မြူများစဲသွားသည်နှင့်
Vol. 41 Ch. 614
ဘုရားကျောင်းအို၏ နောက်ဖေးခြံတွင်..
ဘုန်းကြီးအိုနှင့် မွေးနီတစ္ဆေသည် ခပ်လှမ်းလှမ်းသို့ ငေးကြည့်နေကြ၏။ သူတို့၏ အကြည့်များက လေဟာနဲ့ အတားအဆီးများကို ဖောက်ထွင်း၍ အော်ဟစ်ငိုယိုနေသော ဘုန်းကြီးငယ်လေးကို ကြည့်နေကြပုံရ၏။
သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
“ဟား”
ဘုန်းကြီးအိုက သက်ပြင်းချလိုက်၏။
မွေးနီတစ္ဆေက ဝမ်းနည်းဆွေးမြည့်စွာနှင့် မှတ်ချက်ပြုလိုက်၏။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ကို အနှေးနဲ့အမြန်ဆိုသလို တစ်နေ့ သူရင်ဆိုင်ရမှာပဲ.. အဲ့ဒါလဲ ကောင်းပါတယ်လေ”
“အဲ့ဒါက ကောင်းလား မကောင်းဘူးလားဆိုတာ ဘယ်သူက ဆုံးဖြတ်နိုင်မှာလဲ” ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။
“ဘုန်းကြီးအို.. ခင်ဗျား ဘာပြောချင်တာလဲ” ဘုန်းကြီးအိုက တစ်ခုခုကို သွယ်ဝိုက်ပြောနေသည်ဆိုတာ မွေးနီတစ္ဆေ ပြောနိုင်လေသည်။
ဘုန်းကြီးအိုက ဖြေပေးလိုက်၏။
“ဒီကောင်လေးက သံယောဇဉ်ကြီးတယ်.. သူ့အတွက် ဆရာဆူက ကျောက်ဆူးတစ်ခုလိုပဲ.. အဲ့ဒီကျောက်ဆူးကပဲ သူ့ကို ခေါင်းတုံး တုံးပြီး ဘုန်းကြီးတစ်ပါး ဖြစ်စေခဲ့တာ.. အဲ့ဒီကျောက်ဆူးကပဲ သူ့ကို နှစ် ၂၀ကြာအောင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်စေခဲ့တာ”
မွေးနီတစ္ဆေက ခေါင်းညိတ်လိုက်၏။
ဘုန်းကြီးအိုပြောတာ မမှားပေ။ ဆူဇီမို၏ စိတ်နေစရိုက်အရ.. သူက ဖန်သားနန်းတော်နှင့် မြောက်ပိုင်းဒေသတစ်ခုလုံးကို ဆန့်ကျင်ခဲ့မိလျှင်တောင် ခေါင်းငုံ့ကာ ငြိမ်ခံနေမည့်လူစားမျိုး မဟုတ်ပေ။
သူ့မှာ မြောက်ပိုင်းဒေသကနေ ထွက်ခွာဖို့ အခြားနည်းလမ်း တစ်စုံတစ်ရာ တစ်ကယ်မရှိခဲ့တာ ဟုတ်ပါ့မလား..
ဆူဇီမိုသာ ဆူဟုန်နှင့်အတူ မြောက်ပိုင်းဒေသကနေ ထွက်ခွာဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း မဟုတ်လျှင် သူ၏ စိတ်နေစရိုက်အရ.. သူ၏ အတွင်းအမြုတေ ပြန်ကောင်းသွားသော လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကတည်းက သူ၏ သတ်ဖြတ်မှုများက စတင်နေလောက်လေပြီ။
ဘုန်းကြီးအိုက သက်ပြင်းချလိုက်၏။
“အခု ကျောက်ဆူးက မရှိတော့ဘူး.. အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေအတွက် အိပ်မက်ဆိုးတစ်ခုက ပြန်ပေါ်လာတော့မယ်.. ကျင့်ကြံသူမြောက်များစွာရဲ့ နှလုံးသားထဲကို အကြောက်တရားတွေ ရိုက်သွင်းပေးခဲ့တဲ့ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားက ပြန်လာတော့မယ်”
မွေးနီတစ္ဆေက မျက်လုံးစွေ၍ မေးလိုက်၏။
“ခင်ဗျား တစ်ခုခုကို သတိထားမိသေးလား”
“ငါ မသိဘူး”
ဘုန်းကြီးအိုက ခေါင်းခါပြလိုက်၏။
မွေးနီတစ္ဆေက ထပ်မေးလိုက်၏။
“နှစ် ၂၀ ကျော်တောင် ကြာသွားပြီး သူ့ရွှေအမြုတေက ဘာတုံ့ပြန်မှုမှ မရှိသေးဘူး.. အဲ့ဒါက ပြန်ကောင်းလာဖို့ အခွင့်အရေး မရှိတော့ဘူးလား”
“ငါ မသိဘူး”
ဘုန်းကြီးအိုက ခေါင်းခါပြဆဲဖြစ်၏။
ခဏမျှ ငြိမ်သက်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြော၏။
“သူက သူ့ရွှေအမြုတေကို ပြန်ကုသဖို့ နည်းလမ်းတစ်ခု သူ့ဘာသာသူ တွေ့ပြီးရင်လဲ တွေ့ပြီးလောက်ပြီ.. ဟုတ်ချင်မှလဲ ဟုတ်လိမ့်မယ်.. ငါ မသိဘူး.. ငါ သူ့စိတ်ကို ဆက်ပြီး မဖတ်နိုင်တော့ဘူး”
မွေးနီတစ္ဆေ၏ အမူအယာက ပြောင်းလဲသွား၏။
ဘုန်းကြီးအိုတောင်မှ ဆူဇီမို၏ စိတ်ကို ဆက်ပြီး မဖတ်နိုင်တော့ဘူးလား..
နှစ် ၂၀ကြာ ဗုဒ္ဓကျမ်းစာများကို လေ့လာလိုက်စားပြီး ဈာန်သမာပတ်များကို ဝင်စားပြီးနောက် ဆူဇီမိုသည် အမှန်တစ်ကယ်ပင် တစ်မူထူးခြားသည့် အော်ရာတစ်ခုကို ရရှိလာခဲ့လေပြီ။
မွေးနီတစ္ဆေ၏ အမူအယာက ပြောင်းလဲသွားပြီး ရုတ်တရက် ပြောလိုက်၏။
“သူ ပြန်လာနေပြီ.. ငါထင်တာတော့ သူ ခင်ဗျားကို လာနှုတ်ဆက်တာထင်တယ်”
“ဘာပဲပြောပြော ခင်ဗျားက သူ့ဆရာပဲလေ.. သူ့ကိုယ်သူ ကာကွယ်ဖို့ အကူအညီဖြစ်စေလောက်မယ့် ပစ္စည်းလေးဘာလေး နဲနဲပါးပါး လက်ဆောင်ပေးလိုက်ဦး.. သိပ်ပြီးတော့ ကပ်စေးနဲမနေနဲ့.. ခင်ဗျား အုတ်ဂူထဲကို ဝင်တဲ့အခါ သူ့ကိုပါ ခေါ်မသွားချင်သေးဘူးမလား”
မွေးနီတစ္ဆေက တတွတ်တွတ် ပြောဆိုနေသော်လည်း ဘုန်းကြီးအိုက ထွက်ခွာသွားလေပြီ။
သူသည် မျက်တစ်ခတ်မှာ သုသာန်ထဲကနေ ပျောက်ကွယ်သွားပြီး ခန်းမထဲသို့ ပြန်ရောက်လာ၏။
သိပ်မကြာမီ..
ဆူဇီမိုက တံခါးကို တွန်းဖွင့်ပြီး လျှောက်ဝင်လာ၏။
သူသည် အပေါ်ယံမှာ ဣန္ဒြေရနေသော်လည်း သူ့မျက်လုံးထဲမှာ ဝမ်းနည်းပူဆွေးမှုကို ဖုံးကွယ်မထားနိုင်ပေ။
ဆူဇီမိုသည် မဟာခန်းမထဲသို့ တည့်တည့်လျှောက်ဝင်လာပြီး ဘုန်းကြီးအိုဘက်သို့လှည့်ကာ ဒူးထောက်ချလိုက်၏။ သူသည် သုံးကြိမ် ဦးချပြီးနောက် ညင်သာစွာ ပြောလိုက်၏။
“ဆရာ.. ကျတော် သွားတော့မယ်”
“သွားပါ”
ဘုန်းကြီးအိုက သူ့ကို နေပါဦးဟု မပြောပေ။
သူပြောလဲ အချည်းနှီးပဲဆိုတာ သူသိလေသည်။
ဘုန်းကြီးအိုက ဟောင်းနွမ်းနေသော အဆောင်နှစ်ခုကို ထုတ်ပေးလိုက်၏။
“အဲ့ဒါတွေက တည်နေရာရွှေ့ပြောင်းအဆောင်တွေပဲ.. တစ်ခုက တည်နေရာရွှေ့ပြောင်းအဆောင်အသေးနဲ့ နောက်တစ်ခုကတော့ တည်နေရာရွှေ့ပြောင်းအဆောင်အကြီးပဲ”
“တည်နေရာရွှေ့ပြောင်းအဆောင်အသေးကိုတော့ ငါအသေးစိတ် ရှင်းပြမနေတော့ဘူး.. အဲ့ဒါက ကြုံရာကျပန်းနေရာတစ်ခုကို ပို့ပေးလိမ့်မယ်”
“တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကတော့ အတိတ်ကာလတုန်းက မဟာချွမ်အင်ပါယာက ဧကရာဇ်ရဲ့ တောင်းဆိုချက်နဲ့ စီရင်ဖန်တီးခဲ့တဲ့ ရတနာတစ်ခုပဲ.. အဲ့ဒါက အဝေးဆုံး နယ်မြေဒေသကြီးတစ်ခုလုံးကို ဖြတ်ပြီးတော့ ရည်ရွယ်ထားတဲ့နေရာကို ပို့ပေးနိုင်တယ်”
ရည်ရွယ်ထားတဲ့နေရာကို ပို့ပေးနိုင်တယ်..
ထိုစကားလုံးများက များစွာ တာသွားလေသည်။
တည်နေရာရွှေ့ပြောင်းအဆောင်အသေးတစ်ခုကတောင် အဖိုးတန်လွန်းနေပြီဖြစ်၏။
ယခု တည်နေရာရွှေ့ပြောင်းအဆောင်အကြီးက ရည်ရွယ်ထားသည့်နေရာကို ပို့ပေးနိုင်သည်ဆိုပါလား။
အဲ့ဒါက ဆူဇီမိုအတွက် အသက်ပိုတစ်ခုနှင့် ညီမျှလေသည်။
ဆူဇီမိုသည် အဲ့ဒါကို လက်နှစ်ဖက်ဖြင့် လက်ခံယူပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ သူလှည့်ထွက်မလို့ ပြင်လိုက်စဉ်မှာပင် ဘုန်းကြီးအိုက သူ့ကို လှမ်းခေါ်လိုက်၏။
ဘုန်းကြီးအို၏ အကြည့်က ဆူဇီမို၏ ဗလာကျင်းနေသော ဒါန်ထျန်ကိုကြည့်ပြီး သူ့မျက်လုံးများထဲမှာ စိုးရိမ်မှုနှင့် စူးစမ်းလိုမှုက ဖြတ်ပြေးသွား၏။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက မေးဖို့ ဆုံးဖြတ်လိုက်၏။
“မင်းရဲ့ ရွှေအမြုတေက....”
ဆူဇီမိုက ဆိတ်ဆိတ်နေ၏။
ခဏနေပြီးနောက် သူက ညင်သာစွာ ပြောလိုက်၏။
“တစ်ကယ်တော့.. ရွှေအမြုတေ ပြန်ကုသဖို့ လျှို့ဝှက်ချက်က အသောကပန်းထဲမှာ ရှိတယ်”
“အသောကပန်းလား”
ဘုန်းကြီးအိုသည် ခဏမျှ မှင်တက်သွား၏။
အသောကပန်းက ဘုရားကျောင်းအို၏ အထွတ်အမြတ်ပစ္စည်း ဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်များက သွေးနီရောင်ဝတ်အမျိုးသမီးက ယူသွားခဲ့ပြီး ယခု အဲ့ဒါက ဆူဇီမို၏ ဒါန်ထျန်ထဲမှာ ဖြစ်၏။
ဆူဇီမိုက ပြောလိုက်၏။
“ကျမ်းစာတိုက်ထဲက ရှေးဟောင်းသုတ္တန်တစ်ခုထဲမှာ.. ဒဏ္ဍာရီတစ်ခုရှိတယ်.. အသောကသစ်ပင်က ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်သစ်ပင်သုံးပင်ထဲက တစ်ပင်တဲ့.. ဗုဒ္ဓဝါဒရဲ့တာအိုကို ဖန်တီးခဲ့တဲ့ ဗုဒ္ဓအရှင်ကလဲ အသောကပင်ရဲ့အောက်မှာ မွေးဖွားခဲ့တာတဲ့”
“ဒီဒဏ္ဍာရီကို ငါလဲ အရင်က ကြားဖူး...”
ရုတ်တရက် ဘုန်းကြီးအို၏ အသံက ရပ်တန့်သွား၏။
သူ့စိတ်အာရုံထဲမှာ အတွေးတစ်ခုက ဝင်ရောက်လာ၏။
အသောကပန်းနှင့် ဆူဇီမို၏ ရွှေအမြုတေ ပြန်ကောင်းလာခြင်း၏ အကြားက ဆက်စပ်မှုကို နောက်ဆုံး သူနားလည်သွား၏။
ဒဏ္ဍာရီအရဆို အသောကပန်းက မီးဓါတ်အပြင် နောက်ထပ်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားသေး၏။
အသက်ဓါတ်စွမ်းအား..
အသက်ဓါတ် မွေးဖွားခြင်း..
ဗလာနယ်ကနေ တစ်ခုခုကို ဖန်တီးခြင်း..
ဗုဒ္ဓ၏ မွေးဖွားမှုကို အသောကပန်းက မြင်တွေ့ခဲ့ရ၏။
ဆူဇီမို၏ ဒါန်ထျန်က ကြေမွပြီး ရွှေအမြုတေက ပျက်စီးသွားခဲ့၏။
သို့သော်လည်း သူ့ရွှေအမြုတေစွမ်းအားက လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။ အဲ့ဒါက ဒါန်ထျန်၏ အနက်ပိုင်းထဲရှိ အသောကပန်းကနေ စုပ်ယူထားခဲ့ခြင်းသာ ဖြစ်လေသည်။
နှစ် ၂၀ အတွင်း..
ဆူဇီမိုသည် ဗုဒ္ဓစာပေများကို လေ့လာပြီး တာအိုကို ဆင်ခြင်သုံးသပ်ကာ စုဆောင်းလာခဲ့သော စွမ်းအားများက အသောကပန်းအတွင်းရှိ အသက်ဓါတ်ကို နှိုးဆွပေးနိုင်ခဲ့လေသည်။
ဆူဇီမိုသည် ဘုရားကျောင်းအိုအတွင်းကနေ လျှောက်လှမ်းထွက်သွားပြီဖြစ်၏။
ဖျတ်ကနဲဆို..
ဆူဇီမို၏ ဦးခေါင်းပြောင်မှ အနက်ရောင်ဆံပင်များက ထွက်လာပြီး တစ်ခဏအတွင်း ရှည်လျားလာ၏။
သူ့ခန္ဓာကိုယ်တွင်းရှိ မူလက နက်မှောင်၍ ဟောင်းလောင်းပေါက် ဖြစ်နေသော ဒါန်ထျန်ထဲမှာ ပန်းတစ်ပွင့်က ဖူးပွင့်လာလေသည်။
ပန်းပွင့်ပေါ်မှာ...
အဲ့ဒီမှာ သစ်သီးတစ်လုံးက မျက်စိဖြင့် မြင်နိုင်သော နှုန်းထားဖြင့် ကြီးလာနေ၏။
အဲ့ဒါက လုံးဝိုင်းပြီး ရွှေရောင်ရှိကာ တဖျတ်ဖျတ်တလက်လက် အော်ရာဖြင့် တောက်ပနေ၏။
ထိုသစ်သီးက ဆူဇီမို၏ အသစ်ကျပ်ချွတ် ရွှေအမြုတေပင် ဖြစ်လေသည်။
သူ့ဒါန်ထျန်ကိုဖြတ်၍ စိတ်ဝိညာဉ်စွမ်းအင်များက တုန်ဟည်းလာပြီး ကြွယ်ဝအားကောင်းလာ၏။
သူ့ခန္ဓာကိုယ်တွင်းမှာ လည်ပတ်မှု စက်ဝန်းတစ်ခုက ဖြစ်ပေါ်လာသည့်အလားပင်။
ဆူဇီမို၏ အော်ရာက တစ်ဟုန်ထိုး မြင့်တက်၍ သန်လာလာ၏။
သူခြေတစ်လှမ်း လှမ်းသွားတိုင်း သူ့ဒန်ထျန်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များက သိသိသာသာ တိုးလာ၏။
အဲ့ဒါက ပို၍ပို၍ သန်မာလာနေ၏။
ဝုန်း..
နောက်ခဏ၌ သူ့ဒါန်ထျန်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များက အစောပိုင်းရွှေအမြုတေအဆင့်၏ အကန့်အသတ်ကို ချိုးဖျက်ကာ အလယ်အလတ်-ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွား၏။
သိပ်မကြာမီ..
ဝုန်း..
နောက်ထပ် အသံတစ်သံ ထွက်လာ၏။
နောက်ပိုင်း-ရွှေအမြုတေအဆင့်။
ဆူဇီမို၏ စားသုံးခဲ့သော နှစ်တစ်သောင်းဟင်္သပဒါးသစ်သီးမှ စွမ်းအင်များက အလဟဿ မဖြစ်ခဲ့ပေ။ အကုန်လုံးကို အသောကပန်းက စုပ်ယူထားခဲ့ပြီး အခု ပြန်ထုတ်ပေးနေပြီဖြစ်၏။
ဆူဇီမို ခြေတစ်လှမ်း လှမ်းတိုင်း.. သူ့အော်ရာက သိသိသာသာ ပြောင်းလဲလာနေ၏။
မပြောင်းလဲသောအရာမှာ သူ၏ မျက်လုံးများသာ။
ပျော်ရွှင်မှု၊ ဝမ်းနည်းမှု မရှိ၊ ခံစားချက် အတက်အကျ မရှိပေ။
ဘုရားကျောင်းအို၏ ဝင်ပေါက်ဝသို့ ရောက်သောအခါ ဆူဇီမို၏ အော်ရာက တည်ငြိမ်သွားပြီး သူ့ဆံပင်များက ကြောက်စရာကောင်းသည့် အော်ရာနှင့်အတူ ကခုန်နေ၏။
နောက်ပိုင်း-ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်..
သူသည် ကောင်းကောင်း ကျင့်ကြံလာခဲ့လေသည်။
သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ဗုဒ္ဓစာပေများကို လေ့လာပြီး ငြိမ်သက်နေခဲ့၏။ သို့သော်လည်း သူ့ကျင့်ကြံမှုအဆင့်က လျော့ကျသွားရမည့်အစား နောက်ပိုင်း-ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ပင် တက်လှမ်းခဲ့လေသည်။
တစ်ကယ်တော့ ဆူဇီမို၏ ပြောင်းလဲမှုက ထိုမျှမကပေ။
အဲ့ဒီမှာ မည်သူမှ ဖော်မပြနိုင်သော တစ်စုံတစ်ရာလည်း ရှိ၏။
ဘုရားကျောင်းအို၏ ဝင်ပေါက်ဝမှာ ရပ်ရင်း ဆူဇီမိုသည် တဖြည်းဖြည်းလှည့်ပြီး မဟာခန်းမ၏ နံရံပေါ်မှာ ရေးထားသော အဆိုအမိန့်ကို ငေးကြည့်လိုက်၏။
အဲ့ဒါက တျဲယွဲ့ သူ့အတွက် ချန်ထားရစ်ခဲ့သော စကားလုံးများပင်။
ရုတ်တရက် ဆူဇီမိုသည် သူ့လက်ညိုးကို ဆန့်ထုတ်လိုက်၏။
စိတ်ဝိညာဉ်ချီတစ်စက သူ့လက်ချောင်းထိပ်ကနေ ထွက်လာပြီး ထက်ရှသော ဓါးတစ်လက်လို ခန်းမ၏ နံရံပေါ်မှာ ရေးခြစ်လိုက်၏။
ဆူဇီမိုက သူ့လက်ကို ဝေ့ရမ်းလိုက်၏။
နံရံပေါ်တွင် နောက်ထပ် စာတန်းတစ်ကြောင်းက ပေါ်လာလေသည်။
ထက်ရှသော ထိုစကားလုံးများက ကမ္ဘာတစ်လုံးကိုပင် အထက်စီးကနေ ကြည့်နေ၏။
မင်းကျန်သည် လှမ်းကြည့်ပြီး အလိုလို အသံထွက် ဖတ်လိုက်၏။
“မြူများစဲသွားသည်နှင့် ဖြာထွက်လာသော ရောင်ခြည်ဖြင့် တစ်ကမ္ဘာလုံးကို ထိန်လင်းစေမည်”
“ဟင်း”
“သူ့ရဲ့ ယုံကြည်မှုကတော့...”
ဘုန်းကြီးအို၏ မျက်လုံးထဲမှာ နက်ရှိုင်းသည့် တုန်လှုပ်မှုက ပေါ်လာ၏။
အစက တိတ်ဆိတ်နေသော နောက်ဖေးခြံဝန်းထဲမှ ချိန်းကြိုးသံများက ထွက်ပေါ်လာ၏။
“ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင်.. အရင်ဆုံး အောက်ခြေခိုင်အောင်လုပ်ပါ.. ဆင်းရဲဒုက္ခတွေကိုလဲ လက်ခံနိုင်စွမ်း ရှိပါစေ.. အခြားသူတွေကိုလဲ ကူညီစောင်မပါ”
“မြူများစဲသွားသည်နှင့် ဖြာထွက်လာသော ရောင်ခြည်ဖြင့် တစ်ကမ္ဘာလုံးကို ထိန်လင်းစေမည်”
အပေါ်က စာသားက တျဲယွဲ့ ချန်ထားခဲ့ခြင်း ဖြစ်ပြီး..
အောက်က ဒုတိယစာသားကတော့ ဆူဇီမို၏ အဖြေစကား ဖြစ်လေသည်။