့ကြောင့်ပင် ဆူဇီမိုက ဥပစာရှေးဟောင်းတိုက်ပွဲမြေ ဖွင့်သည့်အခါ သူ့အစ်ကိုကြီးကို ခေါ်ပြီး မြောက်ပိုင်းဒေသကနေ ထွက်ဖို့ ကြံရွယ်ထားခြင်း ဖြစ်လေသည်။
အခုတော့...
နှစ် ၂၀ ကြာ ဗုဒ္ဓစာပေနှင့် တာအိုတို့ကို လေ့လာပြီးနောက် ဆူဇီမိုသည် သေခြင်းရှင်ခြင်း အပါအဝင် အရာများစွာကို လွှတ်ချနိုင်သွားပြီဟု သူ့ကိုသူ တွေးထင်ထားခဲ့၏။
ယခု ဤသတင်းကို ကြားရချိန်တွင် သူ့နှလုံးက တဆစ်ဆစ်နှင့် ကိုက်ခဲလာလေသည်။
အဲ့ဒါက အရမ်း အရမ်းကို နာကျင်ရလေသည်။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ဆူဇီမိုသည် ချောက်ကမ်းပါး၏ အေးစက်စက်နံရံကို မှီထားပြီး မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ သူ့မျက်လုံး အနက်ပိုင်းထဲတွင် ဖော်မပြတတ်သော ဝေဒနာတစ်ခုက လွင့်မျောနေ၏။
ဆူဇီမိုသည် ကိစ္စများစွာကို ပြန်လည် အမှတ်ရလာ၏။
ပြီးခဲ့သည့် နှစ်ပေါင်းများစွာ ထိုညက ယန်တိုင်းပြည်မှ အရှင်ဝူတင်း၏ စံအိမ်မှာ အလောင်းများက ပုံထပ်ပြီး သွေးများက ချောင်းစီးနေခဲ့၏။
အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်သည် ကလေးနှစ်ယောက်ကို ကာကွယ်ပြီး အစွမ်းကုန်ရှိသမျှ အားအင်ကို ဖျစ်ညှစ်ထုတ်၍ သူ၏ သတ္တိပေါ် မှီခိုကာ မြို့တော်ထဲကနေ ထွက်ပြေးလာခဲ့၏။
သူ့မျက်နှာပေါ်မှာ ဟက်တက်ကွဲ လှီးဖြတ်ရာကြီးတစ်ခုရှိပြီး သွေးများက အဆက်မပြတ် စီးကျနေသော်လည်း ထိုလူငယ်က အဲ့ဒါကို လုံးဝ ဂရုမစိုက်ပေ။
နှစ်အနည်းငယ် ထပ်ကြာပြီးနောက် သူခေါ်ယူလာခဲ့သော ကလေးနှစ်ယောက်က ကြီးပြင်းလာခဲ့၏။
သူသည် အသက်သုံးဆယ်ကျော်မှာပင် ဆံပင်တွေ အတော်များများက ဖြူနေခဲ့ပြီဖြစ်၏။
အစက ဖြောင့်မတ်သော သူ၏ ခန္ဓာကိုယ်ကလည်း သိသိသာသာ ကိုင်းညွှတ်လာခဲ့၏။
သူ၏ ခိုင်မာသော ပုခုံးဖြင့် ထိုလူက ဝန်ထုပ်ဝန်ပိုးအားလုံးကို ထမ်းပိုးကာ ကလေးငယ်နှစ်ယောက်ကို ကာကွယ်ပေးပြီး သူတို့ကို ပျော်ရွှင်အေးချမ်းဖွယ်ရာဘဝကို ရရှိစေခဲ့၏။
အဲ့ဒါသည် ပြီးခဲ့သည့် ဆယ်နှစ်ကျော်က သူသည် သူတို့ကို ဦးဆောင်၍ မြို့တော်ထဲကနေ ထွက်လာခဲ့ပုံနှင့် အတူတူပင်။
သူသည် ဘာကိုမှ မကြောက်ပေ။
အတိတ်ကာလက ထိုလူငယ်သည် သူဓါးနှင့် လောကကို အုပ်စိုးခဲ့၏။
ဆယ်နှစ်ကျော်ကြာပြီးနောက် သူ့ဓါးက အရင်လို မထက်ရှနိုင်တော့ပေ။ သူကတော့ ပို၍ ရင့်ကျက်တည်ငြိမ်လာခဲ့၏။
သူ့ထံတွင် မပြောင်းလဲသော တစ်ခုမှာ သူ၏ ပြည်သူပြည်သားများကို စိုးရိမ်ပူပန်၍ ချစ်မြတ်နိုးသော သူ၏ နှလုံးသား ဖြစ်လေသည်။
သူသည် မိသားစု သွေးကြွေးကိုဆပ်ဖို့အတွက် သူ့ညီနှင့်ညီမတို့ကိုပင် မသိစေရဘဲ အသက်နှင့်ရင်းပြီး ယန်ဘုရင်ကို သွားရောက်လုပ်ကြံခဲ့၏။
ထို့နောက် ကျန့်အန်မြို့အပြင်ဘက်မှာ ယန်တိုင်းသူပြည်သားများကို လောထန်းဝူတို့အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် သတင်းကို ကြားရသည့်အခါ သူ့ဒဏ်ရာများက သက်သာပျောက်ကင်းခြင်း မရှိသေးတာတောင် သူ၏ မဟူရာချပ်ဝတ်မြင်းစီးစစ်သည် ၅၀၀၀ကို ဦးဆောင်ကာ ရှေ့သို့ထွက်၍ မားမားမတ်မတ် ရပ်တည်ပေးခဲ့လေသည်။
အဲ့ဒီမှာ သူသည် တုန်လှုပ်စရာကောင်းသည့် သမိုင်းဝင်စကားကို ဆိုခဲ့၏။
“ဆူမိသားစုနဲ့ ယန်ဘုရင်က မိသားစုသွေးကြွေးရှိတာမှန်တယ်.. ဒါပေမယ့် မင်းက အခု ယန်တိုင်းပြည်ကို ကျူးကျော်စစ် လာဆင်နေတာ.. အပြစ်မဲ့တဲ့ ယန်တိုင်းသူပြည်သားတွေကိုလဲ သတ်လိုက်သေးတယ်.. မိသားစုသွေးကြွေးနဲ့ အမျိုးသားရေးက သွားရောလို့ မရဘူးကွ”
ဆူဇီမို၏ မြင်ကွင်းများက တဖြည်းဖြည်း မှုန်ဝါးလာ၏။
သို့သော်လည်း ပြန်စဉ်းစားတိုင်း ထိုမြင်ကွင်းများကို သူ့စိတ်အာရုံထဲမှာ ရှင်းလင်းစွာ မြင်ရလေသည်။
“ဟား”
နဂါးသင်္ချိုင်းတောင်ကြားထက်တွင် ဝမ်းနည်းစရာ သက်ပြင်းချသံက ထွက်ပေါ်လာ၏။
“လွန်ခဲ့တဲ့ နှစ် ၂၀ က.. ဖန်သားနန်းတော်က သူတို့ရဲ့ မကျေနပ်ချက်ကို ဖြေဖျောက်ဖို့အတွက် ယန်တိုင်းပြည်က မြို့ ၁၃မြို့ကို သတ်ဖြတ်ချေမှုန်းခဲ့ကြတယ်.. ဆရာဆူအတွက် အဲ့ဒီရိုက်ချက်က အရမ်းကို ပြင်းလွန်းတယ်”
“ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး.. သူက မြို့တော်ထဲမှာ ရှိနေခဲ့ပေမယ့်.. သူ့စိတ်က အမြဲတမ်း ယန်တိုင်းသူပြည်သားတွေကိုပဲ စိုးရိမ်ပူပန်နေခဲ့တာ.. သူက... တစ်ကယ်ကို ကြီးမြတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ပါပဲ”
သူ၏ စိုးရိမ်ပူပန်မှုများက သူ့ကို နာမကျန်း ဖြစ်လာစေခဲ့လေသည်။
ကျင့်ကြံသူများတောင်မှ နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်နေခဲ့လျှင် သူတို့၏ ဘဝသက်တမ်းက လျော့ကျခြင်းနှင့် ချီသွေဖယ်ခြင်းများကို ခံစားရနိုင်လေသည်။ သာမန်မော်တယ်များမှာကား ပြောစရာပင် မလိုပေ။
“မြင့်မြတ်တဲ့ကိုယ်တော်.. ရှင်နားထောင်နေလားတော့ ကျမ မသိဘူး”
နတ်ဆိုးမကျိ၏ အသံက ထွက်ပေါ်လာပြန်၏။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်က.. ငါ့အစ်မနဲ့ငါက ကျင့်ကြံရေးလောကမှာ စိတ်ဝိညာဉ်ဆေးပင်ဆေးမြစ်တွေ လိုက်လံရှာဖွေခဲ့တယ်.. ဒါပေမယ့်လဲ တစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူး.. ဆရာဆူရဲ့ ကျန်းမာရေးက ဆက်တိုက် ကျဆင်းလာခဲ့တယ်”
“ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး ဆရာဆူက အိပ်ပျော်သွားတိုင်း နင်နဲ့ ရှောင်းနင်ရဲ့ နာမည်ကို ထထပြီးယောင်ခေါ်ခဲ့တယ်.. အဲ့ဒါကို ကြားရတဲ့အခါ.. ငါ ငါ.. တစ်ကယ်ကို ခံစားရ....”
နတ်ဆိုးမကျိ၏ အသံက တိမ်ဝင်သွားပြီး ဆက်မပြောနိုင်တော့ပေ။
ဆူဇီမိုသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး ငိုက်စိုက်ကျသွား၏။ သူ့ကိုယ်သူ ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ဝမ်းနည်းစွာနှင့် ငိုကြွေးလေတော့သည်။
မသိလိုက်မသိဘာသာနှင့်ပင် မင်းကျန်နှင့် မြေခွေးလေးက သူ့ဘေးနားသို့ ရောက်ရှိလာခဲ့၏။
ဆူဇီမိုကိုကြည့်ပြီး မြေခွေးလေး၏ နှလုံးသားက နာကျင်သွားကာ သူမသည် အနားတိုးသွားပြီး သူမ၏ ဦးခေါင်းဖြင့် ဆူဇီမို၏ လက်ကို ပွတ်သပ်ကာ အသံတအီအီပြု၍ နှစ်သိမ့်ပေးလိုက်၏။
မင်းကျန်သည်လည်း တိတ်တဆိတ်ဖြင့် ခေါင်းကိုငုံ့၍ သူ့ရင်ထဲကနေ ဗုဒ္ဓမေတ္တာစာဂါထာတစ်ပုဒ်ကို ရွတ်ဆိုနေလိုက်၏။