ပြန်လာပြီ
Vol. 41 Ch. 615
ရွှစ်..
ဘုရားကျောင်းအို၏ နောက်ဖေးခြံကို ဖြတ်၍ အဖြူရောင်အလန်းတစ်ခုက ပျံသန်းလာ၏။
ခြံဝန်းထဲသို့ ဆင်းသက်လာသောအခါ အဲ့ဒါက ကောင်းကင်ထက်က အပြစ်အနာအဆာကင်းမဲ့၍ ထည်ဝါခံ့ညားသော လမင်းတစ်စင်းလိုပင်။
လရောင်ဝှက်လေး..
ဆူဇီမိုက အဲ့ဒါကို လှမ်းယူပြီး လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။
ယခင်က အပြည့်အဝ မဖွဲ့တည်ရသေးသော ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်က သိသာထင်ရှားစွာ ပေါ်လာလေပြီ။
မူလစိတ်ဝိညာဉ်လက်နက်..
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ၁၅ နှစ်ကြာ နေနှင့်လတို့၏ အဆီအနှစ်ကို စားသုံးပြီးနောက် လရောင်ဝှက်လေးက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုအဖြစ်သို့ ဆင့်ကဲ့ပြောင်းလဲသွားခဲ့လေပြီ။
ဆူဇီမိုသည် တည်ကြည်သော အမူအယာဖြင့် လရောင်ဝှက်လေးကို သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။
“ဆေဘာ.. လာခဲ့”
ဆူဇီမို၏ စိတ်ထဲကနေ အသံတစ်သံက ထွက်ပေါ်လာ၏။
သူ့စကား ဆုံးသွားပြီးနောက် နောက်ဖေးခြံမှ သတ္တုခတ်သံက ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။ ၎င်းက တဝီဝီမြည်၍ အားကောင်းသော သတ်ဖြတ်ခြင်းအော်ရာနှင့်အတူ ဘုရားကျောင်းတစ်ခုလုံးရှိ အပူချိန်ကို ကျဆင်းသွားစေ၏။
သွေးသောက်သူက ပေါ်လာလေပြီ။
သွေးရောင်အလင်းက ကောင်းကင်ထက်ကို တက်လာပြီး လေထဲမှာ ရစ်ဝဲကာ စိတ်ဝိညာဉ်အင်းကွက် ခြောက်ခုနှင့်အတူ တောက်ပလင်းလက်နေ၏။
သိသာထင်ရှားဆုံးအချက်မှာ ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်က သွေးရောင်ဖြစ်နေခြင်းပင်။
မူလစိတ်ဝိညာဉ်အင်းကွက်က သွေးသောက်သူ၏ သွေးရောင်အလင်းကို ပိုပြီးတောက် အားကောင်းလာစေ၏။
ဆေဘာထံမှ အားကောင်းသော သွေးရနံ့က ထွက်ပေါ်လာပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းနေ၏။
မွေးနီတစ္ဆေထင်ခဲ့သည့်အတိုင်းပင်.. သွေးသောက်သူကို သုသာန်ထဲမှာ မြှုပ်ထားပြီး လွန်ခဲ့သည့်နှစ်တစ်သောင်းက ပညာရှင်များ၏ သွေးများဖြင့် စိမ်ထားပြီးနောက် ၎င်းက တုန်လှုပ်ဖွယ်ရာ အသွင်ပြောင်းသွားခဲ့လေပြီ။
မူလစိတ်ဝိညာဉ်လက်နက်တစ်ခု၏ ထက်ရှမှုအပြင်.. သွေးသောက်သူ၏ ကြမ်းကြုတ်ရက်စက်မှုကလည်း မြောက်များစွာ တိုးပွားလာခဲ့၏။
ဆေဘာသွားကနေ ထုတ်ပေးနေသော သွေးအလင်းနှင့် သွေးရနံ့က ကျင့်ကြံသူများ၏ စိတ်ပိုင်းဆိုင်ရာအပေါ်တွင်ပါ သက်ရောက်စေနိုင်လေသည်။
မြေခွေးလေး၏ ကျင့်ကြံမှုက လုံလောက်အောင် မသန်မာသေးတာကြောင့် အဲ့ဒါကို ငေးကြည့်ပြီးနောက် သူမသည် ကျောရိုးတစ်လျှောက် အေးစိမ့်လာ၏။ အလောင်းများ သွေးများဖြင့် ပြည့်နှက်နေသည့် ငရဲတစ်ခုက သူမရှေ့မှာ ပေါ်လာသည်ဟု ထင်လိုက်ရ၏။
သူမသည် တဆတ်ဆတ် တုန်ယင်သွားပြီး မျက်လုံးကို ကပျာကယာ မှိတ်လိုက်ရ၏။
မင်းကျန်၏ အမူအယာကလည်း အနည်းငယ် ပြောင်းလဲသွားပြီး ဗုဒ္ဓတရားစာများကို ရွတ်ဆိုကာ သူ့ကိုယ်သူ ဣန္ဒြေရအောင် ထိန်းလိုက်၏။
ရုတ်တရက် သွေးသောက်သူက သတ်ဖြတ်လိုသော အော်ရာနှင့်အတူ အလွန်တရာ မြန်ဆန်စွာဖြင့် ဆူဇီမိုထံသို့ ထိုးဆင်းလာ၏။ အဲ့ဒါက လေထဲမှာ ချောက်ချားဖွယ်ရာ တုန်ခါနေ၏။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က မွေးနီတစ္ဆေသည် အဲ့ဒါကို ပြောခဲ့သေး၏။
သွေးသောက်သူက မူလစိတ်ဝိညာဉ်လက်နက်အဖြစ် ဆင့်ကဲပြောင်းလဲသွားသည်နှင့် အဲ့ဒါက သေချာပေါက် မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်လာပေလိမ့်မည်။
အကြမ်းကြုတ်ဆုံး လက်နက်များက သူတို့၏ သခင်များကိုတောင် သတ်ဖြတ်ခဲ့ဖူး၏။
တစ်စုံတစ်ရာက ပို၍ သန်မာလာလေလေ.. အဲ့ဒါကို ဖိနှိမ်ဖို့က ပို၍ ခက်ခဲလာလေဖြစ်၏။
ဆူဇီမိုသည် သူ့လက်နှစ်ဖက်ကို လုံဝ မလှုပ်ရှားဘဲ နောက်ပစ်ထား၏။ သူ့ဆီသို့ ပျံသန်းလာနေသော သွေးသောက်သူကို တည်ငြိမ်သော အမူအယာဖြင့် မမှိတ်မသုန် စိုက်ကြည့်နေ၏။
သူက ရိုက်ထုတ်ဖို့ စိတ်ကူး လုံးဝ မရှိသည့်အလားပင်။
ဘာကြောင့်ရယ်မသိ.. သွေးသောက်သူသည် ဆူဇီမိုအနားသို့ ချဉ်းကပ်၍ နီးကပ်လာသောအခါ သူ့အရှိန်က လျော့ကျသွား၏။
မင်းကျန်နှင့် မြေခွေးလေး၏ မျက်လုံးများက ပြူးကျယ်သွား၏။
ဆေဘာသွားက ဆူဇီမို၏ နဖူးနှင့် တစ်လက်မသာ ကွာတော့လေသည်။
၎င်း၏ ထက်ရှမှုက ဆူဇီမို၏ အရေပြားနှင့် ထိတွေ့နေပြီဟုပင် ထင်ရ၏။
သို့သော်လည်း ဆူဇီမိုက မလှုပ်မယှက် ရပ်နေ၏။
သူ့မျက်လုံးများထဲမှာ စိတ်ခံစားချက် လုံးဝ မရှိပေ။
မင်းကျန်သည် ထိုစိတ်ခံစားချက် ကင်းမဲ့နေသော မျက်လုံးများကို ကြည့်ပြီး ရုတ်တရက် နက်ရှိုင်းသည့် ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလာရ၏။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ် ၂၀ ကြာ ငြိမ်သက်လာခဲ့ပြီးနောက် ဆူဇီမိုသည် ငြိမ်သက်နေသော မီးတောင်တစ်လုံးလို ဖြစ်လာ၏။
သူ့အစ်ကို၏ နာမကျန်းမှုသတင်းက ရောက်လာချိန်၌ ငြိမ်သက်နေသော မီးတောက်က နိုးထလာခဲ့လေပြီ။
ထိုမီးတောင်က ယခု ငြိမ်သက်နေသေးသော်လည်း သူ့ကို ရန်သွားစမိသည်နှင့် မီးတောင်က ပေါက်ကွဲထွက်ကာ ချော်ရည်ပူများက သက်ရှိအားလုံးကို ပြာချပစ်ပေတော့မည်။
“ဟမ်”
မင်းကျန်က အံ့အားတသင့် ရေရွတ်လိုက်၏။
သွေးသောက်သူက တုန်ခါနေ၏။
ထိုကြမ်းကြုတ်သောလက်နက်က တစ်ခုခုကို အာရုံခံမိလိုက်သည့်အလားပင်။
၎င်းသည် ကြောက်ရွံ့မှုကို ခံစားလာရ၏။
ပင်ကိုအားဖြင့် ၎င်းက သွေးဆာပြီး သတ်ဖြတ်ရတာကို နှစ်သက်၏။
သူက သူ့သခင်ကို သတ်ဖြတ်ပြီး သူ့သခင်၏သွေးကို သောက်သုံးရလျှင် သူက ပိုလို့တောင် သန်မာလာမည် ဖြစ်၏။
သို့သော် ယခုအခါမှာတော့ သူသည် ရှေ့ဆက်တိုးသည်နှင့် သူ့ရှေ့မှလူက သူ့ကို သေချာပေါက် ကိုယ်တိုင်ဖျက်ဆီးပစ်တော့မည်ဟု သူခံစားမိလာ၏။
သူသည် မလှုပ်ရှားရဲတော့ပေ။
အဲ့ဒီမှာ ခဏမျှ ငြိမ်သက်သွား၏။
တဖြည်းဖြည်းနှင့် သွေးသောက်သူသည် သူ၏ ဓါးဦးကို နှိမ့်ပြီး ဆူဇီမိုရှေ့မှာ ကန့်လန့်ဖြတ် လည်သွား၏။ ၎င်း၏ ဆေဘာသွားကို အပြင်ဘက်သို့ လှည့်ပြီး လက်ကိုင်ရိုးကို ဆူဇီမိုဘက်သို့ လှည့်ပေးလိုက်သည်။
၎င်းက အညံ့ခံသွားလေပြီ။
အခုလေးတင် မွေးဖွားလာသော ကြမ်းကြုတ်ရက်စက်သည့် ထိုလက်နက်က တုန်လှုပ်စွာနှင့် ချက်ချင်း အညံ့ခံသွားလေပြီ။
အစကတည်းက ဆူဇီမိုသည် လုံးဝ မလှုပ်ရှားသလို မျက်တောင်လည်း မခတ်ပေ။
ဆူဇီမိုသည် သွေးသောက်သူကို ဆွဲယူပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ရစ်ခွေနဂါးချိတ်စည်းနှင့် မဟူရာရွှေမြား အပါအဝင်.. ယခု လရောင်ဝှက်လေးနှင် သွေးသောက်သူကို ထပ်ပေါင်းလိုက်ရင် သူ့မှာ မူလစိတ်ဝိညာဉ်လက်နက် လေးလက် ပိုင်ဆိုင်ထားလေပြီ။
ဆူဇီမို ထွက်ခွာတော့မည်ကို မြင်သောအခါ မြေခွေးလေးက သူ့နောက်ကို လိုက်ချင်မိ၏။
“ငါ့ကို ဒီကနေပဲ စောင့်နေ”
ဆူဇီမိုသည် မြေခွေးလေးကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ သူ့စကား မဆုံးသေးခင်မှာပင် သူက တံခါးကိုတွန်းဖွင့်၍ ထွက်ခွာသွားလေပြီ။
မြေခွေးလေး၏ မျက်လုံးက အရောင်မှိန်သွားပြီး စိတ်ပျက်သွား၏။
မင်းကျန်က တိုးတိတ်စွာ ပြောလိုက်၏။
“မပူနဲ့ မြေခွေးလေး.. ဂျူနီယာညီလေးက အဲ့လို ပြောသွားမှတော့ သေချာပေါက် သူပြန်လာလိမ့်မယ်”
မြေခွေးလေးက ခေါင်းညိတ်လိုက်၏။ သို့သော် သူမ၏ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှုက ရှိနေဆဲဖြစ်၏။
. . .
ခန်းမထဲတွင်..
ဘုန်းကြီးအိုက နံရံပေါ်က စာသားကို ငေးကြည့်ပြီး အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေ၏။
“ရှားတယ်.. တစ်ကယ့်ကို ရှားရှားပါးပါးပဲ”
အတန်ကြာပြီးနောက် သူက နောက်ဆုံး အသက်ကို ပြင်းပြင်းရှူထုတ်ကာ ရေရွတ်လိုက်၏။
“အစကထဲက အဲ့ဒီသွေးနီရောင်ဝတ်အမျိုးသမီးက ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို အထက်စီးကနေ ကြည့်နိုင်တဲ့ တည်ရှိမှုပဲ.. သူက ဒီလိုမျိုး ရဲတင်းဝင့်ကြွားတဲ့ စကားလုံးတွေကို ချန်ထားခဲ့ရဲတာ ယုတ္တိရှိတယ်”
“ပိုပြီးတော့ အံ့ဩဖို့ ကောင်းတာက ကောင်လေးက အခုမှ ရွှေအမြုတေအဆင့်ပဲ ရှိသေးတယ်.. သူဆက်ရေးသွားတဲ့ စာကြောင်းက ရဲတင်းဝင့်ကြွားမှုအရာမှာ နည်းနည်းလေးမှ အောက်မကျဘူး”
မွေးနီတစ္ဆေကလည်း ချီးကျူးလိုက်၏။
“မြူများစဲသွားသည်နှင့် ဖြာထွက်လာသော ရောင်ခြည်ဖြင့် တစ်ကမ္ဘာလုံးကို ထိန်လင်းစေမည်.. သူ့ရဲ့ စကားလုံးတွေက တစ်ကယ်ပဲ တောင်တန်းနဲ့ မြစ်တွေကို ဝါးမျိုနိုင်ပြီးတော့ တစ်ကမ္ဘာလုံးကို အထင်သေးထားတာပဲ.. ခင်ဗျားရဲ့ ဘုရားကျောင်းပျက်ကသာ နောက်ထပ် နှစ်ပေါင်းအတန်ကြာ ဆက်ရှိနေဦးမယ်ဆိုရင် ဒီစကားလုံးတွေက ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာလိမ့်မယ်”
ဘုန်းကြီးအိုက အနည်းငယ် ဝမ်းနည်းစွာနှင့် ခေါင်းညိတ်လိုက်၏။
“ငါတို့နှစ်ယောက်စလုံးက အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ ကံကောင်းတယ်”
ရုတ်တရက် မွေးနီတစ္ဆေက အထူးတဆန်း ရယ်မောလိုက်၏။
“အဲ့ဒါကောင်းတယ်.. ရှေးဟောင်းတိုက်ပွဲမြေက မကြာခင် ဖွင့်တော့မှာပဲ.. ရွှေအမြုတေအဆင့်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ ကစင်ကလျားအမြုတေဂိုဏ်းက အဲ့ဒီမျိုးဆက်လေးက ပြိုင်ဘက်ကောင်းတစ်ယောက်နဲ့ တွေ့ရတော့မှာပဲ”
“အဲ့ဒါ ပြောဖို့ ခက်တယ်”
ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။
“သီယင်းက ဒီနေရာကနေ ဘာမှ မရဘဲ ထွက်သွားတယ်လို့ မင်းထင်လို့လား”
“နောက်ပြီး သူက လွန်ခဲ့တဲ့ နှစ်တစ်ရာထဲက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် ဖြစ်နေခဲ့ပြီးပြီ.. ဒီကြားထဲ သူက ဘယ်လောက်ထိ တိုးတက်လာခဲ့လဲဆိုတာ ဘယ်သူမှ မသိဘူး.. လူသားဧကရာဇ်ရဲ့ ကစင်ကလျားသမုဒ္ဒရာက အထင်သွားသေးလို့ မရဘူး.. သူက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ”
ဘုန်းကြီးအိုက သီယင်းကို အတော်လေး အထင်ကြီးထားလေသည်။
မွေးနီတစ္ဆေက ပြောလိုက်၏။
“ဘာပဲပြောပြော.. သူတို့နှစ်ယောက်က ခေတ်တစ်ခေတ်ထဲ မွေးလာခဲ့တဲ့အတွက် ကမ္ဘာ့ရန်ဘက်တွေ ဖြစ်လာကြမှာပဲ.. တစ်ယောက်ယောက်က သေတာ ဒါမှမဟုတ် အညံ့ခံမှပဲ ပြဿနာက ပြေလည်သွားလိမ့်မယ်”
‘ဒါက နောက်မှပါ.. လောလောဆယ် ရှေးဟောင်းတိုက်ပွဲမြေ ဖွင့်မယ့်အချိန်ကိုပဲ ငါတို့ စောင့်ကြတာပေါ့” ဘုန်ကြီးအိုက ပြောလိုက်၏။
ခဏနေပြီးနောက် မွေးနီတစ္ဆေက အားရရွှင်မြူးစွာနှင့် ရုတ်တရက် ရယ်ချလိုက်၏။
“ကောင်လေးက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ် ၂၀ ကြာအောင် ငြိမ်သက်လာခဲ့တာ.. အခု သူ့အစ်ကိုရဲ့ နာမကျန်းမှုနဲ့အတူ သူက ပြန်ပေါ်လာတော့မယ်.. သူ့ရင်ထဲမှာ သိုလှောင်ထားတဲ့ ဒေါသမီးတွေက တော်တော်များမှာပဲ”
“ဘာမသိညာမသိနဲ့ သူ့ကို ရန်သွားစမိတဲ့ အရူးကတော့... ဟီးဟီး”
ဘုန်းကြီးအိုက မေတ္တာစာတစ်ခုကို ပွားများပြီး ညင်သာစွာ ပြောလိုက်၏။
“ကိစ္စတွေက ချောချောမွေ့မွေ့ ပြီးသွားဖို့တော့ ငါမျှော်လင့်တာပဲ..သူ့ရဲ့ မော်တယ်ကံ အချုပ်အနှောင်ကို ဖြတ်တောက်ပြီးရင် သူပြန်လာလိမ့်မယ်”
“ဟမ့်.. သစ်ပင်က ငြိမ်သက်ချင်ရင်တောင် လေတိုက်တာက ရပ်တန့်မှာ မဟုတ်ဘူး”
မွေးနီတစ္ဆေက ထရပ်လိုက်၍ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများက ကျယ်လောင်စွာ မြည်သွား၏။
“သူကတော့ ဘယ်သူ့ကိုမှ အရင်သွားပြီး ရန်စမှာ မဟုတ်ဘူး.. ဒါပေမယ့်လို့ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ တချို့အကြောင်းအရာတွေက မှိန်ဖျော့သွားပြီ.. မြောက်ပိုင်းဒေသက ကျင့်ကြံသူအတော်များများက သူ့ကို မေ့ကုန်ကြပြီလို့ ငါထင်တယ်”
မွေးနီတစ္ဆေက ခေါင်းကို နောက်လှန်ချပြီး ရယ်မောလိုက်၏။
“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့.. မြောက်ပိုင်းဒေသက ကျင့်ကြံသူတွေရဲ့ အိပ်မက်ဆိုး.. မင်းတို့ကောင်တွေ အုပ်စုဖွဲ့ပြီး ဝိုင်းအနိုင်ကျင့်လို့ နဂါးသင်္ချိုင်းတောင်ကြားထဲကို ခုန်ချသွားခဲ့ရတဲ့ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတား အခု ပြန်လာပြီကွ.. ဟဟဟားဟားဟား”