ပါရမီရှင်တွေက သူတို့ရဲ့ ပါရမီကြောင့်ပဲ သေဆုံးကြရတယ်
Vol. 1 Ch. 1
လီချန်ချင်းသည် သူငယ်ရွယ်စဉ် ကျောင်းနေစဉ်ကာလတုန်းက ဖတ်ရှုဖူးခဲ့သော စာကြောင်းလေးတကြောင်းကို မှတ်မိနေသေးပေ၏။
ပါရမီရှင်တွေက သူတို့ရဲ့ ပါရမီကြောင့်ပဲ သေဆုံးကြရတယ်။
ထိုစဉ်တုန်းကတော့ ဘာလို့ ပါရမီရှင်တွေက သူတို့ရဲ့ ပါရမီကြောင့် သေဆုံးရတာလဲဆိုတာကို သူနားမလည်နိုင်ခဲ့ပေ။
ယခုတော့ သူကောင်းကောင်းကြီး နားလည်သွားခဲ့ချေပြီ။ပန်းပုဆရာတယောက်ဖြစ်သော သူသည် ဗီရိုပေါ်ရှိ သူထုလုပ်ထားသော ရုပ်ထုက သူ့အပေါ်သို့ ပြုတ်ကျပြီး သေဆုံးခဲ့ရလေတော့သည်။ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ ပါရမီနှင့် သူ သေဆုံးခဲ့ရသည်ဟု ပြော၍ရနိုင်သည် မဟုတ်ပါလား။
သူ သေအံမူးမူးအချိန်ကာလတွင် လီချန်ချင်းသည် စိတ်ပေါ့ပါးသွားမှုကိုသာ ခံစားခဲ့ရလေတော့သည်။
သူက ဘဝတလျှောက်လုံးတွင် ပန်းပုထုရန်ကို အလွန်အမင်း အရူးအမူးဖြစ်နေခဲ့တော့၏။သူ၏ ပန်းပုပညာမှာ တဖတ်ကမ်းခတ်အောင် ကျွမ်းကျင်သည့် အနေအထားသို့ ရောက်နေပြီ ဖြစ်သည့်တိုင် ထိုကျွမ်းကျင်မှုမှာ သူ့အား ကောင်းမွန်သော ဘဝတခုကို ရရှိအောင် မကူညီပေးနိုင်ခဲ့ပေ။
သူ့ ဇနီးမှာ အကြီးအကျယ်ဖျားနားနေကာ သူမကို ကုသရန်အတွက်လည်း သူ့တွင် လောက်ငှသော ငွေကြေးရှိမနေခဲ့ပေ။နောက်ဆုံးမှာတော့ သူမ ဆုံးပါးသွားခဲ့ရလေတော့သည်။သူ၏ တဦးတည်းသော သားမှာလည်း ကြီးပြင်းလာသောအခါ အပေါင်းအသင်းမှားတော့လေသည်။သူ့သားမှာ အလုပ်မလုပ်ပဲ သူ့ထံမှ ပိုက်ဆံကိုသာ တွင်တွင်သာ တောင်းနေတတ်တော့လေသည်။ပိုက်ဆံ မရပါက အိမ်ရှိတန်ဖိုးကြီး ပစ္စည်းများကို ခိုးယူတော့လေ၏။အချုပ်လဲ မကြာခဏကျတတ်လေသည်။ထောင်နှင့်အိမ်မှာ အိမ်ရှေ့နှင့် အိမ်နောက်ကို သွားနေသကဲ့သို့ပင် ဖြစ်နေပြီး သူ့သားအတွက် မဆန်းတော့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်တုန်းက လီချန်ချင်းသည် သူ့သား တောင်းသော ငွေ မပေးနိုင်သောကြောင့် သားဖြစ်သူ၏ ထိုးနှက်ခြင်းကို ခံခဲ့ရလေသည်။သူ့ ဘဝကြီးမှာ လွန်စွာမှကို ဆိုးရွားနေကာ အဓိပ္ပာယ်မရှိကာ ကျဆုံးနေသည်ဟု သူ ခံစားခဲ့ရလေ၏။
သေခြင်းတရားဆိုတာက ငါ့အတွက် လွတ်မြောက်ခြင်းတခုပါပဲလေ။
...
မင်ဟုန်ခရိုင်၊ချန်ထင်မြို့
ကျယ်လောင်သောအသံကြီးတသံထွက်ပေါ်လာပြီးနောက် ချန်ထင်မြို့လယ်၌ ရှိနေသော နှစ်တထောင်သစ်ပင်ကြီးမှာ မိုးကြိုးပစ်ချခြင်းကို ခံလိုက်ရလေတော့သည်။ သုံးရက်သုံးညတိတိ ရွာသွန်းနေသော မိုးမှာလည်း နောက်ဆုံးတွင် တိတ်သွားခဲ့လေ၏။
ချန်ထင်မြို့တွင် ထိုကဲ့သို့ မိုးမရွာသည်မှာ လွန်စွာမှကို ကြာမြင့်လှချေပြီ။
ချန်ထင်မြို့၏ ချင်းယွင်လမ်းထောင့်တွင် စုတ်တီးစုတ်ခြာနှင့် ဆိုင်းဘုတ်တပ်ထားသော ဆိုင်ခန်းလေးတခု ရှိနေပါသည်။
“ချန်ချင်း ပန်းချီဆိုင်”
အရှေ့ရှိဆိုင်ခန်းလေးမှာ အနည်းငယ်ဟောင်းနွမ်းနေခဲ့ပြီ။ဆိုင်တည်နေရာမှာလည်း ကောင်းမွန်ကာ လူစည်ကားသောနေရာတွင် ရှိနေခြင်းမျိုးလည်း မဟုတ်ပေ။ဆိုင်ခန်းလေး၏ အနောက်တွင် ခြံဝန်းအသေးလေးတခု ရှိနေပါသည်။ထိုခြံဝန်းအသေးလေးထဲတွင် အိမ်လေးတလုံးရှိ၏။
ရုတ်တရက် ထိုအိမ်၏ ပြတင်းပေါက်များမှာ ပွင့်ဟသွားတော့လေသည်။ပုံရိပ်တခုမှာ ပြတင်းတံခါးကို ဖွင့်လိုက်ပြီး အပြင်ဖက်သို့ လှမ်းကြည့်လိုက်၏။
“နောက်ဆုံးတော့ မိုးတိတ်သွားခဲ့ပြီပဲ”
ထိုစကားကိုပြောလိုက်သည့်လူမှာ သက်လတ်ပိုင်းအရွယ်ရှိနေပြီး ရှုပ်ပွနေသော မုတ်ဆိတ်နှင့် မျက်တွင်းဟောက်ပက် ဖြစ်နေလေ၏။သူ၏ ပုံစံမှာ ရက်အတန်ကြာသည်အထိ ဘာမှ မစားမသောက်ရသေးသည့် ပုံစံရှိနေခဲ့သည်။
လီချန်ချင်းသည် သက်ပြင်းတချက်ချပြီး အတွေးများကို ပြန်လည်စုစည်းလိုက်တော့၏။သူသေဆုံးပြီးနောက် သူ့ဝိဉာဉ်မှာ ဆန်းကြယ်သော ကမ္ဘာတခုထဲသို့ ရောက်ရှိလာပြီး သေဆုံးနေပြီ ဖြစ်သော လူတစ်ယောက်၏ အလောင်းကို ဝင်ပူးလိုက်မည်ဟု သူလုံးဝကို မမျှော်လင့်ထားခဲ့မိပေ။
သူ ဒီလောကကို စရောက်ခါစ အချိန်တုန်းက လွန်စွာ စိတ်ရှုပ်ထွေးနေခဲ့တော့လေသည်။
သူသည် အတိတ်ဘဝတုန်းက ဝတ္ထုများစွာတို့ကို ဖတ်ရှုထားဖူးသောကြောင့် ကမ္ဘာကူးပြောင်းခြင်းကို နားလည်ပါ၏။သို့သော် သူ့အတွက် လုံးဝနားမလည်နိုင်ဖြစ်နေသည်မှာ သူ ယခုဝင်ပူးထားပြီး သူ၏ လက်ရှိခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များမှာ သူဖတ်ရှုဖူးခဲ့သော ဝတ္ထုများလို သူ့တွင် ရှိမနေခဲ့ပေ။
သူသိသည်မှာ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်သည် တစုံတရာကို လွန်မင်းစွာဒေါသထွက်သောကြောင့် နှလုံးရပ်ကာ သေဆုံးသွားသည့် ဖြစ်ရပ်ကိုသာ သူသိလေ၏။ထို့အပြင် သူ ရောက်ရှိပြီးအချိန်ကတည်းကိုက မိုးများမှာ သည်းထန်စွာရွာသွန်းနေကာ မိုးသက်လေပြင်းများကျဆင်းနေခြင်းကြောင့် သူအပြင်သို့ လုံးဝထွက်ခွင့်မရပေ။
ထို့ကြောင့် သူသည် အိမ်တအိမ်လုံးကို မွှေနှောက်ကာ ရှာဖွေခဲ့လေ၏။သို့ပေမယ့် စားသောက်စရာဟူ၍ ဘာတခုမှကို ရှာမတွေ့ခဲ့ပေ။သူ့တွင် ငွေစအချို့ရှိသည့်တိုင် ထိုငွေစများကို စား၍လည်းမရချေ။မုန်တိုင်းတိုက်ခတ်နေခြင်းကြောင့် အပြင်ဘက်သို့ ထွက်ကာ အစားအစာများကို ဝယ်ယူရန်မှာလည်း မဖြစ်နိုင်ပေ။နောက်ဆုံး၌ သူသည် မိုးတိတ်သည့်အချိန်ကို စောင့်ရင်းနှင့် သုံးရက်တိတိ အစာငတ်ခံခဲ့ရတော့လေသည်။သူသည် ကမ္ဘာကူးပြောင်းလာပြီးနောက် ဆာလောင်မှုဝေဒနာနှင့် သေဆုံးတော့မလားဟုပင် တွေးတောနေမိတော့၏။
သူ့အတွက် ကံကောင်းသွားသည်မှာ မိုးမှာ ယနေ့တိတ်သွားခဲ့လေပြီ။သူ အပြင်ထွက်ပြီး အစားအသောက် သွားစားလို့ရတော့ပေမည်။
သို့သော် ထိုသုံးရက်အတွင်းတွင် လီချန်ချင်းမှာ ဒီအတိုင်း ငြိမ်မနေခဲ့ပေ။သူက မူလခန္ဓာကိုယ်ပိုင်ရှင် ချန်ထားရစ်ခဲ့သော စာအုပ်များစွာတို့ကို ဖတ်ရှုရင်း သူရောက်နေခဲ့သော လောကအကြောင်းကို နားလည်အောင်ကြိုးစားခဲ့လေ၏။
ဤလောကတွင် သိုင်းကျင့်စဉ်များမှာ တိုးတက်ကာ ခေတ်ကောင်းနေသော အချိန်အခါတွင် ရှိနေခဲ့သည်။ကျင့်ကြံသူများစွာတို့သည်လည်း ရှိနေခဲ့ကြလေ၏။သို့သော် ကျင့်ကြံသည့် နည်းလမ်းများကို သိလိုက်ရသောအခါ လီချန်ချင်းကို လွန်စွာမှပင် အံ့အားသင့်သွားစေတော့သည်။
ကျင့်ကြံသူများသည် ပန်းချီကားချပ်များကို ကြည့်ရှုပြီး ပန်းချီထဲမှ ဉာဏ်အလင်းရအောင် ကျင့်ကြံကြလေ၏။
တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှတဲ့ “တောင်ဖြိုသိုင်း” ကို ဉာဏ်အလင်းပွင့်ခဲ့ကြတယ်။
“တောင်ဖြိုသိုင်းရဲ့ အဖျက်စွမ်းအားကြီးမားမှုဟာ ကျင့်ကြံသူကို လက်ဗလာနဲ့ တောင်တတောင်ကို ရွှေ့ပြောင်းနိုင်စွမ်းရှိတယ်”
တချို့လူတွေကတော့ ပန်းချီကားထဲက အေးစက်တဲ့ လရောင်အောက်မှာ စိုက်ထူထားတဲ့ ဓားတချောင်းပန်းချီကို ကြည့်ပြီးတော့ “လစကြာဓားသိုင်း” ကို ဉာဏ်အလင်းပွင့်ပြီး ရရှိခဲ့ကြတယ်။အဲ့ဒီ့ဓားသိုင်းနဲ့ အခြားကမ္ဘာက မကောင်းဆိုးဝါးတွေအားလုံးကို နှိမ်နင်းနိုင်ပြီး လောကကြီး တခုလုံးကို ဂုဏ်သတင်းပျံ့နှံ့သွားစေနိုင်တယ်။
ထိုကဲ့သို့ ဖြစ်နေသောကြောင့် ဤလောကကြီးတွင် ပန်းချီဆရာများသည် အဆင့်အတန်းအမြင့်မားဆုံးသော နေရာတွင် တည်ရှိကြလေ၏။
ပန်းချီဆရာများသည် စုတ်တံကို ကိုင်ဆွဲလိုက်သည်နှင့် မိုးမြေ၏ ဝိဉာဉ်စွမ်းအားများကို ချက်ချင်းပင် ခံစားလို့ရတော့သည်။သူတို့ အာရုံခံစားမိသော မိုးမြေစွမ်းအား၏ အနိမ့်အမြင့် အားသက်ရောက်မှုပေါ်မူတည်ပြီး သူတို့ ရေးဆွဲထားသော ပန်းချီကား၏ အဆင့်အတန်းမှာ ကွာခြားသွားတော့လေသည်။စွမ်းအားကြီးသော ပန်းချီဆရာများသသည် စုတ်တံတချက်ဆွဲလိုက်သည်နှင့် လောကတခုလုံးကို လွှမ်းမိုး ခြယ်လှယ်နိုင်စွမ်းရှိပြီး ကောင်းကင်ဘုံကို ရေးဆွဲနိုင်ပေသည်။သူတို့တွင် အဆုံးမရှိသော စွမ်းအားများ ရှိကြပေ၏။
ထို့ကြောင့် ပန်းချီဆရာဖြစ်ဖို့ ပါရမီရှိပြီး အောင်အောင်မြင်မြင် ဖြစ်လာနိုင်သူမှာ လူဆယ်သိန်းတွင် တယောက်လောက်သာ ဖြစ်လာနိုင်သည်။
ဤလောကရှိ မူလ လီချန်ချင်းသည်လည်း စုတ်တံကို ကိုင်ဆွဲလိုက်ပါက မိုးမြေစွမ်းအားကို ငယ်ရွယ်စဉ်ကတည်းက ခံစားနိုင်စွမ်းရှိနေပါသည်။သူ၏ ရည်မှန်းချက်မှာ ဒဏ္ဍာရီလာ ပန်းချီသူတော်စင်အဖြစ်သို့ ရောက်ရှိပြီး လောကထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ရန်ပင် ဖြစ်ပါသည်။
သို့ပေမယ့် လီချန်ချင်း၌ ပါရမီပါသော်လည်း များများစားစား မဟုတ်ခဲ့ပေ။သူ့တွင် စုတ်တံနှစ်ချောင်းရှိသော်လည်း စုတ်တံ၏ အမြွှေးများမှာ ကျဲပါးနေခဲ့ပြီ။သူက ငယ်ရွယ်စဉ်ကတည်းက ပန်းချီစဆွဲခဲ့ရာမှ ယခုဆိုလျှင် အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိခဲ့လေပြီ။သူ အသက်သုံးဆယ်သို့ ရောက်သည့်တိုင် အောင်မြင်မှု များများစားစား မရရှိသေးပေ။တခါတုန်းကဆိုလျှင် သူ့ကြောင့်ပင် မိသားစု၏ စည်းစိမ်များ ပြုတ်ပြုတ် ပြုန်းခဲ့သေးသည်။
ယခုတွင်မူ ပန်းချီဆိုင်ခန်းလေးတခန်းဖွင့်ကာ ဘဝကို ရပ်တည်နေရရှာ၏။
သူ၏ တဦးတည်းသော သားပင်လျှင် သူ၏ ဖြုန်းတီးမှုများကို သည်းမခံနိုင်တော့သောကြောင့် လွန်ခဲ့သော သုံးနှစ်ခန့်က အိမ်မှ ထွက်ပြေးသွားခဲ့တော့လေသည်။
သူ့သားနှင့် သူ့အကြားတွင် စာအသွားအပြန် ရှိသောကြောင့် သူ၏ သားဖြစ်သူ လီဟမ်ရှန်းသည် ရှေးဟောင်းတာအိုတောင်နယ်မြေဟူသော ဂိုဏ်းတဂိုဏ်းသို့ ဝင်ရောက်ကာ ကျင့်ကြံနေသည်ကို သိခဲ့ရလေသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ မည်သူမျှ သူ၏ ပန်းချီကားချပ်များကို လာရောက်မဝယ်ကြခြင်းပင် ဖြစ်ပါ၏။ထိုသို့ ဖြစ်ရခြင်းမှာလည်း သူ၏ ပန်းချီကားများမှာ သာမန်မျှသာ ဖြစ်ကာ မည်သည့် စိတ်ဝိဉာဉ်ဉာဏ်အလင်းပွင့်မှုများ မပါဝင်နေသောကြောင့်ပင် ဖြစ်ပါသည်။ထိုကဲ့သို့သော ပန်းချီကားကို အရူးမှသာ ဝယ်ပေလိမ့်မည်။
သူက ပန်ချီဆိုင်ခန်းလေးကို ဖွင့်ထားပြီး သူ့သားက ဂိုဏ်းမှ နေ၍ တလတခါ ပို့သော ငွေစလေးများကိုသာ မှီခိုကာ အသက်ရှင် ရပ်တည်နေခဲ့ရ၏။
မူလခန္ဓာကိုယ်ပိုင်ရှင် လီချန်ချင်း၏ ဘဝမှာလည်း အကျဖက်သို့ ရောက်နေသည်ကို ယခု ကူးပြောင်းလာသူ လီချန်ချင်းလည်း ခံစားလိုက်ရတော့လေသည်။
သူက ဆိုင်ခန်းထဲမှ ပန်းချီကားချပ်များကို ကြည့်ရှုလိုက်ရာ ရိုးရိုးသားသား ဝေဖန်ရမည်ဆိုလျှင် ကားချပ်များမှာ လုံးဝကို သာမန်ဆန်လွန်းလှပေသည်။တိရစ္ဆာန်များ၏ ပုံသဏ္ဍာန်ကို ရေးဆွဲထားသည့် ပန်းချီကားချပ်များသည်လည်း တိရစ္ဆာန်နှင့်မတူသလို အသက်မဲ့နေကာ ၎င်းတို့ ကိုယ်ပေါ်မှ အမွှေးအမျှင်များကိုလည်း အနုစိတ်မဆွဲပဲ ဖြစ်ကတက်ဆန်းသာ ဆွဲသားထားလေ၏။
ထိုသို့ ဖြစ်နေရခြင်းမှာ ဤလောကကြီးရှိ ပန်းချီဆရာများသည် မိမိတို့မမြင်ဖူးသော အရာများကို ဆွဲသားနိုင်ခြင်း မရှိကြချေ။ထို့ကြောင့် သာမန်ပန်းချီဆရာတယောက်ဖြစ်သော လီချန်ချင်းအဖို့ တိရစ္ဆာန်များကို ပန်းချီရေးဆွဲရန်အတွက် အနီးကပ် ကြည့်ရှုနိုင်စွမ်း ရှိမနေခဲ့ပေ။
အချို့ အင်အားကြီး အင်အားစုများတွင်မူ သိုင်းပညာရှင်များကို စေလွှတ်ကာ ပန်းချီဆရာ ကြည့်ရှုလေ့လာပြီး ရေးဆွဲရန်အတွက် တိရစ္ဆာန်များကို ဖမ်းဆီးပေးကြလေ၏။
နေထွက်လာချေပြီ...
လီချန်ချင်းသည် ငွေစများကို အိတ်ထဲသို့ ထည့်ကာ အိမ်အပြင်သို့ အပြေးလေး ပြေးထွက်သွားလေတော့သည်။
“ဟေ့ ပန်းချီဆရာလီပါလား သုတ်သီးသုတ်ပြာနဲ့ ဘယ်သွားမလို့လဲဗျို့” သူလမ်းမထက်သို့ ရောက်သည်နှင့် တစုံတယောက်မှ သူ့အား လှမ်း နှုတ်ဆက်လိုက်လေတော့သည်။သို့ပေမယ့် ထိုသူ ဘယ်သူဆိုတာကို လီချန်ချင်းက သိမနေပေ။ထို့ကြောင့် ထိုလူအား လျစ်လျူရှုကာ စားသောက်ဆိုင်ကို အသည်းအသန် လိုက်ရှာနေမိတော့သည်။
လီချန်ချင်းက ဘာမှ ပြန်မပြောသောကြောင့် လှမ်းနှုတ်ဆက်လိုက်သူသည် ရှက်ကိုးရှက်ကန်းနှင့် ပြုံးကာ ခေါင်းကို ခါယမ်းကာ လှည့်ထွက်သွားတော့လေသည်။
လီချန်ချင်းသည် စွမ်းအားမရှိသော ပန်းချီဆရာဖြစ်နေသည့်တိုင် ပန်းချီဆရာဟူသော အဆင့်အတန်းက ရှိနေသေးသည်။ထို့ကြောင့် သူ့အဆင့်အတန်းမှာ တခြားလူများထက် မြင့်မားနေပေသေးသည်။လီချန်ချင်းတယောက် တနေ့နေ့တွင် စွမ်းအားကြီးမားသော ပန်းချီကားတချပ် ဆွဲကာ အောင်မြင်လာနိုင်သေးသည် မဟုတ်ပါလား။
လီချန်ချင်းနှင့် ပတ်သက်ပြီး လူတိုင်းသိကြသည့် အကြောင်းအရင်းမှာ တခါတုန်းက လီချန်ချင်း ရေးဆွဲထားသော ပန်းချီကားကို ကြည့်ရှုပြီး ချမ်းသာသော မိသားစုမှ သခင်လေးတယောက်သည် တက်လှမ်းခြင်းအဆင့်ကို ချိုးဖြတ်ကာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ တက်လှမ်းချိုးဖြတ်နိုင်ခဲ့လေ၏။လီချန်ချင်းသည် ထိုအကြောင်းကို နှစ်ပေါင်းများစွာ ကြာသည်အထိ တွေ့သမျှလူတိုင်းကို ကြွားဝါကာ ပြောပြနေခဲ့တော့သည်။
လမ်းတလျှောက်လုံးတွင် လူအများသည် အပြေးတပိုင်းနှင့် ဖြစ်နေသော လီချန်ချင်းအား နှုတ်ဆက်ကြလေတော့သည်။အချို့ကို ခေါင်းပြန်ညိတ်ပြပြီး အချို့ကိုမူ လုံးလုံးကို လျစ်လျူရှုထားတော့လေသည်။
ဆယ့်ငါးမိနစ်ခန့်ကြာသော် လမ်းဘေးတွင် ဆိုင်ခန်းလေးတခု ရှိသည်ကို သူလှမ်းမြင်လိုက်ရတော့လေ၏။
ထိုဆိုင်ခန်းလေးမှာ နံနက်စာ ရောင်းချနေကြပြီး စားပွဲများတွင်လည်း စားသုံးသူများ ရှိနေသည်ကို လီချန်းချင်က လှမ်းမြင်လိုက်တော့လေသည်။ဆိုင်ခန်းမှ အစားအသောက်များ၏ သင်းရနံ့များသည် လေထုထဲမှ တဆင့် လီချန်ချင်း၏ နှာဝသို့ ရောက်လာလေတော့၏။
“ဂွီ”
လီချန်ချင်း၏ ဗိုက်မှ ဆန္ဒပြနေခဲ့ပြီ။
လီချန်ချင်းသည် ခပ်မြန်မြန် ထိုင်ချကာ ဆိုင်ရှင်အား သူ့အတွက် နံနက်စာ ပြင်ဆင်ပေးရန် ခပ်မြန်မြန်မှာလိုက်လေတော့၏။
“အယ် ပန်းချီဆရာလီ ပါလား” ဆိုင်ရှင်မှာ ရိုးသားသည့် သက်လတ်ပိုင်းလူကြီး တယောက်ဖြစ်ပြီး လီချန်ချင်းတယောက် သူ့ဆိုင်သို့ ရောက်လာသောကြောင့် လွန်စွာ အံ့အားသင့်သွားသည့် ပုံစံရှိလေသည်။
လီချန်ချင်းက သူ့လို ဆိုင်သေးသေးလေးမှာ လာစားတာတဲ့လား
ပုံမှန်ဆိုလျှင် လီချန်ချင်းသည် ဟန်ကြီးပန်ကြီးနှင့် နေကာ ထိုကဲ့သို့ ဆိုင်အသေးစားလေးတွေရှိရာဖက်သို့ ယောင်လို့တောင် ခြေဦးမှပင် မလှည့်ပါချေ။သူက ကျင်းဟုန်မျှော်စင်တွေသာ စားလေ့ရှိပါ၏။ဒီနေ့မှ ဘာတွေပြောင်းလဲသွားခဲ့ရတာလဲ
စားသောက်ဆိုင်အတွင်းရှိ အခြားဧည့်သည်များပင်လျှင် အံ့ဩနေကြတော့သည်။
ဆိုင်ပိုင်ရှင်၏ ဆွံ့အနေမှုကို မြင်သောအခါ လီချန်ချင်းက
“သူဌေး ဘာပဲ ရှိရှိ ရှိတာသာ ချပေးပါ။ကျုပ်အတွက် စားစရာ ယူခဲ့ပေးပါဗျာ”
“အို ကောင်းပါပြီ ကောင်းပါပြီ” ဆိုင်ရှင်သည် ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး လီချန်ချင်းအား နံနက်စာကို အလျင်အမြန် ပြင်ဆင်ပေးလိုက်လေသည်။
စားသောက်စရာများမှာ သိပ်ထူးခြားမနေပေ။ဆန်ပြုတ်တပန်းကန်နှင့် အသီးအရွက်ကို ဆားနယ်ထားသော ဟင်းပွဲများနှင့် ပေါက်စီအချို့တို့သာ ဖြစ်လေသည်။
လီချန်ချင်းသည် အစားအသောက်များကို အငမ်းမရစားသောက်နေချေတော့သည်။အစာမစားရသည်မှာ သုံးရက်တောင်ရှိပြီဖြစ်သဖြင့် ထို ရိုးရှင်းသော အစားအသောက်များကပင် သူ့နှစ်ဘဝလုံးတွင် စားသောက်ခဲ့ဖူးသမျှထဲမှ အကောင်းဆုံးများ ဖြစ်လာခဲ့တော့လေသည်။
လီချန်ချင်းတယောက် အစားအသောက်များကို ရန်သူအား နှိမ်နင်းသလို ပယ်ပယ်နယ်နယ် နှိမ်နင်းနေစဉ်မှာပင် ဆိုင်အပြင်မှ တစုံတယောက်သည် သူ့အား လှမ်းခေါ်လိုက်လေတော့သည်။
“ပန်းချီဆရာလီ ခင်ဗျားက ဒီရောက်နေတာကိုး ကျုပ်အတွက် ကံကောင်းတာပဲ ခင်ဗျားအိမ်အထိသွားပြီး ခင်ဗျားကို ရှာစရာမလိုတော့ဘူးပဲ။ကျုပ်က ခင်ဗျားအတွက် စာလာပို့ပေးတာဗျ”
လီချန်ချင်း မော့ကြည့်လိုက်သောအခါတွင် ခရမ်းရောင် ဝတ်ရုံရှည်ဝတ်ဆင်ထားသော အမျိုးသားတယောက်သည် ကြီးမားလှသော သစ်သားသေတ္တာကြီးကို ကျောပိုးအိတ်သကဲ့သို့ လွယ်ထားသည်ကို မြင်လိုက်ရလေတော့သည်။ထိုသူသည် သေတ္တာကြီးကို မွှေနှောက် ရှာဖွေပြီးသောအခါတါင် စာတစောင်အား လီချန်ချင်းအား ကမ်းပေးလိုက်လေတော့၏။
ပေါက်စီများကို ပါးစပ်အပြည့် သွတ်ထည့်ထားသော လီချန်ချင်းသည် စာကို စိတ်ဝင်တစားနှင့်လှမ်းယူလိုက်လေ၏။သူ့လက်ထဲ၌ အစားသောက်များမှ ဆီများ ပေကျံနေသည်ကိုပင် ဂရုမထားတော့ပဲ စာကို ကြည့်လိုက်လေ၏။စာအိပ်ပေါ်တွင် ေရးသားထားသည်များမှာ
“လီဟမ်ရှန်း”
ဒီစာက သူ့ရဲ့ သားဖြစ်သူမှ ပို့လိုက်သော စာပင်ဖြစ်ပါသည်။